Powered By

Free XML Skins for Blogger

Powered by Blogger

ချစ်ခြင်းတရားရဲ့
မျက်ကွယ်ပြုခြင်းကို ခံခဲ့ရသူပါ။ ။

ဘယ်အရပ်မှာနေနေ
ဘယ်လိုခွန်အားတွေနဲ့ပဲ ရုန်းရုန်း
ပေါက်ပြဲနေတဲ့ မြုံးလိုပဲ
ငါးဝင်နဲခဲ့တယ်။ ။

သစ္စာတရားရဲ့
ပျက်ရယ်ပြုခြင်းကို ခံခဲ့ရသူပါ။ ။

တစ်တောဝင်တစ်တောင်ထွက်
ဘယ်သူမုသားမသုံးဘူးလဲ ခြေရာကောက်မိတယ်။
ခြေရာလဲကောက် ရေလဲနောက်..
ငါလဲ အများထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ ။

အမှန်တရားရဲ့
ကျီစယ်ခြင်းကို ခံခဲ့ရသူပါ။

ဘယ်သူမှားမှား ငါတော့မှန်ရမယ်ဆိုတဲ့စိတ်နဲ့
ခင်မင်မှုဝန်းကျင်တစ်ခုကိုထုဆစ်
ပျူဌာတဲ့အပြုံးလက်ထိုး
စကားတွေဗျောက်ထိုးလို့
လူတိုင်းကို စကားစစ်ဆင်ခဲ့တယ်။ ။

မေတ္တာတရားရဲ့
စိမ်းကားခြင်းကို ခံခဲ့ရသူပါ။

ကူပါကယ်ပါ တစာစာမအော်မိ
လာပါထူပါ မတောင်းဆိုမိ
ရိုကျိုးတဲ့ အဘိဓာန်ကိုဖွင့်လှစ်လို့
မျက်တောင်တစ်ခတ်စာ လူ့ဘ၀ကို
ရိုးအခြင်းတွေနဲ့ပဲ ကုန်ဆုံးချင်ခဲ့တယ်။ ။



စုသဲဖြူ












ဆက်ဖတ်ချင်ရင်...

မတူတဲ့အသွင်အပြင်တွေနဲ့အတွဲညီညီ လမ်းလျှောက်လာတယ်ဆိုပါစို့။ အဲ့ဒါကျွန်မတို့နှစ်ယောက် ဖြစ်ပါလိမ့်မယ်။ သူက အသားညိုညို။အရပ်က သွယ်သွယ်မြင့်မြင့်။ ထင်ရှားနက်မှောင်နေတဲ့ မျက် ခုံးတန်းတန်းအောက်က ကြည်လဲ့ပြီးညှို့အားမပါတဲ့ မျက်လုံးတစ်စုံရှိတယ်။ နှာခေါင်းက ကြည့် ကောင်းတယ်ဆိုရုံ လုံးလုံးကလေး။ မထူမပါး အမြဲနီမြန်းနေတတ်တဲ့ နှုတ်ခမ်းတစ်စုံလဲရှိတယ်။ မျက်နှာကျက လေးထောင့်စပ်စပ်။။အင်္ကျီအဖြူလက်ရှည်နဲ့ အရောင် မှိုင်းမှိုင်းချည်လုံ ချည်တွေကို သာအ၀တ်များတယ်။

ကျွန်မကတော့အသားဖြူဖြူအရပ်ပြတ်ပြတ်နဲ့မပိန်မ၀။ မျက်ခုံးကပါတယ်ဆိုရုံ မလှမပပါးပါးက လေး။ မျက်ဝန်းတွေကတော့ ကိုယ့်ကိုကိုယ်အထင်ကြီးနေသည့် မျက်ဝန်းမျိုးဟုခေါ်ရလောက် အောင်စူးရှတောက်ပြောင်နေတတ်သည်။နှုတ်ခမ်းကထူထူထဲထဲဖြင့်လှပပုံရသည်။ ဘယ်တော့မဆို နှုတ်ခမ်းနီဆိုးခဲခဲ့သည်။ကျွန်မမျက်နှာကျကတော့ရှည်သွယ်သွယ်ဖြစ်သည်။ကျွန်မကအ၀တ်အစား အရောင်ဆို တောက်တောက်လေးမှရွေးဝတ်တတ်တယ်။ ထမီကိုမြဲမြံအောင်မ၀တ်တတ်တာကြောင့် ထမီစကတ်သာအ၀တ်များတတ်တယ်။ ဒါမှမ ဟုတ် ဘောင်းဘီအရှည်တွေလဲဝတ်လားဝတ်ရဲ့။ ထမီ စကတ်ကိုဝတ်ပြီး သူ့လက် ကိုတွဲလျှောက်တဲ့ အခါ သိပ်အခက်အခဲမရှိပေမယ့်။ ကျွန်မဘောင်းဘီဝတ်တဲ့နေ့တွေဆိုလျှင်တော့ သူလဲကျွန်မကိုမ တွဲချင်။ ကျွန်မလဲပုဆိုးကြီးနှင့်သူ့ကိုတွဲရမှာမ၀ံ့။

ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မက လမ်းဘေးမုန့်ဆိုင်မျိုးစုံမှာ ကြုံသလိုဝင်ထိုင်စားတတ် တယ်။ သူကတော့ ကျွန်မစားတဲ့ဆိုင်လေးဘေးမှာ မယောင်မလည်ရပ်စောင့်နေတတ်တယ်။ သူက အစာအိမ်မရှိတဲ့သူလဲဖြစ်ရဲ့။ အင်မတန်အသန့်ကြိုက်သူလဲဖြစ်တယ်။ အင်မတန်သပ်သပ်ရပ်ရပ် နေ တတ်သူလဲဖြစ်တယ်။ အမြဲကပိုကရိုနေတတ်တဲ့ကျွန်မကို မိတ်ကပ်လူးမလာရင်တောင် သနပ်ခါးရေ ကျဲလေးတော့ လူးခဲ့ဖို့တိုက်တွန်းလားတိုက်တွန်းရဲ့။

တစ်ခါတစ်ခါ ညစ်တူးတူးကျွန်မကသူချိန်းတဲ့နေရာကို တီရှပ်လေးကောက်စွတ်၊ဘောင်းဘီလေး ကောက်လဲ အရောက်သွားဖို့သာစိတ်ကူးရှိခဲ့တယ်။သူမှာတာနဲ့ ကျွန်မ၀တ်လာတာတလွဲဖြစ်တဲ့အခါ တိုင်း ရယ်ကျဲကျဲဖြင့်နှာခေါင်းရှုံ့လျှက်“ခေါင်းဘီး ကိုယ့်အိတ်ထဲမှာပါတယ်”လို့စလားစရဲ့။အမှန်လဲ အမှန်ပါပဲ။ သူလွယ်တဲ့ကျောပိုးအိတ်ထဲမှာ ခေါင်းဘီးတစ်ကယ်ပါတာပါ။ သူဖတ်လက်စ ဘာသာပြန် စာအုပ်တွေလဲပါတယ်။ ချိုချဉ်မျိုးစုံလဲပါတယ်။ လမ်းတွေ့တဲ့ ချို့တဲ့ကလေးလေးတိုင်းကို ထုတ်ထုတ် ပေး ဖို့ပါတဲ့။တစ်ရူးထုတ်တွေလဲပါတယ်။ သူသုံးဖို့အပြင် တစ်ရူးမဆောင်တတ်တဲ့ ကျွန်မဖို့ပါရည် ရွယ်တာပါ။

မကုန်သေးပါဘူး။ ရှိပါသေးတယ်။ ဒါပေမယ့် ဘယ်လိုပဲမတူတာတွေများများ ကျွန်မတို့ချစ်သူတွေ ဖြစ်ကြပါတယ်။ သူကကျွန်မကို ချစ်လို့ချစ်တာဖြစ်တယ်လို့ဖြေပြီး သူ့ကျောပိုးအိတ်ထဲမှ ကျွန်မ အတွက်လိုတရ ပစ္စည်းတွေ ထုတ်ထုတ်ပေးလို့ ကျွန်မကသူ့ကိုချစ်တယ်လို့ ပြောခဲ့ပါတယ်။ ဘာမှလဲ မဆိုင်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ချစ်သူသက်တမ်းတော်တော်လေးကြာခဲ့ပါပြီ။

************************************************************
“ဟော .. ကိုလင်း။ပြောနေတုန်းဆိုနေတုန်းပါလား။ အသက်ရှည်ဦးမယ်။ မေမေရေ ကိုလင်းလာ တယ်”
“ဟုတ်လား..အေးအေး။ မေမေလာပြီ”
“မမက မရှိဘူး။ စာပေဟောပြောပွဲသွားတယ် မနက်ကတည်းက”
“အော်”


အိမ်နောက်ဖေးဘက်ကိုလှမ်းအော်ပြောသလို ဟိုရှာဒီရှာလုပ်နေသည့်ကျွန်တော့်ကိုလဲ ရီကျဲကျဲဖြင့် ပြောပြလေသည်။အိမ်နောက်ဖေးမှထွက်လာသည့် ယဉ်မင်းမေမေကိုပြုံးပြနှုတ်ဆက်လျှက် ယဉ်မင်း ညီမလေး စာလုပ်နေသည့် စားပွဲနားသွားရပ်ကာ သူ့ကျောင်းစာအုပ်တွေကို လှန်လောဖတ်နေမိ သည်။

“ယဉ်မင်း မရှိဘူးသားရေ။ ဘယ်မှာဆိုလား..စာပေဟောပြောပွဲရှိတယ်ဆိုလို့ သွားနားထောင်နေ လေရဲ့။ ပြန်လာခါနီးပါပြီ။ ထမင်းတစ်ခါတည်းစားသွားပါလား သား။”
“ဟုတ်ကဲ့..ခုလေးတင် ခိုင်မင်းပြောတယ်။ထမင်းလဲစားသွားမယ်။ ကျွန်တော်ခရီးက မပြောမဆိုပြန် ရောက်လာတာဆိုတော့ အိမ်မှာဘာမှစားစရာမရှိဘူးဖြစ်နေတာ။”
“ဟုတ်လို့လား..ကိုလင်းရဲ့။မမယဉ်မင်း မျက်နှာလေး ခရီးရောက်မဆိုက်လာပြေးကြည့်တာမလား။”
“ဟဲ့ ခိုင်မင်း။ဒါကလေးပြောရမယ့်စကားလား.။ ကိုယ့်စာ ကိုယ်လုပ်ချည်။ သား လာ ဒီထိုင်ခုံမှာ လာထိုင်။ မင်းနှယ့်မတ်တတ်ကြီး”
“ဟုတ်ကဲ့”

ယဉ်မင်းမေမေဘေးထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ ယဉ်မင်းမေမေမေးသမျှ ခရီးအခြေအနေ။ ကယ် ဆယ်ရေး အခြေအနေ။လူတွေအသေအပျောက်။ ဘယ်နှအိမ်ထောင် အသေအပျောက်နဲနဲဖြင့် ကျန် ခဲ့သလဲ။ကျွန်တော်တွေ့ကြုံခဲ့ရသလောက်ကို မခြွင်းမချန်ပြောချင်ပါသည်။သို့ပေမယ့် ယဉ်မင်းမေမေ အကြောင်းသိပြီးသားမို့ အနည်းငယ်သာနားလည်ရုံရှင်းပြလိုက်သည်။သို့မဟုတ်လျှင် အိမ်ထောင်စု တွေပျောက်ဆုံး၊သေဆုံးကြသူတွေအတွက် သူပါရော၍နှလုံးရောဂါပြန်ထလာပေလိမ့်မည်။

စကားပြောလို့လဲဆုံး ညမှောင်ရီသာသန်းလာပြီဖြစ်သည်။ ခိုင်မင်းလေးတောင် စာကြည့်စားပွဲမှထ ကာ ရေမိုးချိုး၊ဘုရားဆီမီး၊ပန်းရေချမ်းလဲလျှက်ရှိနေပြီ။ သိပ်မကြာခင် အင်ဗက်တာမီးလေးဖြင့် နှစ် ထပ်ပျဉ် ထောင်အိမ်လေးငြိမ်သက်တိတ်ဆိတ်သွားပြန်သည်။

ယဉ်မင်းမေမေကတော့ စိတ်ပုတီးကိုလေးလံနေသည့်စိတ်ဖြင့်စိတ်နေပုံရသည်။ ပက်လက်ကုလား ထိုင်ပေါ်မှ ယဉ်မင်းမေမေမျက်နှာမလန်းချေ။ ခိုင်မင်းလေးက သူ့မေမေမျက်နှာကိုအလွတ်ရပြီးသား ဆိုသည့်ဟန်ဖြင့်သူ့မေမေသောက်နေကျဆေးကိုသွားယူတိုက်လေသည်။ ကျွန်တော့်ကိုလက်ညှိုး လေးထောင်ကာ သူ့မေမေဆီကိုလဲမျက်စလှမ်းပြစ်ပြသည်။ သဘောက ကျွန်တော်ပြော၍သူ့မေမေ ရောဂါတိုးသည်ဆိုသည့်သဘော။ ခိုင်မင်း၏ပြောင်စပ်စပ်မျက်နှာကို မသိကျိုးကျွန်ပြုလျှက် မျက်နှာ ခြင်းဆိုင်မှ ခြံဝသို့လှမ်းငေးကြည့်နေမိသည်။ဘယ်များသွားနေပါလိမ့် ယဉ်မင်းရယ်။

ညမှောင်ရီပျိုးတဲ့အချိန်ကို အရေးလုပ်ဖို့မသင့်ပေမယ့် ခုလိုအချိန်မျိုးမှာ အိမ်မှာပဲရှိနေသင့်သည် မ ဟုတ်ပါလား။ ရောဂါသည်အမေကိုလည်း ဂရုမစိုက်။ ညီမငယ်ကိုလဲအလေးမထား။ ဘယ်ကိုသွားပြီး ဘာသတင်းတွေများယူနေပါလိမ့်။

“ဟယ် လက်နင်း။ ပြန်ရောက်နေပြီလား။ ဘယ်တုန်းကလဲ”

ဖိနပ်စင်တွင် ဖိနပ်တင်၍ကျွန်တော့်ကိုလှမ်းနောက်နေသည်။ သူ့မေမေကို တစ်ချက်လှမ်းကြည့် လျှက် ကျွန်တော့်ဘေးမှဖြတ်ကာယဉ်မင်းအိမ်ခန်းထဲသို့လှမ်းဝင်သွားသည်။ အိမ်ထဲရောက်မှ ကျွန် တော့်ကိုမြင်ပုံရသည်။ကျွန်တော်ကတော့သူမမှောင်ရိပ်ခို၍ခြံထဲကို ခေါင်းငိုက်စိုက်ချဝင်လာတာ။ ခြံခေါင်းရင်းမှ သစ်ခွပင်လေးကိုရေ အသင့်ထည့်ထားသည့် လက်ကိုင်ကော်ရေခရားလေးဖြင့်ရေ သွားလောင်းတာ။ ရေစိုနေသည့်သစ်ခွပင်လေးကိုကြည့်၍ နှစ်စက္ကန့်လောက်ငြိမ်ရပ်နေတာကအစ သံဇကာကွက်များကြားမှမြင်နေခဲ့သည်။

“မေမေ့ကို နင်ဘာတွေပြောထားပြန်ပြီလဲ လက်နင်း။ မေမေ့မျက်နှာမကောင်းဘူး”

အိမ်နေရင်းဝတ်စုံဖြင့် ကျွန်တော့်ဘေးထိုင်ခုံတွင်ဝင်ထိုင်လျှက် အိမ်နောက်ဖေးမှာဟင်းသွားနွှေးနေ သည့် သူ့မေမေမကြားရအောင် တိုးတိုးလေးကပ်မေးလေသည်။

“ကယ်ဆယ်ရေးအကြောင်းမေးတာနဲ့ နဲနဲပြောပြထားလို့ပါ”
“နဲနဲ ကလို့လား”
“ဟဲဟဲ။ ခိုင်မင်းကိုသာမေးကြည့်တော့။သူတော့ အန်တီ့ကိုဆေးတိုက်ထားတယ်”
“ဟုတ်လား။ မသိပါဘူး။ အိမ်ပြန်နောက်ကျလို့ မေမေစိတ်ဆိုးနေပြီမှတ်တာ”
“မဟုတ်လောက်ပါဘူး”
“ဟုတ်လား။ ဟယ် လင်းလက်ဒီဘက်နားထင်ဘက်မှာဆံပင်ဖြူလေးတစ်ပင်တော့။နှုတ်လိုက်မယ်”
“တော်ပါ ယမမင်းရာ။ မင်းလူလည်ကျလွန်းလို့ ကိုယ်လဲ လူရည်လည်နေပါပြီကွ။ နေနေ ထားလိုက်”
“နေပေါ့။ နောက်မှလာမနှုတ်ခိုင်းနဲ့ မနှုတ်ပေးဘူးပဲ။ မြင်နေရဲ့သားနဲ့ မနှုတ်ပေးဘူးမပြောနဲ့”
“ဘာတွေ နှုတ်နေကြတာလဲ။ မေမေက နောက်ဖေးကိုထမင်းစားဖို့လာရင် အိမ်ရှေ့တံခါးပိတ်ခဲ့တဲ့”
“ဒီမှာလေ ကိုယ့်နားထင်မှာ ဆံပင်ဖြူရှိတယ်လို့ ယဉ်မင်းပြောနေလို့”
“မရှိပါဘူး ကိုလင်းကလဲ”
“ယဉ်မင်း ပြောတော့ရှိတယ်တဲ့”
“ရှိတယ်လေ။ ရှိတာပဲဟာ”
“ဘယ်မှာလဲ ပြ”

မယုံသင်ကာဟန်ဖြင့် ကျွန်တော်တို့နှစ်ယောက်ရှေ့ကိုတိုးကပ်လာသည့်ခိုင်မင်း။ ခပ်တည်တည်ဖြင့် ရှိတယ်ပြောနေသေးသောယဉ်မင်း။ ညီအစ်မနှစ်ယောက်ပေါင်း၍ ကျွန်တော့်ကိုဦးနှောက်ခြောက် အောင်လုပ်နေသည့်တိုင် သူတို့ညီအစ်မမျက်နှာကို ကျွန်တော်ဝေခွဲမရ။

ကျွန်တော့်ခေါင်းကို ဘယ်ဘက်ကိုငဲ့စောင်းလျှက် ညာဖက်နားထင်ကိုကြည့်စေလိုက်သည်။ ခိုင်မင်း က ကျွန်တော့်ရှေ့တွင်ရပ်လျှက် နားထင်ကိုငုံ့မိုးကြည့်နေသည်။ ကျွန်တော်နှင့်ခိုင်မင်းမျက်နှာကြား ယဉ်မင်းတိုးဝင်လျှက်ခိုင်မင်းနှာခေါင်းကိုဆွဲလိမ်သည်။

