Powered By

Free XML Skins for Blogger

Powered by Blogger

ကမာကောင်ရဲ့ခြုံထည်မျိုးနဲ့
ကိုယ့်ကိုကိုယ်တော့ လုံလှပြီထင်ခဲ့တာပေါ့။
အသေအချာစစ်ချက်ထုတ်မယ်ဆိုလျှင်
မလုံခြုံလွန်းသူတို့ရဲ့ ထုံးစံအတိုင်း
နံရံကိုကျောကပ် ခပ်အက်အက်လေးရယ်မောဖြစ်ခဲ့တယ်။ ။

လွယ်မယောင်နဲ့ခက်တဲ့
ဇာတ်လမ်းတစ်ပုဒ်ကို ခင်းကျင်းဖို့
ဘာ့ကြောင့်များ စိတ်အားထက်သန်ခဲ့ရပါလိမ့်…
တစ်စိမ့်စိမ့်တွေးတိုင်း
ခံစားချက်တွေ တစ်ကျွန်းကျတယ်။ ။

ဘယ်သူမှမီးမမြှိုက်ဘဲ
င့ါရင်တွေလောင်မြိုက်
သံယောဇဉ်တွေ သုတ်သင်မှဖြစ်မယ့်ကိန်းဆိုက်လာတော့
နာကျဉ်မှုကိုဖာထေးမယ့် ပျက်လုံးတွေနဲ့
ဝါးလုံးကွဲရယ်နေတာတောင်..
ဒီရင်ဘတ်ထဲ အပျော်တွေစိမ့်ဝင်ဖို့ခက်လိုက်တာ။ ။

ဖြစ်နိုင်ရင်တော့လဲ…
ဇီဝဇိုးငှက်ရဲ့အံဖတ်တွေလိုသာ
ဈေးကွက်ဝင်မယ်ဆိုရင်
င့ါခံစားချက်တွေကို လက်ထိုးအံချလိုက်မှာပေါ့။

မဖြစ်သင့်တဲ့အခြေအနေတစ်ချို့နဲ့
ရင်ခုန်သံပြိုင်တဲ့ပွဲမှာ…
မုန်းလို့လဲမရ
မေ့ဖို့လဲမလွယ်
နာကျဉ်ခံခက်
ဝေဒနာသက်သက်နဲ့
ကိုယ့်အတတ်ကိုယ်ဆူး...
ကိုယ်သာရူးဖို့သင့်ခဲ့သည်။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဒဏ်ရာဆိုမှတော့.
နာကျင်သလား လာလာမေးနေကတည်းကကိုက မှားနေတာ။

လူတစ်ယောက်ကို လဲသေသွားဖို့များ..
ဒီလောက်သွေးအေးနေစရာမလိုပါဘူး...
ဘယ်တုန်းကမှ မချစ်ခဲ့ဘူးသာ ပြောလိုက်စမ်းပါ။ ။

အတိတ်ရာသီဆိုတာမျိုးကို
လွမ်းရုံအပြင်ဘာမှလဲ မတတ်နိုင်ခဲ့။

သူကိုယ်တိုင် တူးခတ်သွားခဲ့မှတော့…
လွတ်လမ်းရှိပါတယ်လို့ ပြောနေတာကိုက လွဲနေတာ။

လူတစ်ယောက်ကို ချောင်ပိတ်လိုက်ဖို့များ…
ဒီလောက်နှောင့်နှေးနေစရာမလိုပါဘူး…
ချစ်တော့ ချစ်ခဲ့သားလို့ ပြောလိုက်စမ်းပါ။ ။

ပစ္စုပ္ပန်ရာသီမျိုးကို
သည်လူမိုက်က
အတိတ်နဲ့ လဲဖို့လဲမကြံစည်ဝံ့ခဲ့။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

သိပ်မောနေသလား... နောက်တစ်တောင်ကျော်ရင်ရောက်မှာပါဆိုတဲ့
စိတ်နှစ်ခွစကားနဲ့.. ငါ့ကိုယ်ငါဖျားယောင်းလာလိုက်တာ...
ဘယ်သူ့ကိုမှ အော်ခေါ်ပြီး အဖော်လုပ်မရတော့တဲ့အထိ။ ။

အိပ်ပျက်ညတွေရယ်…
မနိုးချင်နိုးချင် ခုန်ထခဲ့ရတဲ့ မနက်တွေရယ်..
ကော်ဖီတစ်ခွက်တောင် ဇိမ်ခံသောက်ခွင့်မရှိတဲ့ စည်းစိမ်မျိုးရယ်…
ငါလား…
အခုရောဂါတစ်မျိုးထပ်တိုးလာတယ်..
ဘတ်စ်ကားပေါ် ခြေဆန့်လက်ဆန့် အိပ်ငိုက်တတ်လာတယ်။ ။

အထီးကျန်ခြင်းဆိုတဲ့ ဝေါဟာရတစ်ခုပြေပျောက်ဖို့…
ကွန်ပျူတာကို မျက်နှာအပ်
စုံမက်ခြင်းအကြည့်တွေနဲ့ နေ့နေ့ညညမခွဲခွာရက်တော့
ငါ… ပါဝါတွေသာအထပ်ထပ်တိုးလာတယ်…
အထီးကျန်ခြင်းနဲ့ငါ ခုထိပြတ်စဲလို့ကိုမရနိုင်ခဲ့ဘူး။ ။

ဝေဒနာတွေအထပ်ထပ်နဲ့
ကျိန်စာသင့်နေတဲ့ လမ်းမမျိုးကိုမှ
ငါက အိမ်ဆောက်တမ်းကစားချင်ခဲ့တော့လဲ…
ဘာအရေးလဲ..
သူ့အိမ်ရောက်တော့ ခြေသပေါင်ကြိုးခုန်ရုံ..
ကိုယ့်အိမ်ရောက်တော့ ခြေစုံရပ်ရုံပေါ့။ ။

ညည့်နက်လို့အိပ်ပျော်ရုံဆို ဘာပူစရာလိုလဲကွယ်
သူ့အကြောင်းတွေး အိပ်မက်ထဲစိတ်ကူးတွေတလှေကြီးယဉ်ပြစ်လိုက်တာပေါ့…
တအားချစ်လို့ချစ်နေရုံဆို ဘာလိုမှာလဲကွယ်
ဒေါသတွေဖယ် သုခမြစ်ကြီးထဲလက်ပြစ်ကူးလိုက်မှာပေါ့…
ခုတော့…
ညုတုတု ဒေါ်လာဈေးက
အနိမ့်အမြင့်မဟန်လေတော့..
ငါ..ဆံပင်တွေဖြူလာတာကို ဖုံးဖိသာထားရတယ်။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဆုံးဖို့ ရှုံးခဲ့တာမဟုတ်ပါဘူး…
ချစ်လွန်းလို့ တွေဝေလွန်းပြီး ဝေးခဲ့တာပါ။

သက္ကရာဇ်ဘယ်နှခုစာလောက်
လွမ်းနေရဦးမယ် မသေချာပေမယ့်..
လွမ်းနေရတိုင်း ရင်နာရတာ
ငါ့အတွက်တော့ အဆန်းတကြယ်မဟုတ်တော့ပါဘူး။

အိပ်မက်တိုင်း ပုံတူတစ်ခုကိုမက်ဖို့
ငါ့ကိုမှ အပြစ်ချရက်သလားမငြူစူချင်တော့လောက်အောင်
လွမ်းမိတိုင်း မက်ခဲ့ရတဲ့အိပ်မက်တွေကြောင့်ပဲ
ငါ့နှလုံးသား ပိုပြီးကျန်းမာလာတာ ကုထုံးတစ်ခုပါ။

ယနေ့ကနေ ရေတွက်လို့
မနက်ဖန်ဆိုတာ ရောက်တာတောင်
လွမ်းတဲ့အကြောင်းပြောခွင့်မရဘူးပဲထား….
လွမ်းနေတဲ့ ငါ့ရဲ့စိတ်ကိုသတ်ဖို့
ငါ့ကို ရူးသွားအောင်သာ လုပ်ပေးလှည့်ပါ။

ဘယ်တော့မှ မလွတ်မြောက်မဲ့ စိတ်ရဲ့ထောင်
အလွမ်းတွေရဲ့ ကျိန်စာသင့်နေတဲ့ငါ့ရဲ့နေ့
မဆုံနိုင်ခဲ့လဲ ချစ်နေဦးမဲ့င့ါဘ၀စာမျက်နှာ..

