Powered By

Free XML Skins for Blogger

Powered by Blogger

“လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ဗါစရိယ မိနှင့်ဖ”ဟု ကျွန်မတို့ ကောင်းကောင်း သိထားကြတဲ့ စကားလေး ရဲ့ အကျယ်အ၀န်းကို တကယ့်ခံစားချက်နဲ့ အမှန်တကယ် နားလည်လက်ခံတဲ့သူ ဘယ်နှစ်ရာခိုင်နှုံး ရှိသလဲလို့ ကျွန်မ ကိုယ့်ထမင်းကိုယ်စားပြီး စစ်တမ်းကောက်ကြည့်ချင်ပါတယ် ရှင်။ စစ်တမ်း အစစ်အ မှန်ဖြစ်ဖို့ မဲပေးစရာတော့ မလိုဘူးပေါ့ရှင်။:D

မိဘတိုင်းဟာ သားသမီးတိုင်းအတွက် တကယ့်လက်ဦးဆရာပါ။ ဒါကိုလက်ခံဖို့ ကျွန်မတို့ ဘယ်သူ့ ထောက်ခံချက်မှမပါပဲ ရဲရဲဝံ့ဝံ့ဆိုဝံ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ယုံကြည်လက်ခံတဲ့ အချိန်ဟာ အနည်းငယ်တော့ နောက်ကျကောင်း နောက်ကျနေနိုင်ပါတယ်။ အဲ့ဒီ့နောက်ကျနေတဲ့ သူတွေထဲမှာ ကျွန်မလဲ ထိပ်ဆုံးကအမှန်တကယ် ပါဝင်နေပါတယ်။ :D(ဒီလိုပြောလို့ မိဘကျေးဇူးကို ထိုင်ပြီး ဆော်ကား နေသူလို့တော့အထင်မစောစေချင်ပါဘူး)

ကျွန်မစောစောက ကြိုတင်ပြောခဲ့ပါတယ။် အမှန်တစ်ကယ် နားလည်လက်ခံတဲ့သူလို့။ တစ်ကယ် တော့ နားလည်တာနဲ့ လက်ခံတာဟာမျဉ်းတစ်ကြောင်း တည်းမှာရှိနေပေမယ့် အချိုးကျချင်မှ ကျတတ်တာပါ။ နားလည်ပြီး လက်ခံတဲ့ရှိသလို နားမလည်ပဲ လက်ခံထားရတဲ့သူတွေလဲ ရှိနေ နိုင်ပါတယ်။ ကျွန်မကတော့ နားမလည်ပဲ လက်ခံထားရတဲ့သူ စာရင်းထဲမှာပါပါတယ်။

ငယ်စဉ်ကလေးဘ၀ထဲက အရိပ်တကြည့် ချစ်ကြ၊သွန်သင်ဆုံးမကြနဲ့ အစွမ်းကုန် မြေတောင်မြှေက် ပေးကြသလို အစွမ်းကုန် ပိတ်ပင်တားဆီးမှုတွေလဲ ရှိနှင့်နေပါတယ်။ဒါကြောင့် ကျောင်းမနေခင် တွတ်တီး တွတ်တာ ပြောတတ်တဲ့အရွယ်ကတည်းက အမိအဖကို ချစ်ကြောက်ရိုသေကြရပါတယ်။ အမိအဖ၏ အမူအကျင့်ကို ကောင်းတာရော ဆိုးတာပါတုပ သင်ယူကြပါတယ်။ မသိမသာသင်ယူ ခဲ့တဲ့ အကျင့်စ ရိုက်လေးတွေဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ အင်မတန် ရင့်သန်နေခဲ့ပါပြီ။ ကောင်းတာကို တုပသင်ယူခဲ့ကြလျှင်တော့ ရင်လေးစရာ မကောင်းလှပေမယ့် မကောင်းတာကိုသာ တုပသင်ယူ ခဲ့ကြလျှင်ဘ၀စာမေးပွဲမှာ ဖျက်စရာခဲဖျက်ပေးမထားပါဘူး။

ကျွန်မကတော့ အမေ့အပြောအဆိုနဲ့ စာဖတ်ဝါသနာပါခြင်းကို လက်ခံထားသူပါ။ အဖေ့အမူအကျင့်၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံကိုလည်း မသိလိုက်မသိဖာ သာရထားပါတယ်။ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မလေ့လာ အားကျခဲ့တာအမေပါ။ကျွန်မအမေက အဖေနဲ့မတူပဲ လူဝင်ဆံ့ပါတယ်။ ဘယ်နေရာ ရောက်ရောက် အမေမသိတဲ့သူရှားပါတယ်။ ကျွန်မမသိတဲ့ ကျွန်မအရွယ် ရပ်ကွက်ထဲက မိန်းက လေးတွေကို အမေသိသလို ခင်လဲခင်ပါတယ်။ ကျွန်မ သိခဲ့တဲ့ခင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေကို ကျွန် မသာမေ့ချင်မေ့သွားမည်။ အမေကတော့ သူသတိရတိုင်း မေးတတ်သည်။ တစ်ခါတစ်ရံ အမေနဲ့ ဈေးလိုက်သွားတဲ့အခါကျွန်မ မေ့နေပြီဖြစ်တဲ့ ကျွန်မငယ်သူငယ်ချင်းကို သမီးရယ် သူကသမီး သူ ငယ် ချင်းဘယ်သူလေ၊ သမီးနဲ့ ဘယ်အတန်းတုန်းက အတူတက်ခဲ့တာဟု အတိအကျ ပြန်ပြောပြ တတ်သည်။ ကျွန်မကတော့ အမေပြောမှ အင်းအဲလုပ်ရင်း မှေးလိုက်နေခိုက် အမေနှင့်ကျွန်မငယ် သူငယ်ချင်းလေးကတော့ ငယ်ပေါင်းကြီးဖော်တွေလို ပြောဆိုရီမောနေသည်မှာ ကျွန်မက ဘေးလူ သာသာပင် ဖြစ်ချေတော့သည်။

ကျွန်မကလဲ အမေ့အတုကို အတိအကျပင်ခိုးပါသည်။ အမေ့အသိများဖြစ်ကြသော အမေ့သက်တူ ရွယ် တူမဆိုထားနှင့် အမေ့ထက် အသက်အရွယ် ကြီးသူများကိုပင် ကျွန်မ ခင်ခင်မင်မင်ပေါင်း သင်းတတ် သည်။ ကျောင်းမနေခင်ကတည်းက အမေ့လက်ကိုဆွဲ ဘုန်းကြီးကျောင်းလိုက်သွားခဲ့ ရသော ကျွန်မမှာ အမေ့မိတ်ဆွေ သီလစောင့်တည်သူများကြားထဲတွင် ချစ်စရာကလေးလေးမှ တစ်ဆင့် အရွယ်ရောက် လာတဲ့အထိ နေရာပေး ခင်မင်တတ် ကြသည်။ လူကြီးများကလဲ စကား တတ်သော ကျွန်မကို ချစ်ကြသည်လေ။ ငယ်ငယ်ကတည်းက ဘုန်းကြီးကျောင်းနှင့် အကျွမ်းတ၀င် ရှိခဲ့တဲ့ကျွန်မ လူကြီးသူမကို ချစ်ရမယ်မှန်း၊ ရိုသေရမှန်း တွဲကူဖေးမရမယ်မှန်း သင်စရာမလို တတ်ခဲ့ သည် မှာလဲ အမှန်ပင်။

အမေမခင်တဲ့သူလဲရှားပါတယ်။ အမေက ပျော်ပျော်ရွှင်ရွှင်နောက်နောက် ပြောင်ပြောင် အင်မတန် နေ တတ်ပါတယ်။ စကားလဲ အင်မတန်များပါတယ်။ နှုတ်သွက်လျှာသွက် ဆိုသလိုမျိုးပေါ့။ အမေ့ရဲ့ အား လပ်ချိန်ဆိုလျှင်တော့ ချက်ပြုတ်စားသောက်၊ အိမ်သန့်ရှင်းရေးလုပ်ပြီး ရေမိုးချိုးပြီးလျှင် တစ် ရေးတစ် မောမအိပ်ခင် အမေလုပ်တတ်တဲ့တစ်ခုတည်းသော အလုပ်ကစာဖတ်ခြင်းပါ။ ပြီးတော့ တစ်ခုရှိပါ သေးတယ်။ အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားအင်မတန်လုပ်ပါတယ်။

ဘယ်လောက်များ ဘုရားတရားလုပ်ပါသလဲဆိုလျှင် ကျွန်မငယ်ငယ်က အမေနဲ့အတူ အိပ်ယာဝင်ဖို့ အမေဘုရားရှိခိုး ပုတီးစိပ်တာကို ဘေးမှာထိုင်စောင့်နေရာမှ၊လှဲလျောင်း၍ တစ်မျိုး၊ လှဲလျောင်း နေရာ မှ အိပ်ပျော်သွားတဲ့အထိပင်ဖြစ်ပါသည်။ အိပ်မပျော်ခင်အထိတော့ အမေဆိုသမျှ ဘုရားစာ ကိုကြား ရဖန်များလို့နားကြားနဲ့တင် ကျွန်မအလွတ်ရပြီး အမေနှင့်အတူ တိုးတိုးလိုက်ဆိုမိတတ်မြဲပါ။ ကျွန်မရဲ့ ညအိပ်ရာဝင်နည်းက အမေ့ဘေးခွေခွေလေး အိပ်ပြီး အကျိုးအကြောင်း အနက်အဓိပယ် မသိတဲ့ ဘုရား ရှိခိုးအမျိုးမျိုးကို သင်ယူခြင်းပဲဖြစ်ပါတယ်။
ကျွန်မလဲအမေ့လိုပင် တွေ့သမျှကြုံသမျှ သူငယ်ချင်းမှန်သမျှကို ခင်တတ်ပါသည်။ ကျွန်မသူငယ် ချင်း များလဲကျွန်မကို ခင်ကြပါသည်။တစ်ခုပဲပေါ့လေ ကျွန်မခင်ခဲ့တဲ့သူကို အကြောင်းမတိုက်ဆိုင် လျှင်မေ့ လျော့ပြစ်တတ်တာလေး တစ်ခုကတော့အတော်ဆိုးပါတယ်။ :D ပျော်ပျော်ရွှင်ရွှင် နောက် နောက် ပြောင်ပြောင် နေတတ်တဲ့နေရာမှာ၊ သူငယ်ချင်းတွေပြောလာသမျှကို ပျက်လုံးထုတ်တတ် လွန်းလို့ လူ ရွှင် တော်လုပ်စားလို့ရပြီဟု အတိအကျပင် ဂုဏ်ပြုခံထားရသည်။ နောက်တစ်ခုက အချိန်အားအား မအားအား ချောင်ကတ်ပြီး တွေ့ရာစာအုပ်ဖတ်နေတတ်တာပင်။ ငယ်စဉ်ကတော့ ကျွန်မလက်စွဲက ရွှေသွေးဂျာနယ်။ တစ်ပတ်တစ်ခါထွက်တဲ့ ရွှေသွေးကိုဖတ်လဲဖတ် ပုံတူလဲလိုက် ဆွဲနဲ့ ကျွန်မစာဖတ် မပျင်းခဲ့ပါဘူး။ လက်တည့်လဲစမ်းတဲ့အနေနဲ့ ပုံတူလိုက်ဆွဲရတာကို ပျော်ခဲ့ဘူးပါ တယ်တယ်။ ခြွင်း ချက်ကတော့ ကျောင်းစာတော့ မပါဘူးပေါ့လေ။ :D နဲနဲလေးအသက်ကြီးလာ တော့ ဂျာနယ်တွေမှ တစ်ဆင့် မဂဇင်း။ မဂဇင်းမှတစ်ဆင့်ကဗျာတွေ ၀ထ္တုတွေဖတ်ရင်း စာတွေက တဆင့်လူ့အကြောင်း သိသမျှသင်ယူပါတယ်။

