Powered By

Free XML Skins for Blogger

Powered by Blogger

မမြင်ဖူး မူးကိုမြစ်ထင်”တဲ့
ငါလည်း ခုချိန်အထိ
မူးကိုမြစ်ထင်..
သိက္ခာကိုစာလုံးပေါင်းမှား။

မင်းနဲ့င့ါကြား
အချစ်ဆိုတာသုံးလို့မရတဲ့အသွင်..
သိက္ခာဆိုတာ လူ့အသက်လို့ထင်။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဖိတ်တစ်ဝက် စင်တစ်ဝက် အိပ်မက်
အရပ်ပျက်၊အခြေပျက် အနေမပျက်
ရက်စွဲတွေရွေ့ နှစ်တွေပြောင်း ခံစားချက်တွေမဟောင်း။ ။

ပုတ်သိုးမသွားတတ်တဲ့ မျက်ရည်ဂိုထောင်ကိုမီးမှိတ်အမှောင်ချ
လမ်းထိပ်မီးကင်းက နာရီသံအချက်ပေးသံအစား
ညလယ်နှစ်ချက်တီး (တိုက်အောက်က)ဟားတိုက်ရီသံကိုခေါင်းအုံးအိပ်။
“နေကို ကျောခင်းအိပ်နေသလား”ဆိုတဲ့ အမေ့ငေါက်ငမ်းသံကို ကိုယ်စားပြု
Alam ကိုပိတ် ငိုက်မြည်းစိတ်ကို မြိုသိပ်။

အလုပ်ပိတ်ရက် မဟုတ်သေးတော့
ပြေးရလွှားရ၊ချက်ရ ပြုတ်ရ
ခန္ဓာဝန်ပိုကို ဒီအချိန်မှပဲ ရှုမြင်မိ။
ဖုန်းခေါ်ဖို့မေ့လျော့တတ်တော့
“နေကောင်းလား သမီး”တဲ့
ရင်ဘတ်ထဲ ပြောင်းပြန်မြစ်တစ်စင်းထိုးဆင်း။ ။

နွမ်းလျတဲ့ အိမ်အပြန်လမ်း..
တစ်ယောက်တည်းကျဲရတဲ့ ညစာထမင်းဝိုင်း..
လိုချင်မှုအတ္တအတွက် စွန့်လွှတ်မှုဝေဒနာ ခံစားထိုက်ပါလျှက်..
အိမ်အပြန်လမ်း..
Heroဆန်ဆန် လေချွန်ပြန်ခဲ့
တစ်ယောက်တည်းကျိတ်တုတ် ခန္ဓာအသက်ဆက်ခဲ့။ ။

အထီးကျန်ခြင်းကိုစားသုံးလို့
ကျဉ်စက်တစ်လုံးနဲ့ ခံစားချက်ကိုလျှော့တိုက်ပြစ်လိုက်တယ်။

အကွာအဝေးမတူတဲ့ ခရီးတွေ
လူတွေသွားနေကြတယ်။
နေ့တွေညတွေ
လူတွေကျော်ဖြတ်နေကြတယ်။
ခံစားချက်ကို ချိုးနှိမ်
လူတွေအံကိုခဲ မျှော်လင့်ချက်ပန်းတိုင်အရောက်လှမ်းနေကြတယ်။

ဒီနေ့လား၊ မနက်ဖန်လား
ရောက်ကိုရောက်မယ့် လူ့ဘ၀ခရီးဆုံး
လူတွေမေ့ကိုမေ့ထားကြတယ်။ ။

လူတွေထဲက ကျွန်မ
ကျွန်မလဲ ကျိန်စာမိနေတဲ့
မေ့ဆေးတစ်မျိုးစားကိုစားထားမိတယ်။ ။
စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

အိမ်ပြန်ချိန်ကပဲ နောက်ကျနေတာလား
နေ၀င်ချိန်ကပဲ စောလွန်းနေတာလား....

နဖူးပေါ်လက်တင်
နွမ်းလျတဲ့ အတွေးနဲ့တင်
လွမ်းတဲ့စိတ်လဲ မောပမ်းလို့ချိနဲ့ချိန်။ ။

မယုံကြည်ဘူး မပြောစမ်းပါနဲ့။
မင်းကရောလို့ မမေးရက်လို့ပါ။ ။

ဒို့ အဖြစ်က ရိုမီယိုနဲ့ဂျူးလိယက်လိုလဲ
အသက်ကိုမစတေးရဲခဲ့ဘူး။
ရှင်မွေ့လွန်း၊မင်းနန္ဒာလိုလဲ
ချစ်သူရှိတဲ့အရပ် အရောက်မသွားနိုင်ခဲ့ဘူး။
ကိန္နရီ၊ကိန္နရာလိုလဲ
ငိုပွဲဖွဲ့ဖို့ အချိန်အားမရှိခဲ့ဘူး။ ။

ဒို့ အချစ်က ပုံပြင်လဲမဟုတ်
ဝထ္တုလဲမဟုတ်
ကိုယ်တွေ့မှတ်တမ်း တစ်ပုဒ်ရယ်မို့....
အိပ်ရာဝင် ပုံပြင်လဲဖြစ်မလာနိုင်ဘူး။
Bestseller ၀ထ္တုတစ်ပုဒ်လိုလဲ ရောင်းတန်းမ၀င်ခဲ့ဘူး။ ။

ဒို့တွေကတော့ “အချစ်”ဆိုတဲ့ခေါင်းစဉ်အောက်
မိန့်မိန့်ကြီးရပ်လို့.......

အချိန်တွေလဲဖဲ့မပေးနိုင်
နားလည်ခြင်းတွေလဲ ညီမျှခြင်းထိုးလို့မရ
တစ်ယောက်တစ်နေရာစီ ရပ်တည်အခြေချ။
မာနတွေကိုသာ လက်နက်လို ကိုယ်စီချွန်လို့...
တစ်ယောက်ရင်ကို တစ်ယောက်ထိုးထိုးဆွ။ ။

အချစ်က ခါးတစ်လှည့် ချိုတစ်လှည့်
ငိုတစ်လှည့် ရီတစ်လှည့်

ဘ၀က သတ်မှတ်ချက်နဲ့ ယုံကြည်ရာဒွန်တွဲ
မှောက်မှားတဲ့စိတ်နဲ့ ခဏချင်း သတိဝင်လန့်နိုး...

ကြာတော့လဲ ခံစားချက်တွေက သွေးပျက်။
အချစ်က မနူးမညံ့နဲ့မို့..

မနေ့ကလဲ တစ်ယောက်ထဲ
ဒီနေ့လဲ တစ်ယောက်ထဲ
နောက်နေ့လဲ...............

အိမ်ပြန်ချိန်ကပဲ နောက်ကျနေတာလား
နေ၀င်ချိန်ကပဲ စောလွန်းနေတာလား....
အထီးကျန်ခြင်းကပဲ ခါးသက်နေတာလား........

ဘယ်လိုပင်ဖြစ်ပါစေတော့
အိပ်ချိန်တွေလွန်မြောက်ပါမှ
မနက်ရောက်နိုင်မယ် မဟုတ်ပါလား။ ။
စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

မျှတတဲ့ ၀င်လေထွက်လေလဲ
တစ်ခါတစ်ခါကျတော့ မောပမ်းကျပ်ခဲစေတယ်။ ။

လှပတဲ့ ၀င်္ကပါတွေလဲ
တစ်ခါတစ်ခါကျတော့ သွားလမ်း၊ လာလမ်းတွေ
မှားစေ၊ပျောက်စေတယ်။ ။

သင့်တင့်တဲ့ ရင်နာခြင်းကင်းတရားတွေလဲ
တစ်ခါတစ်ခါကျတော့ ကိုယ့်အတွက်ထက် သူ့အတွက်
ဦးစားပေးဟောမိစေတယ်။ ။

ကျပျောက်ခဲ့တဲ့ အိပ်မက်တွေလဲ
တစ်ခါတစ်ခါကျတော့ သူ့ကိုယ်စား ကိုယ်ကိုတိုင်ရှာဖွေမိစေတယ်။ ။

တစ်ခါတစ်ခါကျတော့
ကိုယ့်ကိုကိုယ် ဟုတ်လှပြီအထင်နဲ့
စွန့်လွှတ် ကြေကွဲ ခံစား ရင်နင့်စေတာကိုမြိုသိပ်မိပြန်တယ်။

တစ်ခါတစ်ခါကျတော့
သူ့ကို ရုတ်ချည်း မုန်းမေ့ပြစ်ချင်မိတယ်။ ။

တစ်ခါတစ်ခါကျတော့
ကိုယ့်အရိပ်ကိုယ်ကြည့် နာကျင်နေမိစေတယ်။ ။

တစ်ခါတစ်ခါကျတော့
သူ့ကို ရင်နာနာနဲ့ ခွင့်လွှတ်နေမိတယ်။ ။

တစ်ခါတစ်ခါကျတော့...
တစ်ခါတစ်ခါကျတော့...
ကျွန်မက လူ့ကျင့်ဝတ်လောင်းရိပ်အောက်မိနေတဲ့
နွယ်ပင်တစ်မျိုးဖြစ်ခဲ့တယ် မောင်။ ။



စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဖူးချိန်မှာဖူး
ပွင့်ချိန်မှာပွင့်
ညှိုးနွမ်းကြွေလွင့်ချိန်ရောက်တော့လဲ
ခပ်ရဲရဲပဲ ကြွေကာကျခဲ့။

ချူယူသူလဲရှိ
ကောက်ယူသူလဲရှိ
ညှိုးနွမ်းကြွေလွင့်ချိန်ကျတော့
လှည့်ကြည့်သူမရှိ။

ပန်း၏သစ္စာရယ်
သင်က လူတွေရဲ့အလိုကို
မြေပေါ်ခတဲ့အထိလိုက်လျောခဲ့သပေါ့။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

“မေမေ”
“မေမေ့”
အားအင်ကုန်ခမ်းလောက်အောင် အော်ဟစ်ခေါ်မိသည်။ သို့ပေမယ့်မေမေ အရင်လို ပြန်မ ထူး။ပြူးကြောင်တဲ့မျက်လုံးတွေနဲ့ ကျွန်တော့်ကိုကြည့်နေတယ် ။ မေမေ့နဖူး၊နားထင်နဲ့ မျက် နှာပြင်တစ်ခုလုံး ချွေးတွေနဲ့သီးနေတယ်။ ကျွန်တော့်ကို မေ့မေ့ရဲ့သန်မာတဲ့လက်တွေနဲ့ ပွေ့ ပြီး ရင်ခွင်ထဲဆွဲထည့်ထားတာမို့ မမှီမကန်းနဲ့ပဲချွေးတွေကို ကျွန်တော်သုတ်ပေးမိသည်။ ကျွန်တော်နဲနဲအသက်ရှုကျပ်နေပြီ။ဒါပေမယ့် မရုန်းရဲဘူး။ ရုန်းလိုက်ရင် မေမေ့ရောဂါ မ သက်သာပဲ နေမှာဆိုးသည်။
ဒီလိုပါပဲ ခါတိုင်းနေမကောင်းဖြစ်တိုင်း ကျွန်တော့ကို မေမေရင်ထဲ ဆွဲဖက်ထားတတ် တယ်။ “မေမေ သားအသက်ရှုကျပ်တယ်”ဟုပြောကာရုန်းကန်မိတုန်းကပေါ့..မေမေက...“ သား ရယ် မရုန်းပါနဲ့။ သားငြိမ်ငြိမ်လေးနေရင် မေမေနေမကောင်းဖြစ်နေတာ သက်သာသွား မှာကွဲ့”။ အဲ့လိုမေမေပြောတိုင်း ကျွန်တော်မေမေ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ် လေးနေရင်း “မေမေ နေကောင်းပြီလား”ဟု မေးတတ်မြဲ။

“မေမေ သက်သာလား”
မေမေ့ခန္ဓာကိုယ် ကိုပြန်ပွေ့ဖက်ထားရာမှ တွန်းလှုပ်မေးကြည့်မိသည်။မေမေ ကျွန်တော့်ကို စိုက် ကြည့်နေတုန်းပဲ။ မျက်လုံးလဲ မရွေ့ဘူး။ မေမေ့မေးဖျားကို လက်တစ်ဖက်နဲ့ လှုပ်ကိုင် မိ သည်။ ဒါလဲ တုတ်တုတ်မလှုပ်။ မေမေ ဘာဖြစ်နေသလဲ။ မေမေကျွန်တော့် ကိုစနေတာ လား။
“မမရေ မမ”
အိမ်ရှေ့ဆီမှ ဦးလေးရဲ့ခေါ်သံ။ မေမေပြန်ထူးမလား ကျွန်တော်ငြိမ်၍ စောင့်ကြည့်နေမိ သည်။ ဒါလဲ မလှုပ်ပါလား။ခါတိုင်း ဦးလေးအသံကြားရရင် မေမေဘယ်နေရာမှာပဲ ရောက် နေရောက်နေအသံ ပြုနေကျပါ။ မမဘယ် မှာဟေ့ ဆိုတာမျိုးပေါ့။ ခုတော့ မေမေ ဘာဖြစ် လို့ငြိမ်နေရပါသလဲ။
“မေမေ”
“ဟေ့ကောင်လေး သားထူး။မင်းက ဒီမှာရှိနေတာတောင် ထွက်မလာဘူး။ မင်း အမေ အိပ် နေတာလား”
အိပ်ခန်းဝမှဦးလေးကို ကျွန်တော်ငိုငိုမဲ့မဲ့ဖြင့် ငဲ့ကြည့်လိုက်သည်။ဇိုးဇိုးဇက်ဇက် အိပ်ခန်းထဲ ၀င်လာတဲ့ ဦးလေးမေမေ့ဘေးအိပ်ရာပေါ်တွင်ထိုင်မလိုလုပ်ပြီးမှ မေမေ့မျက်နှာကို သေသေ ချာချာကြည့်ကာ မျက်လုံးပြူးနေသည်။ ကျွန်တော့်ကိုကြည့်လိုက် မေမေ့ကို ကြည့်လိုက် ဖြင့်ရှိနေသည်။
“ဦးလေး မေမေဘာဖြစ်မှန်းမသိဘူး။ သားခေါ်လို့လဲမထူးဘူး။ ဦးလေးခေါ်တာလဲ ပြန်မထူး ဘူး။ မေမေ ဘာဖြစ်တာလဲ ဟင်”
“မမ”
မေမေ့နှာခေါင်းဝနားလက်ကတ်လိုက်၊မေမေ့ကိုယ်ကို ကြမ်းကြမ်းတမ်းတမ်း လှုပ်ရမ်းလိုက် လုပ်နေသည့် ဦးလေးကိုကျွန်တော်နားမလည်နိုင်တော့။ကျွန်တော် ဦလေးရဲ့ လက်ကြမ်း ကြီးတွေကို မေမေ့ကိုယ်ပေါ်မှဆွဲဖယ်နေတုန်း ဦးလေးမေမေ့ရင်ဘတ်ပေါ် မျက်နှာတစ် စောင်းအပ်လိုက်သည်။ ဘာများပါလိမ့်။
“သားထူး... မင်းအမေ.. မင်းအမေ သေပြီကွ”
“ဗျာ.. မေမေသေပြီ။ ဟုတ်လား။”
ဦးလေးမျက်နှာကို သေသေချာချာကြည့်မိသည်။ဦးလေးကောမေမေနဲ့ပေါင်းပြီး ကျွန်တော့် ကိုစနေတာလား။ မဟုတ်နိုင်ပါဘူး။ ဦးလေးကကျွန်တော့်ကို မေမေ့လိုမစတတ်ပါဘူး။ အိမ် ကိုလာတိုင်း ဦးလေးမျက်နှာတည်တည်ကြီးကို ကြောက်လန့်လှတာမို့ အကွယ်တစ်နေရာ ရာကပင် ကျွန်တော်ချောင်းကြည့်တတ်သည်။ ခုကျတော့ ဦးလေးမျက်နှာကငိုတော့မလိုမဲ့ နေသည်။ ဒါဆို မေမေ တစ်ကယ်သေသွားတာပေါ့။ ဟင့်အင်း မဟုတ်ပါနဲ့။ မေမေမသေ ပါနဲ့။ သားမှာ မေမေပဲရှိတာလေ။ မေမေမရှိရင် သားဘယ်သူ နဲ့သွားနေရမှာလဲ။ မေမေစော စောပြောခဲ့တယ် ထင်တယ်။ “မေမေမရှိ ရင်သားဖေဖေ နဲ့ လိမ်လိမ်မာမာနေနော်တဲ့” အဲ့ဒါ မေမေပြောတော့ သားကိုစတာဆို။ သားမနေချင် ဘူးလို့ပြောထားသားနဲ့။ မေမေ ဘာလို့ သေရတာလဲ။ သေတဲ့သူနဲ့လူတွေဆိုတာအတူမနေရဘူးဆို။မေမေခုနကပဲပြောတယ်လေ။ မေမေ မသေပါနဲ့နော်။ သားမေမေနဲ့ပဲနေ ချင်လို့ပါ။
“မေမေ ထပါ။ မေမေမသေဘူးမလား။ သားသိတယ်။ ထနော်ထ။ မေမေက လိမ္မာ တယ်။ သားလဲ မဆိုးတော့ ပါဘူး။ မေမေမကြိုက်ရင် သားချောက လက်ခိုးမစားတော့ ပါဘူး။ ထပါ မေမေ။”
ကျွန်တော်မေမေ့ကို မနိုင့်တနိုင်ဆွဲထူကြည့်တယ်။ မေမေ့ကိုယ်ကလေးလိုက်တာ။ ဒါပေ မယ့် မေမေ့ကိုထူမှ ဖြစ်မယ်။တတ်နိုင်သလောက် အားနဲ့ဆွဲထူနေပေမယ့် မေမေ့ကိုယ် က ကျွန်တော့်လက်ထဲမှာပါလာလိုက် ကုတင်ပေါ်ပြုတ်ကျလိုက်ဖြစ်နေသည်။ ခဏခဏ ပြုတ် ကျနေသည်မို့ မေမေ့ကိုယ်တွေလက်တွေ နာနေမှာဆိုးသည်။မေမေ့ကိုယ်တွေ မနာအောင် ဆွဲမထူတော့ဘဲ ကျွန်တော့်ပေါင်ပေါ်ရအောင်တင်ထားပြီး မေမေ့မျက်နှာကို ငုံ့ကြည့်မိ သည်။
အို..မေမေ့မျက်လုံးတွေက အရင်လိုကျွန်တော့်ကို ကြည့်မနေတော့ဘူး။ ဘယ်ကိုကြည့် နေတာလဲဆိုတာကျွန်တော်မသိဘူး။ မေမေ့ ပါးနှစ်ဖက်ကိုငုံ့နမ်းလိုက်တယ်ဆိုရင်ပဲ ကျွန် တော့် မျက်ရည်တွေမေမေ့ပါးပေါ်လိမ့်ဆင်းကျ ကုန်တော့သည်။