“အာ မမ။နာတယ်။ လွှတ်နှာခေါင်းကို ခုလွှတ်။ အဲ့လိုလုပ်တာမကြိုက်မှန်းသိရဲ့နဲ့ အမြဲအဲ့လိုလုပ် တယ်”
“အေး လေမကြိုက်မှန်းသိလို့လုပ်တာပေါ့။ဟဲဟဲ။ သွားဒီမှာအချောင်လာမခိုနဲ့ ဒီနေ့ နင်ထမင်း၊ ဟင်း ခူးရမယ့်အလှည့်”
“သိတယ်။ သိတယ်”
“ဟဲဟဲ။ ကိုယ်လဲ သိတယ်။ ကိုယ်လဲသိတယ်နော်ယဉ်မင်း။ ခိုင်မင်းရေ ကိုလင်းခိုင်မင်းကို ထမင်း ဟင်း ၀ိုင်းကူခူးပေးမယ်သိလား”

ခြေဆောင့်ထွက်သွားသည့် ခိုင်မင်းနောက်ကိုလိုက်ဖို့ထိုင်ခုံမှ ထရပ်လိုက်သည်။ ယဉ်မင်းကို ပြုံးပြုံး စစဖြင့် ငဲ့ကြည်တော့ခပ်အေးအေးပင်အိမ်ရှေ့ကိုငေးနေသည်။ သတိလက်လွတ်ဟန်ဖြင့် အိမ်ရှေ့ ဘက်ငေးနေသော်လည်း အိမ်ရှေ့ကိုမြင်ဟန်မတူ။ နာကျင်ထိခိုက်ခြင်း၊မွန်းကျပ်စိတ်ရှုပ်ခြင်းများဖြင့် ပြည့်နှက်နေသည့်မျက်နှာ။ စက္ကန့်အနည်းငယ်ဖြစ်ပေမယ့် သူမကိုငုံ့မိုးကြည့်နေသည့်ကျွန်တော် မြင် နိုင်၊အကဲခတ်နိုင်သည်။ တိတ်ဆိတ်လွန်းမက တိတ်ဆိတ်နေသည့်ယဉ်မင်းကိုချန်ထားခဲ့လျှက် အိမ် နောက်ဖက် ထမင်းစားခန်းဘက်လှမ်းဝင်လိုက်သည်။

******************************************************************

ဘတ်ထရီအိုး အားသွင်းမည်ဟုအကြောင်းပြ၍ နှစ်ယောက်သားလမ်းထိပ်ဘက်ကို ထွက်လာခဲ့ကြ သည်။ လင်းလက်ကဘတ်ထရီအိုးကိုသယ်လာ၍ သူ့ကျောပိုးအိတ်ကို ယဉ်မင်းကကူလွယ်လာခဲ့ သည်။ နှစ်ယောက်သား စကားမဆိုမိကြ။

မုန်တိုင်းဒဏ်ခံထားရသည့် ရပ်ကွက်လေးသည်သုံးပတ်ကျော်ကျော်ကြာမြင့်ခဲ့သော်လည်း မြင်မ ကောင်းအောင် ပျက်စီးနေသေးသည်။ဓာတ်တိုင်တစ်ချို့ မြေကြီးတွင်တုံးလုံးလဲနေသလို။ ဓာတ်ကြိုး တွေလဲပျက်တောက်နေသည်။ လူတစ်ယောက်ဖက်စာ အပင်ကြီးနှစ်ပင်သုံးပင်လောက် လမ်းပေါ် တွင်တုံးလုံးလဲနေသည်မို့ ရပ်ကွက်တွင်းရှိလူများလွှဖြင့်ဖြတ်ကာ လမ်းဘေးတစ်လျှောက်စုပုံထား သည်။

လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင်တော့ လူအနည်းငယ်ရှိနေသည်။ အရင်က လျှပ်စစ်မီးဖြင့်လူဝင် လူထွက်ပြတ်လှသည်မရှိသော ဆိုင်ကလေးသည်ဖယောင်းတိုင်အလင်းဖြင့် တိတ်ဆိတ်ငြိမ်သက် နေသည်။မှုန်ကုတ်ကုတ်မီးရောင်အောက်တွင် စကားထိုင်ပြောနေသည့်လူသုံးယောက်နှင့် ဇယ်က စားနေသည့်လူနှစ်ယောက်ဘေးမှ ကြည့်နေသည့်လူနှစ်ယောက်။နှစ်ယောက်သားတိုင်ပင်မထားပဲ တစ်ယောက်ကိုတစ်ယောက် ငဲ့ကြည့်မိသည်။

လက်ဖက်ရည်ဆိုင်ဘေးအိမ်မှာ ဘတ်ထရီအိုးဝင်အပ်လျှက်ပြန်ထွက်လာကာလက်ဖက်ရည်ဆိုင် ၀င် ထိုင်ကြသည်။ အမြဲလာသောက်နေကျဖြစ်သည်မို့မှာနေစရာမလိုတော့။ လင်းလက်က ဘေးစားပွဲမှ ဇယ်ကစားနေသည့် ၀ိုင်းဖက်စိတ်ဝင်စားနေသည်။ သူ့ကျောပိုးအိတ်ဇစ်ရှိသမျှဖွင့်ကြည့် ဟိုရှာဒီရှာ လုပ်နေသည့် ယဉ်မင်းကိုဂရုမစိုက်အားတော့။

ကျောပိုးအိတ်တစ်အိတ်လုံး ဇစ်တွေဖွင့်ကြည့်လို့သာပြီးသွားသည်ဘာမှထူးထူးခြားခြားမတွေ့။ သူ ဖက်လက်စဘာသာပြန်စာအုပ်တွေနှင့် တိုလီမုတ်စများသာရှိနေသည်။ ဇစ်တွေတစ်ခုခြင်းပြန်ပိတ် လျှက် စားပွဲထိုးလာချပေးသည့် စူပါကော်ဖီမစ်ထုတ်ကိုဖောက်ထည့်ဖျော်ကာ ကျကျနနမွှေနေလိုက် သည်။ ကော်ဖီရောင်သည် နေ့ခင်းကကြည့်လာသည့်ဓာတ်ပုံထဲမှဗွက်တွေလိုပင် နောက်ကျိကျိနိုင် နေလေသည်။ အဲ့ဒီ့ဗွက်တွေကြားထဲမှာ ပိုးလိုးပက်လက်ပုံဖြင့်တစ်မျိုး။မှောက်ခုံပုံစံဖြင့်တစ်သွယ်ရှိ နေသည့် လူကြီးကလေးအလောင်းများ။ ပြီးတော့ ကျွဲနွားတိရိ စ္ဆာန်အသေကောင်များ။ ကော်ဖီခွက် ထဲမှထွက်လာမည့်အလား ကြောက်လန့်၍ဇွန်းကိုလွှတ်ချလိုက်သည်။

“ဘာလဲ ယဉ်မင်း။ ဘာဖြစ်လို့လဲ။”
“ဟင့်အင်းဘာမှမဖြစ်ပါဘူး။ ကော်ဖီသောက်လို့ရပြီ”

ကော်ဖီခွက်ကိုလင်းလက်ရှေ့တိုးပေးကာ သံပုရာရည်ကိုတစ်ကျိုက်ယူသောက်လိုက်သည်။ ခုထိ ကော်ဖီကို ယူမသောက်သေးသည့် လင်းလက်ကိုမော့်မကြည့်မိပေမယ့် လင်းလက်ရှေ့ကကော်ဖီ ခွက်ကိုငေးကြည့်နေမိသည်။ ဖြစ်နိုင်လျှင် လင်းလက်ကိုအဲ့ဒီ့ကော်ဖီမသောက်စေချင်။ ညတော် တော်နက်တဲ့အထိစာတမ်းလုပ်ရမည့်သူ့အတွက်တော့ ကော်ဖီတစ်ခွက်လိုအပ်သည်မှာအမှန်ပင် ဖြစ်သည်။ သို့ပေမယ့်..

ယဉ်မင်းအတွေးမဆုံးပါဘူး။ လင်းလက်ကော်ဖီခွက်ကိုကောက်ကိုင်ကာတစ်ငုံသောက်လေပြီ။ သူ ကော်ဖီခွက်ကိုကောက်ယူလိုက်တာ။ နှုတ်ခမ်းမှာတေ့လျှက်သောက်နေတာ။ ကော်ဖီခွက်ကိုကိုင် ထားဆဲဖြစ်သည့် လင်းလက်လက်ထဲမှကော်ဖီခွက်။ သူ့လက်ထဲမှ ကော်ဖီခွက်ကိုလုယူသွန်မှောက် ပြစ်လိုက်ချင်သည်။

“တစ်မနက်လုံး ဘယ်သွားနေလဲ ယဉ်မင်း။ ဘာတွေဖြစ်လာသလဲ။ ဘာတွေမြင်ခဲ့သလဲ ကိုယ့်ကို ပြောပြလို့ဖြစ်တယ်မလား”
“အင်း။ အိမ်ကိုတော့ စာပေဟောပြောပွဲသွားမယ်ဆိုပြီးပြောထွက်သွားတာပဲ။ ဒါပေမယ့်..”
“ဒီလို အချိန်မှာဘယ်လိုလူက စာပေဟောပြောပွဲလုပ်မှာလဲ။”
“အင်း ။ ဘယ်နားတွေဘယ်လောက်ပျက်စီးနေလဲသိချင်တာနဲ့ မေမေမသိအောင်လျှောက်သွား ကြည့်နေတာ။ညနေက ဇူးဇူးနဲ့ လမ်းမှာတွေ့တယ်။သူတို့ကယ်ဆယ်ရေးလုပ်ရင်းရိုက်ယူလာတဲ့ ဓာတ် ပုံတွေကြည့်ရင်း ရင်ထဲမကောင်းဖြစ်နေတာ။”
“ထင်တော့ ထင်သားပဲ။ တစ်ခုခုဖြစ်နေပါတယ်လို့။”
“လင်းလက်သွားတဲ့နေရာကော အခြေအနေဆိုးလား။ဘာတွေတွေ့လာခဲ့သလဲ”
“သိပ်တော့မဆိုးပါဘူး။ ကိုယ်တို့အဖွဲ့အရင် လာသွားတဲ့တစ်ဖွဲ့ရှိတယ်လေ။ သူတို့တွေ ကယ်ဆယ် ရေးကော ရှင်းလင်းရေးကော လုပ်သွားပုံပဲ။ ကိုယ်တို့အဖွဲ့ ဘာမှမမြင်ခဲ့ရဘူး။အမေပျောက်တဲ့ ကလေး တစ်ယောက်ဆီကတော့ အုန်းသားဘီးလေးတစ်ခုကို မုန့်နဲ့လဲယူလာခဲ့တယ်။ ယူမလား ယဉ်မင်း”
“ဟင်. ဘာလို့အဲ့လိုလုပ်ရတာလဲ။ကလေးလေးသနားပါတယ်။ ကလေးလေးက ဘယ်အရွယ်လဲ။ ကောင်လေးလား။ ကောင်မလေးလား”
“အင်း ၇နှစ်လောက်ရှိပြီထင်တယ်။ ကောင်မလေး။သူ့အမေဘီးဆိုပြီးဘီးကျိုးလေးကို လက်ကမချ ဘူး။ပစ္စည်းတွေဝေတာတောင် ဘီးလေးကိုကိုင်ရက်နဲ့ပဲယူတယ်။ကိုယ်လဲသူ့ကိုမှတ်ထားပြီး ပစ္စည်း တွေဝေပြီးတာနဲ့ သူ့ဆီသွားပြီးမုန့်နဲ့လဲယူလာခဲ့တာ”
“သူက ပေးတာပဲလား”
“မပေးချင်ပေးချင်ပေးတာပါ။ ကိုယ်စားဖို့ရထားတဲ့ မုန်နဲ့လဲခဲ့တာလေ”

ကျွန်မပေါင်ပေါ်မှသူ့ကျောပိုးအိတ်ကိုလှမ်းယူကာ အလယ်ဇစ်ကိုဖွင့်လျှက်အိတ်ပုံးထဲမှ ဘီးကျိုးလေး ကို ထုတ်ပေးသည်။ အုန်းဆီဝနေသည့်ဘီးကျိုးလေးသည် ဖယောင်းတိုင်မီးရောင်ဖြင့် နက်မှောင် လက်ဖြာနေသည်။ ဘီးလေးကိုလှည့်ပတ်ကြည့်ဖြစ်သော်လည်း ဘာမှထူးခြားမလာ။သို့ပေမယ့် ဒီဘီးလေးကိုဆုပ်ကိုင်လျှက် အမေပျောက်စာရင်းလာသွင်းသည့်ကလေးမလေး၏ရုပ်ပုံကို မပီမပြင် ပုံဖော် ကြည့်သည့်အခါတွင်တော့ ရင်ထဲတွင်မွန်းကျပ်ဆို့နစ်သွားသည်။

“ပြန်စို့ လင်းလက်ရယ်။ မနက်စောစောဘုရားသွားရအောင်။အိမ်ကိုလာခဲ့မယ်မလား”
“အင်း နိုးရင်လာခဲ့မယ်လေ။ သံပုရာရည်သောက်လိုက်တစ်ငုံလောက်။ ခေါင်းကြည်အောင်လို့”

သံပုရာရည်ခွက်ကိုမယူပေးတာမို့ လှမ်းယူလျှက်မကုန်မချင်းမော့သောက်လိုက်သည်။ လင်းလက်က ကောင်တာတွင်ပိုက်ဆံသွားရှင်းလျှက် စားပွဲဆီပြန်လာနေသည်။ ဆိုင်ပြင်အတူတူထွက်လျှက် ယဉ်မင်းအိမ်ကိုပြန်လိုက်ပို့ပေးဖို့ လမ်းထဲပြန်ချိုးဝင်လာခဲ့သည်။ ကြယ်ရောင်ပျောက်နေသည့်ည။ ညည့်မနက်ပါပဲ လူခြေတိတ်ဆိတ်နေသည့်ရပ်ကွက်။ ဘယ်သူမှကောင်းကောင်းအိပ်ပျော်နိုင်ဦးမည် မထင်ပါချေ။

************************************************************
နိုးလျှင်လာခဲ့မည်ဟုဆိုသော်လည်း လင်းလက်ထိုနေ့မနက်ယဉ်မင်းဆီမသွားဖြစ်ခဲ့။ ရုံးတွင် က တိုက်ကရိုက်လုပ်သော အစည်းအဝေးအတွက်လိုအပ်သည့် စာရွက်စာတမ်းစုကာရုံးကိုစောစော ထသွားရလေသည်။အစည်းအဝေးပြီးသော်လည်းအနားမရ။ နှစ်ပတ်စာလစ်ဟင်းခဲ့သောတာဝန် များကို နေ့ခင်းထမင်းစားချိန်ပင်မေ့လုအောင် လုပ်ရလေသည်။တစ်နေကုန်ထိုင် ၍စာရွက်တွေ စား ရင်း တွေ၊ကြော်ငြာစာရွက်စာတမ်းတွေဖြင့်ရှုပ်ကာ ကွန်ပျူတာတစ်လုံးနှင့်ခေါင်းစား၍ပြီးသည့် အ ချိန်သည် ညနေ၆နာရီထိုးပြီဖြစ်သည်။ တစ်ချို့တစ်ဝက်ကျန်သေးသည့် အလုပ်များကိုနောက်နေ့မှ ဆက်၍လုပ်ရန် စားပွဲပေါ်တွင်အမှတ်အသားဖြင့်အထပ်လိုက်တင်ကာရုံးဆင်းခဲ့သည်။

ဓာတ်လှေကားဖြင့်၆လွှာမှဆင်းဖို့ထပ် လေ့ကျင့်ခန်းသဖွယ်နေ့တိုင်းဆင်းနေကျအတိုင်း ခြေကျင်ပင်၆လွှာကိုဆင်းခဲ့သည်။ အောက်ဆုံးအထပ်ရောက်ဖို့လှေကားကိုကွေ့ဆင်းကတည်းက နံရံကိုမှီ၍ စောင့်နေသည့် အနက်ရောင်ဝါဂွမ်းစလေး ကျွန်တော့်ချစ်သူကိုတွေ့လိုက်ရသည်။သူမသည် လှေ ကား အပေါ်သို့မော့်၍မျှပင်မကြည့်။လက်ထဲမှစာအုပ်ကိုသည်းကြီးမဲကြီးဟန်ဖြင့်ဖတ်နေသည်။

ကျွန်တော်သူမဖတ်နေသည့်စာအုပ်ကိုပြေးကြည့်စရာမလိုပါ။ သူမရေးပို့လိုက်သည့် စာမူတစ်ပုဒ်ပါ သည့် စာအုပ်ဖြစ်ပေလိမ့်မည်။

“ယဉ်မင်း။ စောင့်နေတာကြာပြီလား။ လာမယ်ဆိုရင်လဲဖုန်းခေါ်ရောပေါ့။ တစ်ယောက်တည်းစောင့် နေရသလား”
“အင်း မကြာသေးဘူးရောက်တာ။ မနက်ကဘုရားမတက်ဖြစ်တော့ ညနေလိုက်ပို့ပေးဖို့လာခေါ်တာ။ ပြီးတော့ မုန့်ဝယ်ကျွေးမယ် လင်းလက်ကို။ ဒီနေ့စာမူခရလာတယ်”
“ဟုတ်လား ကဗျာလား။ ၀ထ္တုတိုလား”
“ကြည့်ပါလား။ပြောထားပြီးသားနဲ့။ သူ့အလုပ်ပဲသူ့ခေါင်းထဲမှာရှိတယ်”
“ဘာပြောထားလို့လဲ ယဉ်မင်းက”
“တော်ပြီ။ ဘုရားမရောက်ပဲနေတော့မယ်။စိတ်လဲမတိုချင်တော့ဘူး။ပေးပေး ထမင်းချိုင့်”


လက်ထဲမှထမင်းချိုင့်ကိုတောင်းတာကြောင့်အသာတကြည်ပင်ပေးလိုက်သည်။ ယဉ်မင်းတွင် အဲ့ဒီ့ အချက်ကလေးသည်တော်တော်သဘောကျဖွယ်ကောင်းလှသည်။ ကျွန်တော့်လက်ထဲမှထမင်းချိုင့် ဖိုင်တစ်ချို့ဖြင့်ရှုပ်သယောင်ရှိနေလျှင် ဒီအတိုင်းကြည့်မနေတတ်။အမြဲကူ၍သယ်ပေးတတ်သည်။ ဖိုင်တွေမပါပဲ ထမင်းချိုင့်အလွတ်ပဲဖြစ်နေလျှင်လည်းကူသယ်ပေးသည်ပင်။ တစ်ခြားကောင်မလေး တွေလို သူကမိန်းကလေးဖြစ်သည်မို့ သူ့ပစ္စည်းကိုသာ ကူသယ်ရမည်ဟုတွေးထားပုံမရ။ သူမက ပစ္စည်းများများစားစားလည်း လမ်းထွက်တိုင်းသယ်တတ်သူမဟုတ်ချေ။

