ကောင်းကင်နဲ့ဆုံဖို့
မြေကြီးကို အပူမကပ်ခဲ့ပါဘူး။
တိမ်တွေအကြောင်းတော့
လေညှင်းနဲ့ စကားရည်လုခဲ့တယ်။ ။
“လွမ်းနေတဲ့အကြောင်း
သူ့ဆီလက်ဆင့်ကမ်းပေးပါ”..ပြောခွင့်မသာခဲ့ဘူး။
သစ်စိမ်းချိုး ချိုးသူတစ်ယောက်မှာ
ခပ်ဖွဖွဖိကိုက်ထားရတဲ့ နှုတ်ခမ်းနဲ့
ရင်နာခြင်းတွေသာ အဖတ်တင်ပါတယ်။ ။
အလွမ်းသီချင်းတွေတိုင်း
လွမ်းအောင်ခံစားဖို့ မဆီလျှော်ပေမယ့်..
သံယောဇဉ်နဲ့ လူသားတွေအကြောင်း
သူမဟုတ်တဲ့လူနဲ့ဆွေးနွေးဖြစ်တဲ့အခါ
သူ့ကို မောကြီးပမ်းကြီးကို လွမ်းမိတာပါ။ ။
နှင်းဆီအ၀ါတွေအကြောင်းမပြောပါနဲ့
မနေ့ကအကြောင်းစကားမဟပါနဲ့
သူနဲ့နာမည်တူကို မိတ်ဆက်မပေးပါနဲ့
မျက်ရည်မကျဘဲ ငိုတတ်ခဲ့တာ
ဘယ်လောက်ကြာပြီလဲ မမေးပါနဲ့။ ။
ခံစားချက်အဟောင်းတွေက
ထပ်ပြန်တလဲလဲ သစ်နေတာယုံမယ်ဆိုလျှင်
ခံစားချက်စကားတွေက
မြှားလိုပဲ စူးစေတာလက်ခံမယ်ဆိုလျှင်
ပြီးလွယ်စီးလွယ် ပြစ်ထားခဲ့တဲ့ ငါ့မှာအပြစ်ရှိပါတယ်။ ။
မျက်ရည်ခပ်တဲ့ကော်ဖီကိုမှ
တရှိုက်မက်မက် မော့သောက်ပြစ်ခဲ့တဲ့ငါ...
ဝေဖန်ဆန့်ကျင်မှုနဲ့ သိပ်မနီးစပ်တဲ့သူ....
ပြီးပါပြီ စာတန်းထိုးတာတောင်
ဇာတ်ရည်မလည်တဲ့သူရှိရင် ပြောပြလိုက်ပါ။
တစ်ချို့အချစ်တွေက
“ပြီးပါပြီ”ဆိုတာနဲ့ မလုံလောက်ဘူးဆိုတာ။
စုသဲဖြူ