***** ***** ***** ***** ***** ***** ***** ***** ***** ***** *****

တစ်မနက်လုံး သောင်ပြင်တစ်လျှောက်သွားနေမိသည်။ ခြေထောက်တွေ ညောင်းလှပြီ ဖြစ်သည်။ ဗိုက်လဲဆာ၊ရေလဲငတ်လှသည်။ ဘယ်နေရာမှာ မေမေရှိနေသလဲ။ ကျွန် တော် မေမေ့ကိုရှာတွေ့ချင်သည်။ မေမေ့ကိုယ်ကရတဲ့ ပြာတွေကိုဖွားဖွားနဲ့အတူ ရေထဲ ပြစ်ချရင်း ဖွားဖွားကပြောတယ်။“ဒီရေအစပ်ဟိုးဝေးဝေးမှာ သားမေမေရှိတယ်။သားကိုစောင့်နေလိမ့် မယ်တဲ့။ သားအသက်ကြီးလာရင် မေမေ့ဆီကိုခဏလေးနဲ့ရောက်အောင် သားသွားနိုင်မှာ တဲ့”“ခု သားခြေထောက်ကသေး နေလို့လားဖွားဖွား” အဲ့လိုမေးမိတော့ ဖွားဖွားက “အင်း” တဲ့။
ကျွန်တော် အကြာကြီးလမ်းလျှောက်တာတောင် မေမေ့ဆီကိုဘာလို့မရောက်တာလဲ။ မေ မေ့ကိုတွေ့ဖို့သားအသက်ကြီးအောင် ဘယ်လောက်စောင့်ရမှာလဲမေမေ။ သားမေမေ့ ကိုခုပဲ တွေ့ချင်တာ။ ကျွန်တော့အမေးတွေကိုဖြေပေးမယ့် မေမေလဲကျွန်တော့်အနားမှာ မရှိတော့ ဘူးနော်။
ကျလာသည့် ပါးပြင်ပေါ်မှ မျက်ရည်တွေကို လက်ခုံဖြင့်ပွတ်သုတ်ပြီး သောင်ပြင်ပေါ် ထိုင်ချ လိုက်သည်။ ချက်ချင်းပင်သတိရကာပြန်ထရပ်မိသည်။ ဘောင်းဘီနောက်မှာပေ နေသည့် သဲတွေကို မြန်မြန်ခါချလိုက်သည်။ မေမေ ပြောဖူးတယ် “သောင်ပြင်ပေါ်မှာ သဲအလူးလူးနဲ့ ဆော့တဲ့ကလေးကို မေမေမချစ်ဘူးတဲ့”။
ခု သားဆော့တာ မဟုတ်ပါဘူးမေမေ။ သားညောင်းလွန်းလို့ပါ။သောင်ပြင်တစ်ဝိုက်မှာ ကျွန်တော်ရှာကြည့်မိသည်။ ကျွန်တော့်ကိုယ်မှာသဲမပေအောင် ခုထိုင်လို့ရမယ့် အုန်းတုံး လို၊ပျဉ်ချပ်လေးတစ် ချပ်လိုဟာမျိုးပေါ့။တွေ့ပါပြီ။ကျွန်တော့်ရှေ့ ခပ်လှမ်းလှမ်းမှာဖြစ်သည်။ ရေညှိတက်နေသောမည်းညစ်နေသည့် ပျဉ်ချပ်သေးသေးတစ်ခု။ ကျွန်တော် ရေစပ်နားက ပျဉ်ချပ်ကို သောင်ပြင်ရောက်အောင်သယ်လာပြီးဖင်ခုထိုင်ကာ ဟိုးဝေးဝေး ကို လှမ်းမျှော် ကြည့်နေမိသည်။
တဖြည်းဖြည်း မိုးသာချုပ်လာသည် ထိုင်နေရာမှနေရာမရွှေ့မိ။လေကတိုက်လွန်းသည်မို့ ချမ်းလှသည်။ ဒူးနှစ်ဖက်ကိုလက်ဖြင့်ပိုက်ထားလျှက် မျက်နှာကိုလက်ပေါ်တစ်စောင်း တင် ကာ မှောင်မည်းနေသည့် ရေထဲကိုကြည့်နေမိသည်။ ဒီရေအောက်မှာများ မေမေ ကျွန် တော့် ကိုစောင့် နေတာလား။ ဒါဆိုရင်တော့ ခက်ပြီ။ ကျွန်တော်မှရေမကူးတတ်တာမေမေ ရယ်။ ဒါပေမယ့် မေမေတစ်ကယ်ရှိရင်တော့ ကျွန်တော်ဦးလေးကိုနောက်နေ့ ရေကူးသင် ခိုင်းမယ်။သိလားမေမေ။
“သားထူးရေ”
“သားရေ”
ကျွန်တော့်နာမည်ကို ခေါ်နေသည့်ဦးလေးအသံ။ နောက် အသံကဘယ်သူလဲ။ ကျွန်တော့် ကိုဦးလေးကသားထူးလို့ ခေါ်တာလေ။ သားရေလို့ ဘယ်သူခေါ်တာလဲ။ မေမေ လား။ မေ မေ့အသံလဲ မဟုတ်ပါဘူး။ နီးလာသည့်သောင်ပြင်မှ မီးရောင်လဲ့လဲ့ကြောင့် ကျွန်တော်မတ် တတ်ထရပ်လိုက် သည်။မကြာပါဘူး ကျွန်တော့်ရင်ဘတ်ပေါ် ထိုးစိုက်လာသည့် မီးရောင် ကြောင့် ဓာတ်မီးကိုကိုင်ထားသည့်လူကို လှမ်းကြည့်လိုက်သည်။ ယောင်ယောင်မှားမှားဖြင့် နောက်ကိုခြေတစ်လှမ်းဆုတ်မိသည်။
“သား”
ကျွန်တော့်ရှေ့ချက်ချင်းပြေးလာတဲ့ဖေဖေ။ ကျွန်တော့်ဆီမရောက်ခင်သောင် ပြင်ပေါ်ဒူး ထောက်ပြုတ်ကျသည်။ဖေဖေ့ရှေ့ကို ကျွန်တော်တိုးကပ်သွားမိသည်။ဓာတ်မီးကိုသောင်ပြင် ပေါ်ပြစ်ချကာ ကျွန်တော့်ပုခုံးနှစ်ဖက်ကိုဖေဖေဆွဲယူသည်။
“သား ဖေဖေ့ကို ဘာကြည့်နေတာလဲ။ ဘာလဲ မမှတ်မိဘူးလား သားက။”
ကျွန်တော်ဖေဖေ့ကို ချက်ချင်းခေါင်းခါပြလိုက်သည်။မည်းမှောင်နေသည့်ရေစပ်ကိုလဲ လှည့် ကြည့်မိ၏။
“သား ဒီမှာဘာလာလုပ်နေတာလဲ၊ ဖေဖေဒီနေ့လာမှာမသိဘူးလား။ ဖေဖေဖြင့် သားကို မနက်ကတည်းက မျှော်နေတာ။ ဘာလို့ ဖေဖေ့ကို လာမကြိုတာလဲ”
“မဟုတ်ဘူး အစ်ကိုကျွန်တော်ခေါ်မလာတာပါ။ အမေကလဲသိပ်နေမကောင်းတော့ သူ့ ကို ကြည့်ခိုင်းထားတာ”
ဦးလေးရဲ့အဖြေကို ဖေဖေမကြိုက်ဘူးထင်သည်။ဦးလေးကိုတော့ဖေဖေ ဘာမှပြန်မ ပြော။ ဖေဖေ မျက်မှောင် ကျုတ်ထားသည်ကိုကျွန်တော်တွေ့နေရသည်။ ကျွန်တော်တို့ သားအမိ ဆီ ဖေဖေအလည်ပြန်လာတိုင်း အဲ့လို မျက်မှောင်အမြဲကျုတ်ထားတတ်သည်။ မေမေ့ကို မေးတော့“သူမကြိုက်တာတစ်ခုခုရှိရင်သားအဖေက အဲ့လိုပဲတဲ့”။
“သား ..ဗိုက်မဆာဘူးလား သားရယ်။ သားဒီလိုပဲ နေ့တိုင်းလျှောက်သွားနေတာပဲလား”
“မဟုတ်ပါဘူး အစ်ကို။ ခါတိုင်း ကျွန်တော်ရှိတော့ ဒီကောင်ဘယ်မှမသွားရဲပါဘူး”
ဦးလေးကိုတစ်ချက်ပြန်လှည့်ကြည့်ကာ ဖေဖေခေါင်းရမ်းသည်။သောင်ပြင်မှဓာတ်မီး ကို ကောက်ယူလျှက် ကျွန်တော့်ကိုဖေဖေပွေ့ချီသည်။ သောင်ပြင်မှကျွန်တော်တို့ အိမ်ကိုပြန် တဲ့ လမ်းတစ်လျှောက်ဖေဖေသက်ပြင်း ခဏခဏချသည်။ ကျွန်တော့်ကိုယ်ကလေးလို့များ လား။
“ဖေဖေ မောလို့လား။ သားကို အောက်ချပေးလေ။သားလျှောက်နိုင်ပါတယ်။ ပြီးတော့ မေ မေက ပြောတယ်။ သက်ပြင်းချရင် အသက်တိုတယ်တဲ့”
“ဟုတ်လားသား။ ဖေဖေမမောပါဘူး။ ဘယ်သူကသက်ပြင်းခဏခဏချလို့ သားမေမေ က ပြောတာ လဲ”
“မေမေက သက်ပြင်းခဏခဏချတယ်လေ။ သားကမေးကြည့်တော့ အဲ့ဒါ သက်ပြင်း ချတာ တဲ့။ အသက်တိုအောင်လို့တဲ့။ ဒါကြောင့်မေမေ ခုမရှိတော့တာနေမှာနော် ဖေဖေ”
“သားရယ်။ ဖေဖေလေ သားအတွက်အရုပ်တွေနဲ့ စားစရာတွေအများကြီး ၀ယ်လာတယ် သိလား။ သားကြိုက်တဲ့ချောကလက်လဲ ပါလာတယ်”
“သား ချောကလက် မကြိုက်တော့ဘူးဖေဖေ”
“ဘာလို့လဲ သားရဲ့”
“မေမေက သားချောကလက်စားလို့ သားသွားတွေမထွက်တာတဲ့။ သားခိုးစားတိုင်း မေမေကဆူတယ် သားကို”
“အော် ဒါကြောင့်သားမေမေ မကြိုက်တာမစားချင်တော့တာပေါ့ ဟုတ်လား။ ကဲပါ သားရယ် ချောကလက်မစား လဲ ဒီ့ပြင့်မုန့်စား ဟုတ်လား”
“ဟုတ်ကဲ့”
ခပ်လှမ်းလှမ်းမှာမြင်နေရသည့် ကျွန်တော်တို့အိမ်ပေါက်ဝမှာ ဖွားဖွားရပ်စောင့်နေတာ လှမ်း မြင်သည်မို့ ကျွန်တော် လက်လှန်းပြလိုက်သည်။ ဖွားဖွားကလဲ လက်ပြန်ပြသည်။ ခြံဝမှဖွား ဖွားကိုဖြတ်ကျော်လျှက် ဖေဖေအိမ်ထဲလှမ်းဝင်သည်။ အိပ်ခန်းထဲရောက်တော့မှ ကျွန်တော့် ကိုကုတင်ပေါ်တင်ကာ ဖေဖေယူလာသည့်မုန့်မျိုးစုံကို အိတ်တွေထဲမှထုတ် ပေးသည်။ အို အရုပ်တွေကလဲအစုံပါလား။ မုန့်တွေကော အရုပ်တွေပါလက်နဲ့ သိမ်းကျုံးပိုက်လိုက်ပြီး ဖေ ဖေ့ကိုကျွန်တော်ပြုံးပြလိုက်သည်။
****************** ********************** *****************