ငိုချင်တိုင်း မော့်ကြည့်ဖြစ်တဲ့ မိုး….

မငိုပါနဲ့ မိုး….
ငါ့အတွက်ဆိုလျှင် ညိုရုံသာ ၀မ်းနည်းပေးပါ။

မခြိမ်းပါနဲ့ မိုး…
ငါ့အတွက်ဆိုလျှင် စိုရုံသာ ၀မ်းနည်းပေးပါ။

သူ့ကိုလွမ်းတဲ့စိတ်နဲ့ အိပ်မောကျနေတဲ့
ငါ့နှလုံးသား လန့်နိုးသွားမှာ စိုးလို့ပါ။

ဆက်ဖတ်ချင်ရင်...

တစ်ထောင့်တစ်ည ပုံပြင်တွေလို                                                                    
င့ါကိုငါ အခန်းရှည်မဆက်ချင်တော့ဘူး။ ။                                                     

နေသာသလို နေပါပြောထားလျှက်                                                                   
ဖွဲမီးလို တမြေ့မြေ့လောင်နေတဲ့ စိတ်တွေကြောင့်
သတိရခြင်းတွေတောင် လက်တို့ဖို့မဖြစ်နိုင်တဲ့အဖြစ်။ ။

ရင်ဘတ်ထဲက ခံစားချက်ကို
စကားလုံးလှလှတွေနဲ့ ၀ယ်ယူမရနိုင်မှန်းသိသိနဲ့
ငါ ပေါ့ပေါ့တိမ်တိမ်ပဲ ပြောပြောထွက်သွားတယ်။ ။

အဆိပ်သင့်နေတဲ့ နင်နဲ့ငါ့ရဲ့နေ့တွေကုန်ဆုံးသွားဖို့….
ပြောနေတာက တစ်ခြား
လုပ်နေတာက တလွဲလို့
ပိုးစိုးပက်စက်ဝေဖန်လိုက်စမ်းပါ။ ။

ပြန်မရနိုင်တဲ့ အတိတ်ရယ်
မဖြစ်သင့်ဘူးဆိုတဲ့ ပစ္စုပ္ပန်ရယ်
င့ါလည်ပင်းကို ကြိုးကွင်းလာစွပ်နေသရွေ့...
င့ါကံကြမ္မာကို ငါကိုယ်တိုင် သတ်ဖြတ်ချင်တာ အပြစ်လား။ ။

အချိန်ကို လူတွေထိုင်စောင့်နေကြသလိုမျိုး..
ငါလဲ ဘယ်သူ့ကိုမှန်းမသိ (မျှော်လင့်တကြီး)ထိုင်စောင့်နေမိချိန်…..
အချစ်က…..
ဘယ်ရွေ့..ဘယ်မျှဆိုတဲ့ Expiry Date ကပ်မထားလေတော့
မျှော်လင့်ခြင်းက သက်တမ်းမကုန်နိုင်သေးတာ အပြစ်လား။ ။

လွမ်းဆွတ်ခြင်းရဲ့ ကျိန်ဆဲခြင်းတွေကိုလျစ်လျှူရှုပြီး…
ယတိပြတ်ဆိုတဲ့စကားနဲ့
ငါ့ကိုငါထုတ်သိမ်းထားတာပါပဲ…
နာကျင်တယ်ဆိုတာထက်တော့ ပိုနာကျင်တာပေါ့။ ။

မေ့မရခြင်းရဲ့ တိုက်ခိုက်ခြင်းတွေကိုရှောင်ပုန်းပြီး….
သူတော်စင်လို (ဟန်ဆောင်)အပြုအမှုတွေနဲ့
င့ါကိုငါ စည်းနှောင်ထားတာပါပဲ….
ရင်နာတယ်ဆိုတာထက် ပြောပြစရာစကားလုံးလဲမရှိတော့။ ။

ချုပ်ထိန်းရခက်တဲ့စိတ်ကို
ဖမ်းချုပ်ထားလိုက် လွတ်ထွက်သွားလိုက်နဲ့ပဲ
ငါ…. ခရီးဆက်
သူ့ရဲ့စိတ်နဲ့ငါ လူလုပ်နေရတာကို
ဘယ်သူ့ကို ဖွင့်အန်ချရပါ့မလဲ..။ ။

စွဲလမ်းမှုတစ်ခုမှာ..
တပ်မက်မှုအတ္တ ရာခိုင်နှုန်းဘယ်လောက်များများပါ ပါသလဲ….
တွယ်တာမှုတစ်ခုမှာ..
လိုအပ်မှုအတ္တ ရာခိုင်နှုန်းဘယ်လောက်များများပါ ပါသလဲ…..
ချစ်ခင်မှုတစ်ခုမှာ..
တောင့်တမှုအတ္တ ရာခိုင်နှုန်းဘယ်လောက်များများပါ ပါသလဲ…..
အဲ့ဒီ့အတွေးတွေနဲ့ငါ နပန်းသတ်နေတာကို
ဘယ်သူ့ကို တိုင်တည်ရပါ့မလဲ..။ ။

သေချာပါတယ်..
ရူးနေပြီလို့ ထင်နေရုံနဲ့
မရူးသေးဘူးဆိုတဲ့ စကားလုံးတွေကြောင့်ပဲ
ငါ..သွက်သွက်ခါ ရူးသွားခဲ့တော့တာ။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

တစ်ချိန်က...
ကြယ်တစ်ပွင့်ချင်းစီရဲ့ ရှင်းတမ်းမှာ
ဘယ်ဟာ ခုနှစ်စင်ကြယ်ပါလို့
သူက စိတ်မရှည်လက်မရှည် ရှင်းပြဖူးတယ်။ ။


ညစ်တူးတူး ကိုယ်က
ကြယ်စဉ်တိုင်းပေါင်းရေ
ခုနှစ်စင်းမကကြောင်း.... ဥာဏ်များခဲ့ဖူးတယ်။ ။

သိပ်မကြာခင်က.....
လတစ်စင်းရဲ့ပြည့်လုပြည့်ခင်မှာ
ဟိုမှာလ ..လို့ ညွှန်ပြမယ့်သူထပ်ကြုံတယ်။ ။

ဂျစ်တူးတူးကိုယ်က
ကြယ်စဉ်တွေလို ပေါင်းရီစရာမရှိတော့....
မနက်ဖန် လပြည့်လေ...လို့ ဥာဏ်ကစားခဲ့တယ်။ ။

တကယ့်တကယ်တော့...
ကိုယ်က ကောင်းကင်နဲ့လုံးလုံးမသက်ဆိုင်သူပါ။

သူတို့နှစ်ယောက်ကတော့...
ကောင်းကင်ရဲ့တစ်စိတ်တစ်ဒေသစီကို လှမ်းညွှန်ပြနိုင်သူတွေ။
ကောင်းကင်နဲ့ ကိုယ့်ကို မိတ်ဖွဲ့ပေးသူတွေ။ ။