လက်ကိုင်ခေါက်ပိုက်ဆံအိတ်သေးသေးလေးတစ်လုံး။ထီးမဖြစ်မနေယူရမည့်ရာသီဆိုလျှင်ခေါက်ထီး တစ်ချောင်း၊ သူမဖတ်ဖို့ဝယ်ထားလျှက်ကဖတ်လို့မပြီးသေးသည့်တစ်အုပ်ကိုကြုံလျှင် ကြုံသလိုဖတ် နိုင်ဖို့ စာအုပ်တစ်အုပ်။ ဒါသူမလမ်းထွက်လျှင်သယ်လေ့ရှိသည့်ပစ္စည်းအကုန်ပင်။

ယဉ်မင်းနှင့် စကားတစ်ပြောပြောဖြင့်ရွှေတိဂုံဘုရားတက်ဖူးဖြစ်ခဲ့ကာ ဗိုက်ဆာလှသည်ဆိုသော ယဉ်မင်းကြောင့် ဘုရားအဆင်းဆိုင်တန်းမှာပင် စမူစာသုတ်တစ်ပွဲဝယ်စားဖြစ်သေးသည်။ ကျွန် တော်ကတော့ ထုံးစံအတိုင်းသူမစားသည်ကိုဘေးတွင်ထိုင်ကာစောင့်နေလိုက်သည်။ သူမဘေးတွင် ထိုင်ဖြစ်သည်မို့ ဒါလေးကဘာလေးလဲမသိဘူးဟုဆိုကာ စမူစာသုတ်ထဲမှပဲစေ့များ အာလူးများကို ခပ်၍ကျွန်တော့်ကို အတင်းခွံကျွေးသည်။တစ်ဝက်နီးပါးလောက် ကျွန်တော်စားဖြစ်အောင် ဥာဏ် များပြီးကာမှ ဗိုက်ပြည့်ပြီဟုဆို၍စပ်ဖြီးဖြီးလုပ်လေသည်။သူမအရိပ် အခြေကိုသိနှင့်ပြီးသည့် ကျွန် တော်သဘောတကျပင် ခေါင်းအသာရမ်းမိသည်။ ယဉ်မင်းသည် ထိုသို့လည်းတစ်ခါတစ်ခါချစ်စဖွယ် လူလည်ကျတတ်ပြန်သေးသည်။

ကားမှတ်တိုင်တွင် ကားအတူရပ်စောင့်ရင်းယဉ်မင်းရေးသည့်ဝထ္တုတိုကိုမတ်တပ်ရပ်ပင်ဖတ်ရလေ သည်။ ဖတ်၍မပြီးလျှင် ကဂျီကဂျောင်ကအလုပ်ခံရဦးမည်လေ။

“လင်းလက်။ ယဉ်မင်းရေဆာတယ်”
“အင်း။ဆာမှာပေါ့ ပဲပွပွတွေစားလာတာကိုး ရေကငတ်တော့မှာပေါ့။ သွား ဟိုမှာရေခဲရေရောင်း နေတဲ့အသည်ရှိတယ်။ သွားတောင်းသောက်”
“ဘာ။ တောင်းသောက်ရမယ်ဟုတ်လား”
“အင်း။ရရင်သောက်ပေါ့။ အဲ့ဒီ့မိန်းမ ကြည့်ရတာ ခပ်စွာစွာထဲကထင်တယ်။ ရန်ပြိုင်ဖြစ်ရဲတယ် မလား”

ခပ်လှမ်းလှမ်းမှရေခဲရေသည်ကိုအကဲခတ်လျှက်ပြုံးစစဖြင့်ပြောသည်။လင်းလက်အပြောကြောင့် ရေခဲရေသည်ကိုသတိထားကြည့်မိတော့ ထိုးကျနေသည့်ညနေ နေရောင်ကိုလက်တစ်ဖက်ဖြင့် နဖူးနားမှကာလျှက် ကျန်လက်တစ်ဖက်ဖြင့်ရေခွက်နှင့်သံရေပုံးကိုခေါက်ကာ ကားဂိတ်တွင်ဆိုက် လာသည့် ကားတွေဆီလှမ်းကြည့်နေသည်။ ပါးစပ်တွင်လည်း ကွမ်းစားထားသည်မှာ ရဲပတောင်း ထနေသည်။ပါးနှစ်ဖက်တွင် ခပ်လွယ်လွယ်လိမ်းခြစ်ထားသည့် သနပ်ခါးသည်လည်းပါးပြင်နှစ်ဖက် တွင် တော်တော်များများတင်ကျန်နေသေးသည်။

လင်းလက်တမင်ညစ်ပတ်ခြင်းလား။စတာလားမကွဲပြားခင်ထိုးစိုက်လာသည့်ကားကိုကြည့်ကာ ယဉ်မင်းအကြံတစ်ခုရလိုက်သည်။

“အိုကေ။ရတယ်။ ဒါမျိုးမလုပ်ရတာကြာပြီ”
“ဘာလဲ ။ ဘာလဲ ယဉ်မင်းနော် မဟုတ်တရုတ်တွေမလုပ်နဲ့”
“မဟုတ်တရုတ်မလုပ်ပါဘူး။ စိတ်ချ။ မဟုတ်ယဉ်မင်းနဲ့ လင်းလက်ပဲလုပ်ကြမယ်လေနော်”
“အာ။ မပါဘူး။ ကိုယ့်ကိုစွဲမထည့်နဲ့”
“ဘာလဲ ဒါကကြောက်တာလား”
“ဘာကို ကြောက်ရမှာလဲ။အလုပ်မဟုတ်တာ မလုပ်စမ်းနဲ့ ယဉ်မင်းရာ”
“မရဘူး။ နင်ပဲစပြောပြီးတော့။ ရေခဲရေရောင်းတဲ့သူဆီမှာ ရေတောင်းသောက်ဆို။ အဲ့ဒါနင်ပဲပြော တာလေ”
“အဲ့ဒါ စလိုက်တာလေ”
“ခုမှ မရတော့ဘူး။စတာနောက်ကျသွားပြီ။ ယဉ်မင်းပြောသလိုမလုပ်ရင် ယဉ်မင်းလက်ကို ဖြုတ်လိုက်။ ”

ယဉ်မင်းအပြောကြောင့် လင်းလက်ယဉ်မင်းလက်ကိုငုံ့ကြည့်သည်။ အမှန်က ယဉ်မင်းလက်ကို လင်းလက်တွဲထားခြင်းမဟုတ်ပဲ ယဉ်မင်းကသာလင်းလက်လက်မောင်းကိုချိတ်ဆွဲထားခြင်းဖြစ် သည်။ယဉ်မင်းလက်ကိုငုံ့ကြည့်နေလျှက်ဖြင့် သက်ပြင်းဖွဖွချကာခေါင်းရမ်းနေသည့် လင်းလက်ကို ကြည့်ကာယဉ်မင်းကျိတ်ရယ်မိသည်။ သူ့လက်မောင်းကိုတော်ရုံတန်ရုံ ချိတ်တွယ်မထားတတ်တဲ့ ယဉ်မင်းလက်ကိုဖြုတ်ထုတ်လိုက်ဖို့ဆိုတာ သူစိတ်ကူးရက်မည်မထင်ပါချေ။

“ခုဖြုတ်လိုက်ဆို”

နောက်ဆုံးတစ်ထစ်သံပတ်ပေးပြီးချိန်တွင်တော့ လင်းလက်ခေါင်းမော့်လာကာယဉ်မင်းကိုတည့် တည့် ကြည့်နေလေတော့သည်။

“ယဉ်မင်း။ မင်းကလေ တကယ့်ကို ယမမင်းပဲ သိလား”
“သဘောတူတယ်ပေါ့ ဟုတ်လား။ဒါဆို ဒီလိုလုပ်..ယဉ်မင်းက အဲ့ဒီ့မိန်းမဆီမှာရအောင် ရေတောင်း သောက်မယ်။ လင်းလက်က ယဉ်မင်းတို့စီးမယ့်ကားလာရင် ကားခမပေးပဲ ကားခိုးစီးရမယ်”
“အယ်။ ကြည့်လဲလုပ်ပါဦးဟာ။တော်ကြာ မနက်ဖန်ပတ်တီးနဲ့ ရုံးတက်နေရပါဦးမယ်”
“စိတ်ချပါ။ ပတ်တီးနဲ့ ရုံးမတက်ရပါဘူး။ မနက်ဖန် စနေနေ့ပဲဟာ”
“အော် .. အေး။ ”
“ကဲ စောင့်သာကြည့်ပေတော့။ ဒါလေးယူထား ။ ပိုက်ဆံအိတ်အပ်ခဲ့ပြီနော်။”

လင်းလက် လက်ထဲပိုက်ဆံအိတ်ပေးခဲ့ကာရေခဲရေသည်ဆီခပ်မြန်မြန်ပင်လျှောက်သွားလိုက်သည်။ ရေခဲရေသည်က သူ့အနားကတ်လာသည့် ယဉ်မင်းကိုကြည့်၍ ရေ၀ယ်သောက်မည်အထင်ဖြင့် ရေကိုခပ်ကာရေခဲတုံးပေါ်သို့ လက်တစ်ဖက်ကလောင်းချကာ ကျန်လက်တစ်ကရေခွက်ဖြင့်ပြန်ခံ ထားလိုက်လုပ်နေသည်။

“ညီမရေခဲရေသောက်မလို့လား”
“ဟုတ်ကဲ့ရှင့်။ ဒါပေမယ့်”
“ဘာလဲ သိပ်အေးအေး မသောက်ချင်လို့လား။ အဲ့လိုလား။ ဟုတ်လား”

ဝယ်သူအကြိုက်လိုက်ပေးမည့် ဈေးရောင်းသူ၏ပျူငှာမှုကိုအနည်းငယ်ရင်ထိတ်သွားမိသည်။ ပြော စရာစကားကလဲ ရုတ်တရက်ဆိုတော့ရှာမရသေး။ လက်ထဲမှာပါလာသည့်စာအုပ်ကိုသာ လက်နှစ် ဖက်ဖြင့် ကျစ်လုံးလျှက်ကြံဖန်ဖို့စဉ်းစားနေမိသည်။

“ဟိုလေ။ အော် ဒီလိုအစ်မ။ ညီမရေ၀ယ်သောက်မလို့ပါ။ ဒါပေမယ့်။ ညီမက..

စကားစကိုတမင်ဖြတ်ကာ ရေခဲရေသည်အစ်မကြီး၏မျက်နှာကိုစေ့စေ့ကြည့်ကာ အကဲခတ်လျှက် မျက်နှာချိုသွေးလိုက်သည်။ အားနာပြောရခက်နေသည့်ဟန်ဖြင့် ကိုယ်ကိုပါကိုင်းညွှတ်လိုက်မိသည် လား မပြောတတ်တော့။ ရေခဲရေအသည်ကယဉ်မင်းအပြောကို ဘာစကားမှမထောက်ပဲယဉ်မင်း ကိုသာခြေဆုံးခေါင်းဆုံးကြည့်ကာ အကဲခတ်နေလေသည်။

“ဒီလိုပါ။ ညီမက ပိုက်ဆံကို ဒီစာအုပ်ကြားထဲမှာပဲလွယ်လွယ်ထိုးထည့်လာလိုက်တာ။ အဲ့ဒါ ရေဆာ လို့ စာအုပ်ကြားကပိုက်ဆံကို ပြန်လှန်ကြည့်တော့မှ ဘယ်နားကျကျန်ခဲ့မှန်းမသိဖြစ်နေတာ။ ရေက လဲ တစ်အားကို ဆာနေတာပါအစ်မရယ်”
“အော် ဖြစ်ရမယ်။ ပိုက်ဆံက ဘယ်လောက်တောင်ထည့်ထားတာတုန်းညီမရယ်။ပြီးတော့ ဘယ်ကိုပြန်မှာတုန်း”
“ငါးထောင်လောက်ဖြစ်မယ်။ အင်း ဟုတ်တယ်။ ငါးထောင်အစ်မ။ ပြန်မှာကမြောက်ဒဂုံဘက်ကိုပါ”
“ကဲရော့ရော့ သောက် ညီမလေး။ ဒဂုံပြန်မယ့်ကားခလဲ အစ်မပေးလိုက်မယ်နော်။ နောက်ဂရုစိုက် ပေါ့ ညီမရယ်။ ပိုက်ဆံက ကျပျောက်တော့သာလွယ်တာ ရှာရတာခက်တယ်ကွဲ့”
“ဟုတ်ကဲ့ပါရှင့်။ ကျေးဇူးအရမ်းတင်ပါတယ် အစ်မရယ်။နောက် ညီမဂရုစိုက်ပါ့မယ်”

ကမ်းပေးလာသည့်ရေကိုတစ်ကျိုက်တည်းဖြင့်ကုန်အောင်သောက်ကာ ရေခွက်ကိုလက်နှစ်ဖက် ဖြင့်ပင် ရိုရိုသေသေပြန်ပေးလိုက်သည်။ ယဉ်မင်းပေးသည့်ရေခွက်ကို လက်တစ်ဖက်ဖြင့်ယူလျှက် ကျန်လက်တစ်ဖက်ဖြင့် စလွယ်သိုင်းထားသည့်လွယ်အိတ် အနီရောင်နွမ်းနွမ်းကလေးထဲမှ နှစ်ရာ တန်ပိုက်ဆံထုတ်ပေးလေသည်။

ဒုက္ခရောက်သည့်သူကိုရေတိုက်ရုံအပြင် ပိုက်ဆံပါကြည်ကြည်ဖြူဖြူထုတ်ပေးရှာသည့်ရေခဲရေ သည်ကိုကြည့်မိတော့ ယဉ်မင်းရင်ထဲကိုကျဉ်စက်ဖြင့်အတို့ခံလိုက်ရသူလို ထုံကျဉ်သွားပေသည်။ ကြည်လင်နေသည့်မျက်နှာသည် ငါကူလို့သာပေါ့ဆိုသည့် မာန်မျိုးသည်းထန်မနေပါ။ ဒုက္ခရောက် သူကို ချို့တဲ့သည့်ကြားမှတတ်အားသရွေ့ကူချင်သူ့စိတ်မျိုး သူ့မျက်နှာမှာအထင်းသားပေါ်လွင်နေ သည်။ နေလောင်ဒဏ်ကိုကာဖို့လူးထားရသည့်သနပ်ခါးကွက်တိကွက်ကျားသည်ပင် ကြည့်၍မ၀အောင် ကြည့်ကောင်းနေပေတော့သည်။

“အစ်မနာမည် ဘယ်လိုခေါ်သလဲဟင်။ နောက်နေ့လမ်းကြုံရင် ညီမလာလည်နှုတ်ဆက်ရအောင်ပါ”
“အော် အေ။ ရပါတယ်။ အစ်မနံမည် ဗိုက်ပူမပါ။ ညီမလေး စီးရမယ့်ကားလာနေတယ်။ သွားသွား အားမနာနဲ့“
“ဟုတ်ကဲ့ရှင့်”

နှုတ်ဆက်ပြုံးပြလျှက် ကားဂိတ်ဘက်ပြန်ပြေးလာခဲ့ကာ ကားဂိတ်မှာလူတင်နေသည့် ၃၆ကားပေါ် ကိုတက်ခဲ့လိုက်သည်။ ယဉ်မင်းတို့အခြေအနေကိုစောင့်ကြည့်နေသည့် လင်းလက်သည်လည်း ယဉ်မင်းနောက်မှာပင်ကတ်ပါလာကာ ကားပေါ်တက်လိုက်သည်။ သူနှင့်ယဉ်မင်းကားပေါ်ရှေ့ဆင့် နောက်ဆင့်တက်တာမို့ ကားပေါ်အရောက်သူလှမ်းပေးသည့် ပိုက်ဆံအိတ်ကိုအသာ လှမ်းယူလိုက် သည်။

လင်းလက် ယဉ်မင်းကိုချန်ကာကားနောက်ပိုင်းသို့တိုးရွှေ့သွားနေသည်။ သူကားခမပေးပဲ ကားခိုး စီးပေတော့မည်။ကားစပယ်ယာက ကားပေါ်တက်လာသည့် လူတွေကိုဟိုနေရာတစ်စုဒီနေရာ တစ် စုဖြင့်နေရာချပေးလျှက် ကားခစတင်ကောက်နေပြီဖြစ်သည်။ကားအ၀င်ပေါက်နားမှလူကိုပိုက်ဆံစ ကောက်လျှက် အလည်မှာရောက်နေသည့် ယဉ်မင်းနားသို့ပင်ရောက်လာပြီမို့ လက်ထဲမှာဆုပ်ထား သည့်နှစ်ရာတန်နွမ်းနွမ်းလေးကို ပိုက်ဆံအိတ်ထဲထိုးထည့်လိုက်ကာ ပိုက်ဆံအိတ်ထဲမှပိုက်ဆံနှစ်ရာ ကို နှိုက်ထုတ်ကာပေးလိုက်သည်။

“အင်း။ ဒီလိုလူမျိုးရှားတယ်ဗျို့ ။လူတွေကစပယ်ယာဆိုရင် ပိုက်ဆံကိုအစုတ်ဆုံးဆိုမှရွေးပေးတတ် တာ။ ခုတော့ ဒီလိုဘယ်ဟုတ်ပါ့မလဲ။ စုတ်တာလေးထည့်သိမ်းပြီး အသစ်ကလေးကိုမှထုတ်ပေးချင် တဲ့လူမျိုးလဲ ရှိသေးတယ် ၀င်းအောင်ရေ”
“ဟုတ်သလား ဟ”
“အဟုတ်ဟေ့ အဟုတ်။မယုံမရှိနဲ့”

ရှေ့မှကားစပယ်ယာကို အသံကုန်ကျူံးအော်လိုက်ခြင်းကြောင့် သူ့အနားရပ်နေသည့်ယဉ်မင်းပင် လန့်သွားသည်။ကိုယ်ကဘာရယ်မဟုတ် မဗိုက်ပူပေးလိုက်သည့်ပိုက်ဆံကလေးကိုသိမ်းထားချင်တာ ကြောင့် အိတ်ထဲမှာအရန်သင့်ရှိနေသည့် ပိုက်ဆံကိုထုတ်ပေးလိုက်ခြင်းသာဖြစ်သည်။ သူ့အထင်နှင့် သူကတော့ ဟုတ်နေသားပင်။