ညနေ နေစောင်းတိုင်းဖေဖေ့လက်ကိုတွဲ သောင်ပြင်တစ်လျှောက် လမ်းလျှောက်ရတာ ဖေ ဖေတော့မသိ ကျွန်တော်တော့တော်တော်ပျော်ပါသည်။ ကျွန်တော်စားချင်လို့ ပူဆာသည့် မုန့်မှန်သမျှ ၀ယ်ကျွေးသလို၊ရေထဲဆင်းလိုက်၊ သောင်ပြင်ပေါ်ပြေးတက် သဲတွေတူးယက် လိုက်နဲ့ အချိန်တွေကုန်မှန်းမသိကုန်ခဲ့သည်သာ။ ပြီးတော့ ဖေဖေနှင့်ပြေးတမ်းလိုက်တမ်း ကစားတိုင်းဖေဖေ ကျွန်တော့်ကိုမိသွားသည့် အခါတိုင်းကျွန်တော့်ကိုသယ်ပြီး ရေထဲပြေး ဆင်းသွားကာရေထဲသို့ ကျွန်တော့်ကိုပိုက်၍ခုန်ဆင်းတတ်သေးသည်။
ဒီလိုနှင့်ရက်တွေ ဘယ်လောက်ကုန်ခဲ့မှန်းကျွန်တော်မသိခဲ့ဘူး။ ညနေနေစောင်းတိုင်း “ဖေ ဖေရေ သောင်ပြင် သွားရအောင်”ဟု ကျွန်တော်ဖေဖေ့ကိုခေါ်သည်။ ဖေဖေကတစ် ခါတစ် ခါ ညစ်ချင်သည်။ “ဟေ့အေး ဒီနေ့မသွားဘူးကွာ။ နောက်နေ့ပေါ့” ဟု ပြုံးစစ ဖြင့်ပြောတိုင်း ကျွန်တော်ဖေဖေ့ကိုကျောခိုင်းကာ တစ်ယောက်တည်းသောင်ပြင်ကို ထွက်လာတတ်သည်။ ကျွန်တော်သိ နေသည်။ ဖေဖေမကြာခင်လိုက်လာမည်ဟူ၍။
ဒီနေ့လည်း မရိုးနိုင်သည့် ပြေးတမ်းလိုက်တမ်းကစားခြင်း၊ ရေထဲဆင်းဆော့ခြင်းများဖြင့် ည နေ နေသည်ဝင်မှန်းမသိတိုးဝင်နေသည်။ဖေဖေ ကျောက်ဆောင်ပေါ်ကိုတက်ထိုင်ကာ ဟိုး ဝေးဝေးကနေကိုငေးကြည့်နေသည်။ ဖေဖေဘာတွေတွေးနေပါသလဲ။ ကျွန်တော် ဖေဖေ ထိုင်နေသည့် ကျောက်ဆောင်ပေါ်တက်ခဲ့သည်။ ဖေဖေငေးနေတုန်းပဲ။
“ဖေဖေ”
“အော် အေး၊ ထိုင်လေ သား”
မတ်တတ်လေးရပ်နေသည့် ကျွန်တော့်ကိုမော့်ကြည့်ကာ ဖေဖေ့ဘေးနေရာကိုထိုင် ဖို့နေရာ ပြသည်။ ဖေဖေ့ဘေးမှာကျွန်တော် ၀င်ထိုင်လိုက်သည်။ဖေဖေ့လက်သည် ကျွန်တော့်လက် ကိုဆုပ်ကိုင်လျှက် ကျွန်တော့်ကိုစိုက်ကြည့်နေသည်။ ဖေဖေတစ်ခုတစ်ခုကို မကြိုက်သည့် ပုံစံမျိုးမဟုတ်။ ကျွန်တော်နှင့်ကစားနေတုန်းကလိုလဲ နဲနဲလေးတောင် ပြုံးမနေ။
“ သား။ ဖေဖေပြောတာကို သားသေချာနားထောင်နော်။ ဖေဖေပြောတာသား ခုချက်ချင်း နား လည်ချင်မှ နားလည် မယ်။ နောက်မှ နားလည်မယ်ဆိုရင်လဲ ကောင်းပါတယ်။ သား မသိရင်သေချာ မှတ်ထား ပြီးရင်ဖွားဖွားကို ပြန်မေး ကြားလား။”
“ဟုတ်ကဲ့ ဖေဖေ”
“ဖေဖေ နောက်တစ်ခေါက်လာရင် သားကိုဖေဖေနဲ့အတူတူနေဖို့ခေါ်သွားမယ်။ ခုတော့သား ဖွားဖွားနဲ့နေခဲ့ဦး။ ကြားလားသား။ ဖေဖေ ပြန်သွားရတော့မယ်”
“ဟင် ဖေဖေကဒီမှာ သားနဲ့မနေဘူးလား။ ဘာလို့ပြန်မှာလဲ”
“ဖေဖေ့မှာ အလုပ်တွေရှိသေးတယ်လေ သားရဲ့။သားအတွက်ပြီးတော့ ဖေဖေ့အတွက် လုပ် စရာရှိတာ လုပ်ရဦးမယ်လေ”
“ဖေဖေ သားဖေဖေနဲ့တော့နေချင်ပါတယ်။ ဒါပေမယ့် ဖေဖေနေတဲ့ဟိုးဝေးဝေးကြီးကို သား မလိုက်ချင်ဘူး။အဲ့လိုလိုက်သွားရင်ဒီရေရဲ့အစပ်ဟိုးဝေးဝေးမှာ မေမေတစ်ယောက် တည်း ကျန်ခဲ့မှာ ဖေဖေ။ဖေဖေ ပြန်လာခဲ့လေ သားဆီကို။ နော် သားစောင့်နေပါ့မယ်။”
“သားရယ်။ ဒီနေရာမှာနေလို့ သားဘ၀ဘယ်လောက်တိုးတက်မှာလဲကွာ။ ဖေဖေနေတဲ့ ဟိုးဝေးဝေးမှာ ဒီမှာမရှိ တာတွေ၊ ဒီမှာဝယ်လို့မရတာတွေ အများကြီးပဲသားရဲ့။ သားပဲ ပြော တယ်လေ။ ဖေဖေ၀ယ်လာတဲ့စားစရာတွေ၊ အရုပ်တွေကဒီမှာမရှိဘူးဆို။နော်သား။ နောက် တစ်ခေါက် ဖေဖေလာ ရင်သားကိုခေါ်သွားမယ်။သားမေမေလဲ ဖေဖေတို့နဲ့လိုက်လာမှာ ပေါ့။မဟုတ်ဘူးလား ဖေဖေပြောတာ”
“မေမေပါ သားတို့နဲ့လိုက်ရင်တော့ သားလိုက်မှာပါဖေဖေ”
ဖေဖေ့လက်ကိုတွဲပြီး ကျောက်ဆောင်ပေါ်ကဆင်း ဖြတ်လျှောက်ခဲ့သည့် သောင်ပြင်တစ် လျှောက်လမ်းသည် ကျွန်တော့်အတွက် ဖေဖေနှင့်အတူ နောက်ဆုံးလမ်းလျှောက်ဖြစ်သည့် ညနေဖြစ်သည်ကို ကျွန်တော်ကြိုသိမထားခဲ့။
နောက်နေ့မိုးလင်းလို့ ကျွန်တော်အိပ်ယာကထခဲ့ပေမယ့် အရင်လိုကျွန်တော့်ဘေးမှာ ဖေဖေ ရှိမနေ။တစ်အိမ်လုံးအနှံ့နှင့်ခြံဝင်းတစ်ခုလုံးပတ်ရှာတာတောင် ဖေဖေ့ကိုမတွေ့ရ။ “ဖေဖေ” ဟုခေါ်ကာ သောင်ပြင်တစ်လျှောက် ပြေးရှာသော်လည်း ဖေဖေ့အရိပ်ကိုတောင် ကျွန်တော် မတွေ့။ မနေ့ညနေကဖေဖေပြောထားသလို ဖေဖေပြန်သွားပြီလား။ ဘယ်တော့ပြန်လာ မှာ လဲ။ ဘယ်တော့ကျွန်တော့် ကိုပြန်လာခေါ်မှာလဲ။မသိဘူး။ကျွန်တော်မသိဘူး။ ကျွန်တော် ဘာမှမသိဘူး။
မျက်ရည်တွေကို လက်ခုံဖြင့်ပွတ်သုတ်လိုက်ပြီး သောင်ပြင်မှာထိုင်ချလိုက်သည်။ ဟိုး ဝေး ဝေးမှာလှမ်းမြင်နေရသည်မှာ မနေ့ညနေကကျွန်တော်တို့ထိုင်ခဲ့သည့်ကျောက်ဆောင်။ ကျွန် တော်အဲ့ဒီ့ ကျောက်ဆောင်ပေါ်သွားထိုင်ရမလား။ ဒီသောင်ပြင်ပေါ်မှာပဲ ထိုင်နေရမလား။
“သားထူးရေ။ သား”
အဝေးမှဖွားဖွားခေါ်သံကြောင့် ကျောက်ဆောင်ကိုတစ်ချက်လှမ်းကြည့်ပြီး သောင်ပြင်ပေါ် ပြေးတက်လိုက်သည်။ ဖွားဖွားကရောဂါသည်လေ။ နဲနဲလေးလမ်းလျှောက်တာနဲ့မောသည် ဟုဆိုတတ်သည်။ ဖွားဖွားကျွန်တော့ဆီမရောက်ခင်ကျွန်တော် ဖွားဖွားရှေ့ရောက်အောင် အားကုန်ပြေးခဲ့သည်။
ကျွန်တော့်နောက်တွင်ကျောက်ဆောင်၊ရေပြင်နှင့်သောင်ပြင်ကျန်ခဲ့လေသည်။ရေစပ်မှ မေမေ့ကို ချန်ထားခဲ့ရသည်။