သွားမလာနဲ့လို့မောင်းထုတ်တတ်သူနဲ့
သူကသူ ကိုယ်ကကိုယ်ပဲလို့...စိတ်ဆိုးတတ်တဲ့သူ

နင်ငါ့ကိုပဲ နိုင်တာမလား လို့ ဆိုတတ်သူနဲ့
ခြင်္သေ့ဆိုတော့ နိုင်မှာပေါ့လို့ဆိုတတ်သူ

ကိုယ်စနောက်တိုင်း
မျက်နှာငယ်နဲ့ ငေးကြည့်တတ်သူနဲ့
ငိုဖို့ဝန်မလေးတတ်သူ

နေ့ချင်းတောင် မတူတဲ့ သူတို့ဆီမှာတူညီမှုတစ်ခုတော့ရှိတယ်။ ။

ကိုယ်စိတ်အချဉ်ပေါက်တိုင်း ဘေးနားရှိနေခဲ့တယ်။
ကိုယ်ပေတေနေတိုင်း.. စိတ်ပူပေးတတ်တယ်။ကိုယ်ပြုံးရီနေတိုင်း..ကိုယ့်အပြုံးကို စစ်ဆေးကြတယ်။
ကိုယ်ဖျားနာတဲ့အခါ...ဆေးတိုက်ရမယ့်နည်း သူတို့သိတယ်။

အရပ်ဒေသချင်းတောင်မတူတဲ့ သူတို့ဆီမှာ တူညီစွာလက်ခံမှုတစ်ခုရှိပြန်တယ်။ ။

မေတ္တာပေးကအေးချမ်းသတဲ့။ ။

တကယ့်တကယ်တော့...
ကိုယ်က မေတ္တာဆိုတဲ့စကားနဲ့လုံးလုံးမရင်းနှီးသူပါ။

သူတို့နှစ်ယောက်ကတော့...
မေတ္တာတရားရဲ့ နက်နဲမှုကိုရှင်းပြပေးသူတွေ။
မေတ္တာတရားနဲ့ မိတ်ဖွဲ့ပေးသူတွေ။ ။

တကယ့်တကယ်တော့...
ကိုယ်က သူတို့နှစ်ယောက်လုံးနဲ့ သက်ဆိုင်ခွင့်မရှိတဲ့သူသာ။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဧည့်သည်ဆန်တဲ့ အပြုံးမျိုးနဲ့ သူရောက်လာခဲ့တာပါ။ ။

အိမ်ရှင်ဆန်ဖို့ ကြိုးစားရင်းနဲ့
ဧည့်ပြန်ချိန်ကို ငါ..လန့်လန့်လာတဲ့အခါ…
မရေမရာ ဆုတောင်းမိတယ်…
ဖြစ်လေရာဘ၀ ကျန်ခဲ့သူမဖြစ်ရလိုပါ။ ။

တစ်ယောက်တစ်အိပ်မက်ဆီနဲ့ ကြယ်ကြွေတုန်းဆုံမိကြတာနေမှာပါ…

သူ့ကို…ကိုယ့်အိပ်မက်တွေရွတ်ပြရင်းနဲ့
အတိတ်ကရုန်းထွက်ဖို့မောပမ်းနေတဲ့အခါ
အသေအချာ စဉ်းစားမိတယ်…
ဘယ်သူ့ဘယ်သူကိုမှ…နာကျင်စေလိုသူ..ကိုယ်မဖြစ်ရလိုပါ။ ။


ဝေးဝေးပြေးစေချင်ပါမှ ရောက်ရောက်လာတဲ့သတိရခြင်းတွေပါ..

ခံစားချက်ဆိုတာ ဖုံးလေပေါ်လေနဲ့
ကိုယ့်ကို ကိုယ်နှိပ်စက်လွန်းမက နှိပ်စက်မိတဲ့အခါ
အဖြေတစ်ခုထုတ်မိတယ်….
မပိုင်ဆိုင်ခင်က ရှုံးရင်တောင်…. သူ့ကိုပျော်ရွှင်စေချင်တာပါ။ ။


ချုပ်နှောင်ထားပါမှ ရုန်းကန်နေတဲ့သံယောဇဉ်တွေပါ…

နောက်ပြန်လှည့်ဖို့ကြိုးစားရင်းနဲ့
ကိုယ့်ကိုကိုယ်နဲ့ သူ့ကိုပါ မေ့ဖျောက်ပြစ်ချင်မိတဲ့အခါ
(ကိုယ့်ကိုကိုယ် အရူးလို့ သတ်မှတ်မိရင်း)
ကိုယ့်ကို ကိုယ်နားလည်မိတယ်…
ကိုယ်ရှုံးရင်တောင်... အနိုင်အပြုံးနဲ့ သူ့ကိုကျေနပ်စေချင်တာပါ။ ။

အဖြေကြိုရထားတဲ့ အမေးပု စ္ဆာတစ်ပုဒ်ပါ…

လူ့စည်း ဘီလူးစည်းဆိုတာ သိသိကြီးနဲ့
ခြေချမိလို့ နာကျင်ရတဲ့အခါ….
ပူးတွဲတရားခံဖြစ်နေရတဲ့ သူ့ကိုငဲ့ကြည့်မိတော့…
သူလဲ ကိုယ့်ဝဋ်ကြွေးမကင်းဘူးလားရယ်လို့တွေးမိတဲ့အခါ
(ကိုယ့်ကိုကိုယ် မုန်းမုန်းလာမိရင်း)
သူ့ကို ကိုယ်နားလည်မိတယ်…
ကိုယ့်ကိုယ်ကိုမုန်းရင်တောင်…သူ့ကိုပြုံးမြဲပြုံးစေချင်ယုံလေးပါ။ ။

စုသဲဖြူ



ဆက်ဖတ်ချင်ရင်...

လှုပ်လေမြုပ်လေ
အဲ့ဒီ့မနက်ဖန်ကို
ဘယ်သူသယ်ဆောင်လာခဲ့တာလဲ။ ။


အတွေးတွေရဲ့ အုပ်မိုးမှုနဲ့
ဂယက်ထနေတဲ့ စိတ်ကို
ဘယ်သူ လက်တို့လိုက်ပြန်တာလဲ။ ။

တစ်ခါတစ်လေ....
မလိုချင်တာကို ငြင်းခွင့်ရှိမယ်
လိုချင်တာကို ပြောခွင့်ရှိမယ်
လက်ခံသင့်တာကို နားလည်ခဲ့မယ်ဆိုလျှင်...
မနက်ဖန်ဆိုတာအတွက် တွေးပူနေစရာမလိုလောက်ပါဘူး။ ။

ပေသီးကျကျ တွက်ဆထားတဲ့
နေ့တွေတောင် လွဲချော်တတ်သေးတာ
ဘယ်သူ့ဘယ်သူကိုမှ အပြစ်ပုံမချကြေး
ငါတို့ ....မှားယွင်းလိုက်ကြရအောင်။ ။

အကုန်မြန်တဲ့ အချိန်တွေကိုလျစ်လျူရှု
အသိဥာဏ်တွေ အနှုတ်လက္ခဏာမပြရင်တော်ပြီဆိုပြီး
ဖြတ်သန်းလာခဲ့တာ......
ခံစားချက်ဆိုတဲ့စိတ်ကိုတော့ ဆုံးရှုံးခဲ့ရ။ ။

တွေ့ဆုံခြင်းအစကိုက
ခွဲခွာခြင်းခရီးဆုံးကို ခရီးနှင်နေတာ..
ငါတို့.....စိတ်မှာဖျောက်ဖျက်ထားကြ။ ။

ဘယ်လိုအာသီတတွေနဲ့ လူဖြစ်ခဲ့တယ်မရှင်းလင်းပဲ
င့ါရင်မှာ အလွမ်းတွေချည်း ယိုဖိတ်နေတဲ့အခါ....

မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့လောကဓံ
တစ်စုံတစ်ရာကိုဆုံးရှုံးပြီးမှ တစ်စုံတစ်ရာကိုပြန်ရတဲ့တွယ်တာမှု
ဖုံးဖိသိုဝှက်ထားပါမှ ထထဖောက်ချင်တဲ့ ခံစားချက်......
ဘာတစ်ခုနဲ့မှ အဆင်မပြေချင်တော့တဲ့...ငါ

င့ါကိုငါ ပြန်ရှာဖွေရတာကိုက နထ္ထိဆန်လွန်းနေခဲ့။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ကောင်းကင်နဲ့ဆုံဖို့

မြေကြီးကို အပူမကပ်ခဲ့ပါဘူး။

တိမ်တွေအကြောင်းတော့

လေညှင်းနဲ့ စကားရည်လုခဲ့တယ်။ ။




“လွမ်းနေတဲ့အကြောင်း

သူ့ဆီလက်ဆင့်ကမ်းပေးပါ”..ပြောခွင့်မသာခဲ့ဘူး။

သစ်စိမ်းချိုး ချိုးသူတစ်ယောက်မှာ

ခပ်ဖွဖွဖိကိုက်ထားရတဲ့ နှုတ်ခမ်းနဲ့

ရင်နာခြင်းတွေသာ အဖတ်တင်ပါတယ်။ ။




အလွမ်းသီချင်းတွေတိုင်း

လွမ်းအောင်ခံစားဖို့ မဆီလျှော်ပေမယ့်..

သံယောဇဉ်နဲ့ လူသားတွေအကြောင်း

သူမဟုတ်တဲ့လူနဲ့ဆွေးနွေးဖြစ်တဲ့အခါ

သူ့ကို မောကြီးပမ်းကြီးကို လွမ်းမိတာပါ။ ။




နှင်းဆီအ၀ါတွေအကြောင်းမပြောပါနဲ့

မနေ့ကအကြောင်းစကားမဟပါနဲ့

သူနဲ့နာမည်တူကို မိတ်ဆက်မပေးပါနဲ့

မျက်ရည်မကျဘဲ ငိုတတ်ခဲ့တာ

ဘယ်လောက်ကြာပြီလဲ မမေးပါနဲ့။ ။




ခံစားချက်အဟောင်းတွေက

ထပ်ပြန်တလဲလဲ သစ်နေတာယုံမယ်ဆိုလျှင်

ခံစားချက်စကားတွေက

မြှားလိုပဲ စူးစေတာလက်ခံမယ်ဆိုလျှင်

ပြီးလွယ်စီးလွယ် ပြစ်ထားခဲ့တဲ့ ငါ့မှာအပြစ်ရှိပါတယ်။ ။




မျက်ရည်ခပ်တဲ့ကော်ဖီကိုမှ

တရှိုက်မက်မက် မော့သောက်ပြစ်ခဲ့တဲ့ငါ...

ဝေဖန်ဆန့်ကျင်မှုနဲ့ သိပ်မနီးစပ်တဲ့သူ....




ပြီးပါပြီ စာတန်းထိုးတာတောင်

ဇာတ်ရည်မလည်တဲ့သူရှိရင် ပြောပြလိုက်ပါ။

တစ်ချို့အချစ်တွေက

“ပြီးပါပြီ”ဆိုတာနဲ့ မလုံလောက်ဘူးဆိုတာ။


     စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ငါ့မြို့ပြမှာ..
ဘယ်ဘာသာစကားမှ မထွန်းကားတော့ဘူး။



အမြတ်တနိုးဖြေခွင့်ရလိုက်တဲ့
စကားလေးတစ်ခွန်းက ခံစားချက်အကုန်ဖြစ်ပါလျှက်
ရင်ထဲမှာတော့ ပြည့်သိပ်နေသေးတယ်။ ။


ငါ့မြို့ပြမှာ..
ဘယ်မျှော်လင့်ချက်အသီးအနှံမှ မအောင်မြင်တော့ဘူး။

တယုတယစိုက်ပျိုးထားတဲ့
သံယောဇဉ်အဖူးအပွင့်တွေက ရိတ်သိမ်းချိန်တန်ပါလျှက်
မိုးရေချိန်ကို ငံ့လင့်နေတယ်။ ။

ငါ့မြို့ပြမှာ..
ဘယ်အောက်ဆီဂျင်မှ သန့်စင်မနေတော့ဘူး။

မြိုချဖုံးကွယ်ထားရတဲ့
တစ်ချို့တစ်ချို့ ခံစားချက်အစစ်အမှန်တွေက
(စီးကရက်ဆိုးကျိုးလိုပါဘဲ) အဆုတ်နဲ့ရင်ဘတ်မှာ အခိုးအငွေ့တွေတွယ်ကျန်တယ်။ ။

ငါ့မြို့ပြမှာ..
ဘယ်အနုပညာမှ မထွန်းကားတော့ဘူး။

ကိုယ်တိုင်ရေးမှတ်တမ်းဖြစ်တဲ့
ဝေဒနာတွေက ကုန်ဆုံးချိန်တန်ပါလျှက်
နောက်ထပ်နောက်ထပ်တွေ တိုးပွားခံစားနေသေးတယ်။ ။

ငါ့မြို့ပြမှာ..
ဘယ်မီးရောင်မှ လင်းလက်မနေတော့ဘူး။

ချို့တဲ့တဲ့ ရွက်ကြမ်းရေကျိုအတိတ်နဲ့
ဆန့်ကျင်ဘက်စကားတွေကိုသာဆိုတတ်တဲ့
အကဲဆတ်ခြင်းတွေက “အချစ်ကို”လွဲမှားစေပါလျှက်
ကိုယ့်အတ္တကို ကိုယ်ထွန်းညှိုပြီး ဂုဏ်ယူချင်နေသေးတယ်။ ။

ငါ့မြို့ပြမှာ..
ဘယ်တရားသူကြီးမှ အမှုမထမ်းတော့ဘူး။

စွဲချက်တွေ၊ပုဒ်မတွေနဲ့
ကိုယ့်ရင်ဘတ်ကို ကိုယ်ဗိုလ်လုပ်နေတတ်တဲ့
တထီးတနန်းဆန်ခြင်းတွေက“အချစ်ကို”ပျက်ယွင်းစေပါလျှက်
ကိုယ့်အရိပ်ကို ကိုယ်လက်ညှိုးထိုးပြီး မောက်မာချင်နေသေးတယ်။ ။

ငါ့မြို့ပြမှာ..
ဘာမှမရှိတော့ဘူး။

မြင်အောင်မကြည့်တတ်သူနဲ့
ခံစားချက်ကိုဦးထိပ်ပန်သူဆုံတဲ့ပွဲ..