ကျွန်မအဖေကတော့ လူအေး၊လူရိုးတစ်ယောက်ပဲဖြစ်သည်။ ဘယ်သူ့ကိုမဆို အေးအေးချမ်းချမ်း ပြုံးပြတတ်တဲ့ သူလဲဖြစ်သည်။ ဘယ်သူ့ကိုမဆို သည်းညည်းခံသူလဲဖြစ်ပါတယ်။ အင်မတန်အားနာ တတ်တဲ့ သူလဲဖြစ်တယ်။ ကိုယ့်ဘ၀ကိုယ်ကျောင်း ဘွဲ့တစ်ခုရအောင်ယူခဲ့တဲ့အဖေ။ စည်းကမ်းကြီး တဲ့ နေရာမှာထူးချွန်တဲ့အဖေ။တစ်နေ့အသုံးစရိတ် တစ်နေ့မှတ် တတ်တဲ့အဖေ။ ခြံဘေးပတ်ပတ် လည် မြေပို ရှိသမျှလဲ စိုက်တတ်ပျိုးတတ်တဲ့ အဖေ။သူ့ထက် အသက်ကြီးကြီး ငယ်ငယ် “ကျွန်တော် လို့” ကျိုးကျိုးနွံနွံ ပြောဆိုတတ်တဲ့ အဖေ။ ကျွန်မလေ့လာ အတုခိုးခဲ့တဲ့ကျွန်မ အဖေအကြောင်း တွေမှာတော့ ဇာတ်တို့ အငြိမ့်တို့အဖေအင်မတန်ကြိုက်နှစ်သက်ပါသတဲ့။

ကျွန်မလဲ အဖေ့လိုပင် လူအေးမလေးတစ်ယောက်ဖြစ်ပါတယ်။ လူရိုးတစ်ယောက်တော့ မဟုတ်တာ ၀န်ခံပါတယ်။ ကျွန်မငယ်ငယ်ကသူများလို မျောက်ရှုံးအောင်မဆော့တတ်ခဲ့ပါဘူး။ တစ်နေရာ တည်းမှာထိုင်ပြီး အေးအေးသက်သာ ငြိမ်ငြိမ်ထိုင်ဆော့တတ်ပါတယ်။ ကျွန်မရှိနေလို့ ဆော့နေမှန်း တောင် မသိနိုင်တဲ့ အနေအထားမျိုးနဲ့ပေါ့။ အသက်အရွယ်ကြီးလာတော့လဲ သူများကို ပိုးခနဲ၊ ပက် ခနဲ ပြန်ပြောဖို့ ၀န်မလေးတတ်တဲ့သူငယ်ချင်းတွေကြားမှာ လူအေးတစ်ယောက် အဖြစ် နေပျော် တုန်း ပါပဲ။ ကျွန်မကို ဒုက္ခပေးတဲ့သူငယ်ချင်းမှန်သမျှကိုလဲ ခပ်ပြုံးပြုံးနဲ့အေးအေးစက်စက် ကြည့် တတ် လွန်းတဲ့ ကျွန်မပါ။ မနာလိုဝန်တိုစိတ်ရှိသူကို တုန့်ပြန်ပြောဆိုဖို့ထက် သည်းညည်းခံလိုက်ဖို့ကို ကျွန်မအဖေက ရှေ့ကသင်စရာမလိုပဲ ကျွန်မအတုယူတတ်မြောက်ခဲ့တယ်။ လကုန်အထိ သုံးဖို့ရ ထားတဲ့ မုန့်ဖိုးတွေ ကိုသူငယ်ချင်းတွေနဲ့ မုန့်ဆိုင်အတူထိုင်တိုင်းအားနာပါးနာ ထုတ်ထုတ်ရှင်းတတ် လွန်းလို့ လမကုန်ခင် အသုံး စရိတ်ပြတ်သွားတတ်ပါတယ်။ သူငယ်ချင်းတွေ တစ်ပြန်ပြန် ရှင်းပေး မယ့် မုန့်ကျွေးပွဲတွေဆိုလဲ အားနာဗိုက်ဆာလျှက်က ငြင်းတတ်ပါသေးတယ်။ အဲ့လောက်အထိကို အဖေ့ဗီဇနဲ့ကျွန်မ လူတွင်ကျယ် လုပ်ခဲ့တာပါ။

အဖေ့လို ကိုယ့်ဘ၀ကိုယ်မကျောင်းခဲ့ရပေမယ့် ကိုယ့်ဘ၀ကို ကိုယ်ကျောင်းရဲဖို့ အမြဲသတ္တိတွေလဲ ရှိနေခဲ့ပြန်ပါတယ်။စည်းကမ်းကြီးတဲ့နေရာမှာလဲ အဖေ့ခြေရာ တစ်ဝက်လောက်တော့ ကျွန်မနင်း နိုင်သည် ဖြစ်သည်။ ကျွန်မ သိမ်းဆည်းထားသည့်အရာများနေရာရွေ့နေလျှင် မြင်တာနှင့်သိသလို စိတ်လည်း အင်မတန်ဆိုးတတ်ပါသည်။်သူ့နေရာနှင့်သူထားသော ပစ္စည်းများဟိုရောက် ဒီပျောက် ဖြစ် နေလျှင်လည်း စည်းကမ်းဆိုတာ ဘယ်လို၊ညာလိုဟု အဖေ့ထက်ဦးအောင်အစ်ကို ၊ အစ်မတွေ ကိုမန်း မှုတ်ဆရာလုပ်တတ်ပါသေးသည်။ ကျွန်မကိုယ် တိုင်လည်း စည်းကမ်းရှိရှိနေ ထိုင်သလို၊ စည်းကမ်းရှိ သူများကိုလည်းအားကျအတုယူမိတတ်၏။

ကျွန်မကအဖေ့လို တစ်နေ့အသုံးစရိတ်တစ်နေ့ မမှတ်တတ်။ အမေ့လို ဒီနေ့ဘာသုံးတယ်၊ ဘာက ဘယ်လောက် ဟု လက်တန်းရွတ်ပြတတ်သူပင်။ အဖေစိုက်သမျှအပင်ကို စိတ်မ၀င်စားပေမယ့် မိုးတွင်းရောက်တိုင်း အဖေနှင့်ကျွန်မ အတိုက်အခံငြင်းကြသည်မှာ သစ်ပင်ရေလောင်းခြင်းအ ကြောင်း။ ကျွန်မက မိုးရွာနေတာတောင် အပင်တွေကိုရေထွက် လောင်းတတ်တဲ့ အဖေ့ကိုတား မြစ်တတ်၏။ အဖေကလဲသူ့သဘာဝ မျှတတဲ့ရေတော့လိုတာပေါ့ဟု ပြောဆိုကာ ရေထွက်လောင်း တတ်မြဲ။ အဖေကသူမှန်တယ် ထင်လျှင်အလျော့ မပေးတတ်၊ ကျွန်မကလဲ ခေါင်းမာကာတားမြစ် မြဲတားမြစ်တတ်သည်မှာ အလျော့မပေးတတ်သည့် အဖေ့ဥာဉ်အတိုင်း။ ကျွန်မလဲ အဖေ့လိုပင်အတု ခိုး၍ “ကျွန်တော်”ဟု ပြောတတ်သေးသည်။ မသိသူတွေကတော့ကျွန်မကို ယောင်္ကျားလျာပေါ့ လေ။ :D

ကျွန်မက အဖေ့လို ဇာတ်ပွဲ၊အငြိမ့်ပွဲမကြိုက်တတ်ပေမယ့် မိုးလင်းအောင် ဗီဒီယို အခွေခိုးခိုး ကြည့် တတ်၏၊ သီချင်းမှန်သမျှနားထောင်တတ်၍ တစ်ပိုင်းတစ်စရသည့် သီချင်းများကို ကိုယ့်သဘောနှင့် ကိုယ်စိတ်ကူးတည့်ရာစပ်ဆိုတတ်သေးသည်။

ကျွန်မ ငယ်ငယ်ကနေ ဒီအသက်အရွယ်ရောက်တဲ့အထိ မိဘတွေရဲ့ အမူအကျင့်၊ အနေအထိုင်၊အ ပြောအဆို ကို မသိမသာသင်ယူခဲ့မှန်း တစ်နေ့ကအထိ လက်ခံရုံလက်ခံခဲ့တာပါ။ သေသေချာချာ နားမလည်ခဲ့ပါဘူး။အမိအဖတိုင်း သားသမီးများ၏ ရှေ့ဆောင်လက်ဦးဆရာ ဖြစ်ခဲ့သည်မှာ နားလည် ရုံသက်သက်နှင့်မဖြစ် နိုင်သလို လက်ခံရုံနှင့်လဲ မပြီးမြောက်သေးပါ။ နားလည် လက်ခံမှ သာ ပြီးပြည့် စုံပေလိမ့်မည်။

မသိမသာသင်ပေးခဲ့တဲ့ မိဘတွေစိတ်ထဲမှာကော သူတို့၏ပုံတူကားချပ်များဖြစ်တဲ့ သားသမီးများကို အသွင်တူဖယောင်းရုပ်လေးများအနေဖြင့် ကျေနပ် ဂုဏ်ယူနေနိုင်သလို၊ အော် မကောင်းတဲ့ ငါ့အ မူအကျင့် ငါမသင်ရပဲ ငါ့သားသမီးလေးတွေတတ်မြောက်ထားပါလားလို့ ၀မ်းနည်းထိခိုက်နေမှာလဲ အမှန်ပင်ဖြစ်တော့သည်။

ဘယ်လိုပင်ဖြစ်ဖြစ် ကျွန်မတို့အကောင်းဆုံး လေ့လာသင်ယူခဲ့ကြသည်မှာလဲ အမှန်ပင်ဖြစ်တော့ သည်။


စုသဲဖြူ...

ဆက်ဖတ်ချင်ရင်...