*************************************************************

ကျောင်းတွေဖွင့်လိုက် ပိတ်လိုက်ဖြင့် ကျွန်တော်၇တန်းစာမေးပွဲကိုဖြေဆိုပြီးခဲ့ပြီ။ ဖေဖေ ကျွန်တော့်ကိုလာခေါ်မည်ဟုပြောခဲ့သည်မှာလဲ ၇နှစ်ရှိခဲ့ပြီ။ဒီနွေကျောင်းပိတ်ရက်တွေ ကုန် လို့မှ ဖေဖေကျွန်တော့်ကိုလာမခေါ်လျှင်ကျွန်တော် ကျောင်းဆက်တက်ရတော့မည်မဟုတ်။ ဖွားဖွားရောဂါကိုဆေးကုရတာ၊ကျွန်တော့်ကျောင်းစရိတ် ကိုရှာပေးရတာကို အမြဲရန်ရှာနေ သည့် ဦးလေးကြောင့်ဖွားဖွားကျိတ်ငိုနေတာ ကျွန်တော်မြင်တိုင်းဝမ်းနည်းလှသည်။ ဦးလေး ကကြိုပြောထားသည်မှာ ဒီနှစ်၇တန်းဖြေပြီးရင် ကျောင်းဆက်မထားနိုင်တော့ဘူးတဲ့။ သူနှင့် အတူ ကြုံရာကျပန်းလိုက်လုပ်ရမည်တဲ့။
အို..အလုပ်လိုက်လုပ်ရတာ ဘာအရေးလဲ။ ခုလဲကျွန်တော်ကြုံရင်ကြုံသလို ဦးလေးကိုကူ နေရတာပဲလေ။ ဒါပေမယ့် ကျောင်းဆက်တက်ချင်သည်။ ကျွန်တော်အလုပ်တစ်ခုခုရှာ လုပ်ပြီး ကျောင်းစရိတ်စုရင်ကော ဦးလေး လက်ခံမလား။ဒါလဲဖြစ်နိုင်မည်မထင်။ သူ့ ကိုရွဲ့ရ မည်လားဟု ထရိုက်မှာကျိန်းသေသည်။ မေမေ သားဘာလုပ်ရမလဲ။
မေမေနဲ့ကျွန်တော်နေတဲ့ အိမ်ဝိုင်းလေးကိုလဲ ဦးလေးကရောင်းစားလိုက်ပြီ။ ခုသားတို့ ရွာ စပ်မှာနေနေရတယ်။သိလားမေမေ။အရင်လိုညနေစောင်းတိုင်း သောင်ပြင်ကိုဆင်းလာလို့ မရတော့ဘူး။ ခုတောင် ဦးလေးဟိုဘက်ရွာကိုညအိပ်သွားတုန်း ဖွားဖွားကိုပြောပြီး သား သောင်ပြင်ကိုလာခဲ့ရတာ။
“သား”
နီးနီးလေးမှ ကပ်ခေါ်လိုက်သည့်အသံကြောင့် ကျွန်တော်လန့်၍ကျောက်ဆောင်ပေါ်မှ ထ ရပ်မိသည်။ ကျွန်တော်နှင့် ခြေလှမ်းအနည်းငယ်အကွာမှာရပ်နေသည့် ဖေဖေ။ ကျွန်တော် ထင်ယောင်ထင်မှားဖြစ်နေသည်လား။ဖေဖေ့ကိုမျှော်လင့်လွန်း၍များ ဖေဖေ့ကိုကျွန်တော် တွေ့နေတာလား။ မျက်စိကိုလက်နှစ်ဖက်ဖြင့်ပွတ်၍ကြည့်မိသည်။ ဖေဖေ့ပုံရိပ်သည် ရွေ့ မသွား။ ပျောက်မသွား။ ဒါဆို..
“ဖေဖေ ပါကွ။ မင်းကလဲ။ ငါ့များ သရဲထင်နေတာလား မင်းက”
“ဟာဖေဖေ...အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်.ကျွန်တော်ဖေဖေ့ကိုမျှော်ရလွန်းလို့ထင်ယောင် ထင်မှား ဖြစ်နေသလားလို့ စိတ်ထင်နေလို့ပါ။”
“သားရယ် ဖေဖေတောင်းပန်ပါတယ်။ မင်းဖေဖေ့ကိုစောင့်နေမှာ ဖေဖေသိပါတယ်။ ဒါပေ မယ့်အကြောင်းကြောင့် ဖေဖေ ပြန်လာဖို့နောက်ကျခဲ့တယ်။”
ချက်ချင်းမျက်နှာပျက်သွားသည့်ဖေဖေ့ကို ကျွန်တော်သနားမိသည်။ အင်းပေါ့ ဖေဖေ့မှာလဲ ဖေဖေ့ အခက်အခဲနှင့်ဖေဖေဖြစ်မှာပေါ့လေ။ ကျွန်တော့်ကိုဖေဖေ ပြန်လာခေါ်မည်ဟုပြော ခဲ့သားပဲ။ ခုလဲရောက်လာသားပဲ။ဖေဖေ ကတိတည်ပါသည်။ ခပ်တွေတွေရပ်ငေးကြည့်နေ သည့်ဖေဖေ့ကို ကျွန်တော်လှမ်းဖက်လိုက်တော့ ဖေဖေကလဲအလိုက်သင့် ဖက်ထားရှာ သည်။
“ဘာပဲဖြစ်ဖြစ်ပေါ့ဖေဖေရယ်။ကျွန်တော့်အတွက်တော့ ဖေဖေရောက်လာဖို့ပဲလိုတာပါ။ ကျွန် တော် တို့သားအဖ အတူနေနိုင်ရင် ကျွန်တော်ကျေနပ်ပါတယ်”
“ အင်း..ဒါတော့ စိတ်ချသား။ဖေဖေမင်းကို ခုလာခေါ်တာ။ နောက်နှစ်ရက်နေရင် ဖေဖေ တို့ အတူနေဖို့သွားမယ်။ သားငယ်ငယ်ကပြောတဲ့ ဖေဖေနေတဲ့ ဟိုးဝေးဝေးကနေရာကို ပေါ့”
“ခု သားသိပါပြီ ဖေဖေရဲ့။ ဖေဖေနေတဲ့နေရာကို”
“ဟုတ်လား။ ဘယ်နေရာလဲ။ ဖေဖေနေတာ”
“စင်ကာပူလေ”
“ဟ ဟုတ်လား။ဖေဖေနေတာ စင်ကာပူလား။ဖေဖေကတော့အမြဲမှတ်မိနေတာ သားပြော တဲ့ ဟိုးဝေးဝေးက နေရာလို့ပဲ။ဟားဟားဟား”
“ဟားဟားဟား”
ကျွန်တော်တို့သားအဖနှစ်ယောက်၏ အော်ဟစ်ရယ်မောသံသည် ကျောက်ဆောင်ကိုရိုက် ၍ ပင်လယ်ပြင်ကိုကူးခတ်သွားပေလိမ့်မည်။ မေမေ့ပြာတွေကိုမျှောလိုက်သည့် ရေသည် ပင်လယ်အထိစီးဆင်းသွားနိုင်သည်လားကျွန်တော်မသိ။ကျွန်တော်သိသည်မှာ ဟိုးဝေးဝေး မှနေ၍မေမေကျွန်တော်တို့သားအဖ ရယ်မောနေတာကို ပြုံး၍ကြည့်နေလိမ့်မည်။
***********************************************************
စင်ကာပူဆိုသည့်နိုင်ငံကကျွန်တော့်အတွက်တော့ အိပ်မွေ့အချခံထားရသည့်နေ့နှင့် သာတူ လေသည်။ အိပ်မွေ့ချထားခံရမှာတော့ နေ့ဖြစ်ဖြစ်၊ညဖြစ်ဖြစ် နှမြောစရာသိပ်မကောင်းလှ ပါ။ ဒီလိုပါပဲ။ကျွန်တော့်ဘ၀ကိုတစ်စုံတစ်ယောက်က အိပ်မွေ့ချထားသလိုယောင်တိယောင် တောင်နဲ့ ဖြစ်သလိုလျှောက်နေရသည်သာ။ နှမြောစရာလဲ စိုးစိမှမရှိ။ အရာအားလုံး နထ္ထိ သာဖြစ်လေသည်။
ကျွန်တော့်မေမေမဟုတ်သောဖေဖေ့မိန်းမကို မာမီဟုခေါ်ရသည့်ကျွန်တော့်ခံစားချက်သည် ယေဘူယဆန်ဆန်သာဖြစ်လျှက် ကျွန်တော့ထပ်နှစ်နှစ်ကြီးပြီး ကျွန်တော့်ကို ဖာသိဖာသာ ဆက်ဆံတတ်သည့် ဖေဖေ့သမီးကျွန်တော့်အစ်မကို မမဟုခေါ်မိတိုင်းရင်နာမိသည်။ ဘာ့ ကြောင့် ဆိုပါလျှင် မေမေပြောပြခဲ့သောတစ်စွန်းတစ်စစကားမှာ “သားမှာလဲ အစ်မရှိပါ တယ် သားရဲ့”တဲ့။ကျွန်တော်တို့သားအမိနှင့်ခြံချင်းကပ်ရပ်က အစ်မမအေးကသူ့မောင်လေး တွေကိုချီပိုး၍တစ်မျိုး။ ချော့မြူ၍တစ်ဖုံကျွန်တော်မြင်နေရတိုင်း “မေမေ သားလဲအစ်မလို ချင်တယ်” ဟု ပူဆာခဲ့ဘူးသည်လေ။
ကျွန်တော့်ထက်၅နှစ်ငယ်သော ဖေဖေ့သားမမ၏မောင်ကိုညီလေးဟုခေါ်တိုင်း ၀မ်းနည်း ကြေ ကွဲရသည်မှာခပ်စိမ်းစိမ်းပြန်ကြည့်တတ်သည့် မျက်ဝန်းများကြောင့်ဖြစ်မည်ထင်ပါ သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်သင့်သည်။ကျွန်တော်တက်ချင်လှသည်ထက် ပို၍ အဆင့်မြင့်သောကျောင်းတွင် ကျွန်တော်တက်ခွင့်ရခဲ့သည်။ ကျွန်တော်ဖေဖေနှင့်အတူနေ ခွင့်ရခဲ့ပြီ။
ကျွန်တော့်မိထွေးသည် ကုန်စိမ်း၊ကုန်ခြောက်ဆိုင်ကိုကိုယ်တိုင်ဦးစီးလျှက် သူများနိုင်ငံ တွင်ငွေကိုရအောင်ရှာနိုင်စွမ်းရှိသည့် မိန်းမတယောက်ဖြစ်ချေတော့သည်။ ကျွန်တော့်ကို ခိုင်းစရာရှိလျှင် ဖေဖေကနေ တစ်ဆင့်ခိုင်းသလို။ပေးစရာရှိလျှင်လည်း ဖေဖေကနေ တစ် ဆင့်သာ။ ကျွန်တော့်ကိုသူနေ့တိုင်းတွက်ချက်နေသည့် ကိန်းဂဏန်းလောက်ပင် သိသိသာ သာစိတ်စားဟန်မပြခဲ့။သို့ပေမယ့် ကျွန်တော့်အစ်မရဲ့အရွယ်ရောက်လေလေအတိုင် အ တန်းထူ၊ပြစ်တင်ရှုံ့ချမှုတွေနဲ့ ကျွန်တော့်အပေါ်ထားတဲ့သွေးကွဲတဲ့ ဆက်ဆံရေးတွေကို တော့ မာမီအလေးထားခဲ့သည်။
အရင်ကဖာသိဖာသာ အလေးမထားခဲ့သလောက်မမရဲ့ ကျွန်တော်အပေါ်အပြစ်ရှာမှု အောက်မှာမာမီကျွန်တော့်ကိုမျက်စိစပါးမွှေးစူးလာဟန်ရှိခဲ့သည်။ကျွန်တော့်ကိုစောင့်ကြည့် အကဲခတ်လာသလို၊ ကျွန်တော့်အပြစ်တွေကိုလဲ ဖေဖေမြင်အောင်ချပြလာခဲ့သည်။ကျွန် တော့်ကိုပညာရေးတွင်ထူးချွန်စေချင်သောဖေဖေ၊ တစ်နှစ်တစ်တန်းမှန်မှန်မအောင် တော့ သည့် ကျွန်တော့်ကိုအော်ဟစ်ဆူလာခဲ့ပြီ။ကျွန်တော့်အပေါင်းအသင်းမှန်သမျှကိုလဲ ဖေဖေ ကန့်ကွက်စပြုလာခဲ့ပြီ။ကျွန်တော်နှင့်ဖေဖေ စတင်သဘောထားကွဲခဲ့ပြီဖြစ်သည်။
ကျွန်တော့်ကျောင်းစရိတ်အတွက် ဖေဖေ့လစာတစ်ဝက်ကို သိမ်းခဲ့သောမာမီသည် ကျွန် တော့်ဥာဏ်ထိုင်းမှု၊အပေါင်းအသင်းများမှုကိုအကြောင်းပြကာဖေဖေ့လစာအကုန်သိမ်းသည် အထိဖြစ်လာခဲ့သည်။ နေ့စဉ်အသုံးစရိတ်အတို အထွာလေးတောင်မှ ဖေဖေမာမီ့ဆီမှ တောင်းယူသုံးစွဲရသည် အထိဖြစ်လာခဲ့ပြီမို့ ကျွန်တော့်ကိုကျွန်တော်လိပ်ပြာမလုံဖြစ်မိ၏။ ကျွန်တော့်ပညာရေးအတွက်၊ ကျွန်တော့်အသုံးစရိတ်တွေအတွက် ဖေဖေစွန့်လွှတ်ရသည် မှာတန်ပါရဲ့လားဟုကျွန်တော် စတင်တွေးတတ်စပြုသည်။
ကျွန်တော့်နှင့်ရွာတွင် ပြုံးပျော်ဆော့ကစားတတ်သည့်ဖေဖေကို့ ကျွန်တော်ဆုံးရှုံးခဲ့ပြီဟု နား လည်မိသည့်အချိန်တွင် ဖေဖေ့မျက်နှာမှာ အပြုံးငွေ့ငွေ့တောင် ထင်ကျန်မနေတော့။ ကျွန် တော့် မိုက်မဲမှုတွေကိုတစ်စိမ့်စိမ့်ကြည့်လျှက်ဝမ်းနည်းစိတ်ပျက်နေဟန် ရှိနေသည်။ ကျွန် တော့်ကိုတွေ့သည့် နေရာတွင်တွေ့သလို အော်ဟစ်ဆူပူဖို့ဖေဖေ၀န်မလေးတော့။
ဖေဖေ့ကိုငဲ့ညှာသည့်အနေဖြင့် ကျောင်းတစ်ဖက်နှင့် အချိန်ပိုင်းအလုပ်တွေ ခိုးလုပ်မိချိန် တွင်တော့ ကျွန်တော့်ကျောင်းတက်ခွင့်ကို ကျောင်းမှပင်ပိတ်ပင်ခဲ့သည်။ ကျောင်းတက် ချိန်မမှန်သော၊ ကျောင်းတက်ရက်မမှန်သော၊စာသင်နေရင်း အိပ်ငိုက်တတ်သော၊ စာမေး ပွဲတိုင်းကျရှုံးနေသော....ခေါင်းစဉ်အများကြီးနှင့်ကျွန်တော်ကျောင်းထုတ်ခံရချိန်တွင် ဖေဖေ ကျွန်တော့်ကိုမျက်နှာခြင်းမဆိုင်တော့။ အစကတည်းက မကြည်ဖြူသော မမ နှင့် မမသွေး ထိုးထားသောစကားများကြောင့် ဖေဖေကျွန်တော့်ကို ဆူပူမန်မဲဖို့တောင်မေ့နေခဲ့ပြီထင် သည်။
ကျွန်တော်ကတော့ အချိန်ပိုင်းအလုပ်များဖြင့် ရသမျှငွေကြေးကို လူမျိုးတူသူငယ်ချင်းများ ဖြင့်အကုန်သုံးလိုက်ငွေလိုလျှင် သူငယ်ချင်းတွေဆီကပြန်ချေးငှားလိုက်ဖြင့် စင်ကာပူည တွေသည် နက်သည်ထက်နက်ခဲ့သည်။ ကျွန်တော့်ကို အမြင်မကြည်သောမမ။ သူချစ် သောသူ့ချစ်သူနှင့်တရားဝင်လက်ထပ်ခွင့်ရအောင်ကူညီဖြစ်ခဲ့သည့် ကျွန်တော့်ကိုမမနူးညံ့ စွာ မေးထူးခေါ်ပြောလုပ်လာသည့် အချိန်မှာ တော့ကျွန်တော့ပျော်ရွှင်မှုသည် ကျွန်တာ့် ရင်ထဲကဒဏ်ရာတွေကို သေးသိမ်မှုန်မွှားစေခဲ့ပြန်သည်။ အဖေတူအမေကွဲ အစ်မတစ် ယောက်ကို “မမ” ဟုခေါ်ခွင့်ရဖို့ သိပ်မခဲယဉ်းပေမယ့် မမကအသိအမှတ်ပြုဖို့ ခဲယဉ်းခဲ့ သည်မဟုတ်ပါလား။
မမ၏ရဲဝံ့မှုကို ကျွန်တော်ကူညီပေးလိုက်သည့်နောက်တွင်တော့ ဖေဖေချုံးပွဲချငိုခဲ့၍ မာမီက ကျွန်တော့်ကို သူ့အိမ်မှာနေခွင့်မပေးတော့။ ဖြစ်သင့်ပါတယ်လေ။ ရလာဒ်ကို ကျွန်တော် ကြိုတွက်ခဲ့ပြီးမှလုပ်ခဲ့သည်ပဲ။ ကျွန်တော်ခံနိုင်ရည်ရှိရပါလိမ့်မည်။ ကျွန်တော် ကျေနပ်စိတ် တ၀က်၊၀မ်းနည်းစိတ်တစ်ဝက်ဖြင့် အိပ်ပေါ်မှဆင်းခဲ့သည်။ မမအတွက်ကျေနပ်၍ ဖေဖေ့အ တွက်တော့အမှန်တကယ်ဝမ်းနည်းခဲ့ရသည်။
ကျွန်တော့်အတွက်စင်ကာပူမှာရောက်နေရသည့်ရှစ်နှစ်တာကာလသည် ရှည်လျားလွန်း ၍ ၀မ်းနည်းစိတ်ပျက်စရာတွေနှင့်သာ ရင်ဆိုင်တိုးမိခဲ့သည်။ ကျွန်တော့်တွင်ပဲ့ကိုင်မည့် သူမရှိ၊ ဆုံးမမည့်သူမရှိ။ အဆုံးစွန်ဆုံး ကျွန်တော့်ကိုကျေကျေနပ်နပ် ဖြင့်နေရာပေးမည့်သူမရှိ။ ၀မ်း နည်း၍ ချုံးပွဲချငိုမိလျှင်တောင်မှ ကျောပုတ်ဖြေသိမ့်မယ့်သူမရှိ။ ဟိုးအရင် ကျွန်တော်ငယ် ငယ်က ကျွန်တော့်အတွက် မေမေရှိလျှင်ပြည့်စုံခဲ့၍ မေမေနေထိုင်ရာအရပ်သည်ကျွန်တော့် နေရာဖြစ်ခဲ့သည်။ ခုအချိန်မှာတော့ ဖေဖေနေထိုင်ရာအရပ်သည် ကျွန်တော့်နေရာဖြစ်မ လာခဲ့။ ကျွန်တော်စိတ်သောကကင်းကင်းနဲ့ပျော်သည့်နေရာသည် ဘယ်နေရာဖြစ်ပါသလဲ။ ကျွန်တော့်အတွက် ဘယ်နေရာသည်အသင့်တော်ဆုံးဖြစ်ပါသ လဲ။

*****************************************************

လတ်တလောဆုံးဖြတ်ချက်ဖြင့် ကျွန်တော့်မွေးရပ်၊မေမေ့မွေးရပ်ကိုဖေဖေ့ကိုတောင် အသိမ ပေးပဲပြန်ခဲ့သည်။လှိုင်းပုတ်သံတွေနဲ့သောင်ပြင်သည်ကျွန်တော်ငယ်ငယ်ကပြေးလွှားဆော့ ကစားခဲ့သည့်အတိုင်းနဲနဲမှမပြောင်းလဲသေး။ ပြောင်းလဲခဲ့သည်မှာကျွန်တော်တစ်ယောက် တည်းသာ။ဟိုးဝေးဝေးကရေစပ်မှာ မေမေရှိနေသည်ဆိုသည့်အတွေးကို ဘာကြောင့်ထည့် ပေး ခဲ့မှန်းမသိသည့် ဖွားဖွားစကားကို ပြန်ကြားယောင်မိတိုင်းအံတင်း တင်းကျိတ်လျှက် ရယ်မိသည်။ ဖေဖေနှင့်အတူထိုင်ဖြစ်ခဲ့သည့်ကျောက်ဆောင်ပေါ်ကို ညနေတိုင်းတက်ထိုင် ဖြစ်ကာဖေဖေ့ကိုတမ်းတမိသည်မှာလဲအကြိမ်ကြိမ်။ ကျွန်တော့်တွင်ဦးတည် ရာမဲ့စွာလမ်း ပျောက်နေသည်။ မျှော်လင့်ချက်မဲ့စွာဖြင့်လဲ ဖေဖေ့ကိုတမ်းတနေမိပြန်သည်။ ဖေဖေနေမှ ကောင်းပါရဲ့လား။ကျွန်တော့်အပေါ်ဖေဖေ့ဒေါသပြေချိန်မှ တန်ပါရဲ့လား။

ဝမ်းနည်းတဲ့စိတ်၊ ထုံထိုင်းနေသည့်အတွေးတွေဖြင့် ကျွန်တော်အရက်ကို နေ့ရောညပါ သောက်ဖြစ်ခဲ့သည်။အစာစားခြင်းကိုလဲမေ့ခဲ့ပြီ။ရက်တွေဆက်လာသည့်အခါမှာတော့ လော ကကြီးကိုပါမေ့ခဲ့သည်။ သတိပြန်ရ၍လောကကြီးမှသက်ရှိ၊သက်မဲ့များကိုပြန်ခံစား မိချင်း ချင်း မြင်ကွင်းထဲဝင်လာသည်က ဖြူစွတ်စွတ်အ၀တ်အစားနှင့် အပြုံးရိပ်အနည်းငယ်သန်း သည့်နှုတ်ခမ်း။ ပြီးတော့ဝိုင်းစက်ကြည်လင်နေသည့်မျက်လုံးများဖြင့် ကျွန်တော့် ကိုငုံမိုး ကြည့်နေသည်။
“ကျွန်တော် ဘယ်ရောက်နေတာလဲ”
“ဆေးရုံကိုရောက်နေပါတယ်ရှင်”
“အော်.. ဒါနဲ့ ကျွန်တော် ရေနည်းနည်းသောက်ချင်တယ်။ ရမလား”
“ရပါတယ်။ ရှင်ဗိုက်လဲဆာနေမှာသိပါတယ်။ ရေအရင်သောက်ထားနှင့် ကျွန်မခဏခနေ ဆန်ပြုတ်နွေးနွေး သွားယူလာပေးမယ်”
“ကျေးဇူးပါပဲဗျာ”
တည်ငြိမ်ရင့်ကျတ်နေဟန်ရှိသည့်မျက်နှာပြင်သည် အပြုံးကိုပျူငှာစွာမွေးထုတ်ပေးသည်။ ကျေးဇူးတင်စကားကို ခေါင်းငြိမ့်ပြဟန်ကလဲ ခပ်လေးလေးခပ်သာသာ။ ကျွန်တော့်ကို ရေ တိုက်ပြီး ဆန်ပြုတ် သွားယူဦးမယ်ဟုဆိုကာအခန်းပြင်ထွက်သွားသည်မှာ မြန်ဆန်ဖျတ် လတ်နေပြန်သည်။မြန်ဆန်နေသည့်ခြေထောက်မှခြေသံကိုလုံအောင်ထိန်း ထားနိုင်သည်။ တစ်ဖြည်းဖြည်းဝေးသွားသည့် သူမ၏ကျောပြင်သည် ကျွန်တော့်ကိုဆုံး ရှုံးခြင်းဆိုသည့် ဝေ ဒနာကိုခံစားစေ၏။ ကျွန်တော်ကြောက်လန့်တကြား မျက်လုံးစုံမှိတ်လိုက်မိသည်။ အရာရာ သည်ပြင်ဆင်ခွင့်မရှိ၊ အရာရာသည်တားဆီးခွင့်မရှိ၊ ခံစားချက်တိုင်းသည်လည်း မျှော်လင့် ခွင့်ရှိတာသေချာပါရဲ့လား။အို ကျွန်တော့်အတွေးတွေ ဘယ်ကိုခုန်ပေါက် ရောက်နေပါသ လဲ။ မေတ္တာငတ်မွတ်လှလွန်းသည့်ကျွန်တော်။ ကျွန်တော့် ကိုနူးညံ့စွာဆက်ဆံသည့် သူမ။ အို သူ့တာဝန်နဲ့သူလုပ်ကိုင်နေတာပဲလေ။ သူ့အပြုံးတွေက ကျွန်တော့်တစ်ယောက်တည်း အတွက်ဟုတ်ဟန်မတူဘူး။ သူမနူးညံ့မှုတွေကကျွန်တော် တစ်ယောက်တည်းအတွက် မ ဟုတ်ခဲ့ပါဘူးဗျာ။