ကဲဇာတ်ဆရာရေ..
လွမ်းချင်းလေးနဲ့
မီးလေးမှိတ်ပြီး..
ကားလိပ်လေးသာချပေးခဲ့ပါ။ ။

                                  
                                     စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ချိန်ကိုက်ဗုံးဖြစ်ပါလျှက်
စနက်တံဖြုတ်ဖို့မေ့ခဲ့လေတော့..
စစ်တိုက်တမ်း ကစားရသလိုပါဘဲ...
စစ်ခရာတောင် မှုတ်ခွင့်မရခဲ့ဘူး။ ။


အကြည့်လေးတစ်ချက်ဖြစ်ပါလျှက်
ဝေကဲခတ် ညံ့ခဲ့လေတော့..
ရုပ်ပြတစ်အုပ် ဆွဲရသလိုပါဘဲ..
ခံစားရသမျှ ဖြည့်စွက်ခွင့်မသာခဲ့ဘူး။ ။


အပြုံးလေးတစ်ချက်ဖြစ်ပါလျှက်
လျှို့ဝှက်ချက် ပြည့်နှက်လေတော့...
မာနနဲ့သိက္ခာကြား လွန်ဆွဲရသလိုပါဘဲ...
မျက်ရည်တောင် ကျခွင့်မစွမ်းနိုင်ခဲ့ဘူး။ ။


ရင်ခုန်သံ ခပ်နွမ်းနွမ်းဖြစ်ပါလျှက်
ရင်တစ်ချက်ခုန်တိုင်း ရင်ခုန်ဘက်ကိုမေ့ဖို့ခက်တော့..
စည်းနှောင်ထားရတဲ့ ကိုယ်ကျင့်တရားလိုပါဘဲ...
ခံစားခွင့်ရသမျှ ကျေနပ်ခွင့်မသာခဲ့ဘူး။ ။


ရေရှည်မျှော်လင့်ခဲ့ပါလျှက်
သိပ်မကြာခင် ဝေးခဲ့ရတော့..
အလွမ်းဒဏ်သင့်နေတဲ့ ကဗျာတွေလိုပါဘဲ....
တွေးလေရေးလေ....လွမ်းလေရေးလေနဲ့
ကျွန်မကဗျာတွေထဲလဲ သူမပါရင်မပြီးခဲ့ဘူး။ ။


သူ..
ကျွန်မနှင့် ပဋိပက္ခတွေကြားမှာ
အချစ်ဆိုတာ ဘောင်ခတ်ခံထားရတဲ့ သိက္ခာတစ်ခုဆိုလျှင်
ကျွန်မ...
သူနှင့် အချစ်တွေကြားမှာ
ပဋိပက္ခဆိုတာ မကောင်းဆိုးဝါးလိုပဲမွှေနှောက်
မျှော်လင့်ထားခဲ့သမျှ ရေလိုက်လွဲနေတုန်းပါဘဲ။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ထင်မှတ်မထားတဲ့
အချိုးအကွေ့တွေက
လျှပ်တစ်ပြက်၊ တစ်ခဏ၊
မိနစ်ပိုင်း.........
ဆွဲထားချိန်တောင် မရလိုက်ဘူး
ရင်ထားကခံစားချက်တွေ မူလီပြုတ်သွားတယ်။ ။

နောင်တဆိုတာ မျက်ရည်ကိုဖိတ်ခေါ်တယ်ဆိုလျှင်
လွဲမှားမှုက ရင်နာမှုကိုဧည့်ဝတ်ပြုမယ်ဆိုလျှင်
ခံစားချက်ကတော့ ယဉ်ကျေးပျူငှာမိပါလိမ့်မယ်... ချစ်သူ။ ။

ဝန်းကျင်က လူတွေတောင် မယုံသင့်တဲ့အခြေအနေမှာ
သူ့ကိုတော့ ချွင်းချက်ထား...
ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဖို့
ရင့်သန်နေတဲ့ ပညာရှိတွေတောင် အမိုက်ခံမပြောတဲ့ရာသီမှာ
နက္ခတ်မှားနေတဲ့ ငါက..
“ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူရကြောင်း”
သူ့ကို အထပ်ထပ်ပြောပြဖြစ်ခဲ့တယ်။ ။

ဝထ္တုတစ်အုပ်၊ ကဗျာတစ်ပုဒ်ကို ဖတ်ပြီးတဲ့အခါ
ရသတစ်ခုတော့ ကျန်ရစ်စမြဲ...
ငါ့အကြောင်း သူ အသိအမှတ်ပြုပြီးတဲ့အခါ
စကားတစ်ခွန်းတော့ ဂုဏ်ပြုစမြဲ...
“နားလည်ရခက်တယ်” တဲ့။ ။

ကုန်စင်တဲ့ ဗဟုသုတမရှိမှတော့
အကုန်အစင် ဖွင့်ဟပြောပြထားတဲ့
အချစ်တွေသေဆုံးမသွားတာ ဆန်းကျယ်နေသေးလား....ချစ်သူ။

ပြိုင်နေတဲ့မျဉ်းကို
ဆုံဆည်းစေဖို့ ကိုယ်စီမတတ်နိုင်မှတော့
ယိုင်နေတဲ့စိတ်မှာ
သောကတစ်ချို့သာအဖတ်တင်ခံပြီး
နားလည်မှုဆိုတဲ့စည်းပါးပါးရဲ့ဘေး.....
ငါ မျှော်ငေး.....

ခရေပွင့်တွေတောင်
အတူရေချိန် မရလိုက်ပါဘူး
ခွဲခွာခြင်းနှိုးစက်မြည်သံက တစ်စိတ်စူးရှလွန်းတယ်။ ။

မမေးတော့ဘူး ပြောပေမယ့်..
အဖြေတော့ သိချင်သေးတယ်။
မနီးတော့ဘူး ဆိုပေမယ့်..
ဝေးချိန်ကိုတော့ သိခွင့်ရှိတယ်။
နှုတ်မဆက်ချင်ဘူး အော်ဟစ်ပေမယ့်..
ပဲ့တင်ထပ်ဖို့ နှစ်နားညီဖို့တော့ လိုပါလိမ့်မယ့်။ ။


                                               စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ငိုချင်ပါလျှက်
မျက်ရည်မရှိတဲ့အခါပဲဖြစ်ဖြစ်
ရီချင်ပါလျှက်
ဝေမျှဖို့အဖော်မရှိတဲ့အခါပဲဖြစ်ဖြစ်
ပျောက်ဆုံးသွားတဲ့ ချစ်သူကို
ဖွဖွ ကျိန်ဆဲမိတယ်။ ။

တကယ်တော့ ..
ငါ့ချစ်သူက အပေါင်ဆိုင်ကြီးလည်းဖြစ်တယ်။
ငါ့စကားတွေကို
အပေါင်ဆုံးသဘောနဲ့ ဒီဘက်နားက၀င်ဟိုဘက်နားကထုတ်ပြစ်တတ်တယ်။
ငါ့ခံစားချက်တွေကို
အပေါင်ဆုံးသဘောနဲ့ သိမ်းယူပြစ်တတ်တယ်။
ငါ့ရင်ခုန်သံတွေကို
အပေါင်ဆုံးသဘောနဲ့ ဖျက်ဆီးပြစ်တယ်။ ။

ငါကလဲ အရာအားလုံး
ခပ်မိုက်မိုက် အဆုံးခံပြစ်တတ်တယ်။ ။

တကယ်တော့..
ငါ့ချစ်သူက ယစ်ထုပ်ကြီးလဲဖြစ်တယ်။ ။
မသောက်ပဲလဲ မူးတယ်။
သောက်ပြီးတော့လဲ ရူးတယ်။

ပယင်းရောင်အရည်တွေနဲ့
ပုလင်းထောင်ပြီးမိုက်ရူးရဲဖို့
သူ့ကိုငါကဆန္ဒမရှိပေမယ့်
သူကတော့ ငါ့ကိုချီးမွမ်းရှာပါတယ်..
ငါ့ကဗျာတွေ ကောင်းတယ်ဆိုပဲ။ ။

တကယ်တော့..
ငါ့ချစ်သူက ချစ်သူလူဆိုး ရန်ဖက်ကြီးလဲဖြစ်တယ်။
တစ်ခွန်းမခံပြန်ပက်တယ်။
ငါ့အချစ်ကိုလဲလေမှုတ်ရုပ်လိုပဲဖောင်းချည်ပိန်ချည်လုပ်ပြစ်တယ်။ ။

တကယ်တော့..
ငါ့ချစ်သူက စိတ်ပုတ်ကြီးလဲဖြစ်တယ်။
သူ့ကိုသူလဲ ငါ့ထက်ပိုချစ်တယ်။
ငါ့ကိုလဲ သူ့ထက်ပိုချစ်စေချင်တယ်။ ။

