မြတ်နိုးခြင်းဆိုတာ….
ဘယ်ရာသီမှာ ပွင့်တဲ့ပန်းလဲလို့
မမေးပါနဲ့ ခရမ်းပြာ။
လွမ်းလို့သေသွားတဲ့သစ်ပင်တွေက
စကားမပြောတတ်တဲ့အခါ
မင်းမြင်အောင်တော့ အလွမ်းသစ်ပါရယ်လို့တော့
စာကပ်ထားမယ် မဟုတ်ဘူးခရမ်းပြာ။
ရေစီးသလို အလိုက်သင့်စီးရတဲ့ဘ၀မှာ
မင်းကလဲ ရေစပ်မဟုတ်ခဲ့လေတော့
ဆုံစည်းခွင့်က ပါးရှားလွန်းလှတယ် ခရမ်းပြာ။
စကားချီတွေ၊ စကားဆုတ်တွေနဲ့ပဲ
မင်းရဲ့ရင်ခုန်သံကို သံချောင်းခေါက်ခဲ့တော့
အတိတ်က ကိုယ်နဲ့တဖွားမခွာ
ကပ်ပါမလာပြန်ဘူးခရမ်းပြာ။
မျှော်လင့်ခြင်းဆိုတာ….
တစ်ညတာမက်ခွင့်ရှိတဲ့
အိပ်မက်တောင်မဟုတ်လေတော့...
ခရမ်းပြာရေ… ငိုချည်းပဲနေရတဲ့ အိပ်မက်တွေမှာ
မင်းကထားထားသွားခဲ့တယ်။
ကိုယ်ရေးတဲ့ဇာတ် ကိုယ်မနိုင်ခဲ့လေတော့…
ပွဲသိမ်းလဲမလှခဲ့ဘူး။
ခဲလေသမျှလဲ ရင်ဘတ်ပေါ်မျက်ရည်တွေ
စိမ့်စိမ့်အိုင်နေတယ်။
စွဲချက်တွေ၊ လိုအပ်ချက်တွေနဲ့
သစ်ရွက်တွေလဲတဖြောဖြောကြွေ
မိုးတွေလဲသည်းချင်တိုင်းသည်း
ဆောင်းလဲဆောင်းအလျောက်
နာကျဉ်မှုကို အကျဉ်းချထားရတုန်းပဲ ခရမ်းပြာ။
ခရမ်းပြာရေ..
ကျက်သရေခရမ်းရောင်တွေ စိုလက်နေဆဲမှာပဲ..
တည်ငြိမ်အေးချမ်းမှုအပြာရောင်ကိုပါ
ဝတ်ဆင်ထားတဲ့ မင်းနာမည်က
ငါ့ဒိုင်ယာရီမှာ ထင်ကျန်နေစဲပါပဲ။
စုသဲဖြူ
အလဲလဲအကွဲကွဲ
အလွမ်းဒဏ်ရာတွေထုဆစ်။
အရှုံးရှုံးအနိမ့်နိမ့်
ခံစားချက်တွေဖွဖွချော့သိပ်။
ကြုံတုန်းအမှာပါးလိုက်ပါရစေ......“ ”ရေ
ကိုယ်ခေါ်တဲ့ဖုန်းလေး တစ်စိတ်လောက်ကိုင်ပါ
ကိုယ်ပြောတဲ့အလွမ်းစကားလေး..
တစ်စက္ကန့်ဖြစ်ဖြစ်နားစွင့်ထားပေးပါ။ ။
မြတ်နိုးလွန်းလို့ အသံလေးကြားချင်တဲ့အခါ
နှစ်လိုတဲ့ စကားလေးတော့စွန့်ကျဲလှည့်ပါ။ ။
လွမ်းမိလို့ Hello လုပ်တဲ့အခါ..
တန်ပြန်လှိုင်းလေးတော့ ပေးလှည့်ပါ။ ။
“ ”ရေ...
စိတ်တူကိုယ်တူ
နှလုံးသားကို Divert လုပ်ထားမိကြပါလျှက်
ကိုယ့်ဆီမှာ ရင်ခုန်သံလှိုင်းတွေဝင်လာတဲ့အခါ..
မင်းဆီမှာ ဘာ့ကြောင့်ရင်ခုန်သံလှိုင်းတွေကျပျောက်နေပါသလဲ။
အနေဝေးရင် သွေးအေးတတ်တယ်လို့
စွတ်စွဲတတ်တာ မင်းပါ။
ခုတော့ နားလည်မှုဒီဂရီကို ဇောက်ထိုးလုပ်
အေးနေတဲ့သွေးကို အဝေးမှာခဲသေအောင်
နှစ်ရှည်စီမံကိန်းတွေနဲ့ ပြုစားခဲ့ရော့သလား။ ။
ဘယ်လိုဖြစ်ဖြစ်ပေါ့
ခံနိုင်ရည်လဲ သန့်စင်နေတုန်း
လွမ်းလို့လဲကောင်းတုန်း
ချစ်၍လဲနေတုန်း
ဖုန်းတွေလဲခေါ်နေတုန်း
Hello ဆိုတဲ့ အသံလေးကိုလဲ လွမ်းဆွတ်နေတုန်း.............
ဝင်ရိုးစွန်း တစ်ခုစာ
ကွာခြားနေတဲ့ ဘ၀ကို
ဂဟေဆော်ဖို့........
ခေါ်နေတဲ့ဖုန်းကောက်ကိုင်တဲ့အခါ
ပက်ချွဲနက်ချွဲ အောက်ကျခံပေးဖို့
ဖုန်းလေးတော့ ကောက်ကိုင်ပေးပါ။ ။
စုသဲဖြူ