“ကိစ္စများမြှောင် လူတို့ဘောင်” ဆိုတဲ့အတိုင်း လူတိုင်းကိုယ့်ဘ၀တွေနဲ့ကိုယ် ကိစ္စများနေကြသူများ ပဲဖြစ်ပေလိမ့်မည်။ သူများကို အချိန်ပေးဖို့ထက် ကိုယ်ကိုယ်တိုင်ပင် အချိန်မလောက်တော့ သူများ ကိုယ့်အချိန်လာဖြုန်း လျှင် အင်မတန်စိတ်တိုဖို့ ကောင်းလှသည်။

ကျွန်မ စိတ်တိုစရာနှင့်ရင်ဆိုင်နေရသည်မှာ ရက်တော်တော်ကြာနေပေသည်။ သူ့ကိစ္စကိုယ့်ကိစ္စ လုပ်ပြီး လူချင်း သိတာ၊ခင်တာမှဖြင့် မကြာသေးဘူး အကူအညီကတောင်းလာပြီ။ တော်ရုံပေါ့ပေါ့ ပါးပါး၊သူတစ်ပါးကို မထိခိုက်သည့် ကိစ္စဆိုလျှင်ဖြင့် ကူညီလိုက်ချင်ပါသည်။ အမြင်မတော်တာ တွေ့လျှင် ကူညီချင်သည့် စိတ်သည် မြန်မာ တစ်ယောက်၏ ပင်ကိုယ်စရိုက်ပင်ဖြစ်ပေလိမ့်မည်။ မကူညီနိုင်သည့် ကိစ္စဖြစ်နေလျှင်လည်း မကူညီနိုင်ပါဟု ပြတ်ပြတ်ပြော စကားစဖြတ်ဖို့လဲ မြန်မာ အတွေးဖြင့် အားနာနေမိပြန်သည်။
အလိုက်သင့်ပြော၊အလိုက်သင့်နားထောင်၊အလိုက်သင့်ခေါင်းငြိမ့်ရင်း သူပြောပြသမျှ သူ့ဇာတ် လမ်းကို မှန်တယ် မှားတယ် မဝေဖန်မိသေး။ အလုပ်ဆင်းတာနှင့် သူ့ဇာတ်လမ်းကလဲ အလိုလို မေ့သွားတတ်မြဲ။ (မမေ့ရှိပါ့မလား သူ့ဇာတ်လမ်းက ငွေဈေးအတက်အကျလောက် တောင်မှစိတ်ဝင် စားဖို့ မကောင်းတာ)မနက်ဖန် အတွက်ပြင်ဆင်စရာရှိတာပြင်ဆင်။ရန်ကုန်လူကြုံရှိလျှင်ပြေးဝယ်၊ ပြီးလျှင် လူကြုံ ပို့။ ကိုယ့်ဘ၀နှင့် ကိုယ်ဇာတ်တိုက်လို့ရှုပ် ပွနေသည်။ တစ်လစာမကတော့သည့် မီးပူတိုက်ဖို့တွေကလဲ မျက်စောင်းထိုးနေပြီ။
မနက် အလုပ်ရောက်လို့ သစ်လွင်နေတဲ့ အားအင်တွေတောင် ကြာလာတော့ သူ့ကိုတွေ့တာနှင့် ညစ်ညူးလာသည်။ “အားသလား”လို့ စကားအစမချီလာနဲ့ အလုပ်ရှုပ်ချင်ယောင် ဖမ်းဆောင် လိုက်ရတာ တကယ့် အကယ်ဒမီလျှော့။ မျက်ခုံးတွန့်ကွေး၊ စာရွက်တွေ ကိုင်လိုက်ချလိုက်။ တကယ့် ကို အလုပ်များတာပါ။ သူဌေးလစ် ရင်တော့ Gtalk ၀င် Chat ရတာကလွဲရင်ပေါ့။
သူကလဲ လည်လိုက်တာမှ ပန်ကာထိပ်သီး။ ဘယ်လောက် အလုပ်များချင်ယောင် ဆောင်နေပါစေ သူပြောချင်ရာ ပြောပြီးမှ ပြန်သွားတတ်သည်။ စိတ်ဆိုတာကလည်း ခက်သားလားနော်။ တစ်နေ့ မဟုတ်၊တစ်လမက ပြောဖန်များလာတော့လဲ သူ့ဇာတ်လမ်းကို အလွတ်တောင်ရချင်နေပြီ။ သူ့မျက် နှာ ဇီးရွက်လောက်ကိုလဲ ကိုယ်ချင်းစာနေပြီဖြစ်သည်။ သူ့ကို ကျွန်မဘယ်လိုကူညီရမလဲ။ ဘယ်လို ကူညီသင့်သလဲ တွေးကြည့်မိတယ်။ ဘယ်လိုစဉ်းစားစဉ်းစား သူ့ကိုကူညီဖို့ ကျွန်မဘယ်လိုမှမတတ် နိုင်၊ မလုပ်နိုင်သည့်ကိစ္စဖြစ်နေပြန်သည်။
နောက်ဆုံးတော့ သူ့ကိုကျွန်မတတ်နိုင်သည့် အကြံဥာဏ်တစ်ခုပေးမိသည်။ သူမှမင်းကိုသတိမရ တော့တာ မင်းလဲ သူ့ကိုမေ့လိုက်တော့ပေါ့၊ ဒါများလွယ်လွယ်လေး၊ ဘာခက်သလဲပေါ့။ သူကျွန်မကို ဘာပြန်ပြောသလဲဆို..
ခုပြန်ပြောရလျှင် ခုရင်နာစရာ၊ရှက်စရာပါ။

“မင်းတို့ မြန်မာတွေ အဲ့ဒီလိုပဲလား၊ ဘယ်အရာကို မဆိုလွယ်လွယ် သဘောထားတတ်သလား၊ မင်းတို့ရင်ထဲမှာ ခံစားချက်မရှိဘူးလား၊ ချစ်တတ်တဲ့ အသဲနှလုံး မရှိဘူးတဲ့”
သူက သူ့ကောင်မလေးကို ပြောချင်ဇောနဲ့ ကျွန်မအပါအ၀င် မြန်မာလူထု တစ်ရပ်လုံးကို စော်ကား လိုက်တာပါ။ အစော်ကားခံလိုက်ရတဲ့ ကျွန်မမျက်နှာ တည်တင်းမာထန်သွားပါတယ်။ သူ့ကိုဘယ် လို တုန့်ပြန်မလဲ စကားရှာနေမိပါတယ်။ သူကကျွန်မ မျက်နှာကို မရဲတရဲကြည့်ပြီး တောင်းပန်ပါ တယ်။ (အကူအညီ လိုချင်လို့လဲ ဖြစ်နိုင်ပါတယ်။)
“ငါ မင်းကို ပြောတာ မဟုတ်ပါဘူးတဲ့”

သူရှင်းမှ ပိုဆိုးတော့သည်၊ ပို၍မခံမရပ်နိုင်ဖြစ်ရသည်။ ကျွန်မကိုမပြောလျှင် ကျန်တဲ့မြန်မာအားလုံး ကို သူပြောချင်တာပေါ့။ ကျွန်မဒေါသကို ကြိုးစားထိန်းသိမ်းထားရ၏။လုပ်ငန်းခွင်မှာ ဘယ်လို ပြစ်ချက်မှ ကျွန်မ မလိုချင်ပါ။ အကြောင်းက သူသည်ကျွန်မတို့ Company ၏ Customer ဖြစ်နေ သည်။ Customer is always right ဟု ဆိုသည်မလား။

နောက်ပိုင်း ကျွန်မသူနဲ့ ထိပ်တိုက်ဘယ်တော့မှ စကားမပြောဖြစ်တော့။ သူ့ကိုအမြဲရှောင်မိသည်။ တစ်နေ့တော့ အလုပ်ကလဲပါး၊ သူကလဲခါတိုင်းလို သုန်သုန်မှုန်မှုန်မဟုတ်ပဲ စစနောက်နောက် စကားတွေပြောနေတော့ ကျွန်မ အလိုက်သင့်ပြန်ပြောနေလိုက်သည်။

မကြာပါဘူး၊ ပြောလာပါပြီ။ သူနှင့် သူ့ကောင်မလေး (မြန်မာမလေး) အကြောင်းပါ။ သူဌေးကလဲ ဘေးမှာရှိနေတဲ့ အချိန်ဆိုတော့ မလှုပ်သာဘူး။ သူပြောသမျှ စိတ်မပါဘဲ အင်း၊အဲ လုပ်နေရတယ်။ ကြာတော့ သူဌေး မနေနိုင်တော့ဘူး၊ လူမျိုးတူတဲ့ သူဖြစ်တာကြောင့် သူတို့ဘာသာစကားနဲ့ မေးနေ၊ပြောနေကြတယ်။ အဲ့ဒီ့တော့မှ ကျွန်မ အသက်ရှုချောင်ပြီး ဘာမှလုပ်ပေးစရာမလိုတဲ့ Customer တွေနားပြေးကပ်နေလိုက်တော့တယ်။

သူလဲ ပြောလို့ဝမှ ထပြန်သွားတယ်။ သူဌေးခေါ်လို့ဆိုလို့ သူဌေးဆီမသွားချင်ပဲသွားရသည်။ သူဌေး ကျွန်မကို ဘာများပြောတော့မှာလဲပေါ့။ အလုပ်နှင့် မဆိုင်တာကို လုပ်နေတာလားဟုမေးလျှင် ကျွန် မတော့ခက်ပေ တော့မည်။ သူဌေးပြောသောစကားကို ကျွန်မနားစိုက်ထောင်ရင်းတစ်ဖြေး ဖြေးနားလည်လာသည်မှာ။ ဟိုလူ လူရှုပ် သူ့ပြသနာကို ကျွန်မကိုပါ ဆွဲခေါ်အဖျားခတ်သွား ခြင်းဖြစ်သည်။

သူဌေးပြောပြသမျှ ကျွန်မသိသိကြီးနှင့် ငြိမ်နားထောင်နေရသည်။ နားရည်ဝရုံမကလို့ နားရည်ပါ လျှံ နေသည့် အကြောင်းအရာတွေပဲ ဖြစ်သည်လေ။ သူ့ကောင်မလေးကို အရမ်းချစ်သည့်အ ကြောင်း။ ညတိုင်းသူ့ကောင်မလေးကို ထမင်းခွံကျွေးတာ၊ နေ့လည်တိုင်း Tea ပို့ပေးတာ။ ကောင်မ လေးရတဲ့ လစာအကုန် ရန်ကုန်ကိုလွှဲစေ တာ။ ကောင်မလေးနဲ့ သူရည်းစားသက်တမ်း ၅လမှာ ပြတ်သွားတာ။ ပြတ်ရတဲ့အကြောင်းက မြန်မာတွေဆုံရပ်ဆီ သွားတဲ့ကောင်မလေးကို သူပါလိုက်ဖို့ ပြောတာ ဘယ်တော့မှ ပြောမရတဲ့အကြောင်းကတစ်ကြောင်း၊ သူ့ကို ခေါ်မသွားပဲ တစ်ခြားကောင် လေးတွေနဲ့သွားတာကို သူသိတဲ့အကြောင်း။ ကောင်မလေးက သူ့အစ်ကိုလို့ပြောပေမယ့် သူမယုံ ကြောင်း၊ တစ်ကယ်သာ အစ်ကိုဆိုရင် သူ့ကို Boyfriend တစ်ယောက်အနေနဲ့ မိတ်ဆက်ပေးလို့ တိုက်တွန်းမိတာကြောင့် ကောင်မလေးက သူ့ကိုထားခဲ့တဲ့ အကြောင်းပေါ့။