ငါကလဲ ငါ့အချစ်နဲ့
ငါ့လိပ်ပြာကိုတောင် နှုတ်ပေးဝံ့ခဲ့တယ်။ ။
 
တကယ်တော့..
ငါ့ချစ်သူက အချစ်သင်ခန်းစာကိုမကျေညက်တဲ့ ကျူတာတစ်ယောက်ဖြစ်တယ်။
မသိတာရယ်
မလုပ်တတ်တာရယ်
မတွေးတတ်တာရယ်.. စတဲ့
သင်ရိုးညွှန်းသုံးခုကို
တကယ်ချစ်တာပါဆိုတဲ့စကားနဲ့ ကိုးကားပြီးသင်ကြားတယ်။ ။

တကယ်တော့..
ငါ့ချစ်သူက အလိမ်အပတ်အကွေ့အကောက်ကျွမ်းတဲ့ စကားသမားဖြစ်တယ်။
သူ့စကားကြောင့် ငါ့မှာသနားလိုက်
သူ့အဖွဲ့ကြောင့် ငါ့မှာမာန်တက်လိုက်နဲ့
အဆုံးကျတော့ ဘာလုပ်ပေးရမလဲ တောင်းပန်တယ်တဲ့။ ။

တကယ်တော့..
ငါ့ချစ်သူက ဗလာသမားဖြစ်တယ်။
သူ့အချစ်ကလဲ ဘာမှမရှိတဲ့သေတ္တာတစ်ခုနဲ့တူတယ်။
ငါကလဲ သူ့ကိုဝင်ကစွတ်လို့ အမည်နာမပေးတယ်။ ။

ဒီလိုနဲ့
လိပ်ပြာနှုတ်တမ်း
ကစားပွဲမှာ
ချစ်သူမနိုင်
ငါမနိုင်နဲ့ သရေကျတယ်။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ကြယ်တွေကြွေဖို့
ဒီကောင်းကင်မှာ
ကြယ်တွေပျောက်နေတယ် ကို....

ဆုတွေတောင်းဖို့
ဒီမျှော်လင့်ချက်မှာ
ကွက်လပ်တွေများတယ် ကို.....

ပန်းခြွေဖို့
လွမ်းနေတဲ့ ရင်ခွင်မှာ
လှမ်းနေတဲ့ လက်တစ်စုံက နွမ်းနေတယ် ကို..

မတွေ့ရှောင်ပုန်း
မေ့နိုးနိုးနဲ့
မျက်စေ့ကိုဖွင့် လွမ်းစိတ်က၀င်
မျက်စေ့ကိုပိတ် ကြေကွဲစိတ်က၀င်
သက်ပြင်းတွေသာ အဖတ်တင်။ ။

တမင်ရည်စူး
မုန်းဖို့လဲ မရွယ်
မေ့ဖို့လဲ မပြင်
ချစ်ရိပ် ချစ်နွယ်..
ချစ်မိုးတွေသာ သည်း.. သည်းလိုက်စေချင်။ ။

စိတ်ကူး နဲ့ ကျိတ်ရူးနေ
အတိတ်ကံတန်ခိုးနဲ့
ခွဲရမယ့်ဟန်ပြင်တော့
ငိုချင်းရှည် မပီသ..
အချစ်.. အချစ်ဆိုတာ...
ငို.. ရီ.. ရွှင်မြူး နေခဲ့ရ ခဏတာသာ။ ။

တွဲခိုလာတဲ့မျက်ရည်..
မပီပြင်တော့တဲ့အပြုံး..
ဘယ်သူ့ကိုပုံချရမယ်မှန်းမသိတဲ့ အပြစ်တစ်ခုနဲ့
ကိုယ့်ရင်ဘတ်ကိုကိုယ် ဆုပ်ဖြဲလိုက်ရတာကိုက
အချစ်”တဲ့လား ကို။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

သဲတစ်ဆုပ်
ရေတစ်ခွက်နဲ့
ဒီမြေကမ္ဘာ ယောင်ကိုင်းအောင်လည်း
ပုတ်ပြီး သက်သေမထူချင်ဘူး။

ဒီမြေကမ္ဘာ ပုပ်ပွနေအောင်လည်း
ငါ့ရင်ထဲက အမှိုက်ထုပ်ပြစ်မချချင်ဘူး။ ။

ရှိတာနဲ့ ရောင့်ရဲတတ်တဲ့စိတ်နဲ့ပဲ
ရခဲ့ပြီးသားအသဲကွဲ ဒိုင်ယာရီကို
ကဗျာတွေနဲ့ ပေါက်ကွဲ
ငါ့ရင်ခုန်သံတွေလဲ ပျောက်ဆုံးလို့
အသဲကွဲကဗျာတွေ ငါအမြောက်အများပိုင်ဆိုင်လေရဲ့။ ။

ငိုညည်းသံတွေ..
ရယ်မောသံတွေ..
အပြစ်တင်သံတွေ..
အသံမျိုးစုံ အသံတွေ ကြားနိုင်ပါလျှက်
ငါ့ရင်ဘတ်ထဲက တိတ်တဆိတ်ခေါ်သံကတော့
မင်းရင်ဘတ်နဲ့ နားဆင်မှကြားနိုင်မှာမို့...
ကျိတ်မနိုင်ခဲမရ “တောက်”တော့ အခေါက်မစောနဲ့ဦးပေါ့..

မေးတိုင်းမဖြေတတ်တာကိုက ငါ့အသဲကွဲခြင်းစ။ ။
နွေရာသီမှာ နှင်းတွေပဲမှိုင်းနေလေသလား..
သောကရာသီကြောင့် ငါ့မျက်ရည်ပဲဝိုင်းနေသလား..
မကြည်လက်စအမြင်ကို.. ကြည်လင်စေရုံသက်သက်နဲ့တော့
အခွံချည်းသာ ကျန်တဲ့ဒီရင်မှာ..
မဖြေသာလဲ ဟန်လုပ်မနေတတ်တော့ ငါ့အသဲမွမွကျဲ။ ။

တစ်ကယ်ဆို..
ငါက တုတ်ထိုးအိုးပေါက်လဲပြောတတ်တယ်..
မှန်ရာဆို ပွင့်လင်းလွန်းအားကြီးတတ်တယ်..
လိုချင်တာဆို ပိုင်ဆိုင်ခဲတယ်..
တောင့်တတာဆို ရနိုင်ခဲတယ်..

ခုထိတော့..
ဝေးနေလား နီးနေလားမကွဲပြားတဲ့အခါ..
ပိုင်ဆိုင်ခြင်းလား စွန့်လွှတ်ခြင်းလား မသေချာတဲ့အခါ..
စိတ်တံခွန်ကို လေသင့်ရာလွှင့်တင်မိတယ်။ ။

သေချာတာကတော့..
နောင်တတွေသာ အဖတ်တင်တဲ့ဒီနေ့မှာ
မနေ့က မင်းမျက်နှာကိုလွမ်းမိတာလောက်
ဆိုးရွားတာမရှိတော့ဘူး ထင်တယ်။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

လမင်းအငိုတိတ်ဖို့
ကြယ်စဉ်တွေ ပုခက်လွှဲတဲ့ည..
သောကမြူခိုးတွေ ဖွေးဖွေးလွှလွှကျလို့..

ကိုယ်ကိုယ်တိုင်အငိုတိတ်ဖို့
ကြိုးစားပြုံးရီခဲ့ရတဲ့အချိန်
ပဲ့ကြွေပြီးသားခံစားချက်တွေ ပြီးပြီးပျောက်ပျောက်ထားဖို့..