****************************************************

မျှော်လင့်လွန်းအားကြီးသည့်အခါ ကံကြမ္မာကကိုယ်မျှော်လင့်တာနှင့် တစ်ခါတစ်ရံပတ် သတ်ခွင့်ပေးပုံရသည်။ ကျွန်တော်၏စိတ်တွေရွေ့လျားလှုပ်ရှားစေခဲ့သည့် သူမနှင့် ကျွန် တော် ဆေးရုံကဆင်းပြီးသုံးပတ်မြောက်တွင်တိုက်တိုက်ဆိုင်ဆိုင် လမ်းမှာဆုံလေသည်။ ကျဉ်းမြောင်းလှသောလမ်းကျဉ်းလေးအပြည့် ယိမ်းထိုးမူးလာသောကျွန်တော့်ကို သူမစက် ဘီးနှင့်တည့်တည့်တိုးခဲ့လေသည်။ ဆိုင်မှာသောက်လို့အားမရ၍အပိုတစ်လုံးဝယ်လာသော ကျွန်တော်ပုလင်းတစ်ခြားလူတစ်ခြားဖြင့်လမ်းပေါ်မှောက်လျှက်ကျသဖြင့် ထူမတ်၍ မရ။ ကြိုးစား၍ထူမတ်လေမြေကြီးကို ကုန်းကုန်းနမ်းလေဖြင့်ရှိနေသည်။

“ဟဲ့ ဟဲ့ ဒါကဘယ်လဲ သက်မာ။ ဟိုကမူးနေတာ သွားမထူနဲ့လေ”
“မထူလို့မရလောက်ဘူး။ သူ့ဖာသာ မူးနေတာကမှန်ပါတယ်။ သက်မာသာဝင်မတိုက် လိုက်ရင်သူ့ဖာသာသူတော့အိမ်ရောက်မှာသေချာတယ်။ ခုသက်မာမှမထူရင်သူထနိုင်တော့ မယ်မထင်ဘူး”
“ရတယ် ရတယ်”
ပြောပြောဆိုဆိုဖြင့်ကျွန်တော့်ချိုင်းကြားမှဆွဲခေါ်နေသည့် သူမလက်ကို ကျွန်တော်လွတ် အောင်ရုန်းလျှက်ငြင်းဆန်လိုက်သည်။ သူမမျက်နှာဘယ်သို့ရှိမည်မသိ။ သူမစိတ်ဆိုးသွား မှာသေချာနေသည်။တစ်ခါတစ်ရံလူတွေသည် စေတနာနှင့်မတန်သည်ကို သူမသိ ပါလေစ။ ကျွန်တော်ပြုခဲ့သမျှစေတနာတွေသည် ကျွန်တော့်ကိုအိမ်ခြေရာခြေမဲ့စေသည်။ တစ်ဦး တည်းသောဆွေမျိုးဖခင်ကိုစွန့်လွှတ်ရသည်။
ကြိုးစားရုန်းကန်ထသော်လည်းအချည်းအနှီးသာ။ဒေါသတကြီးဖြင့် မြေကြီးကိုအားကုန်ထု လိုက်မိသည်။ဒုတိယအကြိမ်ကျွန်တော့်ချိုင်းကို တွဲထူလာသည့်သူမကိုကျွန်တော် ခေါင်း မတ်၍ကြည့်ဖြစ်အောင်ရင်ဆိုင်ကြည့်လိုက်သည်။ လရောင်အနည်းငယ်ဖြင့်မြင်ရ သည့်သူမ မျက်နှာ။မျက်ခုံးအနည်းငယ်တွန့်လိုက်သည်မှာကြည့်၍ကောင်းလွန်းလှသည်။
“ရလား သက်မာ။ ဟင် နင် ...နင့်ကို ငါမြင်ဖူးပါတယ်။ နင်ဘယ်သူလဲ။”
“ကျွန်တော်လား.. ကျွန်တော်သားထူး။ ဒီရွာတောင်ပိုင်းမှာနေခဲ့တဲ့ ဒေါ်အေးချိုရဲ့သား”
“ဒေါ်အေးချို....ဟင်...သားထူး။သားထူးရယ်နင်ဘယ်လိုဖြစ်နေရတာလဲ။နင် ဦးသားဦး နဲ့လိုက်သွားတာမလား။ ဘယ်တုန်းက ပြန်ရောက်နေတာလဲ။ ခုနင်ဘယ်မှာနေတာလဲ။”
“နေပါဦး အစ်မကဘယ်သူလဲ။”
“အော် အင်း.. ငါကရွာတောင်ပိုင်း နင်တို့အိမ်ရဲ့ဘေးခြံက မအေးလေ”
“မအေး... အော် ဟုတ်ကဲ့။ ကျွန်တော်မှတ်မိပြီ။ မှတ်မိပြီ”
“မှတ်မိရင်လဲထတော့။ ရှင့်ကိုဒီနေရာမှာ ဖျာခင်းပေးထားတယ်များမှတ်နေသလား”
သူမ၏ခပ်ရွဲ့ရွဲ့စကားကို မအေးရီ၍ကျွန်တော်ကြောင်အမ်းစွာကြည့်မိသည်။ သူမသည် ဆေးရုံမှာ လူနာတွေကိုပြုမူဆက်ဆံသလိုမနူးညံ့။ဆေးရုံပြင်ပတွင်အင်မတန်တည်တင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားလေသည်။
“ဖျာခင်းထားတယ်တော့မမှတ်ပါဘူး။ သူယောင်မယ်လား။နတ်သမီးလား ခွဲခြားနေလို့မ ထနိုင်။ မရပ်နိုင်ဖြစ်နေတာ”
“ဟားဟားဟား.... လုပ်တော့မယ် သားထူးရယ်။ နင်ဟာလေ စကားအင်မတန်တတ် တယ်။ ကဲကဲ ထတော့ ငါထူပေးမယ်”
“မထူနဲ့မအေး။ သူကမူးနေတာမဟုတ်ဘူး။ သူယောင်မယ်လား၊ နတ်သမီးလား ခွဲခြားနေ လို့ မထနိုင်တာဆို။ ထူမနေနဲ့တော့။ သက်မာတို့ဖာသာ ပြန်ကြစို့။တော်ကြာ ကိုကိုစိတ် ပူနေမယ်။ စက်ဘီးစီးသင်တာ လူခြေတိတ်မှလာသင်တာ တောင်တိုးမိအောင်တိုးမိသေး တယ်။”
“ဟ ဟ။ အဲ့လိုတော့ မလုပ်ပါနဲ့သက်မာရယ်။ငါတစ်ကယ်မထနိုင်သေးတာပါ။ သက်မာ မထူနိုင်ရင်တောင် မအေးတော့ ထူပါလေ့စေပေါ့။ သက်မာနဲ့ ဘာဆိုင်လို့တုန်း”
“ဘာကိစ္စမဆိုင်ရမှာတုန်း။မအေးက သက်မာယောင်းမပဲဟာ”
စကားအဆုံးကျွန်တော့်ကိုသူမကျောခိုင်း၍ လဲနေသေးသောစက်ဘီးဆီသွား၍ထူနေသည်။ မအေးကတော့ ကျွန်တော့်ကိုတွဲထူသည်။ သိပ်မမူးတော့ပြီမို့ အရင်ကလောက်တော့ မတ် တတ်ထရပ်ရသည်မှာမခက်ခဲတော့။ ကျွန်တော်နေထိုင်ရာအိမ်သည် ဒီနေရာနှင့်သိပ် မဝေး လှ။ကျွန်တော့်နေအိမ်ကိုဖြတ်ပြီးမှမအေးတို့အိမ်ရောက်ပေမည်။ ကျွန်တော်သက်မာကို ငေး ကြည့်ကျန်ရစ်ခွင့်ရှိပါရဲ့လား။ခြေလှမ်းစိတ်စိတ်ဖြင့်ရှေ့မှသွားနေသည့် သက်မာ။ ကျွန်တော့် ဘေးမှလိုအပ်လျှင်တွဲကူထိန်းဖို့ရှိနေသည့် မအေး။ ကျွန်တော်စိတ်ကူးဖြင့် နေရာချင်းလဲ ကြည့် မိသည်။ မအေးသည်ရှေ့မှစက်ဘီးကိုတွန်း။ သက်မာသည် ကျွန်တော့်ဘေးမှာရှိနေ မည်။သို့ဆိုပါလျှင် ဘယ်၍ကောင်းမည်နည်း။ သို့ပေမယ့်စိတ် ကူးသည်စိတ်ကူးသာဖြစ်၍ ညသည်လဲနက်မြဲတိုင်းနက်ကာသက်မာသည်လဲ ကျွန်တော့်ကိုကျောခိုင်းမြဲကျောခိုင်းလျှက် ထားခဲ့လေသည်။


*************************************************************

သက်မာနှင့်မတွေ့ခင်က နေ့မသိ၊ညမသိမူးရူးနေသော ကျွန်တော်သည်သက်မာနှင့် ဒုတိယ အကြိမ်ဆုံခဲ့သည့်အချိန်မှစ၍ အရက်ပြတ်သွားခဲ့သည်။ ကျွန်တော့်ကိုမှခပ်ဖယ်ဖယ်ဆက် ဆံတတ်သောသက်မာကို ခင်မင်ခွင့်ရအောင်ဖန်တီးရသည်မှာမခက်ခဲ။မအေး ကူညီနိုင် လေသည်။ မအေးမကူညီနိုင်သည်မှာ သက်မာတွင်ရည်မှန်းထားသူရှိမရှိကို ဖြစ်သည်။ ဘာ့ ကြောင့်လဲဆိုပါလျှင် မိဘမရှိတော့မှအစ်ကိုဖြစ်သူနှင့်အတူလာနေသည်မှာ သိပ်မကြာ သေး၍ဖြစ်သည်။ ထို့ကြောင့်ကျွန်တော့်နည်း ကျွန်တော့်ဟန်ဖြင့်သာ သူမကိုချည်းကတ် ရသည်။ကျွန်တော့်ဘ၀ကျွန်တော့်အကြောင်း။ကျွန်တော့်ဆိုးပေ မိုက်မဲမှု။ ဖေဖေ့ကိုထား၍ ကျွန်တော်တစ်ယောက်တည်းရွာပြန်လာခဲ့ရသည့်အကြောင်း။ ကျွန်တော်တတ် သလောက် မှတ်သလောက်ဖြင့် သက်မာကိုငိုပြ၍ကောင်းခဲ့သည်။ ကျွန်တော့် ခံစားချက်အမှန်ကို သက်မာထံမှာဝန်ခံပြောပြရသည်မှာ ပို၍အသက်ဝင်ခဲ့သည်။
ကျွန်တော်ပြောသမျှကို နည်းနည်းဖြစ်စေ၊များများဖြစ်စေနားထောင်မှတ်သားလျှက် သူမ ထောက်ခံစကားတစ်ခွန်းတစ်လေတောင်ပြောဖော်မရခဲ့။ အားပေးစကားပြောဖို့လဲ သတိ မရ။ ကျွန်တော့်မျက်နှာကိုသာ စေ့စေ့စိုက်ကြည့်လျှက်ဖြင့်သာ တိတ်ဆိတ်လွန်းအား ကြီး နေခဲ့သည်။ သက်မာ မသနားတတ်တာလား။ ကိုယ်ချင်းစာစိတ်မရှိတာလား။ ကျွန်တော် သက်မာထံမှနှစ်သိမ့်စကားလိုချင်လှသည်။ ကျွန်တော်ဒီ့ထပ်ပိုသည်းမခံနိုင်ပါ။
“ကျွန်တော်မှားနေသလား သက်မာ။ ဒါမှ မဟုတ် ကျွန်တော့်ကံကြမ္မာကပဲ မှားနေခဲ့တာ လား”
“အင်း.. မှားနေတာက ရှင့်အတွေးတွေပဲ။ရှင့်စိတ်တွေပဲ။ ဖြစ်သင့်လို့ ၊ဖြစ်ချိန်တန်လို့ဖြစ် လာတဲ့ အခြေအနေတွေမှာ လိုက်လျောညီထွေမနေတတ်တဲ့စိတ်၊အတွေးတွေကမှားယုံ တင်မကဘူး။အချိန်မှီ မထိန်းသိမ်းတတ်ရင် ရူးပါရူးနိုင်တယ်”
“ဗျာ”
“ဟိုးမှာတွေ့လား နေ၀င်တော့မယ်။ အဲ့လိုနေ၀င်တော့မယ်ဆိုတာကိုသိနေတဲ့ရှင်၊ငိုချင် စိတ်ဖြစ်သလား။ ၀မ်းနည်းသလား”
“ဟင့်အင်း မဖြစ်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်ဘ၀နဲ့ဘာဆိုင်နေလို့လဲ”
“ဆိုင်တာပေါ့။ နေ၀င်တာကို သိနေပေမယ့် သက်မာတို့မတားနိုင်ဘူးလေ။ ဆုတောင်း လို့လဲမရဘူး။ သွားဖမ်းထားလို့လဲမရဘူး။ သူ့ဖာသာသူဝင်မယ့်နေက ၀င်ချိန်တန်ရင်ဝင် မယ်။ အဲ့ဒီ့အသိကြောင့် သက်မာတို့ ဘာမှထူးပြီးခံစားမနေရဘူး။ ရှင့်ဘ၀ကိုရှင့်အဖေက လဲ ဒီလိုဘယ်ဖြစ်စေချင်ပါ့မလဲ။ ဒီလိုပဲ ရှင်ကလဲရှင့်ဘ၀ဒီလိုမဖြစ်အောင် ကြိုဆု တောင်း ခွင့်ဆိုတာမရှိဘူး။ ဒါကြောင့်ဖြစ်နေတာကို မပြင်ဆင်ပဲလက်ခံနိုင်ရမယ်။ ရှင့် စိတ် ရှင့်အ တွေးက ဒါကိုလက်မခံနိုင်တော့၊ငါ့မှာအပြစ်မရှိပဲ ငါတစ်ယောက်တည်းခံစား နေရပါလား လို့ထင်နေတယ်။ရှင်မေးဖူးလားရှင့်အဖေကို။ ညကအိပ်ပျော်ရဲ့လားဖေဖေလို့ လေ”
“ဗျာ”
“ရှင်မေးဘူးမယ်မထင်ပါဘူး။ တကယ်တော့ ရှင်ဟာရှင့်အတွက်နေရာကိုရှာရင်း နေရာ ပျောက်နေတယ်။”
“သက်မာ ကျွန်တော် သက်မာကိုချစ်တယ်”
“အချိန်တန်ရင် ရှင့်ဆီကဒီစကားကြားရမယ်ဆိုတာကြိုတွေးထားပါတယ်။ ဒါပေမယ့် ခုအ ချိန်မှာ သက်မာဆီမှာ သားထူးအတွက်နေရာမရှိသေးပါဘူး။ ဖြစ်စေချင်တယ် တစ်ခု ပဲ။ သားထူးဖေဖေဆီသားထူးပြန်ပါ။ ညကအိပ်ပျော်ရဲ့လားလို့တစ်နေ့တစ်ခါ မဟုတ်ရင် တောင် တစ်ပတ်တစ်ခါတော့မေးကြည့်ပါ။”
“အဲ့ဒီ့လိုမေးကြည့်ပြီးရင်ကျွန်တော့်ဘ၀ဘာပြောင်းလဲသွားမလဲသက်မာ။ ဖေဖေကအမှန် အတိုင်းမဖြေတဲ့အခါ ဘာဖြစ်မှာလဲ”
“ရှင့်ဘ၀နည်းနည်းတည်ငြိမ်လာလိမ့်မယ်။ ရှင့်အဖေအမှန်အတိုင်းမဖြေတာကို ရှင်သိလာ တဲ့အခါကျရင်၊ရှင်ချစ်သလို ရှင့်ဖေဖေကလဲရှင့်ကိုချစ်နေတယ်ဆိုတာ ရှင်အလိုလိုနား လည်လာလိမ့်မယ်”
“အမှန်အတိုင်းဖြေရင်ကော”
“ရှင့်အဖေ ရှင့်ကိုလိမ်ညာမပြောရက်လောက်အောင်ချစ်တယ်လေ”
“အာ ဘယ်လိုဖြေဖြေ.. ချစ်တယ်ဆိုတဲ့သတ်မှတ်ချက်ကြီးနဲ့ပါလား“
“အော် သားထူးကလဲ။ ဘယ်မိဘက မချစ်တဲ့သားသမီးရှိမှာတုန်း။ ဒါသတ်မှတ်ချက်မ ဟုတ်ဘူး။ သဘာဝ။ အမှန်တရား၊မသိရင်မှတ်ထား။ ကဲပြန်ကြစို့”
“အင်း သက်မာ။ ကျွန်တော် သက်မာဆီပြန်လာခဲ့မယ်နော်”
ခေါင်းမငြိမ့်၊ခေါင်းမခါ စကားတစ်ခွန်းမှမဆိုပါဘဲငေးကြည့်နေသည်မျက်ဆန်နက်နက်။ လေအရှိန်ကြောင့်လွင့်ထွက်သွားသည့် သူမခေါင်းစည်းလက်ကိုင်ပုဝါ။ လေမှာလွင့်ပါသွား သည့် ခေါင်းစည်းပုဝါကိုငေးကြည့်နေသည့်ကျွန်တော်တို့နှစ်ယောက်။ရာသီမဟုတ်ပါဘဲရွာ ချနေသည့်မိုးဖွဲဖွဲများကြားထဲမှာ အေးအေးသက်သာပင်ပြိုင်တူလှမ်းလျှောက်ခဲ့သည်။ အ တွေးကိုယ်စီဖြင့် စိတ်အာရုံကသိမှတ်ထားသည့်ခံစားချက်ဖြင့် ကိုယ့်အိမ်အရောက်ပြန်လာ ခဲ့ကြသည်။ကျွန်တော့်အိမ်ကို လွန်၍သက်မာလှမ်းလျှောက်သွားသည့် တိုင်ကျွန်တော်ရပ် ငေးနေမိသည်။ သက်မာနှုတ်ဆက်စကားမဆို။ ကျွန်တော်လဲ လက်ပြ နှုတ်ဆက်စရာမလို။