“သူ..သူ့ကောင်မလေးနဲ့ပြန်တွဲချင်နေတယ်။ သူတစ်ကယ်ချစ်တာလို့ ငါထင်တယ်။ မင်း ကူညီနိုင် လျှင် ကူညီလိုက်ပါတဲ့”
ပြတ်တဲ့သူကလဲ ပြတ်လို့ထားခဲ့ပြီ။ ကျန်ခဲ့တဲ့သူကလဲ ဘာများဝမ်းနည်း ဇာတ်လမ်း အရှည်ဆက် ချင်နေမှန်း စဉ်းစားလို့မရပါဘူး။ ခက်တာက ကျွန်မကို ကြားထဲက Agent ၀င်လုပ်ခိုင်းနေတာပဲ။ မသကာပြေလည်ရင် အကြောင်းမဟုတ်။ မပြေလည်ရင်... တစ်လမ်းတည်းမှာ အလုပ်လုပ်နေသူ အချင်းချင်း၊ မြန်မာမိန်းကလေး အချင်းချင်း မိတ်ပျက်တော့မည်။ သူ့အကြောင်းကိုသိလို့ ရှက်ရမ်း အရမ်းခံရဖွယ်လဲ ကြိုမြင်မိသည်။
ဒီ့ထက်ပိုဆိုးတဲ့အချက်က သူဌေးကော၊ကောင်မလေးရဲ့ ရည်းစားပါ မသိတဲ့အချက်က ကျွန်မနဲ့ ကောင်မလေးနဲ့ သိနေတယ် ဆိုတာပါပဲ။ အသိအစ်မတစ်ယောက် မိတ်ဆက်ပေး၍ သိခဲ့ခြင်း ဖြစ်သည်။
ဘယ်လိုနည်းနဲ့ ဖြစ်စေ ကျွန်မဒီပြသနာကို ၀င်မပါသင့်။ သူဌေးကော ဘာကော ငဲ့မကြည့်နေတော့။ ကျွန်မ မလုပ်နိုင်ကြောင်း သူဌေးကို ပြောလိုက်သည်။သူဌေးကလဲ နားလည်လက်ခံရှာပါသည်။
ဒီမျှနှင့် ပြသနာက မပြီးသေး။ သူ့ရည်းစားအကြောင်း ဘာကဘယ်လိုဆိုတာပြောနေတုန်း။ ကျွန်မ စိတ်ညစ်လှပြီ။ စင်ကာပူမှာ အလုပ်တစ်နေရာရဖို့သာ မခက်ခဲဘူးဆိုလျှင် ကျွန်မအလုပ်ထွက်ချင် နေပေပြီ။ အလုပ်မထွက်နိုင်တော့လဲ အခက်။သူပြောတိုင်းလဲ နားငြီးနဲ့။ တစ်နေ့တော့ တွေးမိတယ်။ သူပြောတာသေချာ နားထောင်ပြီး သူတို့ နှစ်ယောက်ရဲ့ရှုပ်ထွေးနေမှုကို တစ်ခုချင်းဆွဲဖျဉ်ဖို့ပါ။
တစ်နေ့ သူကျွန်မကိုပြောပြနေပါတယ်... သူ့ကောင်မလေးကို သူတွဲတဲ့၅လမှာ သူ့ငွေ၇၀၀၀ကျော်(စင်ကာပူ ဒေါ်လာ)ကုန်သွားတယ်တဲ့။ ခုငွေပိုပေးနိုင်တဲ့သူဆီ ပါသွားပြီတဲ့။ရီချင်စရာလဲ အကောင်း သား။ စဉ်စားလဲ ကြည့်ပါဦး။ သူတစ်ကယ် ချစ်တာပါလို့ အကြိမ်တစ်သောင်းမက ပြောနေတာပါ။ ဒီလို ချစ်ပါတယ်ဆိုတဲ့သူက ဒီလိုထည့်တွက်စရာ လိုပါသလား။


ကျွန်မ သူ့ကို အတော်မြင်ပြင်းကတ်နေတာပါ။ သူပြောသမျှ ယုံစရာလို့လဲ ဘယ်တော့မှတွေးမိမှာ မဟုတ်ပါဘူး။ ကျွန်က သူပြောတာကို ခပ်သာသာ ရီမောဖြစ်ပြီး ငြိမ်နားထောင်နေလိုက်ပါတယ်။


သူ စကားဆက်ပါတယ်။သူ့ကောင်မလေးရဲ့ အမေနဲ့သူဖုန်းပြောဖူးပါတယ်တဲ့။ သူ့ကိုလဲ ကောင်း ကောင်း မွန်မွန် လက်ခံစကားပြောပါတယ်တဲ့။ ခုသူရန်ကုန်သွားမယ်။ ကောင်မလေး အမေဆီမှာ သူ့ကောင်မလေးကို သွားတောင်းမယ်။ သဘောတူရင် အတည်ယူမယ်ပေါ့။ ခက်နေတာက ရန်ကုန် လိပ်စာပါ။ သူရန်ကုန်လိပ်စာကို မသိဘူး။ ရန်ကုန်လိပ်စာရဖို့ ကျွန်မက ကောင်မလေး ဖုန်းကိုဆက် ပြီး ဖုန်းမှားဟန်နဲ့ပြောပေးပါ။ မြန်မာချင်းဆိုတာသိ၊ သိတာနှင့် ဟိုပြောဒီပြောဖြင့် ရန်ကုန်လိပ်စာ ရအောင် တောင်းပေးပါတဲ့။စကားက ဒီဘူတာပဲ ဆိုက်တာပါ။
“ငါ မလိမ်တတ်ဘူး” အားမနာပါးမနာ ကျွန်မ ချက်ချင်း ငြင်းလိုက်သည်။ မတတ်နိုင်တော့ဘူးလေ။ သူ့ဟာက အတော်လွန်လာပြီ။ ပထမက သူတို့နှစ်ယောက် အဆင်ပြေအောင် ပြန်အောင်သွယ်ခိုင်း တယ်။ခုတော့ လိပ်စာလိမ်တောင်းခိုင်းတယ်။ သူပြောသမျှသာ အားနာနာနဲ့လျှောက်လုပ်ပေးရလျှင် ဦးခေါင်းတောင် အကောင်းတိုင်းကျန်ခဲ့ဖို့မမြင်ဘူးကိုး။
............................................................................................................................
ကျွန်မသေချာတွေးမိတယ်။ လောကမှာ ဘယ်သူမှန်လို့ ဘယ်သူမှားနေပါသလဲ။ သေချာတာက တော့ အမှန်ဖြစ်ဖြစ် အမှားဖြစ်ဖြစ် တစ်ခုတည်းရှိရမယ့်အရာပါ။သူ့အပြော သူမှန်တယ်ဆိုလျှင် ကောင်မလေးဘက် ကမှားနေတယ်ပေါ့။ ကောင်မလေးကိုသွားမေးကြည့်လျှင်လည်း သူမှန် ကြောင်းပဲပြောမှာ။
လက်ခုတ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ ဖြစ်ကြောင်း ကျွန်မတို့ မြန်မာအားလုံးသိထားနှင့်တဲ့ အဆိုဖြစ်သည်။ ဒါကို ပြုပြင်ချင်တဲ့ အစ်မတစ်ယောက်နှင့် ကျွန်မဆုံဘူး ခင်မင်ရင်းနှီးဘူးခဲ့သည်။ သူက ဘာပြောသလဲဆိုလျှင် “လက်ခုတ်ဆိုတာ နှစ်ဖက်တီးမှ မြည်ပေမယ့်၊ တစ်ဖက်ကရပ်ထား နောက်တစ်ဖက်ကတီးကြည့်တဲ့ အသံနဲနဲတော့ ထွက်တယ်တဲ့”။
ကဲ......ဒီတော့ သူတို့နှစ်ယောက်မှာ နှစ်ယောက်လုံးကပဲ တီးနေ၍ အသံမြည်နေခြင်းလား၊ တစ် ယောက်တည်းကပဲ တီးလို့ အသံထွက်နေခြင်းလား။
ကျွန်မသဘောကတော့ ရှင်းပါတယ်။ အသံမထွက်အောင်၊ အတီးမခံရအောင် (ရပ်ထားတဲ့ လက်ခုပ်လိုမျိုး)ဝေးဝေးနေလိုက်ကြဖို့ပါ။ သူ့ကိုအဲ့လိုပြောပြဖို့ ကျွန်မ အချိန်ယူနေခဲ့တယ်။ အဲ့လို အချိန်ယူနေတုန်း တစ်နေ့ သူရောက်လာပါတယ်။ မျက်နှာက မှုန်ကုပ်နေတာပါပဲ။ သူလာနှုတ်ဆက် တာတဲ့။ သူ့ နိုင်ငံခဏအလည်ပြန်မယ့် အကြောင်းပြောပါတယ်။ သူညည အိပ်မပျော်တာ ကြာလျှင် မလွယ်တာမို့ စိတ်ပြေ လက်ပျောက်ပြန်လည်ခြင်းပေါ့။
ကြားရတဲ့ ကျွန်မ ၀မ်းသာအားရပင် ထောက်ခံလိုက်မိသည်။ကောင်းတယ် သွားပေါ့။ကျွန်မ ၀မ်း သာမှု ကြာရှည်မခံပါဘူး၊ ဘာလို့ဆို သူ့ကောင်မလေးကို ဘယ်လောက်ချစ်ကြောင်းစပြောနေပါပြီ။ သူ့ကို၅လလောက် ထမင်းခွံကျွေးခဲ့တဲ့ သူ့ခံစားချက်ကို နားမလည်ဘူးတဲ့။ သူ့အသည်း တော်တော် မာတယ်တဲ့။ ကြောင်ကလေး ခွေးကလေးတောင် အစာကျွေးရင် သခင်ကိုသိတယ်။ သခင်ခိုင်းတာ လိုက်နာတယ်တဲ့..............ပြောရင်း သူငိုပါလေရော။
ဘုရားပေးပေး ကျမ်းပေးပေးပါ။ ကိုယ့်ရှေ့မှာ ယောင်္ကျားတစ်ယောက်ငိုတာ ဒါပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းပါ။ သူ့ကို ကျွန်မစာနာမိသလိုပါပဲ။ ဒါပေမယ့် ကောင်မလေးကိုလဲ အပြစ်မြင်ကြည့်လို့ မရသေးပါဘူး။ ကျွန်မက ကြားလူပဲလေ။ သူတို့ အကြောင်းကို သူပြောသလောက်ပဲသိတာပါ။ ဒါကို သူမှန်ပါတယ်လို့ ထောက်ခံရအောင်ကလဲ မှားတယ်လို့ သူပြောနေတဲ့ကောင်မလေးက မြန်မာမ လေးပါ။ ကျွန်မလူမျိုးရေး ဘက်လိုက်တတ် ပါတယ်။ မင်းတို့ မြန်မာတွေလို့ သိမ်းကြုံးချီးမွမ်းခံရ လျှင် ကြက်သီးထလောက်အောင် ၀မ်းသာမိတယ်။ အကဲ့ရဲ့ခံရလျှင်လည်း အနည်းစုပါလို့ ပြန်လည် ချေပတတ်ပါတယ်။
မြန်မာတစ်ချို့ကလဲ မြန်မာဟေ့လို့ဆိုရလောက်အောင် ချီးကျူးခံရသူတစ်ဝက်၊ ကဲ့ရဲ့ခံရသူတစ်ဝက် နဲ့ သူများနိုင်ငံမှာ ချိန်ခွင်လျာထိုးပြီးနေထိုင်ကြပါတယ်။ စည်းနဲ့ကမ်းနဲ့ နေတဲ့သူကနေတယ်။ စည်း လွတ် ကမ်းလွတ် နေသူကနေတယ်။ ဒါပေမယ့် အသံထွက်လာလျှင် မကောင်းတဲ့အသံတွေချည်း အရင်ထွက်လာတတ်တာပါ။ ကောင်းတယ်ဆိုတဲ့ အသံတွေလဲ တစ်ဖြည်းဖြည်း မှေးမှိန်နေပါပြီ။
လူပဲ...ကောင်းချင်ကောင်းမယ် ဆိုးချင်ဆိုးမယ်လို့ ပေါ့ပေါ့ပြောလို့ရပါတယ်။ ဒါပေမယ့် နက်နက် နဲနဲတော့ တွေးသင့်ပါတယ်။ မြန်မာမှ ဆိုးတာမဟုတ်ဘူး။ တစ်ခြားသူတွေလဲ ဆိုးနေတာ မမြင်ဘူး လားဟု ပြောမယ့် သူလဲ ရှိမှာပါ။ ဘယ်သူဆိုးဆိုး ၊မဆိုးဆိုး၊ ဘယ်သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကောင်းအောင်တော့ နေသင့်တာပေါ့။
အမူအရာကြမ်းတမ်းလျှင် အဖဆိုးလို့ပါ။ အပြောအဆိုဆိုးလျှင် အမိကြမ်းတမ်းလို့ပါ။ အမိအဖမဆိုး ဘဲ ကိုယ်ကသာ ကြမ်းတမ်းဆိုးသွမ်းနေလျှင်တော့ အမိအဖိကိုမျက်နှာပူစရာပါ။ မြန်မာမိန်းကလေး တွေလေ စင်ကာပူမှာဆိုတာနဲ့စပြီး...မြန်မာတွေလေ စင်ကာပူမှာ ဆုံခဲ့တာ...ကောင်းကိုမကောင်း ဘူး ဆိုတဲ့ သူတို့အတွေးတွေ သူတို့ နိုင်ငံအထိသယ်သွားမှာ စိုးရိမ်စရာပါ။
မြန်မာဆိုတာ မိဘဘိုးဘွား မဆုံးမဘဲ ကြီးပြင်းလာကြတာမဟုတ်ပါဘူး။ ကလေးသာသာ အရွယ် ကတည်းက ဘွဲ့ရပညာတတ် အိမ်ထောင်ကိုယ်စီကျ ကြတဲ့အထိ မိဘရင်အုပ်က မလွတ်ကင်းကြ ပါဘူး။ အတွေးခေါ်လေး ဖြစ်စေ၊ အပြောအဆိုလေးဖြစ်စေ၊ ဝေးဝေးမှာပဲနေနေ၊ နီးနီးမှာပဲနေနေ အမြဲသင်ကြားပေးနေကြတာပါ။ ဒါကို ဘယ်နိုင်ငံခြားသားမှ မသိပါဘူး။ နားမလည်ပါဘူး။ တစ် ယောက်ဆိုးလျှင် အများဆိုးမယ်၊ တစ်ယောက် ကောင်းလျှင် အများကောင်းမယ် .. သူတို့ဒီလိုပဲ တွက်တာပါ။ ကျွန်မ အမြင်ပြောရလျှင် အများကောင်းတယ် အထင်ခံရအောင် ကျွန်မတို့တစ် ယောက်ချင်းစီ စကောင်းကြည့်လျှင် မရနိုင်ဘူးလား။
ကိုယ့်အနာဂတ်အသစ်ကို ကိုယ်အရှာထွက်ခဲ့ကြတာဆိုပေမယ့် တိမ်းမှောက်သွားတဲ့ သူတွေကို ရေတွက်ကြေးညှိုမနေပဲ ကိုယ်ကိုယ်တိုင် လမ်းစရှာရင်း လမ်းမသိတဲ့သူကိုလဲ လမ်းစပြရင်း၊ ကိုယ်ကိုယ်တိုင်လဲ ကိုယ်သွားချင်တဲ့နေရာရောက်၊ သူများလဲ လမ်းမပျောက်၊ ဘယ်လောက်များ ကုသိုလ်ထူးပါသလဲ။ ယူတတ်လျှင်ရသလို၊ လူ့အကျင့်စရိုက်ကလဲ ပြင်တတ်လျှင် မြတ်ပါတယ်။
နိုင်ငံခြားသားတွေရဲ့ မြန်မာတွေအပေါ်ထားတဲ့ အတွေးတွေကိုပြင်ဖို့ ကျွန်မတို့အမြင်တွေကြည် လင်ဖို့လိုပါတယ်။ ဘယ်သူ ကိုယ့်ကို ဘယ်လိုတွေးနေပြီလဲဆိုတာ ကျွန်မတို့မြင်တတ်ဖို့ လိုပါတယ်။ တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ မြန်မာဆိုတဲ့ဝိသေတ တစ်ခုအတွက်၊ ကိုယ့်ပြည် ကိုယ့်နေရာမှာ ကျန်ခဲ့တဲ့ မြန်မာတွေ အတွက် ကျွန်မတို့ အမှားတွေ နည်းနိုင်သလောက် နည်းအောင် ပြင်ဆင်သင့်ပါတယ်။
စုသဲဖြူ