ခံစားချက်က စိတ်ရဲ့သက်သေဖြစ်ပါစေ
ငိုကြွေးခြင်းက ရင်နာခြင်းသက်သေဖြစ်ပါစေ
ငါက အပြုံးမပျက်ငိုမယ့်သူမျိုးမို့
ရီလွန်းလို့ မျက်ရည်ကျတယ်လို့ပဲ နင်သိပါစေတော့။

မြင်နေလျှက် ခေါ်ခွင့်မရှိတဲ့ဘဝ
ကြားနေလျှက် ကြားခွင့်မရှိတော့တဲ့အခြေအနေနဲ့
ပြောင်းချင်လျှက် ပြောင်းခွင့်မရှိတဲ့ဇာတ်မှာ
ငါက ခပ်မိုက်မိုက်ပဲ ဗီလိန်လုပ်
ရင်နာလျှက် ရက်စက်ခဲ့ရတဲ့ပွဲမှာ
ဆွေးမြေ့တဲ့အသည်းတစ်ခြမ်း ငါရင်းခဲ့ရလို့..
နင်...ကျိတ်တော့ချီးကျူးမနေပါနဲ့တော့။

ခပ်ဆွေးဆွေးဗီလိန်သမားမို့
မလန်းဆန်းတဲ့အတိတ်ကိုရှောင်ပုန်းဖို့
ကိုယ်ကိုယ်တိုင်မြေမြှုပ်ထားခဲ့ရတဲ့ ဖြူစင်ခြင်းဇာပနကို
သနားသဖြင့်တော့..
ခရေတစ်ပွင့်လဲ လာမကမ်းလိုက်ပါနဲ့
နှင်းဆီတစ်ပွင့်နဲ့လဲ တုတ်နှောင်မထားလိုက်ပါနဲ့
 ငါ့ရဲ့ဖြူစင်ခြင်း ၀ိဥာဉ်လေး
လွတ်ရာလွတ်လမ်းသွားပါစေတော့။

တုတ်နှောင်သူမရှိပါဘဲ
လွတ်လပ်ခွင့်မရရှာတဲ့
ငါ့ရင်ခုန်သံအတွက်တော့
ငိုချင်တယ်....လွမ်းလို့။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

မိုးပျံနေတဲ့စိတ်ကူးကို
ကြိုးဖြည်ပေးလိုက်ပြီး
နိမ့်ပါးနေတဲ့ စိတ်ဓာတ်ကို
ရိတ်သိမ်းလို့.......
သက်ပြင်းတွေ...သက်ပြင်းမောတွေ
ရေတံခွန်လို ဖြာကျ။ ။

မလှပသေးတဲ့ ပစ္စုပ္ပန်တည့်တည့်မှာရပ်
ကိုယ့်ရင်ဘတ်ကိုကိုယ်
ငုံ့ကြည့်တယ် မော့်ကြည့်တယ်။ ။

ဗလာသာသာ
ဘာမှထူးမလာသေးတဲ့
နေ့ရက်တွေရဲ့ အနားသတ်မှာ
စိတ်ဓာတ်တွေ ငိုက်မြည်းချင်တိုင်းငိုက်မြည်း။ ။

ပုံရိပ်ယောင်တွေအကြောင်းစဉ်းစားမိရင်
အမှန်ကိုမမြင်နိုင်တဲ့ ပါးကွက်သားတွေရဲ့ရှေ့
ဒူးထောက်ကြိုးတုပ်ခံထားရသလိုမျိုး
(ဘယ်အချိန်ဇာတ်ပြုတ်မလဲ)
နေ၀င်ချိန်ကို မုန်းမိတဲ့အခါမျိုးလဲရှိခဲ့။ ။

သံယောဇဉ်တွေ၊နှောင်ဖွဲ့မှုတွေ...
မေတ္တာနဲ့အတိပြီးတဲ့ ကြိမ်းမောင်းခြင်းတွေ...
စေတနာစကားတွေက ခါးတဲ့အခါတိုင်း
သကာရည်လောင်းထားတဲ့ မက်လုံးတွေကြားထဲ
လူးလာခေါက်တုန့် အကူးလွန်လို့
ခြေချော်လို့ကျတဲ့အခါ
ဘယ်လိုလူ ကူထူမလဲ
ကဲကြည့်တတ်တာကိုက
လူ့သဘာဝဖြစ်ခဲ့။ ။

မုန့်လုံးကိုစက္ကူကပ်စေတဲ့နည်းနဲ့တော့
ငါ့ရင်ဘတ်ကို ဖောက်မဖတ်ပါနဲ့။ ။

မိုးပြိုမှာကြောက်တဲ့ တစ်တီတူးပုံပြင်နဲ့တော့
ငါ့ဦးနှောက်ကို သံပတ်မပေးပါနဲ့။ ။

သူမကောင်းဘူး သူကောင်းတယ်ဆိုတဲ့ပုံစံခွက်နဲ့တော့
ငါ့ရဲ့မျက်နှာကို အလှဆီမလိမ်းသုတ်ပါနဲ့။ ။

နားထောင်ကောင်းရုံ အပေါစားစကားတွေနဲ့တော့
ငါ့ခံစားချက်ကို ကြိုးမတုပ်ပါနဲ့။ ။

ဘယ်သူဘာဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့
သာမန်ထက် ခန်းနားကြီးကျယ်ချင်လွန်းတဲ့အခါ
လောမကြီးဖို့ နေ့ရက်တွေက
သစ္စာရှိရှိ လေချွန်ပြလိမ့်မယ်။ ။
စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

အမေ.....
ဒီဘက်နိုင်ငံမှာ
ချိုရွှင်တဲ့ တေးသီငှက်သံတွေတောင်
ချောက်ကပ်လွမ်းဆွေးဖွယ် ကောင်းလွန်းလှတယ် ။ ။

စီးနေကျကားတွေ ရထားတွေထဲမှာလဲ
အမျိုးစုံလှိုင်နေတဲ့ ရေမွှေးနံ့တွေကြောင့်
လူငွေ့တွေ၊လူနံ့တွေ ပျယ်နေတယ်... အမေ။ ။

လူတွေနဲ့တွန်းတိုက်သွားနေရပါလျှက်
ဒေါင်းယောင်ဆောင်ထားရတဲ့ကျီးလိုပဲ
အသွေးအရောင်တွေကွဲလွဲသလို
ခံစားချက်တွေလဲ ကွဲလွဲနေတာခံစားရတယ်...အမေ။ ။

ဘယ်အရပ်နေနေ၊ဘယ်နေရာရောက်ရောက်
ရင်းနှီးကျွမ်းဝင် နွေးထွေးဖို့ခက်လွန်းလှသမို့
အမေလှည်းကျင်း သန့်စင်ထားတဲ့ဘုရားခန်းလောက်
မတင့်တယ် မနွေးထွေးတာ အမှန်ပါပဲ... အမေ။ ။

သစ်ဆန်းလွန်းလှပါတဲ့ shopping mall တွေက
အမေ့နောက်ကနေ ဈေးခြင်းတောင်းကိုင်လိုက်ရတာလောက်
မက်မောဖို့မကောင်းဘူး ...အမေ။ ။

အမေ.....
ဒီဘက်နိုင်ငံမှာ
မိုးထိအောင်မြင့်တဲ့ တိုက်ကြီးတွေတော့ရှိပါရဲ့
စိတ်ဓာတ်တွေကတော့ မြေကြီးမှာလူးလား လူးနေကြရဲ့။ ။

အမေ....
ဒီဘက်နိုင်ငံမှာ
သဘာဝကျ ပြုပြင်ဖန်တီးထားတဲ့လှပေ့ဆိုတဲ့အရာတွေတော့ရှိပါရဲ့
စိတ်ဓာတ်တွေကတော့ ဖန်တီးဖုံးကွယ်လို့ထား ကြာတော့လဲနားလည်မိရဲ့။ ။

