Powered By

Free XML Skins for Blogger

Powered by Blogger

မိုးပျံနေတဲ့စိတ်ကူးကို
ကြိုးဖြည်ပေးလိုက်ပြီး
နိမ့်ပါးနေတဲ့ စိတ်ဓာတ်ကို
ရိတ်သိမ်းလို့.......
သက်ပြင်းတွေ...သက်ပြင်းမောတွေ
ရေတံခွန်လို ဖြာကျ။ ။

မလှပသေးတဲ့ ပစ္စုပ္ပန်တည့်တည့်မှာရပ်
ကိုယ့်ရင်ဘတ်ကိုကိုယ်
ငုံ့ကြည့်တယ် မော့်ကြည့်တယ်။ ။

ဗလာသာသာ
ဘာမှထူးမလာသေးတဲ့
နေ့ရက်တွေရဲ့ အနားသတ်မှာ
စိတ်ဓာတ်တွေ ငိုက်မြည်းချင်တိုင်းငိုက်မြည်း။ ။

ပုံရိပ်ယောင်တွေအကြောင်းစဉ်းစားမိရင်
အမှန်ကိုမမြင်နိုင်တဲ့ ပါးကွက်သားတွေရဲ့ရှေ့
ဒူးထောက်ကြိုးတုပ်ခံထားရသလိုမျိုး
(ဘယ်အချိန်ဇာတ်ပြုတ်မလဲ)
နေ၀င်ချိန်ကို မုန်းမိတဲ့အခါမျိုးလဲရှိခဲ့။ ။

သံယောဇဉ်တွေ၊နှောင်ဖွဲ့မှုတွေ...
မေတ္တာနဲ့အတိပြီးတဲ့ ကြိမ်းမောင်းခြင်းတွေ...
စေတနာစကားတွေက ခါးတဲ့အခါတိုင်း
သကာရည်လောင်းထားတဲ့ မက်လုံးတွေကြားထဲ
လူးလာခေါက်တုန့် အကူးလွန်လို့
ခြေချော်လို့ကျတဲ့အခါ
ဘယ်လိုလူ ကူထူမလဲ
ကဲကြည့်တတ်တာကိုက
လူ့သဘာဝဖြစ်ခဲ့။ ။

မုန့်လုံးကိုစက္ကူကပ်စေတဲ့နည်းနဲ့တော့
ငါ့ရင်ဘတ်ကို ဖောက်မဖတ်ပါနဲ့။ ။

မိုးပြိုမှာကြောက်တဲ့ တစ်တီတူးပုံပြင်နဲ့တော့
ငါ့ဦးနှောက်ကို သံပတ်မပေးပါနဲ့။ ။

သူမကောင်းဘူး သူကောင်းတယ်ဆိုတဲ့ပုံစံခွက်နဲ့တော့
ငါ့ရဲ့မျက်နှာကို အလှဆီမလိမ်းသုတ်ပါနဲ့။ ။

နားထောင်ကောင်းရုံ အပေါစားစကားတွေနဲ့တော့
ငါ့ခံစားချက်ကို ကြိုးမတုပ်ပါနဲ့။ ။

ဘယ်သူဘာဖြစ်ဖြစ်ဆိုတဲ့စိတ်နဲ့
သာမန်ထက် ခန်းနားကြီးကျယ်ချင်လွန်းတဲ့အခါ
လောမကြီးဖို့ နေ့ရက်တွေက
သစ္စာရှိရှိ လေချွန်ပြလိမ့်မယ်။ ။
စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

အမေ.....
ဒီဘက်နိုင်ငံမှာ
ချိုရွှင်တဲ့ တေးသီငှက်သံတွေတောင်
ချောက်ကပ်လွမ်းဆွေးဖွယ် ကောင်းလွန်းလှတယ် ။ ။

စီးနေကျကားတွေ ရထားတွေထဲမှာလဲ
အမျိုးစုံလှိုင်နေတဲ့ ရေမွှေးနံ့တွေကြောင့်
လူငွေ့တွေ၊လူနံ့တွေ ပျယ်နေတယ်... အမေ။ ။

လူတွေနဲ့တွန်းတိုက်သွားနေရပါလျှက်
ဒေါင်းယောင်ဆောင်ထားရတဲ့ကျီးလိုပဲ
အသွေးအရောင်တွေကွဲလွဲသလို
ခံစားချက်တွေလဲ ကွဲလွဲနေတာခံစားရတယ်...အမေ။ ။