ပြောပြောဆိုဆိုဖြင့်ကားနောက်ပိုင်းတိုးဝင်သွားသည့် ကားစပယ်ယာကိုကျော်လျှက် လင်းလက်ကို လှမ်းကြည့်တော့ ကားနောက်ပိုင်းချောင်တွင်တောင့်တောင့်ကြီးရပ်လျှက် အပြင်ကိုသဲကြီးမဲကြီးငေး နေရှာသည်။ သူကပဲအိုက်တင်ကကောင်းတာလား။ အလန့်လွန်နေတာလားမပြောတတ်။ ကား စပယ်ယာက သူ့ကျောကိုတွန်းတိုက်လျှက် ပိုက်ဆံကောက်နေသည်။

“ဟေ့ကောင် ၀င်းအောင် မင်းပြောတော့ အယောက် ၂၀ ဆို။ ဒီမှာ ငါ ၁၉ယောက်ဆီကပဲ ပိုက်ဆံရ တယ်ဟ”
“အယောက်၂၀ ဟေ့ကောင်ရေ။ပခုံးကိုပုတ်ပြီး ကျောကိုတွန်းပြီးမှရေလိုက်တာမမှားဘူး။ စပယ်ယာ လုပ်စားလာတာ အံတိုနေပြီကွ။ ရအောင်ရှာတောင်း။ မရရင်တော့လဲ ကျိန်သာဆဲကွာ”
“ကျိန်ဆဲတာ ဘာလုပ်ရမှာလဲ။ ပိုက်ဆံရတာလဲမဟုတ်ပဲနဲ့”
“အေး ဒါဆို မှတ်မှတ်ရရ အကျီအဖြူဝတ်ထားတဲ့တစ်ကောင်ပါတယ်ကွာ။ အဲ့ဒီ့ကောင်ဆီက ရပြီးပြီ လား”
“အေး ။မင်းဘိုးအေ အကျီဖြူတွေက ဒီနားမှာအောတိုက်နေတာပဲကွ.. ကဲကဲ. ကျန်တဲ့လူ ကမ်းထားမယ်နော် ပိုက်ဆံလေး”

လူတွေကွက်ကြည့်ကွက်ကြည့်ဖြင့် ကားနောက်ခြမ်းကိုလှမ်းအကဲခတ်နေကြသည်။ ကားစပယ် ယာကလဲ လင်းလက်ရပ်နေသည့်နောက်နားမှာပင် အော်တောင်း၍ကောင်းစဲ။ လင်းလက် တုတ် တုတ်မလှုပ် လင်းလက်နားကလူတွေကတော့ တစ်ယောက်ကိုတစ်ယောက်အကဲခတ်ကြည့်နေကြ သည်။ယဉ်မင်းလင်းလက်ကိုကြည့်နေတုန်းမှာပင် စပယ်ယာလင်းလက်ကျောကိုပုတ်လိုက်သည်။

“ဘာလဲ”
“ခင်ဗျား ဟိုဘက်နားနဲနဲရွှေ့ပေးပါ။ ခင်ဗျားတစ်ယောက်တည်း တိုင်ကိုခွပြီးတိုင်ဦးနေတာလား”

ကားစပယ်ယာအပြောကြောင့် ကားနောက်ပိုင်းမှလူတစ်သိုက်ကျိတ်ကျိတ်ရယ်ကြလေသည်။ ခပ် တည်တည်ပင် စပယ်ယာပြသည့်နေရာကိုလင်းလက်ရွှေ့သည်။ စပယ်ယာကားရှေ့ပိုင်းကို တွန်း တိုက်ပြန်ကူးလာကာ ကားခိုးစီးသည့်သူကို အာမနာပပြောလျှက်မပြီးနိုင်တော့။ ကြာလာတော့ ကားပေါ်မှလူတွေလဲ သူဘာပြောပြောမကြားသလိုသာ။ ကိုယ့်အတွေးနှင့်ကိုယ်သာရှုပ်လျှက်လိုက် ပါလာကြသည်။ တစ်ချို့တစ်လေလဲငိုက်မြည်းလို့နေသည်။ လင်းလက်လိုလူတစ်ချို့ဆိုလျှင်သာ ခုမှ စိတ် သက်သာရာရသည့်ပုံဖြင့် သက်ပြင်းကျိတ်မှုတ်နေမှာမြင်ယောင်နေသည်။ ဟောဟော..တွေ့ လိုက်ပါပြီ။လင်းလက်လဲသက်ပြင်းကျိတ်ချနေသည်။

*************************************************************

“လင်းလက်”
“အင်း ပြော။”
“မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့စကားကိုယုံသလားဟင်။ လက်ခံသလား”
“ဘယ်လိုမင်း မရှိရင်မဖြစ်တာလဲတော့ ပြောပြမှပေါ့။”
“ဒီလို ဟာ။ တစ်ယောက်ကိုအရမ်းချစ်ကြပါတယ်ဆိုတဲ့ ချစ်သူတွေ။ သားသမီးကိုမခွဲနိုင်ဘူးဆိုတဲ့။ သားသမီးကလဲမခွဲနိုင်ပါဘူးဆိုတဲ့မိဘတွေ ပြောလေ့ရှိတဲ့စကားလေ။ သူမရှိရင်မဖြစ်ဘူး။ ငါမရှိရင်မဖြစ်ဘူးဆိုတဲ့စကားကိုပြောချင်တာ”
“တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်လွန်းမြတ်နိုးလွန်းတဲ့အခါ ဖြစ်တတ်ပါတယ်။”
“ယဉ်မင်းတော့ အဲ့ဒါကိုလက်မခံဘူး”
“ဘာလို့လဲ။”
“ဘာလို့လဲဆိုတော့.. လင်းလက်ပဲစဉ်းစားကြည့်အရမ်းချစ်ကြပါတယ်ဆိုတဲ့ ချစ်သူတွေ ကံမဆုံလို့ကွဲ သွားကြတဲ့အခါ မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့စကားကိုပဲထိုင်ပြောနေလို့မှမရတာ။ ဒီလိုပဲမေ့သွားကြတာ ပဲ ဟာ။ သူမရှိလဲ ကိုယ့်ဘ၀ကို ကိုယ်ရှေ့ဆက်ကြရတာပဲဟာ။ ဒီတော့ မင်းမရှိရင်မဖြစ်ပါဘူးဆိုတဲ့ စကားကအလကားပဲ။ရေပေါ်မှာအရုပ်ရေးတာပဲလို့ ယဉ်မင်းတော့ထင်တယ်”

ဖတ်လက်စ စာအုပ်ကိုချလျှက်ဘယ်ဘက်လက်ဖြင့်ခေါင်းကိုကုတ်ကာ အလုပ်မရှိအလုပ်ရှာသည့် သဘောဖြင့်သောက်လက်စရေနွေးခွက်ထဲကိုရေနွေးထပ်ဖြည့်နေသည့်လင်းလက်။

“အေးပါကွာ။ ယဉ်မင်းမရှိလဲ ကိုယ်ဖြစ်ပါတယ်။ ဒါဆို ကျေနပ်တယ်မလား”

ဒီစကားကို ယဉ်မင်းမျက်နှာကိုစေ့စေ့စိုက်ကြည့်လျှက်ဆိုလေသည်။ ယဉ်မင်းရင်ထဲတွင်အနည်းငယ် ထုံကျဉ်သွားသလိုရှိသည်။ မသိမသာပင်ပျက်သွားသည့်မျက်နှာကိုပြင်လျှက်ပြုံးကာ လက်ချောင်း တွေအချင်းချင်း လိမ်ချိုးလိုက်မိသည်။

လေးထောင့်စပ်စပ်သူ့မျက်နှာသည်ယဉ်မင်းကိုကြည့်နေရာမှ လမ်းပေါ်သို့အကြည့်လွှဲလိုက်သည်။ သူဘာတွေ စဉ်းစားနေပါသလဲ။ ခုနကအေးဆေးသက်သာစွာ စာဖတ်နေသည့်သူသည်ယဉ်မင်း စကားကြောင့် ဘာလို့ချက်ချင်းတင်းမာခက်ထန်သွားရပါသလဲ။ သူဘာတွေသိထားနှင့်ပါသလဲ။

“လင်းလက်။ ဖေဖေပြန်လာတော့မယ်တဲ့”
“ဟုတ်လား”

အဲ့ဒီ့ဟုတ်လားဆိုသည့်စကားသံသည် သိပြီးသားကိုဟန်လုပ်မေးသည့်အသံဖြစ်မှန်း ယဉ်မင်းသိနေ သည်။

“ကိုယ်တို့ချစ်သူဖြစ်တာ ဘယ်လောက်ကြာပြီလဲ ယဉ်မင်း”
“ချစ်သူဖြစ်တာ”

ချက်ချင်းဆိုသလိုမေးလာသည့် သူ့အမေးကိုယဉ်မင်းမဖြေနိုင်ပါချေ။ချစ်သူဖြစ်တာဟု သံယောင် လိုက်လျှက် မမှတ်မိနိုင်သည့်သက္ကဇာရစ်တစ်ခုကိုလိမ်ညာပြောဖို့နှုတ်မသွက်ပါ။ကြာတော့ကြာပါပြီ ဘယ်လောက်လဲ။ ဘယ်နှနှစ်လဲ။ ဘယ်တုန်းက သူ့ကိုအဖြေပေးခဲ့မိသလဲ။ ယဉ်မင်းမမှတ်မိပါ။ ကန့် သတ်ချက်တစ်ခုအတွက် ခုနှစ်တွေကိုမုန်းတတ်သောယဉ်မင်း လင်းလက်ကိုခေါင်းခါပြလိုက်သည်။

“၃နှစ်၆လနဲ့၁၂ရက်”

သူ့အမေးကိုသူကိုတိုင် တိတိကျကျဖြေလျှက်သက်ပြင်းချကာ ယဉ်မင်းလက်အေးစက်စက်ကိုဖွဖွ ဆုပ်ကိုင်လေသည်။ သူ့လက်သည်လဲအေးစက်လွန်းလှပါတကား။အလန့်တကြားပင် သူ့မျက်နှာကို မော့်ကြည့်ဖြစ်သည်။ သူ့မျက်နှာက နွမ်းဖတ်လွန်းလှသည်။ကြေကွဲလောင်မြိုက်နေသည်။ တစ်ခုခု ကိုသိရှိနားလည်နေသည်။

“ကိုယ်က တိတိကျကျသမားဖြစ်ပေမယ့် ယဉ်မင်းကိုချစ်နေရရင် ယဉ်မင်းကလဲချစ်နေတယ်ဆိုရင် ပြည့်စုံတယ်ထင်တဲ့လူစားမျိုးပါ ယဉ်မင်း။ ယဉ်မင်းပြောသလိုပဲ မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့လူစားမျိုး ထဲမှာ ကိုယ်မပါ ပါဘူး။ ယဉ်မင်း ဖေဖေပြန်လာရင် ပြသနာတစ်ပွေ့ကြီးပါလာတယ်ဆိုရင်တောင် ကိုယ်က နောက်ရှောင်နေမယ့် လူစားမျိုးထဲမှာပါမယ့် လူစားမျိုးလဲမဟုတ်ဘူး”

“ယဉ်မင်းယုံပါတယ်။ ဒါပေမယ့်။ဖေ့ဖေ့ကိုယဉ်မင်းမေမေက ပြန်လာရင်လက်မခံဘူးတဲ့”
“လက်မခံနိုင်စရာအကြောင်းတော့ရှိတယ်မလား ယဉ်မင်း”
“အင်း ရှိတယ်။ ဖေဖေကျောက်ပွဲစားလုပ်ရင်း အလိမ်ခံရတဲ့ကျောက်ဖိုးတွေအစားဖေဖေ့သူဌေးက ..
“ဆက်ပြောလေ ယဉ်မင်း”
“ဖေဖေ့ သူဌေးက အလျော်မတောင်းပါဘူးတဲ့။ ဒါပေမယ့် ယဉ်မင်းတို့ ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ကို သူလက်ထပ်ယူပါရစေတဲ့”

အသီးကိုလိုချင်၍ ပင်စည်ကိုဆွဲခါလိုက်သည့်အတိုင်းပင်။ ဒါကိုယဉ်မင်းလဲအသေအချာပင်နားလည် ပေလိမ့်မည်။ သူမကို လိုချင်၍ညီအစ်မနှစ်ယောက်ထဲကတစ်ယောက်ဟုပြောလိုက်သည့် စကားဆို တာ ကျွန်တော်လက်တို့ပြောပြစရာလိုမည်မထင်။ သူ့ညီမအငယ်ကိုမငဲ့ကွက်ပဲ သူမ မငြင်းနိုင်သည့် အကြောင်းတရား။

ဘယ်လိုအစ်မကကော သူ့ရဲ့တစ်ဦးတည်းသောညီမလေးကို တစ်ခုလပ်တစ်ယောက်နှင့်သဘောတူ နိုင်ပါမည်လဲ။ သူမှကိုယ်ကျိုးမစွန့်လျှင်။ သူမှလက်မခံလျှင်။ ဒီဝန်ထုတ်ဝန်ပိုးသည် သူ့ညီမအပေါ် တွင် ပိပေတော့မည်။

တော်ရုံတန်ရုံငိုခဲလှသည့် သူမ။ကျွန်တော့်ရှေ့တွင်ပင်ချုံးပွဲချ၍ငိုနေလေပြီ။ စားပွဲပေါ်လက်တင်ပြီး မျက်နှာကိုလက်ပေါ်တွင်ဖွက်၍ ငိုနေသည်မို့ သူမမျက်နှာနီမြန်းနေတာမမြင်နိုင်ပေမယ့် သူမနားနှစ် ဖက်သည် နီမြန်းနေပေပြီ။သူမငိုရှိုက်နေတာကိုသူမတားရက်ပါ။ သူမသည် အိမ်မှာဘာမှမဖြစ်သည့် အသွင်ဖြင့်ဟန်ဆောင်ထိန်းချုပ်၍နေခဲ့ရပေလိမ့်မည်။ကျွန်တော့်ရှေ့ကိုရောက်မှ စိတ်ရှိလက်ရှိငိုရ ပေတော့သည်။ကျွန်တော်သူမကိုနှစ်သိမ့်ပေးစရာစကားရှာမရ။ သူမဘေးတိုးကပ်ထိုင်လျှက် သူမ ပုခုံးကိုအသာပင် ပုတ်ပေးနေမိသည်။ကျွန်တော်သူမကိုဘာများကူညီပေးနိုင်မည်လဲ စဉ်းစား၍မရ။

“ခိုင်လေးလဲ တစ်အားငိုတယ် လင်းလက်ရယ်”

တစ်စတစ်စတိုးတိတ်သွားသည့်ရှိုက်သံဖြင့်ပင်ခေါင်းကိုမော့်ကာ ကျွန်တော့်ကိုတည့်တည့်ကြည့် လျှက်ပြောလေသည်။

“ယဉ်မင်းကတအားညံ့တာပဲ။ ကိုယ့်ညီမတစ်ယောက်လုံးအငိုရပ်အောင်တောင်မချော့တတ်ဘူး”
“ဟုတ်တယ်နော်။ ယဉ်မင်းညံ့တယ်။ ယဉ်မင်းမတော်ဘူး။မေမေကလဲပြောတယ် ဒီအဖေကြောင့်ဒီ သမီးတွေကံကောင်းဖို့လမ်းမမြင်တော့ပါဘူးတဲ့။ မေမေက ပြောသေးတယ်။ သူကတော်တော်ညံ့တဲ့ မိန်းမတဲ့။ ဖေဖေ့ကိုမှရွေးယူမိခဲ့တယ်တဲ့”

ကျွန်တော့်အပြာင်အပျက်စကားသည်ယဉ်မင်းကိုတော်တော်ထိခိုက်သွားပုံပင်။ ငိုရှိုက်သံမပါဘဲနှင့် မျက်ရည်များပိုးပိုးပေါက်ပေါက်လိမ့်ဆင်းလာသည့်ယဉ်မင်းကိုရင်ခွင်ထဲဆွဲထည့်ထားပြီးသည့်အချိန် တွင်တော့ကျွန်တော်ပါရောငိုမိသည်။

ညနေ နေ၀င်ချိန်သည်သာမန်ထက်စောလွန်းနေခဲ့သည်။ယဉ်မင်းကိုပြန်မလွှတ်ချင်ပါဘဲနှင့် ယဉ်မင်း တို့လမ်းထိပ်အရောက်လိုက်ပို့ဖြစ်ခဲ့သည်။ ယဉ်မင်းလဲ ကျွန်တော့်ကိုခါတိုင်းလိုအိမ်အထိလိုက်ခဲ့ဟု မခေါ်။ ကျွန်တော့်မျက်စိရှေ့မှ ယဉ်မင်းပျောက်ကွယ်သွားမှတစ်လမ်းကျော်မှကျွန်တော့်အိမ်ကိုပြန် လာခဲ့သည်။

*************************************************

“ကိုမြင့်မြတ်။ ရှင့်ညီကောင်မလေးလေ လော်ပန်နဲ့ယူတော့မယ်လို့ကြားတယ်။ သူ့အဖေလဲပြန် ရောက်နေတယ်လို့ပြောတယ်”
“အာ စောစောစီးစီးဟာ။ သူများအတင်းလာပြောနေတယ်။ လင်းလက်တောင်ဘာမှမပြောတာ။ မင်း ကို ဘယ်သူကပြောလိုက်ပြန်ပြီလဲ”
“သူတို့တစ်လမ်းလုံးပြောနေကြတာပဲဟာ။ အေးလေ။ ဟိုကလော်ပန်ဆိုတော့ လခစားလင်းလက် ထက်တော့ သာမယ်ထင်မှာပေါ့လေ။ တစ်ခုလပ်ဖြစ်နေတာကပဲဆိုးတာ”
“တော်တော့ဟာ။ စားမှာကောင်းကောင်းမစားရဘူး။ လင်းလက်လဲ ခရီးကပြန်ရောက်လို့အိပ်နေ သေးတယ်။ မင်းဘာမှ သူ့ကိုသွားမပြောနဲ့။ ကြားလား”
“ကြားပါတယ် ကိုမြင့်မြတ်ရယ်ကြားပါတယ်။ ”