*************************************************************


“သက်မာလား။ အားရဲ့လား”
“အင်း မအားလဲအားရမှာပေါ့။ဒါများထူးပြီးမေးနေသေးတယ်။အလကားဖုန်းခကုန်တယ်။ ပြောလေ အချေအနေဘာထူးလဲ”
“အင်း ဖေဖေကျွန်တော့်ကိုချစ်တာ ကျွန်တော်ခံစားလို့ရပြီ သက်မာ”
“ကျွန်တော့်ကို ဖေဖေချစ်တာတော့ သိရပါပြီ။ဒါပေမယ့်.. မေမေ့ကိုဖေဖေချစ်ရဲ့လား ဆို တာ ကျွန်တော်ဘယ်လိုသိအောင်လုပ်ရမလဲ သက်မာ။”
“သက်မာ ဂျူတီပြန်ဝင်ရမယ်သားထူး။ ဒီတော့လိုရင်းတိုရှင်းပဲပြောပြမယ်။ ရှင့်ဖေဖေက ရှင့်မေမေကိုချစ်လွန်းလို့သူ့ရပ်သူ့ရွာမဟုတ်တဲ့နေရာမှာ လာနေတာတဲ့။ ပတ်ဝန်းကျင်က ပြောတဲ့သက်မာသိသလောက်ရှင့်မိဘတွေအကြောင်းပေါ့။”
“ကျွန်တော်ဖေဖေကိုယ်တိုင်ဝန်ခံတာကိုကြားချင်တယ် သက်မာ”
“ဒါဆိုရင်တော့ သက်မာ မကူညီနိုင်ဘူး။ ကဲ သက်မာ ဖုန်းချလိုက်တော့မယ်နော်”
“ကျွန်တော်သက်မာကို ချစ်တယ်”
“တူ..တူ”

စကားဆုံးဆုံးချင်းသက်မာဖုန်းချသွားလေသည်။ကျွန်တော့်စကားကိုတောင်မှ သက်မာ ကြားသွားပါရဲ့လား။တကယ်ပဲမအားတာလား။ကျွန်တော့်ကိုပဲရှောင်ချင်တာလား။ ဒီအဖြေ ကို သက်မာပဲမှန်အောင် ဖြေနိုင်ပါလိမ့်မည်။

*****************************************************

ကျွန်တော်မရှိသည့် ၆လတွင်မမမာမီ့အိမ်ကိုပြန်ရောက်နေ၍ မမခင်ပွန်းသည်ဒူဘိုင်းတွင် အလုပ်လုပ်ကိုင်နေလေသည်။ကျွန်တော်ပြန်လာတယ်ဆိုရင်ပဲဖေဖေကျွန်တော့်ကို အိမ်ကိုရ အောင်ခေါ်သွားခဲ့သည်။ အားလုံးကိုယ့်တာဝန်နှင့်ကိုယ်အသားတကျ သက်ဝင်လှုပ်ရှား နေကြချိန်တွင် ကျွန်တော်သည်လဲမာမီ့ဆိုင်မှ အရောင်းဝန်ထမ်းဝင်လုပ်ခဲ့သည်။ ကိုယ့်အ လုပ်ကိုယ်လုပ်ရင်း အရင်ကအားငယ်ခဲ့သမျှ တတ်နိုင်သလောက် မေ့ ထားနိုင်ခဲ့သည်။ ဖေဖေ့သားကျွန်တော် ပညာမစုံပေမယ့် ဘယ်အလုပ်ကိုမဆိုလုပ်ကိုင်နိုင်ကြောင်း ဖေဖေ အသိအမှတ်ပြုလာခဲ့သည့်အချိန်သည် ကျွန်တော်သက်မာ၏ အဖြေကိုရပြီး နှစ်လလောက် တွင်ဖြစ်သည်။ သက်မာကိုလွမ်းတိုင်း၊ဖေဖေရဲ့ ပြောင်းလဲလာတဲ့နွေးထွေးတဲ့ သဘော ထားကိုသက်မာထံ ပြောပြချင်တိုင်းကန့်သတ်ချက်မရှိ၊ နှမြောခြင်းမရှိပဲ သက်မာကို ကျွန် တော်ဖုန်းခေါ်ခဲ့သည်။ ကျွန်တော်ရသည့်ငွေသည် ဖုန်းကတ်ဖိုးသာဖြစ်ခဲ့သည်။ ကျွန်တော့် ရဲ့အားငယ်ပင်ပမ်းမှုသည် သက်မာနှင့်ဖုန်းပြောရတိုင်း ပြေပျောက်ခဲ့သည်မှာအမှန်ပင်ဖြစ် တော့သည်။
“သားထူး”
“ဗျာ..”
သက်မာနှင့်ဖုန်းပြောနေသဖြင့် ဖုန်းခွက်ကိုလက်ဖြင့်အသာပိတ်လျှက် အိပ်ခန်းဝမှဖေဖေ့ အနားသွားလိုက်သည်။ ကျွန်တော့်လက်မှဖုန်းကို တစ်ချက်ကြည့်လျှက်
“ဖုန်းချလိုက်တော့။ အောက်မှာ ချယ်ရီရောက်နေတယ်။ သူ့မိဘတွေလဲပါတယ်။”
“ အော် ။ ဟုတ်ကဲ့ဖေဖေ”
“သက်မာ..”
“အင်း..ဘာဖြစ်လို့လဲ ကို။ သက်မာဖုန်းချပေးရမလား။”
“အင်းအောက်မှာဖေဖေ့မိတ်ဆွေမိသားစုလာနေလို့။ဖေဖေလာခေါ်လို့။နောက်မှပြန် ဆက်မယ်လေနော်။”
“မဆက်နဲ့တော့။ ညနက်နေပြီ။ သက်မာမနက်စောစောဂျူတီရှိတယ်လေ။ နောက်နေ့မှ ပဲခေါ်တော့”
“အင်းအင်း”
ရှေ့မှဆင်းသွားသည့်ဖေဖေ့နောက်ကျွန်တော်ခပ်မြန်မြန်လိုက်ဆင်းလိုက်ခဲ့သည်။ ချယ်ရီ့ မိဘတွေကမာမီနှင့်စီးပွားရေးအကြောင်းတွေရေပတ်မ၀င်ပြောနေသည်။ ချယ်ရီကတော့ ညီလေးဘေးတွင်ပူးကပ်ထိုင်ကာ ညီလေးဆော့နေသည့်ဂိမ်းကိုဝင်လုတော့မတတ် ဖြစ်နေ သည်။ထိုင်နေသည်မှာအမြင်မတော်စရာ။ ပေါင်လည်လောက်သာရှိသည့်စကတ် တိုတိုကို ခြေချိတ်ထားသည်မှာအိုင်တင် တခွဲသားဟန်ဖြင့်။ သူ့ကိုသူစင်ကာပူနိုင်ငံသူများ မှတ်နေ သလားမသိ။ကျွန်တော်လူကြီးဝိုင်းနား မယောင်မလည်ကတ်သွားလျှက် ချယ်ရီ့မိဘတွေ ကိုနှုတ်ဆက်လိုက်သည်။
“အန်ကယ်.. နေကောင်းရဲ့လား။ဟိုတစ်လောကအန်ကယ်နေမကောင်းဘူးကြားတယ်”
“အော်အေးကွ။ ဟုတ်တယ်။သွေးနည်းနည်းတက်နေလို့လေ”
“အော်.. ကျန်းမာရေးလဲ ဂရုစိုက်ပေါ့အန်ကယ်ရယ်။ မနက်ရုံးတက်၊ညအင်တာနက်ဆိုင် ကိုဖွင့်နေရလို့ထင်ပါရဲ့”
“အေးကွာ။ဟုတ်ပါ့။အန်ကယ်လဲအဲ့ဒီ့ဆိုင်ကိုငှားချင်နေတယ်။မင်းမှာကအပေါင်း အသင်း များတယ်လေ။ လုပ်ပါဦး။ ပွဲဖြစ်ရင် အန်ကယ်မင်းကိုပြုစုပါ့မယ်”
“ကျွန်တော်တစ်ခုပြောချင်တယ်အန်ကယ်။ အန်ကယ်သဘောတူမယ်ဆိုရင်ပေါ့။ ဆိုင်က လဲ မာမီ့ဆိုင်အပေါ်ထပ်ဆိုတော့။”
“အင်းပြောပါဦးကွ။ မင်းဘယ်လိုစဉ်းစားထားလို့လဲ”
“အော် ဆိုင်နေရာကမဆိုးဘူးလေ။ ဖြစ်နိုင်ရင် ကျွန်တော်လက်လွှဲပြန်လိုချင်ပါတယ်။ ဒါပေမယ့်အန်ကယ်သိတဲ့အတိုင်း ကျွန်တော့်မှာကလဲစုထားတဲ့ပိုက်ဆံမရှိသလောက်ဆိုတော့။ လအလိုက်ဖဲ့ဖဲ့ဆပ်သွားမယ်လေ။ ဖြစ်ရဲ့လား”
“သားထူး ဘာတွေလျှောက်ပြောနေတာလဲ။ အားနာစရာ”
ဖေဖေ့အားနာသံက ကျွန်တော့်စကားကို ဟန့်တားလိုက်သည်။ဖေဖေ့စကားဆုံးတော့ ခပ်ပြုံးပြုံးဖြစ်နေသည့် ချယ်ရီ့ဖေဖေဟက်ဟက်ပက်ပက် ထရီလေသည်။
“ဟားဟား မလိုပါဘူးဗျာ။ရပါတယ်။ ဒါလဲဖြစ်တာပဲ။ မင်းလိုချင်ရင် အန်ကယ်ကဖြစ်အောင် လုပ်ပေးမှာပေါ့။ ပြီးတော့လဲ မင်းမာမီတစ်ယောက်လုံးရှိနေတာပဲ။ ဟဲဟဲ..မင်းကို မင်း မာမီလဲကူညီမှာပါကွ”
“အင်း ဟုတ်တာပေါ့ရှင်”
ချယ်ရီ့ဖေဖေ၏ ချည်ပြီးတုတ်ပြီးပြောသော စကားကြောင့်မာမီမျက်နှာကွက်ခနဲပျက် လျှက်အထိုက်အလျောက်ဖြေလေသည်။ ဖေဖေ့ကိုငဲ့ကြည့်တော့မာမီ့ကိုငေးကြည့် အကဲ ခတ်နေဟန်ုရှိသည်။ ကျွန်တော်ဒီအချိန်မှ ၀င်မတိုးလျှင်နောက်တစ်ကြိမ်ဆိုတာ မဖြစ်နိုင် တော့လောက်ပေ။
“ကျွန်တော် ဘယ်နေ့လောက်စလုပ်ရမလဲ အန်ကယ်”
“ဟေ...အော်အေး နောက်နေ့ညသာလာခဲ့ကွာ၊ အန်ကယ်လဲ အနားရတာပေါ့”
“ဟုတ်ကဲ့အန်ကယ်။”
ဖေဖေမာမီနှင့်ချယ်ရီ့မိဘတွေ ဘာတွေပြောနေကြမှန်းကျွန်တော်စိတ်ဝင်စား၍ မရတော့။ ထိုင်၍နေသော်လည်း စိတ်သည်အတွေးများဖြင့်သာရစ်ထွေးလျှက်ပြေးလွှားနေသည်။ ဒီ လုပ်ငန်းလေးသာ အောင်မြင်ခဲ့လျှင်.. ကိုယ့်အတွေးဖြင့်ကိုယ်တွေးကာ ပြုံးမိသည့်အချိန်၊ လူကြီးတွေဘာကို သဘောကျ၍ရီမောကြသည် မသိရောယောင်၍ထပ်ပြုံး လိုက်သည်။

**********************************************8

အင်တာနက်ဆိုင်ကိုဦးစီး၍လုပ်ကိုင်သလို၊ မာမီ့ဆိုင်ကိုပါဝိုင်းကူလုပ်ကိုင်ရင်း ကျွန်တော့် ဘ၀သည် ပိုပြည့်စုံလာသလိုရှိခဲ့၏။ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်ကြိုးစားခဲ့၍လည်း သုံးလေးလအတွင်းဆိုင်တွင်လူအတော်စည်လာသည်။မောပန်းသမျှ၊သက်မာကိုညတိုင်း ဖုန်းခေါ်ဖြစ်၍ညတိုင်းနီးပါးစကားပြောဖြစ်ခဲ့သည်။ ပြောဖြစ်ခဲ့သောအကြောင်း အရာများ သည် ကျွန်တော့်လုပ်ငန်းအောင်မြင်ကြောင်း၊သက်မာကိုဘယ်လောက်လွမ်းကြောင်း၊ ကျွန် တော်ရွာကိုခဏအလည်ပြန်လာခဲ့မည် ဆိုသည့်အကြောင်း။ သက်မာပြောသော လိမ်လိမ် မာမာနေ၍ကြိုးစားဆိုသည့်အကြောင်းများကိုလည်း ကျွန်တော်နားထောင်၍မ၀။ နေ့တိုင်းနီး ပါးမေးသော“နေကောင်းလား ကို”ဆိုသည့် သက်မာ၏ အသံလေးကိုလည်းကျွန်တော်မက် မောလှသည်။ကျွန်တော်တို့နှစ်ယောက်သားပြော၍မ၀နားထောင်၍ မဆုံးသည့်အခါ ကျွန် တော့်သူငယ်ချင်းများပါ ကျွန်တော်တို့အကြောင်းသိကုန်ကြတော့သည်။သူငယ်ချင်းများ ၏ပါးစပ်ဖွာမှုကို ကျွန်တော်အချိန်မှီမအုပ်နိုင်မှီပင်ကျွန် တော့်ဖေဖေသိသွားလေတော့သည်။
“သား...မင်းကိုဖေဖေ ချယ်ရီနဲ့ သဘောတူတယ်သား။ လူကြီးချင်းကလဲပြောပြီးဆိုပြီး ကြပြီ။ နောက်တစ်ပတ်ထဲစေ့စပ်မယ်”
“အာ ဖေဖေ ကလဲ။ သားတို့ကိုတိုင်ပင်သင့်တာပေါ့။ကြိုပြောသင့်တာပေါ့။ကျွန်တော် ချယ်ရီ့ကို လက်မခံနိုင်ဘူးဖေဖေ”
“အဲ့ဒီ့စကားက ကောင်မလေးဘက်ကပြောရမှာကွ။ မင်းလိုလူကိုမိဘကရွေးချယ်ပေး တာနဲ့ သူ့အဆင့်အတန်းကိုမေ့ပြီး လက်ခံပါ့မယ်ဆိုတဲ့ကတိပေးထားတာ”
“အဆင့်အတန်းက ဘာလဲဖေဖေ။ သူ့ကိုယ်သူ ဘာဆိုတာမေ့ပြီး၊ သူ့မိဘဘာလူမျိုးဆိုတာ မေ့ပြီးလက်တစ်ထွာသာသာ၊ မလုံ့တစ်လုံဝတ်တာ အဆင့်အတန်းလား။ စင်ကာပူနိုင်ငံက ပေးတဲ့ အင်ဂျင်နီယာဘွဲ့ရတာနဲ့ သူ့ကိုသူဟုတ်လှပြီထင်နေတာ အဆင့်အတန်းလား။ ယောင်္ကျားတစ်ကာနဲ့ပွဲတိုင်းတက်နေတာအဆင့်အတန်းလား။ဆေးလိပ်ကို လက်ကမချ၊ ဘီယာဆို လာထားဆိုတာ အဆင့်အတန်းလား”
“မင်းနဲ့ငါ အဆင့်အတန်းအကြောင်းဆွေးနွေးနေတာမဟုတ်ဘူး သားထူး။ ဒီတော့ မင်းသိ ထားဖို့က မင်းချယ်ရီနဲ့လက်ထပ်ရမယ်ဆိုတာသိထား။ မင်းအတွက်သူကသာအ ထောက် အပံဖြစ်မှာ၊သက်မာဆိုတာ မင်းကိုဘာမှ အထောက်အကူမပေးနိုင်ဘူး။ မင်းဒါ ကိုမြဲမြဲမှတ် ထား”
မိန်းမတစ်ယောက်ကိုလက်ထပ်ယူတာ အထောက်အကူရဖို့တဲ့လား။ မျှော်ကိုးချက်တွေ နဲ့ ကျွန်တော့်ကိုစင်ပေါ်ထိုးတင်ဈေးသတ်မှတ်လိုက်ခြင်း။ချယ်ရီကသာ ကျွန်တော့်ကိုဈေး ကြီး ကြီးပေးနိုင်သည်လို့ ဖေဖေကအသိအမှတ်ပြုလက်ခံလိုက်တဲ့ သဘော။ ရီဖို့ကောင်း လိုက် တာဗျာ။ ရောင်းသူနဲ့ဝယ်သူ အသံတူနေကြပုံများ။ ကျွန်တော်ကအင်းဝခေတ်က အိုးချမ်း ပဲ့မှ မဟုတ်တာ။ကျွန်တော်က နှစ်ပေါင်းရာထောင်ချီနေတဲ့ မလှုပ်ရှားနိုင်တဲ့လူ အရိုးစုကြီး လဲမဟုတ်ဘူးလေ။
ကျွန်တော့်ရင်ထဲမှာ ခံစားချက်တစ်ပုံတစ်ပင်ရှိတယ်၊ မျှော်လင့်ချက်ရာထောင်ချီရှိတယ်။ ကျွန်တော့်အိပ်မက်ကိုကျွန်တော်ကိုတိုင် အသက်သွင်းခွင့်ရှိတယ်။ ကျွန်တော်ဆုံးဖြတ် ချက်ချလိုက်သည်။ ကျွန်တော်ရွာပြန်ဖို့လေယာဉ်လက်မှတ်ဝယ်၍ ရွာကိုပြန်လာခဲ့သည်။ ကျွန်တော့်နောက်တွင်ကျွန်တော့်ဖေဖေ၊ကျွန်တော်မက်လက်စကျွန်တော့်အိပ်မက် အင်တာ နက်ဆိုင်ကလေး အားလုံးကိုခဏထားခဲ့လိုက်သည်။