ဘယ်အရပ်နေနေ၊ဘယ်နေရာရောက်ရောက်
ရင်းနှီးကျွမ်းဝင် နွေးထွေးဖို့ခက်လွန်းလှသမို့
အမေလှည်းကျင်း သန့်စင်ထားတဲ့ဘုရားခန်းလောက်
မတင့်တယ် မနွေးထွေးတာ အမှန်ပါပဲ... အမေ။ ။

သစ်ဆန်းလွန်းလှပါတဲ့ shopping mall တွေက
အမေ့နောက်ကနေ ဈေးခြင်းတောင်းကိုင်လိုက်ရတာလောက်
မက်မောဖို့မကောင်းဘူး ...အမေ။ ။

အမေ.....
ဒီဘက်နိုင်ငံမှာ
မိုးထိအောင်မြင့်တဲ့ တိုက်ကြီးတွေတော့ရှိပါရဲ့
စိတ်ဓာတ်တွေကတော့ မြေကြီးမှာလူးလား လူးနေကြရဲ့။ ။

အမေ....
ဒီဘက်နိုင်ငံမှာ
သဘာဝကျ ပြုပြင်ဖန်တီးထားတဲ့လှပေ့ဆိုတဲ့အရာတွေတော့ရှိပါရဲ့
စိတ်ဓာတ်တွေကတော့ ဖန်တီးဖုံးကွယ်လို့ထား ကြာတော့လဲနားလည်မိရဲ့။ ။

အမေ.........
ဒီဘက်နိုင်ငံမှာ
ဘာတစ်ခုမှ အလကားမရနိုင်တာကိုခံစားမိရင်
ဟိုဘက်နိုင်ငံလမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ
ဟင်းရေအစစ်တောင်းသောက်လို့ရတာ မြင်ယောင်မိတယ်။ ။

အမေ...
ဒီဘက်နိုင်ငံမှာ
မပြီးဆုံးနိုင်တဲ့ အိပ်မက်ဆိုးကြီးကိုမက်နေရတဲ့သမီးအတွက်
ဟိုဘက်နိုင်ငံကနေ
စိုးထိတ်ပူပန် ဘုရားမှာ ဆုတွေအလီလီတောင်းနေရော့သလား...အမေ။ ။

အမေ..
နတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
လောဘကကျောမှာကပ်နေပါမှ
တန်ကာကျတဲ့ခေတ်ကြီးမှာ
သမီးလဲလောဘကြီးလိုက်တာလို့
ခပ်ဖွဖွညည်းနေရော့သလား...အမေ။ ။

အမေစေရာမှာနေခဲ့တဲ့သမီးက
ခုတော့လဲ လူတွင်ကျယ်လုပ်
အမေ့ကို တဖန်ကလေးလေးအဖြစ်မြင်ယောင်လို့
ရာသီအေးတယ်၊ရာသီနွေးတယ်
အဆီလျှော့စား၊အမေနေကောင်းရဲ့လားလို့
လူကြီးဟန်ဖမ်း ရင်ငွေ့ပေးချင်ခဲ့တယ်...အမေ။ ။

မလွယ်ပါဘူးဆိုပေမယ့်
ဘယ်သူကကော လွယ်လို့တုန်းဆိုတဲ့အသိနဲ့
ရှေ့ကိုတိုးပြီးရင်းတိုးလို့..
အမေ
အခွင့်ရှိရင်တော့..
အမေတို့ ဘယ်လိုခွန်အားတွေနဲ့ရုန်းကန်ခဲ့သလဲ
မြင်ချင်စမ်းချင်တယ်....အမေ။ ။

အိုကြီးအိုမနဲ့
အမေ့ အထီးကျန်ခြင်းတွေပြေဖို့
စလယ်ဝင်အိုး သီချင်းညည်းပြီးဖြတ်ကျော်လှည့်ပါ။ ။
စမ်းတ၀ါးဝါးအလွမ်းတွေနဲ့
နေ၀င်နေထွက်မရေတွက်ပဲ
အမေ့ကျန်းမာရေးကိုသာ ဂရုစိုက်လှည့်ပါ။ ။

တစ်နှစ်ကလဲ နီးနီးလေး
နှစ်နှစ်ကလဲ ခဏလေးဆိုပေမယ့်
ကိုယ်တိုင်သာသိတဲ့
ရင်နာခြင်းသံစဉ်ကို လောကဒဏ်အံတုလို့
သမီးတို့ ခပ်ဖွဖွကြိုးညှိုပါစို့ရဲ့.....အမေ။ ။
စုသဲဖြူ

ဆက်ဖတ်ချင်ရင်...