ကိုကို့မိန်းမစကားသံကျယ်ကျယ်ကြောင့် ထမင်းစားခန်းနှင့်ကပ်လျှက်အခန်းမှလင်းလက် အိပ်ယာ မှနိုးနေပြီဖြစ်သော်လည်းမထဖြစ်သေးပဲ နားထောင်နေမိသည်။ ယဉ်မင်းလက်ထပ်တော့မည်။ ယဉ်မင်းဖေဖေပြန်ရောက်ပြီ။ တစ်လမ်းလုံးကပြောနေကြသည်။ ထိုစကားတွေသာ နားထဲမှမထွက် တော့။

“ကိုကို.. အလုပ်သွားတော့မှာလား”
“အေးကွ။ ကိုကိုက ညီလေးအိပ်နေသေးတယ်ထင်နေတာ။ မင်းစားပွဲပေါ်ဖုန်းခွန်နဲ့ပိုက်ဆံလာတင် တာကွ။ မင်း အားရင် ဖုန်းခွန်ဆောင်ပေးကွာနော်။ ဒါနဲ့ ပြောရဦးမယ်..”
“မမပြောတာ ဟုတ်ပါတယ်ကိုကို.. သူတို့လက်ထပ်ဖြစ်ကြလိမ့်မယ်”
“ဟေ။ ဒါကိုမင်းဘယ့်နှယ့်ကြောင့်သွေးအေးနေတာတုန်း”

ပြောပြောဆိုဆို လင်းလက်ကုတင်ပေါ်တက်ထိုင်သည့်မြင့်မြတ်ကို လင်းလက်အိပ်ယာမှထကာဆွဲထူ လိုက်သည်။

“စိတ်မပူပါနဲ့ ကိုကိုရာ။ ယဉ်မင်းမရှိလဲဖြစ်အောင် ယဉ်မင်းကညီ့ကို သင်ပေးထားပါတယ်”
“ဘာကွ”
“ကဲပါ။ ရုံးသွားတော့။ ကျွန်တော်ခဏနေရေချိုးပြီး တူလေးကိုကျောင်းပို့မယ်။ ပြီးရင်ဖုန်းခွန်သွား ဆောင်မယ်။ပြီးရင်ယဉ်မင်းနဲ့ ရုပ်ရှင်သွားကြည့်ဖို့ချိန်းထားတယ်”

ကိုကို့ကိုဆွဲထူတွန်းထုတ်ကာ အခန်းပြင်ကိုခေါ်ထုတ်၍ ခပ်ကြောင်ကြောင်ကြည့်နေသည့် ကိုကို့ကို မျက်စိတစ်ဖက်မှိတ်ပြလျှက် အိမ်ရှေ့ခြံဝအရောက် လိုက်ပို့ပေးလိုက်သည်။ ခြံအစပ်အုန်းပင်တွင် ကပ်၍စိုက်ထားသည့် သစ်ခွပင်မှခရမ်းရောင်သစ်ခွပွင့်သည် တစ်ပွင့်တည်းဖြင့်ကြီးလွန်းလှသည်။

ယဉ်မင်းတို့ခြံထဲမှ သစ်ခွပင်ကိုမြင်ယောင်ကြည့်မိသည်။ယဉ်မင်းသည် သစ်ခွပန်းကြိုက်သည်။ သို့ ပေမယ့် အပင်ပေါ်မှာပင်အလှထားတတ်သည်။ ဘုရားလဲမတင် သူလဲမပန်တတ်။ သူမမင်္ဂလာ ဆောင်သည့်အခါတွင်တော့ ပန်းပန်ပေမည်။သူမ သစ်ခွပန်းပန်ချင်သလားဟု ဒီနေ့မေးဖြစ်အောင် မေးရပေလိမ့်မည်။

**************************************************

ရုပ်ရှင်ကြည့်ပြီးအပြန်တွင် ကန်တော်ကြီးပန်းပင်အရောင်းဆိုင်များမှပန်းပင်များကို လိုက်ကြည့်ဖြစ် ကြသည်။ အများဆုံးကြည့်ဖြစ်သည့်ပန်းပင်ကတော့ သစ်ခွပန်းပင်။ပန်းပင်များကိုကြည့်၍ ၀တော့မှ ကန်တော်ကြီးရေစပ်နားမှ နေရိပ်ကျသည့်ထိုင်ခုံတွင်ရွေး၍ထိုင်ဖြစ်ကြသည်။

ကန်ရေပြင်မှတိုက်ခတ်လာသည့်လေသည် သန့်ရှင်းလတ်ဆတ်၍ အသက်ရူလို့ပင်မ၀ချင်။ကိုယ်ကို မတ်မတ်ထား၍ အသက်ကိုရူလိုက်ထုတ်လိုက်လုပ်နေသည့် ယဉ်မင်းကိုကြည့်ကာဘာရယ်မဟုတ် ပြုံးဖြစ်သေးသည်။

“ညောင်းလိုက်တာဟာ”

ညောင်းချင်ဟန်တမင်ဆောင်လျှက် ခပ်မတ်မတ်ထိုင်နေသည့်ယဉ်မင်းပေါင်ပေါ်ကို ခေါင်းတင်အုံး လိုက်သည်။ ငုံ့မိုးကြည့်နေသည့် ယဉ်မင်းကိုမသိချင်ယောင်ဆောင်ကာ ပြာလဲ့နေသည့်ကောင်းကင် ကို ငေးနေမိသည်။ ယဉ်မင်းနှင့်ကျွန်တော်ဘယ်တုန်းကမှ ဒီလောက်ရင်းရင်းနှီးနှီးမနေဘူးခဲ့။ ကျွန် တော့် အပြုအမူကြောင့် ယဉ်မင်းအံ့သြမင်သက်နေပုံရသည်။ ကျွန်တော့်ကိုငုံ့မိုး၍ကြည့်မြဲအတိုင်း ကြည့်နေခဲ့သည်။

“ဘာကြည့်တာလဲ ညောင်းလို့ပါဟ”
“ညောင်းတာ ဒီနားလား။ ဟုတ်လား”

ကျွန်တော့်လည်ပင်းကိုညှစ်ကာမေးသည်မို့ ကျွန်တော်တမင်လျှာထုတ်ပြလိုက်သည်။ ကျွန်တော့် မျက်နှာကို ယဉ်မင်းလက်ဖြင့်ကိုင်ကာဘယ်ဘက်သို့စောင်းစေလျှက် နားသယ်စပ်မှဆံပင်ကို ဆွဲနှုတ် နေသည်သည်။ ယဉ်မင်း လက်ထဲမှာပါလာသည့်ဆံပင်သည်လက်တစ်ဆစ်စာမရှိတရှိဆံပင်ဖြူလေး ဖြစ်သည်။ တစ်ခါ ယဉ်မင်းပြောသည့် ဆံပင်ဖြူလေးပင်ဖြစ်ပေလိမ့်မည်။ ရင်ဘတ်ပေါ်တင်ထား သည့်ကျွန်တော့်လက်ခုံပေါ်သို့ ဆံပင်ဖြူအမြစ်ကိုတင်ထားလျှက် ကျွန်တော့်ခေါင်းထဲမှဆံပင်ဖြူတွေ ဆက်ရှာနေပုံရသည်။

ကိုယ့်ခေါင်းကိုယ်ခေါင်းဖီးနေသည့်သူကမသိပဲ သူမကမြင်ဖြစ်အောင်မြင်ခဲ့သည့်ဆံပင်ဖြူ။ခုလည်း ခေါင်းကိုဘယ်ဘက်ညာဘက်ယိမ်းခိုင်းလျှက် ဆံပင်ဖြူရှာနေပြန်သည်။စိတ်ဝင်တစားဖြင့် ဆံပင်ဖြူ ရှာနေသည့် ယဉ်မင်းမျက်နှာသည်ဝင်းပကြည်လင်လျှက် ဘာကိုမှသတိမထားဂရုမစိုက်သည့် ဟန် ဖြင့်ဖြစ်သည်။

“အရောင်ထဲမှာ လင်းလက်ဘာအရောင်ကိုအကြိုက်ဆုံးလဲ”
“အဖြူရောင်”
“အင်း ဒီလိုဖြေမယ်မှန်းတော့လဲ သိထားပါတယ်။ ယဉ်မင်းကောလို့မေးလေ။ ဘာကြောင်ကြည့်နေ တာလဲ”
“အော် အင်း။ ယဉ်မင်းကော ဘာအရောင်ကြိုက်လဲ”
“မိုးပြာရောင်”
“မိုးပြာရောင် ကြိုက်တယ်လဲပြောသေးတယ်။ တစ်ခါမှလဲဝတ်တာမတွေ့ဖူးဘူး”
“ငတုံးလေး။ အဲ့ဒါကြိုက်လွန်းလို့မ၀တ်တာပေါ့ဟ”
“အော် အဲ့လိုလား။ ဒါဆို မကြိုက်ဆုံးအရောင်က ဘာအရောင်လဲ”
“အဖြူရောင်”
“ဘာလို့လဲ။”
“အညစ်အပေအစွန်းအထင်းမခံလို့လေ”

မေးလိုက်ဖြေလိုက်ဖြင့်နှစ်ယောက်သားတောင်စဉ်ရေမရ စကားတွေဖြင့်တစ်ယောက်ရင်ထဲတစ် ယောက် တွေးစမိနေသည်။တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်နေမိကြသည်။ တစ် ယောက်မျက်နှာကိုတစ်ယောက်အလွတ်ကျက်နေသည့်ပုံစံဖြင့်စက္ကန့်ပိုင်းအနည်းငယ်လောက် ငြိမ် သက်တိတ်ဆိတ်။ကျေးငှက်အော်သံတွေမကြားတော့။ စုံတွဲတွေကိုလိုက်ချောင်း လိုက်နောက်လုပ် နေကြသည့်အော်သံသည် ကိုယ်နှင့်မသက်ဆိုင်သလို။ အသက်မျှင်းမျှင်းရှုဖြစ်ခြင်းသည်လည်း မေ့လျော့သွားသလိုပင်။ ဘာကိုမှ အမှတ်မရချင်တော့။ ဘာကိုမှဂရုမစိုက်မိတော့။

မျက်ခုံးပါးပါးအောက်က စူးရှရှမျက်လုံး။နှာခေါင်းချွန်ချွန်ကလေး၊ နှုတ်ခမ်းအိအိထွေးထွေးလေး။ မျက်နှာကျရှည်ရှည် သွယ်သွယ်လေးကိုသော်လည်းကောင်း ကျွန်တော်မေ့နိုင်တော့မည်မထင်ပါ။ ယောင်ယမ်းကာဆန့်ထုတ်လိုက်သည့်ကျွန်တော့်လက် ယဉ်မင်းမျက်နှာနားအရောက်တန့်သွား သည်။ လေထဲမှာရပ်နေသည့် ကျွန်တော့်လက်ကိုယဉ်မင်းလက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ထားလျှက် ကျန်လက်တစ်ဖက်ဖြင့် ကျွန်တော့်ခေါင်းမှဆံပင်တွေကိုသပ်တင်နေသည်။

“မဟာနဖူးဆိုတာ ဒါကိုပြောတာထင်ပါရဲ့နော်။ အကျယ်ကြီးပဲ။”

မျက်တောင်တဖျတ်ဖျတ်ခတ်၍ ပြောမိပြောရာပြောလျှက် ယဉ်မင်းကျွန်တော့်စိတ်ကိုစတင် ခေါက် သိမ်းနေပေပြီ။ အပြုံးတစ်ဝက်အမဲ့တစ်ဝက်ဖြင့်သူမမျက်နှာသည် ဂရုဏာသက်စရာပင်ဖြစ်လို့နေ သည်။ တစ်သက်စာဆုံးရှုံးရတော့မည့် ချစ်သူမျက်နှာကိုတစ်ဝကြည့်ပြီးပြီမို့ လင်းလက်လှဲနေရာမှထ ထိုင်လိုက်သည်။

“ယဉ်မင်း ကိုယ့်ကို သီချင်းဆိုပြပါလား”
“ကမ္ဘာမကြေသီချင်းဆိုပြရမလား”
“ ဟ.. အဲ့ဒါကိုယ်နားထောင်ချင်တဲ့သီချင်းမှမဟုတ်တာကွ။”
“သိဘူးလေ။ သီချင်းဆိုကမ္ဘာမကြေပဲရတာကိုးလို့”
“ကဲ နားထောင်။ ကိုယ်နားထောင်ချင်တဲ့ သီချင်းကိုယ်ဆိုပြမယ်”
“ဟားဟားဟား”
“ဘာရီတာလဲ ယမမင်း”
“ရီစရာကောင်းလို့ပါ။ ကိုယ်နားထောင်ချင်တဲ့သီချင်း ကိုယ်ဆိုပြရတဲ့သူဆိုလို့ လင်းလက်ပဲရှိမှာကို တွေးမိလို့ရီတာ”

ယဉ်မင်းပြောလဲပြောစရာပင်။ ကျွန်တော့်အဖြစ်ကအူကြောင်ကြောင်ဖြင့်တစ်ကယ်ရီစရာကောင်း နေသည်။ကိုယ်ကနားထောင်ချင်သော်လည်း သူမှသီချင်းမရတာ ဒီလိုမလုပ်လို့ဘယ်လိုလုပ်မတုန်း နော်။ ပြောင်စပ်စပ်ယဉ်မင်းမျက်နှာကိုအသည်းယားလှသည်မို့ ယဉ်မင်းနှာခေါင်းကိုဆွဲညှစ်လိုက်မိ သည်။

“ကဲ နားထောင် ဆိုပြမယ်”
“ဤကမ္ဘာမြေပေါ်တစ်လွှားမယ် .....သူငါများတို့ရယ်...အလှနဲ့သစ္စာကိုကွယ် ဖွေရှာမောကြတယ် တစ်ကယ်မမောပမ်းစေရန်ကိုကွယ် ပြော ပြောပြမယ်။ ကိုယ့်ဌာနေ၀န်းကျင်မှာကွယ်.. တကယ်ကို အလှရှိတယ်.. စုံမြိုင်ခြေဂနိုင်မြေလမ်း အထွေထွေဆန်းပြားကြွယ်.........သဘာဝရဲ့ လှဟန်တွေ ရယ် ထုံကြည်သင်းပျံ့တယ်......တကယ်အလှရဲ့ မူမှန်ကိုကွယ် တွေးကာငေးကြည့်ဖွယ်..ကမ္ဘာ့ တန် ဆာမိခင်မြေ၀ယ် ပုံပန်းချီရေးသည့်နှယ်........ဒီဘုံဗွေကြုံလေသမျှရယ် သဘာဝတရားအလှရယ်.... သဘာဝရဲ့သစ္စာမြေရယ်....ခိုင်မာမြဲအမြစ်တွယ်...တဒင်္ဂအလှဆိုတာတွေရယ် ပေါကြွယ်လွန်းလှ တယ်....တကယ့်အလှနဲ့ သစ္စာမှာကွယ် သဘာဝအခင်းဖြစ်တယ်”
“ထပ်ဆိုဦးလေ။ နောက်တစ်ကျော့”
“မဆိုချင်တော့ဘူး။ အဲ့ဒါ ဘယ်သူရေးပြီးဆိုတာလဲသိလား ယဉ်မင်း”
“မသိဘူး ပြောပြ”
“ရေးတဲ့သူက အေ၀မ်းစိုးမြင့်။ ဆိုတဲ့သူက ၀င်းဦး”
“၀င်းဦး ဟုတ်ပါဘူး။ ခုနကဆိုတာ လင်းလက်ပါ။ ပြစမ်းလင်းလက်နှုတ်ခမ်းမွှေးတွေပေါက်လာပြီ လား”

ဘေးတစ်စောင်းအနေအထားဖြင့်ရှိနေသည့်လင်းလက်မျက်နှာကို သူမဖက်သို့ဆွဲလှည့်ယူသည်မို့ အလိုက်သင့်ပင် လင်းလက်ငဲ့ကြည့်လိုက်သည်။အပြောင်အပျက်စကားဖြင့် မလိုက်ဖက်စွာသွေး ဆုတ်ဖြူလျော်နေသည့်မျက်နှာ။ တစ်ခုခုကိုပြောဖို့အားယူနေဟန်ဖြင့် ခပ်ဟဟပါးစပ်။ သူမမပြော ခင် သူတစ်ခုခုပြောရပါလိမ့်မည်။သူဘာပြောသင့်သလဲ။စဉ်းစားစမ်း လင်းလက်။ မင်းစဉ်းစားစမ်းပါ။

“ကိုယ်လက်ထပ်တော့မယ် ယဉ်မင်း။ကိုယ်တို့လမ်းခွဲကြစို့နော်။ ကိုယ်မင်းကိုတစ်ကယ်.. တစ်ကယ် ချစ်ခဲ့တာပါ”

ကျွန်တော်ချစ်မြတ်နိုးလှသည့် သူမကိုသစ္စာမဲ့သူကျွန်တော်အဖြစ်မခံနိုင်ပါ။ကျွန်တော်ကိုတိုင်ပင် သစ္စာမဲ့သူဖြစ်စမ်းပါစေတော့။လက်ထပ်မယ့်သူမရှိပါဘဲ ခပ်တည်တည်ပင်လိမ်လိုက်သည်။ ကျွန် တော့်ဘက်ကစတင်ပြောသည့် လမ်းခွဲစကားကြောင့်သူမစိတ်သက်သာရာရပါစေတော့။ အသုံးမ၀င် တော့သည့် ချစ်တယ်ဆိုသည့်စကားဖြင့် နောက်ဆုံးအကြိမ်ယဉ်မင်းကိုချွေးသိပ်မိသော်လည်း ယဉ်မင်း မျက်နှာပေါ်တွင်မျက်ရည်စီးကြောင်းကျိုးကျေလေပြီ။

ပါးပြင်ပေါ်မှမျက်ရည်တွေကိုအနိုင်နိုင်သုတ်နေလျှက်က တစ်ကိုယ်လုံးနတ်ပူးသလိုသိမ့်သိမ့်တုန်ငို ရှိုက်နေသည့် ယဉ်မင်းကိုမကြည့်ရက်တော့။ပေါင်ပေါ်လက်ထောက်ထိုင်လျှက် လက်ဖ၀ါးနှစ်ဖက် ထဲသို့ လင်းလက်မျက်နှာကိုထည့်ဖွက်ထားမိသည်။ယဉ်မင်းငိုတာကိုမတားဆီးမိသလို ကိုယ်ကိုတိုင် လဲ ခိုးဝှက်၍ငိုနေရသည့်အဖြစ်။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှအရာတွေကို ဒီတစ်ကြိမ်တွင်စုပုံမုန်းပြစ်လိုက် သည်။