မျှော်လင့်မထားသည့်မျက်ဝန်းများနှင့်ကျွန်တော့်ကိုကြိုနေသည့်သက်မာ။ ရွာကိုပြန် ရောက် ပြီးတစ်ပတ်ကျော်ကျော်တွင် ကျွန်တော်နှင့်သက်မာတရားရုံးတွင်လက်မှတ်ထိုး၍ ရက်မိ ရက်ဖများကိုအသိပေးကာ ကျွေးမွေးခဲ့သည်။ကတိုက်ကရိုက်ဖြင့် ဖြစ်လင့်ကစား အားလုံး အဆင်ပြေခဲ့သည်။ရွာတွင်တစ်လနီးပါးနေပြီး ကျွန်တော်စင်ကာပူကို ပြန်လာခဲ့သည်။ လက် ထပ်စာချုပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျှက် ကျွန်တော့်အင်တာနက် ဆိုင်လေးဆီသာ တန်း၍လာဖြစ်ခဲ့သည်။
တစ်ရက်နှစ်ရက်လောက်စောင့်ပြီးလျှင်ဖေဖေ့ကို အသိပေးရန်ဖြစ်သည်။ ကျွန်တော့်ဆိုင် ကလေးကို ကျွန်တော်ပြန်လည်လုပ်ကိုင်ခွင့်ကိုတော့ ကျွန်တော်မျှော်မှန်းမနေတော့။ ကျွန် တော့်ဆိုင်လေးတွင်ခဏခို၍ ကျွန်တော်အလုပ်ရှာရမည်။ သက်မာအတွက်၊ ကျွန်တော်တို့ အနာဂတ်အတွက်ကျွန်တော်ဦးဆောင်ရပေမည်။ကျွန်တော့်ဆိုင်မှာကျွန်တော်ထိုင်နေကျ ထိုင်ခုံလေးသည်လဲဦးထားနှင့်သူက အသင့်ရှိနေနိုင်သည်မှာလွဲနိုင်မည်မထင်။
ကျွန်တော်မရှိခင် ဆိုင်ကိုကြည့်ဖို့အခွင့်ကြုံသည့်မမ။ ကျွန်တော့်တတ်သည့် ပညာတိုင်း တုပသင်ယူမော်ကြွားချင်သည့်ညီလေး။ခုချိန်သည် သူတို့အတွက်တစ်ပန်းသာ နေသည့် အခြေအနေ။ ဒါကိုကျွန်တော်လက်ခံနိုင်သည်။လက်မခံနိုင်သည်ကနေ့လည်တိုင်းအလုပ်မှ ထမင်းစားနားခွင့်ရသည့်မမ။ဆိုင်ကိုလာကာ ကြီးကြပ်သည်။စီမံခန့်ခွဲသည်။ အဲ့ဒီ့ နေ့က ကျွန်တော့်ကိုမြင်သွားသောမမ။ ထမင်းထုပ်လေးကိုကိုင်ကာ ချက်ချင်းပင်ဆိုင်အောက်သို့ ဆင်းသွားလေတော့သည်။ ပြန်ပေါ်မလာတော့။ ပြန်ရောက်လာပြီလားဟုပင် နှုတ်ဆက် ဖော်မရ။
ညီလေးလဲဘာထူးပါသလဲ။ ကျွန်တော့ထိုင်ခုံတွင်ကျကျနနထိုင်၍ ကျွန်တော့်ကွန်ပျူတာ ကိုသုံးကာ မမ၏လက်ဝေခံ။မမပြီးလျှင် သူဆရာဖြစ်နေလေသည်။ အရင်ကကျွန်တော့် ဒေါသကိုကြောက်၍မော်မကြည့်ဝံ့သော ချာတိတ်လေးကသူ့ဘေးနားမှာရပ်နေသော ကျွန် တော့်ကိုတောင်အဖက်မလုပ်တော့။မကြောက်ရွံ့တော့။ “ငါ့ထိုင်ခုံမှာ မင်းဘာဝင် ထိုင်လုပ် နေတာလဲ”ဟုစနောက်၍မေးတာပင် မကြားချင်ယောင်ဆောင်နေ၀ံ့ပြီဖြစ်သည်။
ကျွန်တော့်စိတ်တွေဘာကြောင့်ချက်ချင်းခက်ထန်လာပါလိမ့်။ ကျွန်တော်ကိုယ်တိုင်မမျှော် လင့်တော့သော နေရာလေးတစ်ခုအတွက်ဘာကြောင့် များ နှမျောတွန့်တိုနေမိပါ လိမ့်။အို တစ်ဖက်ကကြည့်လျှင်လည်း ကျွန်တော်နှမျောတာပေါ့။ ကျွန်တော်စတင်လွှဲပြောင်းယူ ထားတဲ့လုပ်ငန်းလေး။ အောင်မြင်ရမယ်ဆိုတဲ့ ကျွန်တော့်မျှော်လင့်ချက် အိပ်မက်ကလေး။ ကျွန်တော်အားတက်သရော ကြိုးစားခဲ့တဲ့ဒီနေရာက မမလို၊ ညီလေးလိုချွေးမထွက်ပဲ အ သာလေးဝင်ထိုင်ဖို့ဖြစ်ခဲ့သည်လား။ ဘယ်မှာလဲကျွန်တော့်နေရာ။ ဘယ်မှာလဲ ကျွန်တော့် ကြိုးပမ်းမှု။ သူတို့ကျွန်တော့်ကို ပြုမူနေကြသည်က ကျွန်တော့်မှာ နေရာပျောက်နေသူလို ဖြစ်သည်။ သူတို့ရပြီးသားနေရာလေးကို ကျွန်တော်လုယူမှာ တွေးကြောက်နေကြသည်။ ကျွန်တော်ကအဲ့လောက်တောင် တန်ဖိုးမဲ့သည့်ကောင်ဖြစ်ခဲ့သည် တဲ့လား။


*************************************************************

ဖေဖေနှင့်ကျွန်တော်ကမ်းခြေတစ်လျှောက် ဘေးခြင်းကတ်၍အတွေးကိုယ်စီဖြင့်လျှောက် နေမိသည်။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကျွန်တော်တို့ရွာကမ်းခြေမှာလျှောက်သလိုတော့ တစ်ယောက်လက်ကို တစ်ယောက်တွဲမထားဖြစ်။ အရင်လိုပြည့်စုံလုံခြုံသည့် ခံစားမှုမျိုး လဲပျောက်နေသည်။ ကျွန်တော့်လက်ထဲမှာ လက်ထပ်စာချုပ်ကိုဆုပ်ကိုင်ထား၍ ဖေ့ဖေ့ လက်ထဲမှာအပြာရောင်ဖိုင်တစ်ခုကိုကိုင်ထားလေသည်။ ထိုဖိုင်ထဲတွင်ဘာစာရွက်တွေရှိ သလဲ ကျွန်တော်မသိ။ သိစရာလဲလိုမည်မထင်။
တစ်နေရာအရောက် ဖေဖေရပ်လိုက်သည်။ ကျွန်တော့်ကို ငဲ့ကြည့်၏။ ပြီးတော့ တစ်နေ ရာကိုငေးကြည့်ကာပြုံးနေသည်။ ဖေဖေငေးကြည့်ပြုံးနေရာနေရာသည် စနစ်တကျပြုလုပ် ထားသည့် ကျောက်ဆောင်။ ကျွန်တော်သိပါသည်။ ဖေဖေထိုကျောက်ဆောင်ကိုရွာမှ သ ဘာဝကျောက်ဆောင်လိုခံစားနေပေမည်။ ဖေဖေကောကျွန်တော်ပါ တိုင်ပင်စရာမလိုသည့် ခြေလှမ်းများဖြင့် ကျောက်ဆောင်ပေါ်တက်ထိုင်လိုက်သည်။
“ကျွန်တော် ရွာမှာ သက်မာနဲ့ လက်ထပ်ခဲ့တယ်ဖေဖေ”
“အင်း ဖေဖေသိပါတယ်။ မင်းဒီမှာမပျော်ဘူးဆိုတာလဲ ဖေဖေသိတယ်။ မင်းကိုအမြဲဆူ တဲ့။ မင်းကို ရွာမှာလို မဆက်ဆံတဲ့ဖေ့ဖေ့ကို မင်းနားမလည်ဘူးဆိုတာလဲသိတယ်။”
“ကျွန်တော်ပျော်ဖို့ထက် ကျွန်တော့်ကိုနားလည်ဖို့၊ ကျွန်တော့်ကို ဖေ့ဖေ့သားလို့နေရာပေး ဖို့ပဲ အမြဲလိုအပ်ခဲ့တာပါ။ အချိန်ပြည့် တစ်စိမ်းဆန်တဲ့အကြည့်တွေနဲ့ ကျွန်တော် ဘယ်နေ့ မှားမလဲစောင့်ကြည့်နေတဲ့ မျက်ဝန်းတွေရှိတဲ့မမကို ကျွန်တော်အစ်မတော် ထားရတာ၊ မင်း လောက်တော့ငါလဲသိပါတယ်၊ ငါလဲတတ်ပါတယ်ကွာလို့ ခြေရာချင်းတိုင်း နေတဲ့ညီကို မင်း ကငါ့ညီလေကွာလို့ပွင့်ပွင့်လင်းလင်းချစ်ခွင့်မရတာ။ ပြောပါဖေဖေ ကျွန်တော့်အတွက် ဖေ ဖေ ဘယ်နေရာကိုရည်စူးခဲ့တာလဲ။ ကျွန်တော့်ဖို့ထားဦး မေမေ့ကိုကောဖေဖေထည့် စဉ်း စားခဲ့လို့လား။ မေမေ အရွယ်မတိုင်ပဲသေရတာ ဘယ်သူ့ကြောင့်လဲ ကျွန်တော်မသိချင် ဘူး။ ဖေ့ဖေ့အတွက် မေမေနေရာက နံပတ်ဘယ်လောက်လို့ သတ်မှတ်ပေးထားသလဲ တော့ ကျွန်တော်သိခွင့်ရှိတယ်ထင်ပါတယ်။”
“သား... မင်းတို့သားအမိကနေရာဆိုတာပေးမှ ရတယ်လို့ ထင်နေကြတာကိုးကွ။ တကယ် တော့နေရာဆိုတာပေးမယ့်သူရှိရှိမရှိရိ လုပ်ယူသင့်ရင်လုပ်ယူရမယ်။ မင်းအမေ က သမီးဦး၊ သူ့ကိုသူ အကြီးဆိုပြီး တစ်မိသားစုလုံးတာဝန်ကို နိုင်နိုင်မနိုင်ထမ်းချင် တယ်။ ဖေဖေက မင်းအမေရွာ တံတားဆောက်တဲ့အရာရှိငယ်ထဲမှာပါခဲ့တယ်။ ပြီးတော့ ဖေဖေကတစ် ကောင်ကြွက်။မင်းအမေကိုမေတ္တာမျှမိတော့ ဖေ့ဖေ့ဇာတိကိုတောင်မပြန်ဖြစ်တော့ဘူး။ မင်း အမေကိုလက်ထပ်ယူခဲ့တယ်။ အလုပ်ကထွက်ပြီးရွာမှာပဲ မင်းအမေနဲ့အတူကြုံရာ လုပ်ကိုင် စားသောက်ခဲ့တယ်။မင်းအမေထမ်းမယ့်ဝန်ကို ဖေဖေပါဝန်ထမ်း ပေးခဲ့တယ်။ ဒါပေမယ့် ဖေဖေ့ရည်ရွယ်ချက်ကဒီလောက်နဲ့ရပ်နေဖို့မဟုတ်ဘူး။ ဖေဖေ နိုင်ငံခြားကိုထွက်တယ်။ ချို့ အတွက် ဖေဖေကအကြီးဆုံး တံတိုင်းကြီးဖြစ်ချင်ခဲ့တဲ့တွက် ဖေဖေရသမျှပိုက်ဆံ အကုန် လွှဲတယ်။ဒါပေမယ့်သုံးနှစ်နေလဲထူးခြားမဖြစ်ထွန်း။ ငါးနှစ် နေလဲဘာရှိသလဲမေး လို့မရတဲ့ အဆုံး ဖေဖေရွာကိုပြန်လာခဲ့တယ်။ အဲ့ဒီ့တော့မှသိလိုက်တာက မင်းဦးလေးက မင်းအမေ ကို နာမည်ခံပြီးဖေဖေပို့သမျှ ဒိုင်ခံသုံးဖြုန်းပြစ်နေ တာကိုး။ ဖေဖေမင်းအမေကိုယူတုန်းက ကိုယ်တိုင်ဆောက်ပေးခဲ့တဲ့ အိမ်ကလေးကိုတောင်ရောင်းပြီးသားငယ်ငယ်ကနေခဲ့တဲ့ အိမ် ကိုတောင်ရောက်နေပြီ။ ကဲ ဘယ်လောက် များလဲကွာ။ အစ်မကြီးဆိုတဲ့ သူ့နေရာကိုသူ့မှာရှိ သမျှတွေနဲ့ လဲနေရတာ။ ဖေဖေတော့ မတန်ဘူးထင်ခဲ့တယ်။
ဒီတော့ဖေဖေပြောတယ် ။ ချို ငါတို့နိုင်ငံခြားမှာပဲ အခြေချနေရအောင်လို့။ မင်းအမေ လက် မခံဘူးသား။ ဖေဖေဘယ်လိုပြောပြောလက်မခံတာနဲ့ ဖေဖေတစ်ယောက်တည်း ပြန်လာခဲ့ တယ်။ ချို့ကိုအဆက်အသွယ်ဖြတ်ပြစ်လိုက်တယ်။ ဒါပေမယ့် ချို့မှာသားရှိနေ ပြီလို့သိရတဲ့ အချိန်၊ချို ငါခဏပြန်လာမယ်မင်းဘာလိုလဲဆိုတော့ပိုက်ဆံတဲ့။ သူ့မောင်ရွာ မှာမူးရမ်းပြီး သူများအိမ်မီးရှို့လိုက်လို့အလျော်တဲ့။ သူတောင်းတဲ့ငွေကဖေဖေ့အတွက် မပြောပလောက် ပါဘူး။ဒါပေမယ့်ဖေဖေချို့ကိုဂတိတစ်ခုတောင်းတယ်။ဖေဖေ ပေးမယ် အဲ့ဒီ့ငွေ။ ဒါပေမယ့် ဖေဖေပြန်လာတဲ့အခါချိုဖေဖေနဲ့အတူလိုက်ခဲ့ရမယ်လို့။ ချိုက လာခဲ့ပါတဲ့။ ချိုတို့စဉ်းစားကြ တာပေါ့တဲ့။ ဖေဖေမင်းအမေလိုတဲ့ငွေကို ပိုက်ပြီးပြန်ခဲ့ တယ်။ ဒါပေမယ့် မင်းအမေပေးတဲ့ ကွာရှုင်းစာချုပ်ကိုပိုက်ပြီး စင်ကာပူကိုပြန် လာခဲ့ရတယ်။ ချိုဖေဖေ့ကိုပေးခဲ့တာ တစ်ခုပဲ သူ့ရွာလေးကနေခွာပြီး ဘယ်မှမသွားဘူးတဲ့။ ရှင်လာချင်တဲ့အချိန်လာခွင့်ရှိပါတယ်တဲ့။
လိုတိုရှင်းပြောရရင်တော့ကွာ။ မင်းမာမီက သမီးတစ်ယောက်အမေမုဆိုးမ။ စင်ကာပူမှာ သူ့ယောက်ကျားဆုံးပြီးခိုကိုးရာမဲ့နေတဲ့အချိန် ဖေဖေနဲ့တရားဝင်လက်ထပ်ဖြစ်ခဲ့ကြ တယ် ။”
“ဟင် ဒါဆို ညီလေးကမှ သားညီလေးအရင်းပေါ့ ဟုတ်လားဖေဖေ။”
“ အင်း ဟုတ်တယ် သား။ ဖေဖေမင်းကို မင်းအမေလိုမဖြစ်စေချင်ဘူးသား။ ဖေဖေ့လိုလဲ ညံ့ဖျင်းတဲ့အိမ်ထောင်ဦးစီး မဖြစ်စေချင်ဘူး။ ဒီတော့ သားရွာပြန်မယ်ဆိုရင်လဲ ပြန်ပါ။ ဒီမှာ အခြေချမယ်ဆိုလဲသက်မာကို ရအောင်ခေါ်နိုင်အောင်ကြိုးစား။ ဒီဖိုင်ထဲမှာရွာက မင်း မေမေရောင်းခဲ့တဲ့ဖေဖေကိုယ်တိုင်ဆောက်ထားတဲ့တိုက်ကို ပြန်ဝယ်ထားတဲ့စာချုပ်။ ဖေဖေ သားကို ဒါပဲပေးနိုင်တာ စိတ်မကောင်းဘူးကွာ။ ထပ်ပြောမယ် မပေးတဲ့နေရာကို မင်းထိုင် စောင့်မနေနဲ့သား။ မင်းကိုယ်တိုင်နေရာပေးလာအောင်လုပ်ယူရလိမ့်မယ်။ ချိုကတော့ သူ့ မောင်မပေးတဲ့နေရာကိုသေတဲ့အထိစောင့်သွားရှာတယ်။”
“စိတ်ချပါဖေဖေ။ ကျွန်တော်သက်မာကို ရအောင်ခေါ်မှာပါ။ ကျွန်တော်ကြိုးစားမယ်။ ပြီး တော့ ဖေဖေ့အပေါ်အထင်လွဲခဲ့တာတွေအတွက် သားကန်တော့ပြီး တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါဖေဖေ”
ကျောက်ဆောင်ပေါ်မှာပင် ဖေဖေ့ကိုထိုင်ရှိခိုးလိုက်သည်။ မျက်ရည်ခိုးဝေ့နေသည့် ဖေ့ဖေ့ မျက်လုံးတွင်းမှမေတ္တာအတိမ်အနက်ကိုကျွန်တော် ထင်ရှားစွာပင်မြင်နိုင်ခဲ့ပြီဖြစ် သည်။
“ညက အိပ်ပျော်ရဲ့လား ဖေဖေ”
“ဘယ်လိုအဖြေမျိုး သားလိုချင်သလဲ။ ဘယ်လိုအဖြေဆိုရင် သားစိတ်ချမ်းသာနိုင်မလဲ”
အို မြတ်စွာဘုရား။ မိဘမေတ္တာသည် အရှိန်မပြတ်ဆီးစင်းနေသည့် ရေတံခွန်ကဲ့ သို့ပါလား။ ငြိမ့်ခနဲအေးခနဲဖြစ်သွားသည့်ခံစားချက်ဖြင့်ပင် ဖေဖေ့ကိုဖက်တွယ်ထားမိသည်။ ကျွန်တော့် မျက်ရည်သည် ဖေဖေ့ရင်ထဲကရေသောက်မြစ်ဖြစ်၍ ဖေ့ဖေ့မျက်ရည်သည်ကျွန်တော့် ခံ စားချက်များကိုအရည်ဖျော်ပြစ်ခြင်းဖြစ်ပေလိမ့်မည်။