အမေ.........
ဒီဘက်နိုင်ငံမှာ
ဘာတစ်ခုမှ အလကားမရနိုင်တာကိုခံစားမိရင်
ဟိုဘက်နိုင်ငံလမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ
ဟင်းရေအစစ်တောင်းသောက်လို့ရတာ မြင်ယောင်မိတယ်။ ။

အမေ...
ဒီဘက်နိုင်ငံမှာ
မပြီးဆုံးနိုင်တဲ့ အိပ်မက်ဆိုးကြီးကိုမက်နေရတဲ့သမီးအတွက်
ဟိုဘက်နိုင်ငံကနေ
စိုးထိတ်ပူပန် ဘုရားမှာ ဆုတွေအလီလီတောင်းနေရော့သလား...အမေ။ ။

အမေ..
နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
လောဘကကျောမှာကပ်နေပါမှ
တန်ကာကျတဲ့ခေတ်ကြီးမှာ
သမီးလဲလောဘကြီးလိုက်တာလို့
ခပ်ဖွဖွညည်းနေရော့သလား...အမေ။ ။

အမေစေရာမှာနေခဲ့တဲ့သမီးက
ခုတော့လဲ လူတွင်ကျယ်လုပ်
အမေ့ကို တဖန်ကလေးလေးအဖြစ်မြင်ယောင်လို့
ရာသီအေးတယ်၊ရာသီနွေးတယ်
အဆီလျှော့စား၊အမေနေကောင်းရဲ့လားလို့
လူကြီးဟန်ဖမ်း ရင်ငွေ့ပေးချင်ခဲ့တယ်...အမေ။ ။

မလွယ်ပါဘူးဆိုပေမယ့်
ဘယ်သူကကော လွယ်လို့တုန်းဆိုတဲ့အသိနဲ့
ရှေ့ကိုတိုးပြီးရင်းတိုးလို့..
အမေ
အခွင့်ရှိရင်တော့..
အမေတို့ ဘယ်လိုခွန်အားတွေနဲ့ရုန်းကန်ခဲ့သလဲ
မြင်ချင်စမ်းချင်တယ်....အမေ။ ။

အိုကြီးအိုမနဲ့
အမေ့ အထီးကျန်ခြင်းတွေပြေဖို့
စလယ်ဝင်အိုး သီချင်းညည်းပြီးဖြတ်ကျော်လှည့်ပါ။ ။
စမ်းတ၀ါးဝါးအလွမ်းတွေနဲ့
နေ၀င်နေထွက်မရေတွက်ပဲ
အမေ့ကျန်းမာရေးကိုသာ ဂရုစိုက်လှည့်ပါ။ ။

တစ်နှစ်ကလဲ နီးနီးလေး
နှစ်နှစ်ကလဲ ခဏလေးဆိုပေမယ့်
ကိုယ်တိုင်သာသိတဲ့
ရင်နာခြင်းသံစဉ်ကို လောကဒဏ်အံတုလို့
သမီးတို့ ခပ်ဖွဖွကြိုးညှိုပါစို့ရဲ့.....အမေ။ ။
စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

မြတ်နိုးခြင်းဆိုတာ….
ဘယ်ရာသီမှာ ပွင့်တဲ့ပန်းလဲလို့
မမေးပါနဲ့ ခရမ်းပြာ။

လွမ်းလို့သေသွားတဲ့သစ်ပင်တွေက
စကားမပြောတတ်တဲ့အခါ
မင်းမြင်အောင်တော့ အလွမ်းသစ်ပါရယ်လို့တော့
စာကပ်ထားမယ် မဟုတ်ဘူးခရမ်းပြာ။

ရေစီးသလို အလိုက်သင့်စီးရတဲ့ဘ၀မှာ
မင်းကလဲ ရေစပ်မဟုတ်ခဲ့လေတော့
ဆုံစည်းခွင့်က ပါးရှားလွန်းလှတယ် ခရမ်းပြာ။

စကားချီတွေ၊ စကားဆုတ်တွေနဲ့ပဲ
မင်းရဲ့ရင်ခုန်သံကို သံချောင်းခေါက်ခဲ့တော့
အတိတ်က ကိုယ်နဲ့တဖွားမခွာ

ကပ်ပါမလာပြန်ဘူးခရမ်းပြာ။

မျှော်လင့်ခြင်းဆိုတာ….
တစ်ညတာမက်ခွင့်ရှိတဲ့

အိပ်မက်တောင်မဟုတ်လေတော့...
ခရမ်းပြာရေ… ငိုချည်းပဲနေရတဲ့ အိပ်မက်တွေမှာ
မင်းကထားထားသွားခဲ့တယ်။

ကိုယ်ရေးတဲ့ဇာတ် ကိုယ်မနိုင်ခဲ့လေတော့…
ပွဲသိမ်းလဲမလှခဲ့ဘူး။
ခဲလေသမျှလဲ ရင်ဘတ်ပေါ်မျက်ရည်တွေ
စိမ့်စိမ့်အိုင်နေတယ်။

စွဲချက်တွေ၊ လိုအပ်ချက်တွေနဲ့
သစ်ရွက်တွေလဲတဖြောဖြောကြွေ
မိုးတွေလဲသည်းချင်တိုင်းသည်း
ဆောင်းလဲဆောင်းအလျောက်
နာကျဉ်မှုကို အကျဉ်းချထားရတုန်းပဲ ခရမ်းပြာ။

ခရမ်းပြာရေ..
ကျက်သရေခရမ်းရောင်တွေ စိုလက်နေဆဲမှာပဲ..
တည်ငြိမ်အေးချမ်းမှုအပြာရောင်ကိုပါ

ဝတ်ဆင်ထားတဲ့ မင်းနာမည်က
ငါ့ဒိုင်ယာရီမှာ ထင်ကျန်နေစဲပါပဲ။



စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ချစ်ခြင်းတရားရဲ့
မျက်ကွယ်ပြုခြင်းကို ခံခဲ့ရသူပါ။ ။

ဘယ်အရပ်မှာနေနေ
ဘယ်လိုခွန်အားတွေနဲ့ပဲ ရုန်းရုန်း
ပေါက်ပြဲနေတဲ့ မြုံးလိုပဲ
ငါးဝင်နဲခဲ့တယ်။ ။

သစ္စာတရားရဲ့
ပျက်ရယ်ပြုခြင်းကို ခံခဲ့ရသူပါ။ ။

တစ်တောဝင်တစ်တောင်ထွက်
ဘယ်သူမုသားမသုံးဘူးလဲ ခြေရာကောက်မိတယ်။
ခြေရာလဲကောက် ရေလဲနောက်..
ငါလဲ အများထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ ။

အမှန်တရားရဲ့
ကျီစယ်ခြင်းကို ခံခဲ့ရသူပါ။

ဘယ်သူမှားမှား ငါတော့မှန်ရမယ်ဆိုတဲ့စိတ်နဲ့
ခင်မင်မှုဝန်းကျင်တစ်ခုကိုထုဆစ်
ပျူဌာတဲ့အပြုံးလက်ထိုး
စကားတွေဗျောက်ထိုးလို့
လူတိုင်းကို စကားစစ်ဆင်ခဲ့တယ်။ ။

မေတ္တာတရားရဲ့
စိမ်းကားခြင်းကို ခံခဲ့ရသူပါ။

ကူပါကယ်ပါ တစာစာမအော်မိ
လာပါထူပါ မတောင်းဆိုမိ
ရိုကျိုးတဲ့ အဘိဓာန်ကိုဖွင့်လှစ်လို့
မျက်တောင်တစ်ခတ်စာ လူ့ဘ၀ကို
ရိုးအခြင်းတွေနဲ့ပဲ ကုန်ဆုံးချင်ခဲ့တယ်။ ။



စုသဲဖြူ












ဆက်ဖတ်ချင်ရင်...