လင်းလက်ကျောပေါ်လာတင်သည့်ယဉ်မင်းလက်ကြောင့် လက်ဖ၀ါးထဲမှမျက်နှာကိုထုတ်ကာ ယဉ် မင်းကိုငဲ့ကြည့်လိုက်သည်။ ကြိုးစားသုတ်ထားသည့်မျက်ရည်များကြားမှ ယဉ်မင်းမျက်နှာလေးသည် မျက်နှာသစ်ထားသူလို စိုစွတ်နေသည်။ မျက်နှာပြင်မှာ နီတွတ်နေသည်။အပြုံးရယ်ဟု မပီပြင်သည့် အပြုံးမျိုးဖြင့်ကြိုးစားပြုံးပြနေသည့် ယဉ်မင်းကိုကျွန်တော်မကြည့်ရက်။

“ယဉ်မင်းသာ ဒီလိုမျိုးဇာတ်ဝင်ခန်းကိုရေးမယ်ဆိုရင် လင်းလက်လို စကားတွေဇောက်ထိုးမပြော ဘူး။ သိလား လင်းလက်။”

ယဉ်မင်းဘာဆက်ပြောမလဲသိချင်တာကြောင့်အသာငြိမ်နေလိုက်သည်။

“ကိုယ်မင်းကို တစ်ကယ်ချစ်တာပါ။ ဒါပေမယ့် ကိုယ်တို့လမ်းခွဲကြစို့။ ဘာလို့လဲဆိုတော့ ကိုယ်လက် ထပ်တော့မယ်ဆိုရင် ...ပိုပီပြင် အစီစဉ်ကျတာပေါ့ လင်းလက်ရဲ့”

ယဉ်မင်းစကားကြောင့် ကျွန်တော်အသံထွက်ရီလိုက်မိသည်ထင်သည်။ ယဉ်မင်းလဲလိုက်၍ရီ၏။ကဲ ကြည့်စမ်းပါဗျာ။ ကျွန်တော့်ချစ်သူပိုးဟပ်ဖြူ ယမမင်းလေးကအချိန်ကောင်းရောက်တိုင်း ရီစရာ ပုံ ပြင်တစ်ပုဒ်တော့ထထပြောတတ်လေရဲ့။ ကျွန်တော်စိတ်ရှုပ်တိုင်း ဘယ်စကားကိုဘယ်လိုဟာသ လုပ် ရီမောနိုင်စေမလဲဆိုတာ သူမကောင်းကောင်းသိတယ်။ သူမကကျွန်တော့်ရဲ့ဂျိုကာမလေးပါ။ သူမကသာ ကျွန်တော့်စိတ်တံခါးကိုဖွင့်လဲဖွင့်နိုင်ပိတ်လဲပိတ်နိုင်တဲ့သူပါ။ သူမကသာကျွန်တော့်ရဲ့ တစ်ဦးတည်းသောချစ်သူပါ။

ကျွန်တော့်ညာဖက်မျက်လုံးမှလိမ့်ဆင်းသွားသည့်မျက်ရည်စကို ယဉ်မင်း၏ဘယ်ဘက်လက်ဖြင့် လှမ်းတို့သုတ်ပေးလေသည်။ ယဉ်မင်းလက်ကိုကျွန်တော်လက်နှစ်ဖက်ဖြင့်ဆုတ်ကိုင်လျှက် သူမ လက်ကိုမထိအောင်နမ်းရှိုက်လိုက်မိသည်။ ပထမဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါသည်။

“ယဉ်မင်း ဘ၀မှာ.ကိုယ်မရှိလဲဖြစ်တယ်မလား ယဉ်မင်း”
“ဖြစ်ပါတယ်.. ”

ခေါင်းတဆတ်ဆတ်ငြိမ့်ပြလျှက် အတုန့်အဆိုင်းမရှိယဉ်မင်းဖြေလေ၏။ စီးကျနေသည့် တစ်ယောက် ပါးပြင်မှမျက်ရည်ကို တစ်ယောက်သုတ်ပေးလျှက်ပြိုင်တူရီမောမိကြသည်။ဘယ်ဘက်ရင်ခွင်ထဲခိုဝင် လာသည့်ယဉ်မင်းကိုအသာထွေးပိုက်ထားလျှက် လင်းလက်သက်ပြင်းမောကို အသာမှုတ်ထုတ် လိုက်သည်။

ယဉ်မင်းမျက်နှာအပ်ထားသည့်ဘယ်ဘက်ရင်အုံနားဆီမှပူနွေးစိုစွတ်မှုကြောင့် ယဉ်မင်းတိတ်တိတ် မျက်ရည်ကျနေမှန်းလင်းလက်ခံစား၍ရသည်။ဘ၀ဇာတ်ဆရာသည် ဇာတ်သိမ်းခန်းကိုတွန်းပို့လိုက် လေပြီ။ ဒီနေ့အားရအောင်ငိုပါမှ မနက်ဖန်ဘ၀ကိုအသစ်စနိုင်တော့မည့်ပုံစံဖြင့် ယဉ်မင်းတိတ်တိတ် ငိုနေသည်။လင်းလက်ဆိုသည့် ကျွန်တော်သည်လည်းမျက်ရည်မကျပဲငိုနေမိသည်။

********************************************************
အဖြူရောင်ပိုးဝမ်းဆက်သတို့သမီးဝတ်စုံဖြင့် ယဉ်မင်းသည်ကြည့်၍ကောင်းလွန်းလှသည်။ဖြူဖျော့ ဖျော့အသားရောင်သည် အဖြူရောင်ပိုးဝတ်စုံအောက်မှာပို၍အသက်ဝင်နေသယောင်။ ယဉ်မင်း လက်ကိုတွဲချိတ်ထားသည့် သတို့သားလောင်းကိုလင်းလက်ခုအချိန်ထိမကြည့်ဖြစ်သေး။ မျက်နှာ ချင်းဆိုင်မှယဉ်မင်းမျက်နှာကိုသာ စိုက်ကြည့်နေမိသည်။မျက်ခုံးပါးပါးလေးကိုပင့်ကာပြန်စိုက်ကြည့် နေသည့်ယဉ်မင်းမျက်နှာတွင် အဖြူရောင်အသားအရည်နှင့်လိုက်ဖက်စွာ အေးစက်ငြိမ်သက်နေ သည်။ဘာဆံထုံးပုံစံမှန်းမသိထုံးထားသည့် ယဉ်မင်းခေါင်းတွင်ပန်းတစ်ပွင့်ပင်တင်၍ပန်မထား။

ခန်းမဆီမှလွင့်လာသည့် အခါတော်ပေးမင်္ဂလာသီချင်းသံကြောင့်ထင်သည် ယဉ်မင်းတို့စုံတွဲကျွန် တော့်ကိုကွေ့ဝိုက်၍ကျော်ကာ ခန်းမထဲကိုတစ်လှန်းချင်းလှမ်းဝင်နေပြီ။ ကျွန်တော့်လက်ထဲမှာ ယ္ခု တိုင် ဖွဖွဆုတ်ကိုင်ထားသည့်တစ်ပွင့်တည်းသောအဖြူရောင်သစ်ခွပန်းကို သူ့ကိုပေးဖို့ယူလာသည်မို့ ပန်းကိုမြှောက်ပြလျှက် ယဉ်မင်းတို့နောက်မှပင် ခန်းမထဲယောင်ယမ်းလိုက်ဝင်မိသည်။

ယဉ်မင်းတို့စုံတွဲကရှေ့မှလျှောက်၍ ကျွန်တော်ကနောက်မှလိုက်ကာမင်္ဂလာစင်မြင့်နားသို့ပင် ရောက်လာပြီဖြစ်သည်။ ကျွန်တော်ပန်းကိုကိုင်ကာပင် ယဉ်မင်းကျောကိုစိုက်ကြည့်နေမိသည်။ မခေါ်ပါပဲ ပြန်လှည့်ကြည့်လာသည့်ယဉ်မင်းခေါင်းဘယ်ဘက်တွင် ပန်းဖြူတစ်ပွင့်အလိုလိုရှိနေ ပြန်သည်။ ကျွန်တော့်လက်ထဲမှပန်းကိုငုံ့ကြည့်မိတော့ လက်ထဲမှာဘာပန်းမှရှိမနေတော့။ ဒါဆို ယဉ်မင်းပန်ထားသည့်ပန်းကကျွန်တော်ပန်စေချင်သည့်သစ်ခွပန်းပေါ့။

ဝမ်းသာစိတ်ဖြင့် ယဉ်မင်းကိုကျွန်တော်လှိုက်လှိုက်လှဲလှဲပြုံးပြလိုက်မိသည်။ ခေါင်းပြန်လှည့်သွား သည့် ယဉ်မင်းရှေ့သို့တစ်လှမ်းတိုးလျှောက်ပြီးချိန်တွင် ယဉ်မင်းညွှတ်ခွေ၍ကြမ်းပြင်ပေါ် ပုံကျသွား လေသည်။ လင်းလက်ချက်ချင်းပင် ယဉ်မင်းနားတိုးလျှောက်သွားလိုက်သည်။ အိုမြတ်စွာဘုရား အဖြူရောင် သတို့သမီးဝတ်စုံသည်မြင်မကောင်းစရာသွေးတွေဖြင့်နီရဲနေပေပြီ။

“ယဉ်မင်း.. ယဉ်မင်းရေ”
“ညီလေး .. ညီလေး သတိထားပါကွ။ ညီလေးရာ”
“အင်..ယဉ်မင်းရော။ ယဉ်မင်းဘယ်မှာလဲ။ ခေါ်ပေးပါ။ ခေါ်ပေးကြပါ။”
“ဘာ ယဉ်မင်းမှ မရှိဘူး။ ဟေ့ကောင် င့ါကိုစိတ်တိုအောင်မလုပ်နဲ့။ သတိထားစမ်း။ ကြားလား”

ကျွန်တော့်ကိုယ်ကိုတစ်စုံတစ်ယောက်လှုပ်ခါနေသည်မို့မျက်လုံးကိုအားယူဖွင့်ကြည့်ဖြစ်သည်။ အမြင်သည်မပီပြင်နိုင်သေး။ ကျွန်တော့်ပုခုံးကိုကိုင်လှုပ်လျှက် လူတစ်ယောက်ကျွန်တော့်ကို ငုံ့မိုးကြည့်နေသည်။ တိုသူသည်..

“ကိုကို”
“အင်း ဟုတ်တယ် ကိုကိုပဲ ညီလေး။ မင်းသက်သာလား။ မင်းသတိရပြီလား”
“ယဉ်မင်းကော.. ယဉ်မင်းကိုယ်ပေါ်မှာသွေးတွေနဲ့ကိုကို။ သွေးတွေနဲ့။ သူဘယ်မှာလဲ”
“သတိထားစမ်းပါညီလေးရာ။ ယဉ်မင်းမှ မရှိဘဲ။ မင်းငှက်ဖျားသည်းလို့ မင်းတို့အဖွဲ့မင်းကို ရန်ကုန်ု ရောက်အောင် ခေါ်လာပြီးဆေးရုံကြီးမှာ မင်းကိုတင်ထားတာလေ။ မင်းသတိလစ်နေတာကြာပြီကွ”

စိတ်တို၍ခပ်ဆတ်ဆတ်ပြောသည့်ကို့ကို့မျက်နှာတွင်ဒေါသရောင်လဲ့နေပြီဖြစ်သည်။ ကျွန်တော့်နှုတ် က ယဉ်မင်းဟုထုတ်ခေါ်တာကို ကိုကိုကြားချင်ပုံမရ။ ကျွန်တော်အိပ်မက်ဖြင့်စိတ်စွဲကာ ယဉ်မင်းကို ယောင်ခေါ်မိ။ စိတ်ပူမိခြင်းဖြစ်ပေမည်။ဟုတ်မှာပါ။ယဉ်မင်းလက်ထပ်သွားတာ တစ်နှစ်ကျော်ပင် ရှိတော့မည်။ ကျွန်တော်စိတ်ပူအော်ခေါ်မိသည့် သွေးတွေဖြင့်ခန်းမထဲမှာလဲနေသည့်ယဉ်မင်းသည် ခုမှမင်္ဂလာ ဆောင်နေခြင်းဖြစ်သည်။

“ဘာရီတာလဲ မင်း”
“ဘာမှမရီပါဘူး ကိုကိုရ။ စိတ်မပူနဲ့တော့။ညီသက်သာပါပြီ”
“စိတ်မပူလို့ရမလား။ ကိုကို့မှာဒီညီတစ်ယောက်တည်းပဲရှိတာဟာ”
“ဟုတ်ကဲ့ပါ။ မမကော ကိုကို”
“အော် ရပ်ကွက်ထဲက မဖြစ်မနေသွားရမယ့် မင်္ဂလာဆောင်သွားတယ်။”
“ဘယ်သူ့မင်္ဂလာဆောင်လဲ ကိုကို”
“ခိုင်မင်း။ ကဲကဲ မင်းနားဦး”

မဖြေချင်သည့်ပုံစံဖြင့် ခပ်ဆတ်ဆတ်ဖြေလျှက် အိပ်ယာပေါ်မှထဖို့ပြင်နေသည့်ကျွန်တော်မထနိုင် အောင်ဖိတွန်းထားသည်မို့ အသာပင်ပြန်လှဲချလိုက်သည်။ မအိပ်ချင်တော့သော်လည်း မျက်လုံးကိုစုံ မှိတ်ထားလျှက်ကပင်တွေးဖြစ်သေးသည်။ခိုင်မင်းလေးတောင်မင်္ဂလာဆောင်ပြီဆိုပါလား။

၂နှစ်ဆိုသည့်ကာလတစ်ခုက ကျွန်တော့်အတွက်တော့ဘာမှမဟုတ်ခဲ့။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်လိုက်၊ရုံးလုပ်ငန်းတွေလုပ်လိုက်။ နယ်တွေဆင်းလိုက်၊ရန်ကုန်ပြန်တက်လာလိုက်ဖြင့် ဘ၀က ပြည့်စုံလုံလောက်၍ ပိုနေမြဲကျားနေမြဲအတိုင်းသာ။ ခရီးသွားခြင်းကိုနှစ်သက်တတ်သည့်ကျွန်တော် ခရီးတွေသွားခဲ့သည်။ကျွန်တော်တတ်နိုင်သည့်ခွန်အားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ခဲ့သည်။ စိတ်ဒဏ်ရာဗလပွဖြင့် နောက်ကျိနေသည့်ကျွန်တော့်စိတ်တွေတောင် တော်တော်လေးအနည်ထိုင် ခဲ့ပြီ။ နှစ်ကာလက ခံစားချက်ကိုတွန်းတိုက်ဖြိုဖျက်ပြစ်၍လား။ ကျွန်တော့်ခံစားချက်၊ကျွန်တော့်ဘ၀တစ်ခုလုံး ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ သာဖုံးအုပ်ထားမိလို့လား။ သေချာတာကတော့ ကျွန်တော့် ဘ၀ကိုတစ်စုံတစ်ဦးမရှိလဲထူရပ်နိုင်ခဲ့သည်သာ။

ယဉ်မင်းကော ဘယ်သို့ရှိပါမည်နည်း။ ကျွန်တော်နှင့်ယဉ်မင်း အဆက်အသွယ်လုံးလုံးမရှိတော့ သည်မို့ ယဉ်မင်းအဆင်ပြေသည်ဟုသာ ပတ်ဝန်းကျင်မှရိုက်ခတ်လာသည့်သတင်းဖြင့် ကျိတ်၍ပီတိ ဖြစ်ရသည်။ယဉ်မင်းကိုလူချင်းမဆုံဖြစ်ပေမယ့် သူမကိုယ်တိုင်မောင်းနှင်သွားသည့် ကားနီလေးပေါ် တွင်တော့ တစ်ကြိမ်လှမ်းမြင်ဖြစ်လိုက်သေးသည်။ အဲ့ဒီ့တစ်ကြိမ်မှာသူမကကယ်ဆယ်ရေးလုပ်ငန်း အတွက် တစ်ယောက်တည်းငွေလာလှူခြင်းဖြစ်သည်။ သူမကငွေလှူပြီးကားမောင်းအထွက် ကျွန် တော်က ကယ်ဆယ်ရေးလုပ်ငန်းတွင်ပေးလှူမယ့်ပစ္စည်းစာရင်းစာရွက်ယူဖို့လာရင်း လမ်းဖြတ်ကူးဖို့ စောင့်နေသည့်အချိန်လှမ်းမြင်ခြင်း။ နောက်ပိုင်းမန္တလေးတွင်အခြေကျနေသည့်သူမ ရန်ကုန်ရောက် တိုင်းအကြိမ်ကြိမ်ငွေလာလှူသည်ဟုသိရသော်လည်း ကျွန်တော်နှင့်မဆုံဖြစ်တော့။

ကျွန်တော့်ဘ၀သည် ထိုမျှနှင့်ပင်ကျေနပ်စရာကောင်းနေပေတော့သည်။ သူမလိုလူချမ်းသာတွေ ထည့်လှူသည့်ငွေဖြင့် ကျွန်တော်လိုခွန်အားသာစိုက်ထုတ်နိုင်သည့်လူတွေ ကျေကျေနပ်နပ် ခရီး တွေသွားဖြစ်နေကြသည်။

ယဉ်မင်းနဲ့ကျွန်တော်သည် သာမန်ခရီးသွားဖော်တွေဖြစ်နေခဲ့ပြီ။သူမသည်ကားရှေ့ခန်းမှ အေး အေးဆေးဆေးခရီးသွားလျှက် ကျွန်တော်ကကားနောက်ခန်းမှ တွဲလွဲခိုလိုက်နေခြင်းမျိုးလဲဖြစ် ကောင်းဖြစ်နိုင်ပါသည်။မည်သို့ပင်ဖြစ်ပါစေ ယဉ်မင်းကောကျွန်တော်ပါရောက်ချင်သည့်ခရီးသည် ကယ်ဆယ်ရေးခရီးပင်မဟုတ်ပါလား။

******************************************************

တောင်စဉ်ရေမရအတွေးတွေဖြင့် ဘယ်အချိန်ပြန်အိပ်ပျော်သွားသလဲမမှတ်မိတော့။ပြန်နိုးလာ သည့်အချိန်တွင်တော့ ညနေနေပင်အတော်စောင်းနေပေပြီ။ လက်မှတို့လို့တွဲလောင်း အပ်တွေ ပိုက်တွေကို ဘယ်အချိန်လာဖြုတ်ယူသွားမှန်းပင်မသိလိုက်။

ကုတင်ပေါ်မှအသာဆင်းကာ အနည်းငယ်သောလူနာကုတင်တွေကိုကျော်ဖြတ်လျှက် အခန်းပြင် ထွက်လာမိသည်။ တစ်ချိန်လုံးအိပ်ထားသည်မို့လားမပြောတတ် အကျောတွေတောင့်တင်းကာ အညောင်းမိနေသူလိုပင်ဖြစ်နေသည်။အညောင်းပြေအောင် ဟိုဒီလျှောက်လျှက်ငေးမောနေမိသည်။