ဆက်ဖတ်ချင်ရင်...

ဝေးဝေးသွားမှ အလွမ်းဆိုတာ
ပိုပီပြင်လာတယ်။


နှစ်တွေကြာသမျှ
မြတ်နိုးမှုကရင်ကိုလှုတ်ခတ်တယ်။


တွေးတွေးငေးတိုင်း
ရင်နဲ့မဆန့်တဲ့ ခံစားချက်တွေ ကြွင်းကျန်ရစ်တယ်။


ဝေဒနာဆိုတာ အတိတ်က ဒဏ်ရာကိုတူးဖော်ခြင်းပဲလား။
အလွမ်းဆိုတာ မြတ်နိုးမှုရဲ့ဘောင်ဘင်ခတ်မှုဆိုလျှင်


ကြွင်းကျန်ရစ်တဲ့ခံစားချက်ကို သက်သေတည်..
ဆုံးရှုံးခဲ့ပြီဆိုတဲ့ အသိနဲ့စကားတစ်ခွန်းပြောချင်တယ်..


“သေလောက်အောင် ရင်နာတယ်”။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ကြယ်မြင်လမြင် နက်နေတဲ့ည
အိမ်ခေါင်မိုးပေါက်က ယိုဖိတ်ကျလာတဲ့ လရိပ်
ဘယ်ခွက်နဲ့ထည့်ထည့် မ၀င်ရောက်နိုင်မှန်းသိသိနဲ့
အဲယားကွန်းအခန်းထဲမှာ အိပ်မောကျနေမယ့်
ချစ်သူ့မျက်နှာအလား........မြတ်နိုးတောင့်တမိတယ်။ ။

“မနက်ဖန်ညနေဆုံမယ်”
သူပေးတဲ့ရက်ချိန်း
အခါတစ်သိန်းအကြိမ်မြောက် အမှန်မယူသင့်ပါလျှက်က
ဒီညလဲ ရင်ခုန်နှုံးနဲ့ အိပ်ပျော်ဖို့ခက်လိမ့်မယ်။ ။

အကြားအာရုံ ချို့တဲ့သူသာဖြစ်ချင်စမ်းတော့..
စွဲသမျှစွဲချက် မဟုတ်မမှန်လုပ်ရပ်ကို
ခွဲခြမ်းမသိဟန်နဲ့ ငေးကြည့်လို့သာနေမိတယ်။ ။

အခြေအနေမတူတာကို သူ့မိဘအမြင်ကြည်ဖို့
သူ့ဖက်က လုံးပမ်းနေရသတဲ့။ ။
အခြေအနေတူတိုင်း လမ်းဘေးလျှောက်သွား
ပန်းဆိုးတန်းစာအုပ်တန်းက
နင်တို့ နှစ်ယောက် အချိန်းအချက်မလားတဲ့။ ။
သူ့အမေသွေးတက် နင့်လုပ်ရပ်ကို ငါရှက်တယ်တဲ့။ ။

ကုန်ပြီလား စွဲချက်
အာစေးထည့်ထားတဲ့ ပါးစပ်နဲ့
ခါးသက်သက်ပြုံးလျှက်
ခပ်ဆဆခေါင်းငြိမ့်မိတယ်။ ။

မိဘအမြင်ကြည်ဖို့
ငါမဟုတ်တဲ့တစ်ယောက်ကိုတွဲ
ငါ့ကိုတောင်မမြင်တာ နင့်ကြိုးပမ်းမှုလား။ ။
စာအုပ်တန်းမှာ ဆုံကတည်းကချစ်ခဲ့တယ်ဆိုတဲ့နင်
နင်အောင်သွယ်ခိုင်းတဲ့ တစ်ယောက်နဲ့ငါ
အချိန်းအချက်လုပ်မလား နင်မသိဘူးတဲ့လား။ ။
နင့်အမေသွေးတက် အဓိကပြစ်ချက်က
ငါဟာ မွဲလွန်းတယ်လို့ ပြောလိုက်ပါတော့လား။ ။

အသွင်မတူလို့ပဲ ဖြစ်ဖြစ်
အခြေအနေမတူလို့ပဲ ဖြစ်ဖြစ်
ချစ်တယ် မုန်းတယ် အပြောလွယ်ချက်က
မဟောင်းသေးတဲ့ရက်စွဲတွေကို ကန့်လန့်ကာချ
ချစ်ခဲ့သမျှကို ဖြတ်လိုက်တဲ့တန်ဖိုးက တစ်ဘ၀စာမှတ်သားလောက်တယ်။
တိမ်တောက်တဲ့ အမုန်းကလဲ လှလွန်းတယ်။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဘ၀ကပဲ ၀န်ထုပ်ဝန်ပိုးလား
စိတ်တစ်ခုကပဲ ၀န်ထုပ်ဝန်ပိုးလား....?