***************************************************

“နေရာ” ဆိုသည့် စကားစုကရိုးရိုးရှင်းရှင်းလေးပင် ဖြစ်လင့်ကစားလူတစ်ယောက်၏ ရလိုမှု တွေနှင့် အစွန်းလွတ်ချင်မှလွတ်လိမ့်မည်။ ဖြူစင်သည့်ရယူလိုမှုတွေနှင့်ပေးဆပ်မှုတွေရော ပြွမ်းကောင်းရောပြွမ်း နေနိုင်သည်။ ပူလောင်သည့် အတ္တဇော ရယူလိုမှုတွေနှင့်လဲ ငြိနေ နိုင်သေးသည်။
အလုပ်လုပ်နေသူက ရာထူးနိမ့်ရာမှ မြင့်ရာနေရာသို့ရောက်ဖို့ အားကုန်ကြိုးစားခွင့်ရှိကြ သည်။ အထက်လူကြီးပေးမှရမယ့်နေရာအတွက် ဖားတန်ဖားကြောက်တန်ကြောက် ဟန် ဆောင်ကောင်းနိုင်မည့် သူရှိသလို။ ရိုးသားစွာ အားသွန်ခွန်စိုက်ကြိုးစားနေသူများလဲရှိနေ နိုင်သည်။
မိဘမောင်နှမရှိသည့်သူကလဲ သူ့အတွက် တစ်နေရာစာနေရာကို မိဘမောင်နှမတွေဆီ မှ ထိုက်သင့်စွာပိုင်ဆိုင်ချင်ခဲ့မှာပါ။ ရှာဖွေခဲ့မိကြမှာပါ။ ကိုယ့်အတွက်နေရာလေးရဖို့ ဘာတွေ ဘယ်လောက်စွန့်လွှတ်ရသလဲ၊ ဘာတွေအနစ်နာခံခဲ့ရသလဲ၊ကိုယ်လိုချင်တဲ့ နေရာအတွက် ပင်ပမ်းကောင်းပင်ပမ်းပါလိမ့်မယ်။ ပြန်ရမယ့်နေရာလေးအတွက်ပဲ သူတို့တွေ အသက်ရှင် သန်ချင်ကြမှာပါ။
ကျွန်တော့်ဖေဖေကောင်းမွန်စွာ မထူထောင်နိုင်ခဲ့တဲ့အိမ်ထောင်ရေး၊ကျွန်တော့်မေမေရဲ့စွန့် လွှတ်စွန့်စား အစ်မကြီးပီသချင်တဲ့စိတ်၊ကျွန်တော့်ရဲ့ အစိတ်စိတ်အမွှာမွှာကွဲကြေနေသည့် ဘ၀။ကျွန်တော်တို့တစ်မိသားစုလုံး နေရာဆိုတဲ့စကားကိုသိကြပြီး တစ်ယောက်ကိုတစ် ယောက်နေရာမပေးတတ်ခဲ့ကြဘူး။ နေရာဆိုတဲ့စကားလုံးအထားအသိုကို သတိမမူခဲ့ကြ ဘူး။နှစ်ပေါင်းမြောက်များစွာခံစားချက်တွေကြိုးပဲ့ထွက်ကုန်တယ်။ ဘ၀မှာမျှော်လင့်ချက် တွေမဲ့ကုန်တယ်။ အဆုံးကျတော့တစ်ယောက်ကို တစ်ယောက်နားမလည်ပေးနိုင်တော့ဘူး။
တကယ်တော့နေရာဆိုတာ လူတစ်ဦးတိုင်းတစ်ယောက်တိုင်းရဲ့ ခံစားချက်မျှော်စင်လေးပါ။ တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးလွန်းအားကြီးတဲ့အခါ ခဏလေးပင်ဖြစ်လင့်က စား ဂရုတစိုက်နေရာပေးမယ့်အချိန်လေးကို မျှော်လင့်တတ်ကြပါတယ်။ ပြန်ရနိုင်သည်ဖြစ် စေ၊ မရနိုင်သည်ဖြစ်စေ (လောင်းကြေးသဘောအနေနှင့် ပြောကြည့် မည်ဆိုလျှင်) ပုံအော ၍ပေးဆပ်ခဲ့ကြမည်မှာအမှန်ပင်။ ပြန်ရခဲ့သည့်အခါ ငါပဲလေဟု အားတက်စိတ်ချမ်းသာသ လောက်။ ပြန်မရနိုင်သည့် အကြိမ်ပေါင်းများစွာနှင့်တွေ့ကြုံခဲ့ ချိန်မှာတော့ဝမ်းနဲကြေကွဲရုံမှ တစ်ပါးအခြားမရှိပါချေ။ ထိုဝမ်းနဲသည့်စိတ်သည် ခဏ လေးနှင့်ပြေပျောက်နိုင်သည်လား။ အချိန်တော်တော်ကြာအောင် ကိုယ့်စိတ်ကိုမင်းမူ ထိုးနှက်နေတတ်သလား.. ကိုယ်ပေးခဲ့တဲ့ စိတ်ခံစားချက်၊ကိုယ်ပေးခဲ့တဲ့မေတ္တာအတိမ် အနက်ပေါ်တွင် မူတည်နေပြန်သည်။
တစ်ခါတစ်ရံကြတော့လဲကိုယ်ကနေရာတစ်ခုအတွက်ကိုယ့်ဘ၀၊ ကိုယ့်အချိန်ကို ဇတေးရဲ သလောက် ကိုယ်နှင့်နှီးနွယ် ပတ်သက်တဲ့သူက ကိုယ်ရဲ့ရွေးချယ်မှုအတွက် ဘ၀ဆိုတာ ပျောက်သွားတတ်ပါသေးတယ်။ခံစားချက်က ထုံကျဉ်သွားတတ်တယ်။ နားလည် မှုတွေက အောက်ဆုံးအဆင့်ကျရောက်သွားတတ်ပြန်ပါတယ်။
ကျွန်တော့်မေမေရွေးချယ်ခဲ့သည့်နေရာသည် ဖေဖေ့ကိုဟိုးအဝေးကိုတွန်းပို့သလို၊ ကျွန် တော့်ကိုလဲ ဇဝေဇ၀ါစိတ်တွေနှင့်သာ အသက်အရွယ်ရစေသည်။ ဒါပေမယ့် ကျွန်တော် မေ့မေ့ကို စိတ်ဆိုး၍မရ၊ စိတ်နာ၍မရ။ ကျွန်တော့ကလေးဘ၀တစ်လျှောက်လုံး ဝေ့သီ မှုန်မှိုင်းနေသည့်မေမေ့မျက်ဝန်းများကို အကြိမ်ပေါင်းမြောက်များစွာ မြင်တွေ့ခွင့်ရခဲ့ သည်။ ဖေဖေ့ကိုတမ်းတသည့်စိတ်။ ကျွန်တော့အတွက်သောကမကင်းသည့် ခံစားချက်။ တစ် ယောက်တည်း အထီးကျန်သည့်စိတ်တွေဖြင့်မိခင်နှင့်မောင်ငယ်ကို မေမေ့ဘ၀တစ်ဝက်ဖဲ့ ပေးခဲ့ရသည့်ခံစားချက်သည် မေမေ့ဘ၀အတွက်တော့ဖျက်မရသည့် အနာရွတ်ပင်ဖြစ်ပေ လိမ့်မည်။ ထို့အတွက်လည်းမေမေ ကျေနပ်စွာခံယူတတ်ခဲ့မှာပါ။ ထိုလမ်းသည် မေမေကျေ နပ်စွာ ရွေးယူထားသည့် လမ်း။ထိုနေရာသည် မေမေရွေးချယ်ထားသည့်နေရာပင်ဖြစ်ခဲ့ သည်မဟုတ်ပါလား။
ကျွန်တော်တို့သားအဖနှစ်ယောက်ကတော့ မေမေရဲ့ပါရမီဖြည့်ဖက်များပင်ဖြစ်ခဲ့ချေမည်။ ထို့အတွက်ဖေဖေစိတ်နာခဲ့သလား ကျွန်တော်မသိ။ ကျွန်တော်ဖေဖေ့ကို နှစ်ပေါင်း များစွာ စိတ်နာခဲ့သည်။ ကျွန်တော့ကို ဘယ်သူ့ဆီမှာမှနေရာမရအောင် ဖေဖေလုပ်ခဲ့သည်ဟု ဘ၀ တစ်ဝက်စာခံစားခဲ့ရသည်။ဖေဖေ့ကိုချစ်သော်လည်း ကျွန်တော့်မေမေကို ပြစ်ထားခဲ့သည့် ဖေဖေ့ကို ကျွန်တော်မုန်းမိခဲ့သည်။ထို့အတွက်ကျွန်တော်သည် လူကန့်လန့်ဖြစ်ခဲ့ချေသည်။ ကျွန်တော်သည်ဖေဖေ့အတွက် သားမိုက်တစ်ယောက်ဖြစ်ခဲ့ပေမည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော့်အတွက် နားခိုစရာနေရာတစ်နေရာတော့ အမြဲလိုနေခဲ့သည်။ ကျွန်တော်ဆိုသည့် သားမိုက် တစ်ယောက်ကိုဖေဖေပေးမည့် နေရာ၊ ကျွန်တော်နှင့်အဖေ တူအမေကွဲမောင်နှမတွေပေးမည့်နေရာ။ထိုနေရာသည်ဖေဖေပေးချင်လျှက် မပေးနိုင်သည့် နေရာ။ ကျွန်တော့်မောင်နှမတွေ မပေးချင်လို့မသိချင်ယောင်ဆောင်ထားသည့်နေရာ။ ကျွန် တော်ရသင့်သည့်နေရာဖြစ်သည်။
ခုတော့ ကျွန်တော့အတွက်နေရာသည် ဖေဖေ့ရဲ့စိတ်ထဲမှာကျိန်းသေရှိသလို၊ သက်မာထံ တွင်လဲ အသေအချာရှိသည်ဆိုတာ ကျွန်တော်သိခွင့်ရနိုင်ခဲ့ပြီ။ထို့အတွက် ကျွန်တော်ပေးခဲ့ သည့်အရာတွေသည် ကျွန်တော့ကိုနေရာတစ်ခုဖန်တီးပေးခြင်းမျိုးလား။ဘာပဲဖြစ်ဖြစ် ခဏ လေးဖြစ်စေဦး ကျွန်တော်ပျော်ပါသည်။ကျွန်တော့်အတွက် ဒီနေရာသည် ကျွန်တော်နှင့်သာ အထိုက်တန်ဆုံးဖြစ်သည်မဟုတ်ပါလား။ လူတစ်ယောက်အတွက်နေရာတစ်နေရာသည် သူနှင့်သက်ဆိုင်သည့်ပတ်ဝန်းကျင်တွင် အ မှန်တကယ်ကျိန်းသေလိုအပ်လှသည်မဟုတ်ပါလား။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...