အရေးပေါ်ခွဲစိတ်ခန်းဟုရေးထားသည့် ဆိုင်းပုဒ်ကိုမော့်ကြည့်ဖတ်မိနေချိန်တွင် နောက်မှ တကျီ ကျီ သံဖြင့်လူနာတင်ကုတင်ကိုအပြေးတစ်ပိုင်းသယ်ယူလာသည့် နာ့စ်တွေဆရာဝန်တွေကြောင့် ဘေးကိုအသာရွှေပေးလိုက်ပြီးလူနာကိုလှမ်းကြည့်မိသည်။ လူနာသည် တစ်ယောက်တည်းမဟုတ်။ ရှေ့မှခေါ်လာသည့်လူနာမှာ သွေးအလိမ်းလိမ်းဖြင့်ခပ်သွယ်သွယ်မိန်းမတစ်ဦး။နောက်မှလူနာမှာ ခပ်၀၀ ယောင်္ကျားလူနာ။

ခပ်သွယ်သွယ်မိန်းမ၏ကုတင် ကျွန်တော့်ရှေ့မှဖြတ်သွားချိန်တွင်စပ်စပ်စုစုစိတ်ဖြင့်ငုံ့ကြည့်မိလိုက် သည်။ ဖြူဖျော့ဖျော့အသားအရည်။ ပါးလွှာသည့်မျက်ခုံးတစ်စုံ။ စူးရှသည့်မျက်လုံးတစ်စုံနှင့် ကျွန်တော် အကြည့်ချင်းဆုံမိသည့်အချိန်တွင်တော့ အရေးပေါ်အခန်းထဲထည့်ဖို့တွန်းယူနေသည့် ကုတင်ကို အားကုန်ခြေကန်၍ဆွဲထားမိတော့သည်။

“ဟဲ့ ဒါဘာလုပ်တာလဲ။ လူနာအရေးကြီးနေတယ်လေ။ သိလို့လားသူနဲ့။ သိရင်လဲ ဒါအသဲအသန် လူနာဆိုတာနားလည်လေ”

“ယဉ်မင်း.. ယဉ်မင်း.. ဟုတ်တယ် ငါလေ ငါ.. လင်းလက်။ နင် နင် ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ”

“လင်းလက်”

တိုးတိုးလေးမှ တကယ့်တိုးတိုးလေးပါ။ နှုတ်ခမ်းလှုပ်တယ်ဆိုရုံလေးခေါ်တာပါ။ မချိမဆန့်ခံစားနေရ သည့်ဝေဒနာတွေကြားမှကျွန်တော့်ကို ပြုံးပြသည့်သူမအပြုံးသည်အပြည့်ဝဆုံးအပြုံးပင်ဖြစ်သည်။ သူမပါးပြင်ပေါ်သို့ မျက်ရည်တစ်ပေါက်ပြေးဆင်းလာသည်။မျက်ရည်သုတ်ပေးဖို့လှမ်းလိုက်သည့် ကျွန်တော့်လက်ကိုရောကျွန်တော့်ကိုပါ ဘယ်သူတွေဝိုင်းချုပ်လိုက်ကြသည်မသိ။ ယဉ်မင်းကို တင် ထားသည့် ကုတင်အရေးပေါ်အခန်းထဲရောက်သွားလေပြီ။

ရှိသမျှအားဖြင့် အားကုန်ရုန်းကန်သော်လည်း အချီးအနှီးသာ။ နေကောင်းကာစ အားအင်မပြည့်ဖြိုး သေးသည့်ကျွန်တော် လှုပ်ရှားရုန်းကန်သလောက်မောပမ်းလွယ်လွန်းလှသည်။ အရေးပေါ်အခန်း တံခါးကိုသာစိုက်ကြည့်လျှက် တစ်စတစ်စငြိမ်သက်သွားသည့်ကျွန်တော့်ကို ဘယ်သူကမှအတင်း ဖမ်းချုပ်မထားတော့။ ကြမ်းပြင်ပေါ်တွင်ထိုင်ချလျှက် အရေးပေါ်အခန်းကိုသာကြည့်နေမိသည်။ မောကြီးပမ်းကြီးဖြင့်မှီထားသည့်နံရံသည်ပင် ခိုင်ခံ့သည်မထင်မိတော့။

မိနစ်တော်တော်များများကိုကျော်ဖြတ်လွန်မြောက်ပြီးချိန်တွင်တော့ ဖြတ်ခနဲပွင့်လာသည့်ခွဲစိတ်ခန်း တံခါးမှတာဝန်ကျဆရာ၊ဆရာမများသည် တွန်းလှည်းတစ်ခုကိုတွန်းထုတ်ယူလာသည်။ ထိုတွန်းလှဲ ပေါ်မှ အဖြူရောင်အ၀တ်စဖြင့်ဖုံးအုပ်ထားသည့်လူနာသည် သွယ်သွယ်လျလျ။

ရင်ခုန်သံသည် အဆမတန်ဖိစီးနှိပ်စက်လေပြီ။ စိုးရွံ့မှု။ထိခိုက်နာကျင်သည့်စိတ်ဖြင့်ပင် အ၀တ်စ ကိုမတင်ကြည့်လိုက်သည်။မတင်ထားသည့်အ၀တ်စကို လွှတ်ချပြစ်ဖို့သတိမရတော့။ ငုံ့မိုးကြည့် နေမိသည့် မျက်နှာလေးသည် နီးလာလိုက်၊ဝေးသွားလိုက်။ပီပြင်လာလိုက်၊မှုန်ဝါးသွားလိုက်ဖြင့် ပြိုကျလာသည့်မျက်ရည်တွေကို မတားဆီးနိုင်တော့။

ဖားလျားချထားသည့်ဆံပင်ရှည်တွေက အပြာရောင်ခင်းစတွန်းလှည်းပေါ်မှာ ငြိမ်သက်လဲလျောင်း နေသည်။ မျက်လုံးအစုံသည်စေ့ပိတ်လျှက်ရှိနေသည်။မျက်တောင်တွေမှာမျက်ရည်စတွေ အနည်း ငယ်ကပ်ငြိထင်ကျန်နေသေးသည်။ ဖျောင့်စင်းသည့်နှာတံပေါ်တွင်ကန့်လန့်ဖျတ်ခြစ်ရာဖြင့်သွေးဆို့ နေသည့် ဒဏ်ရာတစ်ခု။သွေးဆုတ်ဖြူလျော်နေသည့်နှုတ်ခမ်းသည် မဆိုစလောက်လေး ခပ်ဟဟ ပွင့်နေသည်။

“အမလေး။ မမရေ မမ။ဘယ်လိုဖြစ်ရတာလဲမမရယ်။ ကိုလင်း.. မမ ဘာဖြစ်သွားပြီလဲဟင်။ မမကိုကယ်ပါဦးကိုလင်းရယ်”

ယဉ်မင်းကိုတွန်းလှုပ်နှိုးနေသည့်ခိုင်မင်း။ မျက်နှာခြင်းဆိုင်မှကျွန်တော့်ကိုမြင်ကာ ကျွန်တော့်ဘေးသို့ ကူးလာလျှက် လက်မောင်းကိုကိုင်လျှက်အားကိုးတကြီးပြောလေသည်။ ယ္ခုတိုင်မကိုင်ထားမိသည့် အ၀တ်ဖြူကိုအသာလွှတ်ချလျှက် ယဉ်မင်းမျက်နှာကိုနောက်ဆုံးအကြိမ်ငုံ့မိုးကြည့်လိုက်သည်။ ယဉ်မင်းမျက်နှာသည် အိပ်ပျော်နေသည့်ပုံစံဖြင့်အေးချမ်းငြိမ်းချမ်းလှသည်။ ကျွန်တော့်ထံတွင်တော့ အရာအားလုံး လစ်ဟာဆုံးရှုံးခဲ့လေပြီ။ အခုအကြိမ်သည် ဒုတိယအကြိမ်ဆုံးရှုံးခြင်းဖြစ်ပါလျှက် နာကျင်ခံစားရသည့်ဝေဒနာသည် ဆိုဖွယ်ရာမရှိတော့။

“ကိုလင်း... မမ..မမလေ..”

ခိုင်မင်းကိုနောက်မှလိုက်ထိန်းနေသည့်ကောင်လေးလက်မှ ခိုင်မင်းလွတ်အောင်ရုန်းကာ ကျွန် တော့်လက်မောင်းကိုဆွဲလျှက် ခိုင်မင်းယဉ်မင်းကိုငုံ့ကြည့်နေသည်။ ခိုင်မင်းလက်ကို အသာဖြုတ် လျှက် ခွဲစိတ်ခန်းမှထွက်လာသည့် အ၀တ်ဖြူအုပ်ထားသည့်တွန်းလှည်းအနီးလှမ်းလျှောက်လိုက် သည်။အ၀တ်ဖြူစကို မတင်ကြည့်မိသည်။ ကျွန်တော်မကျွမ်းဝင်သည့်မျက်နှာစိမ်း အမျိုးသား။

“ဟင်..ဦးထင်ကျော်..”

ကျွန်တော့်နောက်နားမှာ ကပ်ပါလာသည့်ခိုင်မင်း၏အံ့သြတကြီးပြောသံ။ ဦးထင်ကျော်သည် ယဉ်မင်း၏ခင်ပွန်း။ သို့ဆိုပါလျှင် ဘာ့ကြောင့်များလင်မယားနှစ်ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် မရှုမလှအသက် သေကြရပါသနည်း။ အဘယ်သို့သော ကံကြမ္မာဆိုးသည်သူတို့နှစ်ဦးထံကိုမှ ဆိုက် ဆိုက်မြိုက်မြိုက်ရောက်လာရပါသနည်း။ ကျွန်တော်မတွေးတတ်တော့။ အားလုံးကိုကျောခိုင်းလျှက် ဆေးရုံမှထွက်လာခဲ့မိသည်။ ဘယ်ကိုလျှောက်၍ ဘယ်ကိုသွားနေမိမှန်းစဉ်းစားမရ။ အရာအားလုံး သည် ကျွန်တော့်နောက်တွင်ဝေး၍ ဝေး၍ကျန်ခဲ့လေပြီ။

*********** ************ ***************

အဲ့ဒီ့နေ့ကပေါ့ ကို...မိုးတွင်းဖြစ်ပါလျှက် နွေလည်ခေါင်အလားနေတွေကျဲကျဲတောက်ပူနေတယ်။ ကွန်ပျူတာသင်တန်းကအပြန် ပန်းဆိုးတန်းစာအုပ်အဟောင်းဆိုင်ကမွှေနှောက်ဝယ်လာခဲ့တဲ့ စာအုပ်တစ်ပွေ့တစ်ပိုက်နဲ့ ထိုးဆိုက်လာတဲ့၃၆ကားပေါ်ကိုနေရာရချင်ဇောကြီးကြီးနဲ့အတင်း လုတက်ဖို့ ယဉ်မင်းကြိုးစားခဲ့တယ်။ ခပ်မြန်မြန်ခြေလှမ်းမဆုံးခင် ဖိနပ်ကိုတစ်ယောက်သောသူက တက်နင်းလိုက်ချိန်မှာတော့.. သူကအနင်းယဉ်မင်းကခြေထောက်အကြွ။ ခိုင်ခံ့ပြီထင်ရတဲ့ ကတ္တီပါသားရေဖိနပ်လေးကြိုးပြတ်ထွက်သွားတယ်။ စိတ်တိုတိုရှိလှတာမို့ တက်နင်းတဲ့သူကို နောက်ပြန်လှည့်ကြည့်တော့ သူမလုပ်တဲ့အတိုင်း ကားပေါ်ကိုခပ်ကျော့ကျော့တက်သွားနှင့်တဲ့ သကောင့်သားကို ကျောပြင်ပဲလှမ်းမြင်လိုက်ရတော့တယ်။

ရှက်တဲ့စိတ်။ဒေါသ။ဘယ်အရာက ပိုပြင်းထန်သလဲဆိုရင်...ရှက်တဲ့စိတ်ပဲပေါ့...ကို။ ပြတ်နေတဲ့ဖိနပ် ကိုငုံ့ကြည့်လိုက် ထွက်တော့မယ့်ကားကိုမော့်ကြည့်လိုက်နဲ့ဘာမှမစဉ်းစားတတ်ခင် ယောင်္ကျားစီး ဖိနပ်တစ်ဖက် ယဉ်မင်းရှေ့ကိုရောက်လာခဲ့တယ်။ ရှားညိုရောင်သားရေဖိနပ်တစ်ဖက်ကို ငေးကြည့် နေတုန်းမှာပဲ..

“ကျွန်တော့်ဖိနပ်စီးသွားလိုက်ပါ”

သြဇာသံပါတဲ့တိုက်တွန်းမှုကြောင့် ယဉ်မင်းယောင်ပြီး အဲ့ဒီ့ဖိနပ်လေးကိုစီးကြည့်လိုက်မိတယ်။ မကြာပါဘူး။ ခပ်မြန်မြန်ပဲဖိနပ်ကို ပြန်ချွတ်လိုက်ပြီးခေါင်းရမ်းပြလျှက် ဖိနပ်ပိုင်ရှင်ကိုခေါင်းမော့် ကြည့်မိတယ်။ ဖိနပ်ပိုင်ရှင်ကိုခပ်ဖွဖွပြုံးပြလျှက်ထွက်တော့မယ့် ကားပေါ်အရှက်ပြေ ပြေးတက် လိုက်သွားခဲ့တယ်။ မပြတ်ပဲကျန်နေတဲ့ ဘယ်ဘက်ဖိနပ်လေးကိုတောင်မေ့ပြီးအိမ်အထိစီး လာမိခဲ့ တယ်။

အဲ့ဒီ့နေ့က ဘယ်နေ့မှန်းယဉ်မင်း မမှတ်မိခဲ့ဘူး..ကို။ ဒါပေမယ့် ယဉ်မင်း ကို့မျက်နှာပေါ်က ရိုးသားအေးဆေးတဲ့ဟန်ကိုတော့မေ့မရခဲ့ဘူး။

မပြတ်ဘဲ အကောင်းအတိုင်းကျန်နေခဲ့တဲ့ ဖိနပ်လေးကိုလဲယဉ်မင်းထုတ်ပိုးသိမ်းထားခဲ့မိတယ်။

*********************************************

ဒုတိယအကြိမ်တွေ့ချိန်မှာတော့ ကိုကယဉ်မင်းကိုလွယ်လွယ်မမှတ်မိခဲ့ဘူး။ မျက်နှာချင်းဆိုင်မှ လာနေတဲ့ကို့ကို ယဉ်မင်းကတွေ့တွေ့ချင်းမှတ်မိသလို ကိုလဲယဉ်မင်းကိုမှတ်မိမယ်အထင်နဲ့ အနားမရောက်ခင်ကတည်းက ပြုံးပြတာကိုဂရုမထားပဲယဉ်မင်းကိုဖြတ်ကျော်သွားတယ်လေ။

စိတ်ထဲက ခပ်ချဉ်ချဉ်ရှိလှတာမို့ ကို့ကိုနောက်ကနေပဲလှမ်းခေါ်လိုက်တယ်။

“ဒီမှာ ဟေ့လူ”

တစ်ခွန်းလောက်ခေါ်တာဖြုံမယ့်ပုံမပေါက်တာမို့ ဒီမှာလို့လဲခေါ်။နောက်ကနေပြေးလိုက်ပြီး ကို့ ကျောပိုးအိတ်ကိုလှမ်းဆွဲထားတာမို့ ကိုအလန့်တကြားလှည့်ကြည့်တယ်မဟုတ်လား။

“ဘာဖြစ်လို့လဲဗျာ။ ကျွန်တော် ခင်ဗျားကိုမသိပါဘူး”

“အင်း.. ယဉ်မင်းကတော့ရှင့်ကိုသိတယ်။ ရှင် ဒီနေရာမှာ ဘယ်သူဖိနပ်ပြတ်နေသလဲလျှောက်ရှာ နေတာ မဟုတ်လား”

“မဟုတ်တာဗျာ။ မရှာပါဘူး။ကျွန်တော်.. ကျွန်တော့်အိမ်ကျွန်တော်ပြန်တာပါ။”

“သြော်.. ရှင်က ဒီနားမှာနေတာလား။”

“ဒီတစ်လမ်းကျော်မှာနေတာ။ ခင်ဗျားက ကျွန်တော့်ကိုသိလို့လား။ ကျွန်တော်.. နေဦး ကျွန်တော် ခင်ဗျားကို မြင်ဖူးသလိုပဲ.. ဘယ်နားမှာပါလိမ့်”

“ဆူးလေ ကားဂိတ်မှာလေ”

“ဆူးလေ ကားဂိတ်ဟုတ်လား..”

“ဟုတ်တယ်..ကျွန်မကွမ်းယာရောင်းတယ်လေ။ ရှင်အမြဲဝယ်စားနေကျပဲဟာ”

“မဟုတ်သေးပါဘူး။ ကျွန်တော် ကွမ်းယာမစားတတ်ပါဘူး။”

“ဟုတ်လား။မစားတတ်ဘူးလား။ ဒါဆို ဘာစားလဲရှင်က”

ယဉ်မင်းကို့ကို ခပ်တည်တည်စနောက်နေရာကနေ ရိုးအလွန်းသည့်ကို့အဖြစ်ကြောင့်ရီချင်လွန်းလှ တာမို့ ပြုံးပြလိုက်မိသည်။

“အာ.. ခင်ဗျား..ဟို..ဟို ကားဂိတ်မှာဖိနပ် ပြတ်တဲ့ကောင်မလေးပဲ”

“တော်သေးတာပေါ့ မှတ်မိလို့။ နောက်မို့ဆို ယဉ်မင်းရေခဲရေသည်ပါဖြစ်တော့မှာ”

“ရေခဲရေသည်ဖြစ်လဲ မှတ်မိမှာ မဟုတ်ဘူးဗျ။ ကျွန်တော်က လမ်းဘေးမုန့်။ လမ်းဘေးရေမသောက် တတ်ဘူး။ ခုခင်ဗျားပြုံးပြလိုက်လို့မှတ်မိတာ။ကားဂိတ်မှာလဲ ခင်ဗျားအဲ့လိုပြုံးပြသွားတယ်ထင်တယ်။ ဒါနဲ့ ခင်ဗျားကော ဘယ်မှာနေတာလဲ။ ခင်ဗျားဖိနပ်ကော အခြေအနေကောင်းရဲ့လား။”

“ရှင်တက်မနင်းရင်တော့ အိုကေပါတယ်။ ယဉ်မင်း ဒီလမ်းထဲမှာနေတယ်။ ရပ်ဆွေရပ်မျိုးဆိုတော့.. နောက်ကြုံလို့ဖိနပ်ပြတ်တဲ့အခါ အားမနာတမ်းယူစီးလို့ရပြီပေါ့နော်..”