မသေချာတဲ့အရာတွေ စုစည်းရင်း
သေချာတဲ့အရာတွေ ထုပ်သိမ်း....
အလွမ်းတွေရဲ့ဘေး ငေးနေရုံနဲ့
ရက်တွေ ကုန်နိုင်မယ်ထင်ခဲ့တယ်....။

တစ်ချို့ကလဲ ဝေဖန်တယ်
ခေါင်းမာတယ်တဲ့...
တစ်ချို့ကျတော့လဲ ပြောတယ်
ခံစားချက်မဲ့တယ်တဲ့...။

တစ်ကယ်ဆို သူတို့ မသိလို့ပါ...
ကိုယ့်ခံစားချက်တွေက ဖတ်မရတဲ့ကဗျာ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

အချစ်ကို ခဏလေးချွေးသိပ်ပြီး
ယုံကြည်ချက်နဲ့ ခရီးတွေနှင်ခဲ့တယ်။

မိုင်တိုင်တွေ မစိုက်ထူမိခဲ့တော့လဲ
ငါ့ခရီးက မဆိုစလောက်လေး နီးတယ်ထင်မိခဲ့။ ။

သစ်ပင်ပေါ်က သစ်ရွက်ခြောက်တွေ
ငါမလှုပ်ခါမိခင် ကြွေကျ။
မိုးပေါ်က မိုးရေတွေငါမရှိုက်ငိုခင် ပြိုကျ။
ဆောင်းကုန်မှ ငါ့လာရာလမ်းကိုလည်းသတိရ။ ။

ငါလေ.....
အပျော်တမ်း တိုက်ကွက်တွေနဲ့
ခြေအထိုးခံရတိုင်း......
လူးလဲ ထရပ်ဖို့ ကြိုးစားခဲ့ရတယ်။ ။

ကျဲတောက်တောက် ဆက်ဆံရေးတွေကို
လူ့အသိုင်းအ၀ိုင်းထဲ ဆွဲအသွင်းခံရတိုင်း
မကျေနပ်ချက်တွေကို လျော့ချဖို့လုံးပမ်းခဲ့ရတယ်။

ငွေများငွေနိုင် စိတ်ဓာတ်တွေကိုရိုက်ချိုးဖို့
တစ်နည်းပဲ ရှိခဲ့တယ်..
ငါ့အိမ်အပြန်လမ်း ခဏလေးမေ့ထားဖို့ပေါ့။ ။

မလိုဝန်တိုတတ်တဲ့ လူတွေကြီးစိုးရာအရပ်
နွေးထွေးတဲ့ ဆက်ဆံရေးကို မကျင့်သုံးတဲ့ရပ်ဝန်း၊
မျက်နှာမွဲတွေ ပျော်တဲ့လမ်းမှာ
ငါ့ဗဟုသုတတွေ ဝေမျှ...
ငါ့ အိမ်အပြန်လမ်းနောက်ကျကောင်း နောက်ကျခဲ့မယ်။ ။

နတ်ပြည်က တစ်ရက်နဲ့
လူ့ပြည်က ရက်ပေါင်းများစွာကို
အကြားသုတနဲ့တင် ငါမချိန်ဆခဲ့ရိုးအမှန်။ ။


မသိမ်းနိုင် မထိန်းနိုင်အလွမ်းတွေနဲ့
ငါ့အချစ်တွေ သိမ်းဆည်းထားရာ အရပ်
ငါအပြေးလေး လှမ်းခဲ့တယ်။ ။

ကြိုသူမရှိ မျှော်သူမရှိတဲ့
အိမ် အပြန်လမ်း................
အရောင်လွင့်နေတဲ့ စာရွက်တစ်ရွက
အိမ်နံရံမှာ ချိတ်ဆွဲ .....

“ငါ ဘုရင်မ မလိုချင်ဘူး
မိဘုရားပဲ လိုချင်တာ” တဲ့

စိတ်မှတ်နဲ့ အကြိမ်ကြိမ် ရေရွတ်ရင်း

ရှိုက်သံ တစ်ဝက်နဲ့ ပြုံးလိုက်မိတယ်။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ရာသီတွေ ဘယ်လောက်ပြောင်းပြောင်း
ငါ့ရင်ထဲကနင့်ကို မေ့ဖို့ခက်တယ် မုတ်သုန်။ ။

ငါတစ်ယောက်တည်း
အထီးကျန်လိုက်ပုံများ
ရင်ဘတ်ထဲကတောင်
နာနေတယ် မုတ်သုန်။ ။

လိုချင်တိုင်း .....
ငိုပြရမယ့်အရွယ်မဟုတ်ပေမယ့်
ငါလေ .....
အံတင်းတင်းကျိတ်ထားလျှက်က
ျက်ရည်တွေ သိမ်းလို့မရဘူး မုတ်သုန်။ ။

အမှားဆိုတာ သိသိကြီးနဲ့
ခပ်မိုက်မိုက်မှားရဲဖို့
လက်တို့မခေါ်ရက်တဲ့သူပါ။

တကယ်တော့ အချစ်ဆိုတာ..
မျက်ရည်ကြားက အပြုံး..
လှုပ်နှိုးခံလိုက်ရတဲ့ နိဂုံး...။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

သဲကွဲမမြင် နှင်းမှုန်ပြင်မှာ
ငေးငိုင်လွမ်းမော မျှော်သူမောခဲ့။ ။

တစ်ဖြောက်ကြွေ နှင်းမိုးစွေ
နှင်းတောရပ်ငေး ချမ်းအေးမေ့ခဲ့။ ။

သူမလှမ်းခင်...
ကိုယ်လှမ်းခဲ့တဲ့နေ့တွေ ခြေရာချင်းထပ်။ ။
သူ မနှင်ခင်...
ကိုယ်ပြန်ခဲ့ရတဲ့နေ့ ဖြေစရာ မဲ့ခဲ့။ ။

ဒီလိုနဲ့ .....
အိပ်ပျက်ညတွေကို
အဖော်လုပ်ပြီး ကျိတ်ကျိတ်ရူး ။ ။
နေညိုရင် စိမ့်စိမ့်အေးတဲ့
အအေးလည်း ပျယ် ။ ။


အချစ်ကို
ဝယ်ယူလောက်အောင် မကြွယ်ဝမှတော့
မင်းဆီ လှမ်းလှမ်းနေတဲ့ ခြေကိုရုတ်။ ။
အားလုံးဒဏ်ရာ မရခင်
ငါတို့ဝေးဝေးနေကြပါစို့။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဟိုးဝေးဝေးက အသံသဲ့သဲ့
မျှော်လင့်ချက်နဲ့
နားစိုက်ထောင်မိတယ်။ ။

ခေါ်သံလား...
ငိုညည်းသံလား.....
မသေချာပေမယ့်
ငါကြားချင်လှတဲ့ အသံတော့ မဟုတ်ပြန်ဘူး။ ။

လေတစ်ချက်အဝှေ့
သစ်ရွက်တွေကြွေခိုက်
ကြားမိသလိုလိုရှိတဲ့ခြေသံ
မျှော်လင့်ချက်နဲ့
ငဲ့ကြည့်မိတယ်။ ။

ဘာမှမရှိတဲ့ ဟင်းလင်းပြင်...
ငါတစ်ယောက်တည်း
မျှော်လင့်ချက်တွေနဲ့ပြည့်နေတဲ့ နံရံထဲမှာပိတ်မိနေတယ်။ ။

မင်းကို အော်ဟစ်အကူအညီတောင်းခွင့်မရှိဘူး...
မင်းကို မေ့နိုင်စွမ်းအားတွေမရှိဘူး....
မင်းကို မျှော်လင့်နိုင်ခွင့်မရှိဘူး...
မင်းကို ချစ်နေခွင့်လဲမရှိဘူး..
အဆုံးစွန်ဆုံး မင်းအမုန်းတွေတောင် ငါ့မှာမရှိဘူး။ ။

ငါက အချစ်ကိုနားလည်မှုနဲ့တည်ဆောက်ချင်တယ်
ပတ်ဝန်းကျင်က ဝေဖန်မှုနဲ့ထိုးနှက်တယ်
မင်းကတော့ ယဲ့ယဲ့လေးပြုံးပြတတ်တယ်။ ။

ပတ်ဝန်းကျင်နဲ့ငါ သဟဇာတဖြစ်ဖို့
မင်းက မြေဇာပင်
မင်းအချစ်တွေက စိုးရိမ်အမှတ်...

ဒီလိုနဲ့
ငါ မင်းအချစ်တွေကို ကော်ပတ်စားခဲ့မိတယ်။
မင်းမျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့မိတယ်။
မင်းခြေလှမ်းတွေကို ရပ်တန့်စေခဲ့တယ်။ ။

အမှတ်မထင်လေး
ငါမာနကိုအရောင်တင်ခဲ့မိတာပါ..
တစ်ဘ၀လုံးစာ ငါ့ကိုမထားခဲ့ပါနဲ့
ငါအသံတိတ်တောင်းပန်မိတယ်။ ။

သူကတော့ ငါ့ကိုနှုတ်ဆက်
အေးစက်တဲ့ အချိုဆုံးအပြုံးနဲ့ လှည့်ထွက်။ ။

ငါ့မှာတော့
ခုချိန်အထိ
ပြန်မရနိုင်တော့တဲ့ တစ်စုံတစ်ရာကို
ရှာဖွေမိနေတုန်းပဲ။ ။

မင်းလဲ မသိဘူး
မင်းလဲ မရှိဘူး
ငါနဲ့ ငါ့အချစ်တွေရယ်
အချိန်လွန် နောင်တတွေသာရှိလေရဲ့။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ကကွက်စုံ အသွင်ဆန်း
သခင်ယုံ ခံစားချက်မှတ်တမ်း
ရင်မောရုံ စခဲ့တဲ့ဇာတ်လမ်း။ ။

သိုဝှက်လျှက် အတွေးမှာဝေခွဲ
သခင်ယုံ စိတ်မှာမညာတမ်း
ကြေကွဲရုံ မျှော်လင်နေတဲ့ အလွမ်း။ ။

ဖြေသာမယ့် နေ့ရက်ရှည်ကူးဖြတ်စဲ
သခင်ယုံ ညနက်တွေ အိပ်ပျက်မြဲ
ဝမ်းနည်းရုံ ဝေဒနာတွေ စွန်းထင်းတဲ့ အခန်း။ ။

ဝေဖန်မျိုးစုံ ချစ်ရုံပုံလျှက်
ရဲဝံ့ခက်ခက် ဖြေရှာမြတ်နိုး
အကြင်နာတိုး ဝေဒနာကဆိုး.......

ဒီလိုနဲ့ ဝေးမှာအသေအချာပဲ
သခင်ယုံ အချစ်ဆိုတာ ခံစားချက်တိုက်ပွဲ
အောင်မြင်ရုံ တွက်ဆချက်မဲ့တဲ့ပွဲ။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဆုတ်ဖြဲခံထားရတဲ့
ရင်ဘတ်တစ်ခြမ်းနဲ့
ဒီမြေကမ္ဘာမှာ
နေပျော်မယ့် တစ်နေရာလောက်တော့
ရှာတွေ့စမ်းချင်တယ်။ ။

သက္ကရာဇ်အိုတွေ သစ်လွင်ဖို့ထက်
ခံစားချက်တွေ ဟောင်းနွမ်းမသွားဖို့
ပြိုကျလာမယ့် တိမ်တွေကိုတောင်
လှမ်းမဖမ်း ဖြစ်ခဲ့ဘူး။
ဒဏ်ရာတွေကတော့
ရင်ဘတ်ထဲကို တည့်တည့်ထိုးဆင်း။ ။

ပြုံးသယောင်ယောင်နဲ့
အမုန်းစိတ် ၀င်ချင်လျှက်
နေညိုရင် နင်းဖြစ်မြဲဖြစ်တဲ့ မြေနီလမ်းလေး
မျှော်သူမောတဲ့ ဆုံနေကျ ထိုင်ခုံလေးဘေး ရပ်ငေး...

