သဲတစ်ဆုပ်
ရေတစ်ခွက်နဲ့
ဒီမြေကမ္ဘာ ယောင်ကိုင်းအောင်လည်း
ပုတ်ပြီး သက်သေမထူချင်ဘူး။
ဒီမြေကမ္ဘာ ပုပ်ပွနေအောင်လည်း
ငါ့ရင်ထဲက အမှိုက်ထုပ်ပြစ်မချချင်ဘူး။ ။
ရှိတာနဲ့ ရောင့်ရဲတတ်တဲ့စိတ်နဲ့ပဲ
ရခဲ့ပြီးသားအသဲကွဲ ဒိုင်ယာရီကို
ကဗျာတွေနဲ့ ပေါက်ကွဲ
ငါ့ရင်ခုန်သံတွေလဲ ပျောက်ဆုံးလို့
အသဲကွဲကဗျာတွေ ငါအမြောက်အများပိုင်ဆိုင်လေရဲ့။ ။
ငိုညည်းသံတွေ..
ရယ်မောသံတွေ..
အပြစ်တင်သံတွေ..
အသံမျိုးစုံ အသံတွေ ကြားနိုင်ပါလျှက်
ငါ့ရင်ဘတ်ထဲက တိတ်တဆိတ်ခေါ်သံကတော့
မင်းရင်ဘတ်နဲ့ နားဆင်မှကြားနိုင်မှာမို့...
ကျိတ်မနိုင်ခဲမရ “တောက်”တော့ အခေါက်မစောနဲ့ဦးပေါ့..
မေးတိုင်းမဖြေတတ်တာကိုက ငါ့အသဲကွဲခြင်းစ။ ။
နွေရာသီမှာ နှင်းတွေပဲမှိုင်းနေလေသလား..
သောကရာသီကြောင့် ငါ့မျက်ရည်ပဲဝိုင်းနေသလား..
မကြည်လက်စအမြင်ကို.. ကြည်လင်စေရုံသက်သက်နဲ့တော့
အခွံချည်းသာ ကျန်တဲ့ဒီရင်မှာ..
မဖြေသာလဲ ဟန်လုပ်မနေတတ်တော့ ငါ့အသဲမွမွကျဲ။ ။
တစ်ကယ်ဆို..
ငါက တုတ်ထိုးအိုးပေါက်လဲပြောတတ်တယ်..
မှန်ရာဆို ပွင့်လင်းလွန်းအားကြီးတတ်တယ်..
လိုချင်တာဆို ပိုင်ဆိုင်ခဲတယ်..
တောင့်တတာဆို ရနိုင်ခဲတယ်..
ခုထိတော့..
ဝေးနေလား နီးနေလားမကွဲပြားတဲ့အခါ..
ပိုင်ဆိုင်ခြင်းလား စွန့်လွှတ်ခြင်းလား မသေချာတဲ့အခါ..
စိတ်တံခွန်ကို လေသင့်ရာလွှင့်တင်မိတယ်။ ။
သေချာတာကတော့..
နောင်တတွေသာ အဖတ်တင်တဲ့ဒီနေ့မှာ
မနေ့က မင်းမျက်နှာကိုလွမ်းမိတာလောက်
ဆိုးရွားတာမရှိတော့ဘူး ထင်တယ်။
စုသဲဖြူ
0 comments:
Post a Comment