“အဲ့ဒီ့တုန်းက အားနာလို့ယူမစီးသွားတာလား။ ဟုတ်လား။ မသိပါဘူးဗျာ။ ကျွန်တော်က ခင်ဗျားကိုအရှက်ထပ်ခွဲ မိသလိုဖြစ်များသွားသလားလို့ အားနာနေတာ”

“ရှင့်နာမည်က..လင်းလက်ပဲလား”

“ဗျာ.. ခင်ဗျား ကျွန်တော့်နာမည်ကို ဘယ်လိုသိတာလဲ။ ”

“ခုရှင့်လက်ထဲက စာအုပ်ပေါ်မှာရေးထားတာတွေ့တာလေ။”

“သြော်.. ဟုတ်ကဲ့ကျွန်တော့်နာမည်က လင်းလက်။ ခင်ဗျားက ယဉ်မင်းနော်”

“အင်း အပြည့်အစုံက ခိုင်ယဉ်မင်း။ နောက်တွေ့လဲခေါ်ပေါ့။ ဖိနပ်ပြတ်လဲ..ကူပေါ့နော့်။ ယဉ်မင်းလမ်းထိပ်ဆိုပြီး ထွက်လာတာကြာပြီဆိုတော့ ပြန်တော့မယ်”

တစ်ကယ်လဲ လမ်းထိပ်ထွက်လာတာကြာပြီမို့လို့ ကို့ကိုနှုတ်ဆက်အိမ်ပြန်ခဲ့တယ်။အဲ့ဒီ့နောက်ပိုင်း ယဉ်မင်းတို့အမြဲဆုံဖြစ်ကြတယ်။ ဘာမှမကြာခင်ပဲချစ်သူတွေဖြစ်ခဲ့ကြတယ်။ ဘာမှမကြာသေးဘူး ထင်တဲ့ကာလမှာပဲ....

************************************************

ကို.........ကိုနဲ့ယဉ်မင်းမှာမတူတဲ့အကြောင်းအရာတွေအများကြီးပဲရှိခဲ့တယ်။

ကိုက ဘာသာပြန်ဝထ္တုတွေကြိုက်တယ်။ ယဉ်မင်းက ဘယ်လိုစာအုပ်မျိုးပဲဖြစ်ဖြစ်အကုန်ဖတ်တယ်။

ကိုက အင်္ဂလိပ်သီချင်းတွေဆိုတယ်။မြန်မာသီချင်းတစ်ချို့တစ်လေဆိုတယ်။ ယဉ်မင်းကဘယ်သီချင်းမှ ဖြောင့်အောင်အလွတ်မဆိုတတ်ဘူး။

ကိုက ခရီးတွေသွားချင်တယ်။ ယဉ်မင်းက စာတွေရေးချင်တယ်။

ကိုကလူမှုကယ်ဆယ်ရေးတွေလုပ်ချင်တယ်။ ယဉ်မင်းက ကယ်ဆယ်ရေးလုပ်ငန်းအတွက် အဓိက က ငွေဆိုတာနားလည်တယ်။

ကိုက သက္ကရဇ်တော်တော်များများကို ခေါင်းထဲထည့်သိမ်းထားနိုင်တယ်။ ယဉ်မင်းက ကိုယ့်မွေးနေ့ကိုတောင်မေ့လျော့တတ်တယ်။

အများမှအများကြီးပါပဲကို... ဒါပေမယ့် ယဉ်မင်းတို့တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ခဲ့တယ်။ ကိုက နားလည်မှုတွေနဲ့ ယဉ်မင်းကိုစွန့်လွှတ်လိုက်ချိန်မှာ.. ယဉ်မင်းက ယဉ်မင်းမပျော်တဲ့ဘ၀ကြီးမှာ အသားကျအောင်ကြိုးစားရတယ်ကို။

အချစ်ဆိုတာ ယဉ်မင်းအတွက်တော့ ၀တ်ချင်လျှက်မ၀တ်ခဲ့ရတဲ့ မိုးပြာရောင်အ၀တ်စတစ်စဆိုရင်..ဘ၀ဆိုတာကလဲ မ၀တ်ချင်ပဲဝတ်ခဲ့ရတဲ့အဖြူရောင်အ၀တ်စဖြစ်နေပါလိမ့်မယ်...ကို။

တစ်နှစ်လား.. နှစ်နှစ်လား.. မသေချာပါဘူး။ ဘယ်တော့များမှ အသားကျမလဲ မစဉ်းစားချင်ဘူး။ ဘာတွေဖြစ်ဖြစ်ပေါ့ကို... နောက်ဘ၀ဆိုတာရှိခဲ့လျှင် ကိုနဲ့ဆုံဆည်းပြီးမှမကွေကွင်းချင်ဘူး..ကို။
*******************************************************
ယဉ်မင်းဒိုင်ယာရီစာအုပ်ကို ဘယ်နှကြိမ်မြောက်မှန်းမမှတ်မိနိုင်လောက်အောင်ဖတ်ပြီးပိတ်လိုက် သည်။ ယဉ်မင်းနှင့်သက်ဆိုင်တာဆို၍ ဒီစာအုပ်လေးသာကျန်ခဲ့သော်လည်း ဒီအကြိမ်ဖတ်ဖြစ်ခြင်း သည်နောက်ဆုံးအကြိမ်ဖတ်ဖြစ်ခြင်းဖြစ်ပေလိမ့်မည်။

တရွေ့ရွေ့နှင့်ဖြည်းဖြည်းချင်းလှမ်းလျှောက်နေခဲ့သော်လည်း ရင်တစ်ခုလုံးမောပမ်းဆို့နစ်နေသည်။ နှလုံးခှုန်နှုံးကလဲ မသိမသာမြန်ချင်လာသည်။ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ခဲ့တဲ့ကာလတစ် လျှောက် ဒီလောက်သတ္တိမကြောင်ခဲ့ဘူးထင်ပါသည်။ ခုက ခုက...ကျွန်တော်အချစ်ဆုံးဆီသို့ ကျွန်တော်လှမ်းလျှောက်နေခြင်းဖြစ်သည်။ သူမဒီနေရာမှာရှိနေသည်။ သူမဒီနေရာမှာ ကျွန်တော့်ကို စောင့်နေရှာသည်။ သို့သော် သူမကျွန်တော့်ကိုလက်နင်းလို့အော်ခေါ်ခွင့်က မရှိရှာတော့။

ဟော...တွေ့ပါပြီ။အဖြူရောင်ပျယ်လွင့်စ အုတ်ဂူတစ်ခုရဲ့ဘေးနားမှာ မိုးပြာရောင်အုတ်ဂူတစ်ခု။ လေ တစ်ချက်ဝှေ့အတိုက်တွင် မိုးရနံ့အနည်းငယ်ပါလာသည်။တိမ်စိုင်တိမ်လိပ်များသည်လေတိုက် နှုန်း ကြောင့်ထင်သည် ပြေးလွှားရွေ့လျားနေသည်။ကြည်လင်နေသည့်ကောင်းကင်တစ်ခုလုံး ရုတ်တ ရက်ပင် ညိုမှောင်လာသည်။လေတိုက်နှုန်းကလဲ ပို၍ပြင်းထန်လာသည်။သေချာပါသည် မိုးရွာတော့ မည်။

မိုးတွင်းမှာမွေးပြီး မိုးရွာသည်ကိုပျင်းရိငြီးငွေ့တတ်သည့် သူမ။ သူမ မနှစ်သက်သည့်မိုးတွင်းတစ်ခု လုံးကော သူမချစ်မြတ်နိုးသည့်အရာအားလုံးကိုပါဒီအတိုင်းချန်ထားခဲ့ပြီဖြစ်သည်။ဒီနေ့သူမအသက် ၂၉နှစ်ပြည့်မွေးနေ့ဖြစ်သည်။ သို့သော် သူမလူ့လောကတွင်ရှိမနေရှာတော့။

မိုးပြာရောင်အုတ်ဂူပေါ်တွင် အဖြူရောင်ကြွေစာလုံးတွေဖြင့်ပုံဖော်ထားသည့်သူမနာမည်ပေါ်မှ သစ်ရွက်ခြောက်ကိုအသာဖယ်ထုတ်လိုက်သည်။ ဒေါ်ခိုင်ယဉ်မင်း။ အသက် ၂၉နှစ်။ ၁.၇.၂၀၀၉ တွင်ကွယ်လွန်သည်။

လက်ထဲမှသတင်းစာတစ်စောင်ကို ဖြန့်ဖတ်လိုက်သည်။ခင်ပွန်းအဖြစ်မှတရားဝင်စွန့်လွှတ်ခြင်း။ ခင်ပွန်းအဖြစ်မှ စွန့်လွှတ်သူသည်ခိုင်ယဉ်မင်းဖြစ်၍ အစွန့်လွှတ်ခံရသူသည်ဦးထင်ကျော်။ထိုသတင်း နှင့်ဘေးချင်းကပ်စာမျက်နှာတွင်ပါလာသည်က ယဉ်မင်းနှင့် ဦးထင်ကျော်၏နာရေးကြေငြာစာ။ သာမာန်သတင်းတစ်ခုဖြစ်သော်လည်း ကျွန်တော့်အတွက်တော့သာမာန်မဟုတ်ခဲ့။စဉ်းစားစရာ ရှိနေခဲ့ရသည်။

ယဉ်မင်းဘာတွေဘယ်လောက်တောင်ခံစားလောင်မြိုက်ခဲ့ရပါသလဲ။ ကျွန်တော် ယဉ်မင်းအဖြစ်ကို တွေးကြည့်ကာ သနားရင်နင့်လှသည်မှာအမှန်ဖြစ်သည်။ကျွန်တော်သိချင်လှသည်။ ကျွန်တော် သိခွင့်ရှိပါရဲ့လား မစမ်းစစ်ဖြစ်တော့။
သို့သော်ယဉ်မင်းသည် မြိုသိပ်နိုင်စွမ်းအားကြီးလွန်း၍ ဟန်ဆောင်ကောင်းလွန်းလှသည်။ သူမနှင့် သူငယ်ချင်းပေါင်းပေါင်းသော ခိုင်မင်းလေးကိုပင်သူမအိမ်ထောင်ရေးအကြောင်းအဆိုးအကောင်းကို မဖွင့်ဟခဲ့ပါတဲ့။

ခိုင်မင်းမင်္ဂလာဆောင်သည့်နေ့က ယဉ်မင်းတစ်ယောက်တည်းမန္တလေးကနေကားနှင့်ဆင်းလာ ခဲ့သည်။ ယဉ်မင်းကားတိုက်မှုဖြစ်သည်ဟုခိုင်မင်းတို့အိမ်ကိုဖုန်းဝင်လာတော့ ဦးထင်ကျော်ပါသည်ဟု မသိခဲ့ရ။ ဆေးရုံရောက်တော့မှသိရသည်က ဦးထင်ကျော်ကားက ယဉ်မင်းကားနောက်မှနေ၍ အရှိန် ပြင်းပြင်းဝင်တိုက်ထားခြင်းဖြစ်ပြီး ယဉ်မင်းကားကလမ်းခြော်ကာ အခြားယဉ်ကျောဘက်မှ ကားကို ၀င်တိုက်ထားခြင်းဖြစ်သည်။

နီးရာလူများကကားနှစ်စီးကြားမှယဉ်မင်းကို သယ်ထုတ်၍ဆေးရုံကိုခေါ်လာခဲ့သည်အထိ ယဉ်မင်း သတိမလစ်သေး။ကျွန်တော့်ကိုတောင် ခံစားနေရသည့်ဝေဒနာတွေကြားမှကြိုးစားပြုံးပြသွားခဲ့သေး သည်။
သူမသည်ကျွန်တော့်ကို အချိန်ပြည့်ပြုံးပြဖို့ကြိုးစားခဲ့ရှာသည်။သူမသည် ခံစားချက်ဆူးတွေကို ကိုယ် တိုင်မြိုချ၍ မနာကျင်သယောင်အောင့်အီးသည်းခံနေပြခဲ့ရှာသည်။ သူမသည်ကျွန်တော့်ကိုရင်နာနာ နှင့်မေ့ဖို့ကြိုးစားခဲ့ရှာသည်။

မိုးဖွဲလေးတွေစတင်ကျလာချေပြီ။ လေကလည်းအတိုက်မပျက်။အုတ်ဂူကိုမှီလျှက် မြေပြင်ပေါ်ထိုင် ချလိုက်သည်။ မိုးရွာလျှင်ပျင်းရိငြီးငွေ့တတ်သည့် သူမကိုအဖေါ်လုပ်ပေးချင်မိသည်။ ဖြစ်နိုင်လျှင်မိုး မစဲမခြင်းပေါ့။
ယဉ်မင်းရေ.. ဟိုမှာကြည့်စမ်းပါဦး။မိုးရေထဲမှာတစ်ကောင်တည်း ကတိုက်ကရိုက်ပျံနေတဲ့ငှက် တစ်ကောင်ရှိတယ်။ သူ့အဖော်တွေက သူ့ကိုထားခဲ့တာလား။ သူကပဲအလည်လွန်နေတာလားတော့ မသိပါဘူး။ ဒါပေမယ့် သူတစ်ကောင်တည်းဘယ်လောက်များ အားငယ်အထီးကျန်နေရှာမလဲနော်။

ဒီလိုပြောလို့...ယဉ်မင်းကတော့ အားငယ်စရာမလိုပါဘူး။ ကိုတစ်ယောက်လုံး ယဉ်မင်းဘေး မှာအဖော်လုပ်ပေးနေတာပဲဟာ။ ယဉ်မင်းတစ်ယောက်တည်းဖြစ်နေပေမယ့် ခံစားချက်မဲ့သွားတဲ့ကို့ ဈာပနကို ယဉ်မင်းနဲ့အတူကျင်းပခဲ့ပြီးပါပြီ။

ယဉ်မင်းရေ လေတွေကလဲတအားတိုက်မိုးတွေကလည်း တအားရွာပဲနော်။ ယဉ်မင်းမချမ်းဘူးလား။ ကိုတော့ နဂိုကဖျားထားတဲ့အရှိန်ကြောင့်ထင်တယ်ချမ်းလိုက်တာ။ယဉ်မင်းရေ ကိုယ်ထိကပ်ထားတဲ့ ကို့ကျောကိုတစ်စိတ်လောက်ပွေ့ဖက်ထားပေးပါ။ ကိုချမ်းလွန်းလို့ပါ။

ယဉ်မင်းရေ အရိုးထိအောင်စိမ့်ချမ်းနေလို့လား။မိုးကပဲသည်းလွန်းနေတာလား။ ကိုယ့်မျက်စေ့ တွေပဲမကောင်းတော့တာလား။အရာရာတိုင်းမိုးပြာရောင်တွေလက်လက်ထနေတယ်။ လှလိုက်တာ ယဉ်မင်းရယ်။ မိုးပြာရောင်တွေ... မိုးပြာရောင်တွေ ..ယဉ်မင်းကြိုက်ပါတယ်ဆိုတဲ့မိုးပြာရောင်တွေ။ မြတ်နိုးလွန်းလှတာမို့ အပြာရောင်ကိုဆွဲယူပွေ့ဖက်ထားမိတယ်။ယဉ်မင်းရေ ..ယဉ်မင်းကြိုက်တဲ့မိုးပြာ ရောင် တစ်ပွေ့တစ်ပိုက်ကို့လက်ထဲမှာရှိတယ်။ လာယူလှည့်ပါ။ ကို ယဉ်မင်းအတွက်အားကုတ်အားခဲ ပွေ့ပိုက်ထားရတာပါ။ လာယူလှည့်ပါ။

ကို့လက်ထဲက မိုးပြာရောင်တွေလွတ်ထွက်မသွားခင်။ လေးလံနေတဲ့ကို့မျက်စေ့တွေပိတ်မသွားခင်။ ဒီမိုးတွေမစဲခင်လာယူလှည့်ပါ။ယဉ်မင်းရေ...ကို.. ကို..
စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

အဲ့ဒီ့နေ့ကပေါ့..........
နေလဲမပူဘူး...........မိုးလဲမရွာဘူး
လေလဲမတိုက်ရှာပါဘူး။
ဒါပေမယ့်..........
ငါ့ခံစားချက်တွေတော့
အလဲလဲအကွဲကွဲနဲ့
မုန်တိုင်းတစ်ခု ၀င်မွှေတာခံလိုက်ရတယ်။ ။

အဲ့ဒီ့နေ့ကပေါ့..............
တစ်ဘ၀စာအမုန်းကို
တစ်သက်စာမျက်လုံးနဲ့တင် လုံလောက်သင့်ပါလျှက်
ဘယ်တော့မှ မမေ့နိုင်တဲ့
နှစ်ချို့အပြုံးပါ အဆစ်ပေးသွားခဲ့တယ်။ ။

ခံစားချက်တွေ ၀ရုန်းသုန်းကားနဲ့
တရှဲရှဲမြည်နေတဲ့ ၀ါးရုံပင်က လေတိုးသံကိုသာ
မက်မက်မောမော နားစွင့်ထောင်မိတယ်။
“မေ့လိုက်တော့”ဆိုတဲ့ စကား မေ့လိုမေ့ငြားပေါ့။ ။

စက္ကန့်တစ်ချို့ကိုသာ
ဆွဲခိုတားထားနိုင်မယ်ဆိုလျှင်
ကျောခိုင်းထားခဲ့တော့မယ့် သူ့ကို
ငါ.. နာနာကျည်းကျည်း အချိန်ကြာကြာကြည့်ခွင့်ရခဲ့မှာ။ ။

ခုတော့...
ထားခဲ့တဲ့သူ့ကိုပဲ
ကျေးဇူးတင်ရမလို
ကျန်ခဲ့ရတဲ့ ကိုယ့်ကိုကိုယ်ပဲ
ဂုဏ်ယူပြစ်လိုက်ရမလို..........

သူမချစ်တော့တဲ့ငါ့မှာ
ငါချစ်တဲ့ သူရှိခဲ့ပြီးမှတော့.....
ဘ၀က အီးယောင်ဝါးမဟုတ်ဘူး..
ထင်သလောက်လဲမခါးဘူး။
“ဆုံးရှုံးခြင်းသာ ရင်မှာပိုက်လို့ ”ဆိုတဲ့သီချင်းကလဲ
ငါ့အတွက်မဟုတ်ဘူး။

သူကလဲငါ့အတွက်မဟုတ်ခဲ့ဘူး။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...