ချစ်တာနဲ့ ကြင်နာတာပေါင်းစပ်
အနှုတ်ထွက်ခဲ့တဲ့ နားလည်မှုအတွက်
ပြိုပျက်နေတဲ့ လေထုထဲမှာ
ဝမ်းနည်းမှု ရနံ့တစ်ခုရတယ်။ ။

အတွေးတွေ မထိန်းချုပ်နိုင်ခဲ့ဘူး။
ရင်မောတာတွေ မပြေပျောက်သေးဘူး။
အတိတ်ကအရိပ်တွေ မဟောင်းနွမ်းသေးဘူး။
ရင်ထဲက အချစ်တွေလဲ သေဆုံးမသွားသေးဘူး။

ရင်နာနာနဲ့
ရက်တွေလက်ချိုး
မျက်ရည်တွေထပ်တိုး
မေ့ပြစ်မရတဲ့ အဖြစ်မျိုးနဲ့ပဲ
တောင်စွယ် နေကွယ်လုပြီ မောင်။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ရည်စူးသူ မျှော်ကိုးလို့ရယ်
မျက်ဝန်းအကြည့် မေတ္တာယှက်သွယ်
မလိမ်တတ်ခင် ညာဖို့ပြင်လည်း
ပြန်ပြောင်းမရ ထိုထိုဘ၀။ ။

စိတ်ကူးချင်း စစ်ထိုး
ခံစားချက်တွေ ရှေ့တိုးနောက်ဆုတ်နဲ့
သူထင်ရာကျဲတိုင်းကျွန်မက
သူ့ခံစားချက်တွေ သွန်မှောက်ရာ အမှိုက်ပုံး။ ။

သတ္တိချင်း လွန်ဆွဲ
နားလည်ခြင်းတွေ တိုးလိုက်လျှော့လိုက်နဲ့
သူမိုက်ရူးရဲတိုင်းကျွန်မက လူမိုက်ရှေ့နေ။ ။

တဖြုတ်ဖြုတ်ကြွေတဲ့ ရွက်ကြွေ
တလှုပ်လှုပ်ခုန်နေတဲ့ ခံစားချက်..

နွေဦးမို့ လေရူးတွေလည်း လူးလွန့်လှသည်။
အချစ်ဦးမို့ ခံနိုင်ရည်တွေ စုဆောင်းထားသည်။

သစ်ရွက်ကြွေမြေမှာခ
ချစ်သက်သေပြမှာက
သူသာ အချစ်ဦး
ရူးအောင်ချစ်သည်။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

မျက်ခွံမို့ရုံ ငိုပြရုံနဲ့
ရင်ထဲက ခံစားချက်တွေ
ပြေလျော့မတဲ့လား။ ။

လက်ပြ ကျောခိုင်း ထားခဲ့ရုံနဲ့
ရင်ထဲက စကားတွေ
သက်တမ်း ကုန်မတဲ့လား။ ။

ဝေခွဲရ ခက်ခက်နဲ့
ငါ့ဘ၀ တစ်ဆစ်ချိုး
ငါ အရင်လို နေပျော်မတဲ့လား။ ။

ပိုင်စိုးမှုဧကရီ ဘွဲ့တစ်ခုနဲ့
နင်ထားခဲ့တဲ့လမ်း
မျှော်ပြီးလွမ်းတိုင်း.......

ကသစ် ပွင့်တွေ နီနီစွေး
လမ်းထိပ် သစ်ပင်ရိပ်အောက်က
အပြေးအလွှား ထွက်ကြိုတတ်တဲ့
နင့် အရိပ်ကို လွမ်းတယ်။ ။

ခရေတွေ ခင်းတဲ့လမ်း
ခြေလှမ်းရင်လည်း လွမ်းတယ်။ ။

သဇင်တွေ ဖွေးဖွေးလှုပ်
ခိုးခိုး ၀ှက်ဝှက် ထုတ်ပိုးပေးဟန်ကို လွမ်းတယ်။ ။

ဆုံမှတ် မရှိသေးတဲ့
ပြက္ခဒိန် အဟောင်းတစ်ခု..

သောကတွေ
အိပ်ဆေးကျွေးရင်း
အလွမ်းပန်းတွေ မခူးနိုင်အောင်ဝေတယ်။ ။
မျက်ရည်မိုးတွေ သုံးရာသီလုံးသည်းတယ်။ ။

ဘယ်နေ့မှန်းမသိတဲ့
အနာဂတ်ကို မျှော်လင့်ရင်း
ပရမ်းပတာ ရင်ခုံသံနဲ့
သည်းသည်းလှုပ် စကားတစ်ခွန်း ဆိုချင်တယ်။
“နင့်ကို ငါ လွမ်းတယ်” ။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

အိပ်မပျော်သေးခင်နဲ့
နိုးထမိတဲ့ စက္ကန့်ပိုင်းလေး
ဖြတ်ခနဲ ပေါ်တဲ့ အာရုံ။
ခဏလေးဖြစ်ဖြစ် နွမ်းလျတဲ့စိတ်။
ယူကျုံးမရခြင်းတွေကို သီကုံးပြီး............
ငါ..... တော်ရာအရပ်မှာ နေထိုင်ပါတယ်။ ။

သူ့ဘေးမှာထိုင်
စကားစစ်ပွဲတွေ အလီလီကျင်းပ
ငါ ကြိုက်တဲ့ ကဗျာတွေ ရွတ်ပြရင်း..........
ငါ့ရဲ့ ညနေတွေ လတ်ဆတ်ခဲ့ဘူးတယ်။ ။

သူ့ အသိုင်းအ၀ိုင်းရဲ့
ချိုးဖဲ့တဲ့အကြည့်တွေ........
သံသယမကင်းတဲ့ မဲ့ပြုံးတွေ.......
ထိုးနှက်တဲ့ စကားလုံးတွေနဲ့.....
ငါ့သံယောဇဉ်ကို အရောင်ဆိုးခံရတိုင်း
ငါ့ဘေးက သူ့ကို မာန်မဲခဲ့ဘူးတယ်။ ။

နင် ငါ့ကိုဘဲ နိုင်တာမလား”
သူတိုးတိုး ရေရွတ်တိုင်း
ငြင်းဆန်မှုမပါတဲ့ အပြုံးနဲ့ ငါဝန်ခံမိတယ်။ ။

မေ့ပျောက်မလွယ်တဲ့ အမှတ်အတေး
နာကျည်းခြင်းကို ပိုးလိုမွေးပြီး.....
မဆီမဆိုင် သူ့ကိုဓားစာခံလုပ်
ငါ့ရဲ့စိတ်ကို ငါကိုယ်တိုင်သတ်
သူ့အသိုင်းအ၀ိုင်းကို စိန်ခေါ်။

အနိုင်အရှုံးလဲ မကွဲပြားခင်........
နှလုံးခုန်နှုန်းလဲ ရပ်မသွားခင်..........
ဝေဒနာတွေလဲ ဒီ့ထပ်ပိုမတိုးခင်......
နှုတ်ဆက်ခြင်းလဲ တရားဝင်မပြုဘဲ
ငါ တော်ရာအရပ်ကို ပြောင်းရွှေ့။ ။

အတိတ်ဆိုတာ အရိပ်ဆိုရင်တောင်
ငါ..........တော်ရာအရပ်မှာမပျော်ပေမယ့်။
ပျော်ရာအရပ်မှာ မျှော်နေမယ့်သူ့ကို......
တမ်းတခြင်း ကင်းကင်းနဲ့ အိပ်ပျော်စေချင်တယ်။ ။

စုသဲဖြူ



ဆက်ဖတ်ချင်ရင်...

အလုံးစုံ ခံစားချက်တွေ..
စွန်းထင်းနေတဲ့ နံရံတွေလဲ
ခပ်ပါးပါးလေးတောင် အသံမထွက်ခဲ့ဘူး။ ။


“ပညာဆိုတာ သင်ရင်တတ်တယ်
အတွေးအခေါ်ဆိုတာ သင်တိုင်းမတတ်ဘူး”
အမေကြိမ်းမောင်းဖူးတာ များလှပြီ။
ခံယူသူလဲ နဲလှသည်။ ။

အမေ၀ါးကျွေးတဲ့ ထမင်းလုတ်တွေနဲ့
ငါတို့တွေ ထမင်းစားတတ်ခဲ့တာပါကွဲ့။
လူ့သဘာဝပဲဟာ လို့တော့
မကပ်သတ် သင့်ဘူးပေါ့။ ။


“ကြွက်မနိုင် ကျီမီးနဲ့ရှို့”
လူမနိုင်တော့ စကားလုံးတွေနဲ့ပစ်ပစ်ပေါက်
အမေ့အသဲလဲ တဆတ်ဆတ်ခါနာ
အမေ့မျက်ရည် ခဏခဏပြိုဆင်း....


“အော် ရတာ နာလိုက်တာ”တဲ့
အမေ ကျိတ်ကျိတ်ရေရွတ်လိုက်
“အော် ငါ့သားသမီးများသိတတ်လိုက်တာ”တဲ့
အမေ ကြံဖန်ချီးမွမ်းလိုက်နဲ့
အမေ့ ဆံပင်တွေလဲ ဖြူစပြုခဲ့။ ။


ဝမ်းနည်းပက်လက် ငိုရှိုက်သံတွေနဲ့
အစ်ကို့ မင်္ဂလာဆောင်သတင်း အမေအပြော...
အမေတွန့်တိုနေတာ မဟုတ်မှန်း
အမေရင်ငွေ့လိုနေမှန်း
ကောင်းကောင်းကြီးသိတဲ့ ဒီသမီးပါ။ ။

သားသမီးဆိုတာ
ကိုယ်ပဲ့ထိန်းတဲ့ နေရာ
သွားတဲ့လှေမှ မဟုတ်တာ အမေ။ ။


ကောက်ကြောင်းတွေ ဆွဲဆွဲမဖြောင့်ပါနဲ့ အမေ။
အမေ ငိုလျှင် ရင်နာတတ်တဲ့သမီး...
မောင်နှမတွေ အမေ့ကို ငဲ့မကြည့်လျှင်
ခံရခက်တဲ့ သမီး..
သမီး မိုက်လုံးမကြီးဘူးအမေ။ ။


နံရံတွေ စကားပြောဖို့
ထိုင်စောင့်မနေသင့်ဘူး....အမေ
ငိုသံတွေ မချုပ်ငြိမ်းဖို့
သမီးက မီး မဟုတ်ပါဘူး အမေ။ ။


ငိုရှိုက်သံတွေ တိတ်ပါတော့
ရင်မောတာတွေ ဖြေပါတော့
တစ်နေ့တော့ သားသမီးတွေလဲ အိုကြမှာပဲ
နောင်တတွေလဲ နှောင်းမှရတတ်စမြဲ။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

အမေ့ဌာနေ
ကျွန်မ မွေးရပ်မဟုတ်။
အမေ လွမ်းတိုင်း ကျွန်မ သတိရတတ်သည်။ ။

သဲတောက စိုက်ခင်း
လဲလျောင်းနေတဲ့ ဖရဲသီး
အေးစက်ပုံများ ရေခဲသေတ္တာမလို။
ချိုမြပုံများ ဆေးသကြားတောင်မလို။ ။

ပက်ကြားအက်ထဲက အပင်တွေကူနှုတ်
နွားစာလား...၀က်စာလား မသေချာချင်နေ...
ကျွန်မလဲ ဆောင်းတွင်းမှာ ချွေးထွက်ချင်တာပေါ့။ ။

မွန်းတည့်ကျော်မှ စားတဲ့ထမင်း
“ဘာဟင်းလဲ“ မေးမနေဘူး
သူတို့အပြော “ငတ်ငတ်နဲ့ ကုန်းသာတုတ်တဲ့”
အရင်ကဆို တွန့်သွားမြဲ လက်။
ရောက်ဖန်များတော့လဲ အသားကျ အစားမပျက်။ ။

စလေ ဇီးသီး လှိုင်လှိုင်ပေါတဲ့အရပ်
လူမစား နွားသာစားတဲ့ ဇီးသီး..
ဖရဲသီးချိုချို အစေ့ကို ထုတ်ရောင်း..
အသားကို ၀က်ကျွေး
လူမစားတာမှ “ငါကြိုက်လို့ကွ” လို့ မပြောမိခင် အသာပြုံး။ ။

နွားမစား ၀က်မကြိုက်
ပက်ကြားအက်ထဲက အပင်ကတော့
သုပ်စားလို့အင်မတန်ကောင်းတာ လက်တွေ့။
အဲ့ဒီ့နေ့က ထမင်းသုံးပန်ကန်တောင် ကုန်လေရဲ့။ ။

နွားလှည်းပေါ်က လူတစ်ရပ်စာမြက်တွေကြား
ထိုင်လိုက်ရတာ ရင်တထိတ်ထိတ်။
ပြန်မဆင်းတတ်လို့ ဟန်ကိုယ့်ဖို့ရင်း
ခုန်အဆင်း မှောက်ယက်လဲ
အရှက်မကွဲခင် ကျွန်မ ပြုံးပြတတ်မြဲ။ ။

နေညိုရင် ရေအိုးကိုယ်စီရွက်
ရေစည်လှည်း ကိုယ်စီမောင်းရင်း
ရေခပ်ဆင်းကြတိုင်း
ကန်ဘေး ရပ်ငေး ကျွန်မ..ရွာဓလေ့ကို နှစ်ခြိုက်တတ်မြဲ။ ။

မေးထူးခေါ်ပြောမဟုတ်တဲ့..
အော်ထူး အော်ပြော..
သူတို့အတွက်တော့ လျှို့ဝှက်ချက်က ဟန်ဆောင်မှုသက်သက်။ ။

မရှိတာအသာထား ရှိတာဖော်မကြွား
ဧည့်သည် ထမင်းစားမလိုက်မချင်း
စောင့်ခေါ် ဧည့်ဝတ်ကျေတာလဲ သူတို့စေတနာ။ ။

ပြန်ရက်နီးလေ ..
ရောက်ရောက်လာတဲ့ အမျိုးစုံလက်ဆောင်တွေ..
ငြင်းမရ တားမရ။
ယူလာပေးသူကို..
”ဒါ ဘယ့်သူ့သား ၊ ဒါဘယ့်သူ့သမီးဟဲ့လို့”
ကြိုက်သလို အမျိုးစပ်..
မေ့လျော့တတ်တာလဲ ကျွန်မ၀ါဒနာ။ ။

မမေ့မလျော့ သတိရတတ်တာ..
ဆောင်းတွင်းရောက်တိုင်း
ရွာအလည်ပြန်မယ့် အမေ့အနား...
ကျွန်မ အလိမ်မာ ပိုပြတတ်မြဲ။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

တစ်နေ့နေ့တော့နီးနိုင်တယ်ဆိုတဲ့စိတ်နဲ့
ငါတို့မျှော်လင့်ချက်တွေ သန်ရာသန်ရာ ရွက်လွှင့်ခဲ့တယ်။ ။
 
ရိုးသားစွာ ကြိုးစားချင်တဲ့ငါ
နှစ်တွေ အရာယွင်းတာတောင်
အောင်မြင်မှုအတွက် တော်ကောက်မဲ့
ဘယ်နတ်ဘုရားမှရှာဖွေမတွေ့ခဲ့ဘူး။ ။


သူကတော့....
တွေ့သမျှဖြတ်လမ်း အကုန်လျှောက်လှမ်း
ဘယ်သူသေသေ ငတေမာပြီးရော စကားပုံကိုခုတုံးလုပ်
အောင်မြင်မှုအတွက် လက်ခမောင်းခတ်မဆုံးခဲ့ဘူး။ ။
အောင်မြင်ဖို့ ရွယ်စူးခဲ့ကြတာပါ။ ။

သို့ပေမယ့်...
အားနည်းလျှင် ဖေးကူတတ်တဲ့စိတ်...
လွဲမှားလျှင် ပြင်ဆင်ပေးတဲ့စိတ်.......
သည်းမခံနိုင်လောက်အောင် ပေါက်ကွဲချင်တဲ့အခါ....
သူ့ကိုယ်သူ ဖွဲအိတ်အဖြစ် အထုအထောင်းခံခဲ့တဲ့ရက်တွေ...
မျက်ရည်ဖြိုင်ဖြိုင်ကျလျှင်...
မင်းက မငိုမှလှတာလို့
ဖြေလျှော့တတ်တဲ့ သူ့အပြော....
ခုတော့ အရာအားလုံး ဆုံးရူံးခဲ့ပြီဆိုတာ
ရာစု နှစ်စုကုန်မှ
ငါ့ အသိဟင်းလင်းပွင့်ခဲ့တယ်။ ။


အချစ်ကို အရင်းတည်
အနာဂတ်ကို စိန်စီချင်ခဲ့ကြပါလျှက်
ညီမျှတဲ့ အချစ်တစ်ခုကတော့
အတိတ်မှာ မြုပ်နှံကျန်ခဲ့လေရဲ့။ ။

စုသဲဖြူ..

ဆက်ဖတ်ချင်ရင်...

လွဲလိုက်တဲ့ ကံ
ဆိုးလိုက်တဲ့ ဘ၀လို့
မဖြစ်မနေ မငြီးတွားချင်ဘူး....
ကိုယ့်ထက် ချို့တဲ့သူတွေကို
ပြေးပြီး မြင်မိလို့ပါ။ ။

မသေထ္မင်း မသေဟင်းနဲ့
သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက်
ဘယ်သူတွေ ဘာတွေ စတေးခဲ့ကြပြီလဲ....
နားလျှံအောင် ကြားနေတဲ့
ရင်နာစရာ ဇာတ်လမ်းတွေလဲ အပ်ကြောင်းထပ်။ ။

ခါးသီးခြင်း အဖုံဖုံ
သိမ်းမရတော့တဲ့ နာကျင်ခြင်းတွေ
ဘယ်သူ့အပေါ် ပုံချရမှန်းမသိတဲ့ ဒေါသ။
၂၁ရာစုကို ဆုံးရှုံးခြင်းမျိုးစုံနဲ့
အမှီလိုက်ရင်း........
ဒို့ရွှေနိုင်ငံကြီးလဲ မီးမှိတ်အိပ်မောကျ။ ။

ကျလိုက် တက်လိုက် စိတ်ဓာတ်တွေနဲ့
သူစိမ်းတွေကြား.....
ခေါင်းမော့ ရင်ကော့ ဟန်လုပ်မိသမျှ
ကိုယ့်အခန်းလေးရောက်မှ အရေခွံခွာချ။
ဝမ်းနည်းမိသမျှ ကျိတ်ကျိတ် ရှိုက်ငို။
ဘယ်သူ့ကိုမှ အပြစ်မမြင်မိခင်
အိပ်ပျော်ချင်သည်။ ။

တစ်နေ၀င် တစ်နေချုပ်
အထီးကျန်ခြင်းကိုသာ
အဖော်လုပ်ပြီး..........
ဒီအချိန်ဆို အိမ်မှာ..ဆိုတဲ့အတွေးနဲ့
ဘယ်တော့များမှ ပြန်ရမယ်မသိတဲ့
နွေးထွေးခြင်း၊ လုံခြုံခြင်း အစုံစုံကို
အလွမ်းတွေ မျက်ရည်တွေနဲ့သာ
မျှော်လင့်ယုံမို့............

အမေရေ.........
သမီးတော့ လွမ်းတယ်
သားတော့ လွမ်းတယ်နဲ့
ဒုက္ခတွေကြားက....
နောက်ပြန်မလှည့်စတမ်း ညာသံတွေပေးနေမိရဲ့။
အချိန်တန်ရင်တော့
အိမ်ပြန်ချင်တာပေါ့ အမေ။ ။

စုသဲဖြူ.....

ဆက်ဖတ်ချင်ရင်...



ဘာမှမရှိခြင်းရဲ့ တစ်ဖက်..
အရဲကိုးလို့ ရှာဖွေမိရဲ့။

တွေ့သလိုလို မတွေ့သလိုလိုနဲ့
ငါ့အသိ တစ်ချက်လက်တယ်..
ငါဘာကို ရှာဖွေမိနေပါလိမ့်..
မေ့တေ့တေ့။ ။


သိသလိုလိုရှိတဲ့မျက်နှာ..
အရောင်စုံခံစားချက်တွေစွန်းပေလို့..
မနေ့နဲ့ဒီနေ့ မရောထွေးနဲ့လို့ ဒေါသသံနဲ့အော်တယ်
အလန့်တကြား ဇောချွေးတွေနဲ့ထထိုင်..
အော်
အိပ်မက်ပေကိုး...
ကြောက်လန့်စိတ်ပြေဖို့ ရေအေးတစ်ခွက် လိုအပ်လှသည်။ ။


ငါက
ငေးငိုင်ခြင်းမှာ ၀ါသနာထုံတယ်..
ငြင်းခုန်ခြင်းကို အသွေးသားထဲကမုန်းတယ်..
လူတစ်ယောက်အကြောင်း က ကနေ အ အထိသိရင်
အော်ဟစ်ရယ်မော ပြစ်ချင်တယ်။ ။

ဘယ်သူ့ဖို့ ပြင်ဆင်နေမှန်းမသိတဲ့
မိတ်ကပ်ဖုံဖုံနဲ့ ကောင်မလေးတွေမြင်တိုင်းလဲ
အံကိုဖိကိုက် ခပ်ကျိတ်ကျိတ် ပြုံးမိတိုင်း
အကြောင်းသိ သူငယ်ချင်းတွေကပြောတယ်
နင် မိတ်ကပ်လိမ်းမယ့်နေ့ ငါတို့ ကြည့်ချင်လှရဲ့တဲ့။ ။

မသိခြင်းတစ်ဝက် မရှိခြင်းတစ်ဝက်နဲ့
ငါသာ အချမ်းသာဆုံးလို့
လက်မထောင်တိုင်း
သူငယ်ချင်းတစ်သိုက် ခပ်ထေ့ထေ့ပြုံးတယ် ။ ။

ငြင်းခုန်မှုမပါတဲ့ သဘောထားကွဲလွဲမှု
ပြိုင်ဆိုင်မပါတဲ့ အပျော်တမ်း စက်ဘီးစီးတဲ့ည
အမြဲလူမစည်တတ်တဲ့ လ္ဘက်ရည်ဆိုင် ခွက်တွေ ခိုးခိုးဖွက်
ငါ့အောင်စာရင်းသူကြည့်
သူ့အောင်စာရင်းငါကြည့်နဲ့ အကြောက်လွန်နေ့ကိုဖြတ်

ခုတော့ ကိုယ့်လမ်းကိုယ်ထွင်း
ကိုယ့်အနာဂတ်ကို ကိုယ်ပြင်ရင်း
အိပ်မက်ကလန့်နိုးလဲ သွေးအေးစဲ.......
လူ့အကြောင်းသိလဲ အေးဆေးပဲ..........
မိတ်ကပ်မျက်နှာကိုတွေ့လဲ တွေငေးစဲ....

ရေးတေးတေး အတိတ်ကို
တစ်ခါတစ်ခါ စိတ်ကူးနဲ့အသက်သွင်းမိတယ်..

ရေးတေးတေးပါပဲ
တွေးတွေးပြီးတော့ ငေးမိတယ်..
အနာဂတ်ကိုလဲ မေ့တေ့တေ့။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...