ထင်မှတ်မထားတဲ့
အချိုးအကွေ့တွေက
လျှပ်တစ်ပြက်၊ တစ်ခဏ၊
မိနစ်ပိုင်း.........
ဆွဲထားချိန်တောင် မရလိုက်ဘူး
ရင်ထားကခံစားချက်တွေ မူလီပြုတ်သွားတယ်။ ။
နောင်တဆိုတာ မျက်ရည်ကိုဖိတ်ခေါ်တယ်ဆိုလျှင်
လွဲမှားမှုက ရင်နာမှုကိုဧည့်ဝတ်ပြုမယ်ဆိုလျှင်
ခံစားချက်ကတော့ ယဉ်ကျေးပျူငှာမိပါလိမ့်မယ်... ချစ်သူ။ ။
ဝန်းကျင်က လူတွေတောင် မယုံသင့်တဲ့အခြေအနေမှာ
သူ့ကိုတော့ ချွင်းချက်ထား...
ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဖို့
ရင့်သန်နေတဲ့ ပညာရှိတွေတောင် အမိုက်ခံမပြောတဲ့ရာသီမှာ
နက္ခတ်မှားနေတဲ့ ငါက..
“ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူရကြောင်း”
သူ့ကို အထပ်ထပ်ပြောပြဖြစ်ခဲ့တယ်။ ။
ဝထ္တုတစ်အုပ်၊ ကဗျာတစ်ပုဒ်ကို ဖတ်ပြီးတဲ့အခါ
ရသတစ်ခုတော့ ကျန်ရစ်စမြဲ...
ငါ့အကြောင်း သူ အသိအမှတ်ပြုပြီးတဲ့အခါ
စကားတစ်ခွန်းတော့ ဂုဏ်ပြုစမြဲ...
“နားလည်ရခက်တယ်” တဲ့။ ။
ကုန်စင်တဲ့ ဗဟုသုတမရှိမှတော့
အကုန်အစင် ဖွင့်ဟပြောပြထားတဲ့
အချစ်တွေသေဆုံးမသွားတာ ဆန်းကျယ်နေသေးလား....ချစ်သူ။
ပြိုင်နေတဲ့မျဉ်းကို
ဆုံဆည်းစေဖို့ ကိုယ်စီမတတ်နိုင်မှတော့
ယိုင်နေတဲ့စိတ်မှာ
သောကတစ်ချို့သာအဖတ်တင်ခံပြီး
နားလည်မှုဆိုတဲ့စည်းပါးပါးရဲ့ဘေး.....
ငါ မျှော်ငေး.....
ခရေပွင့်တွေတောင်
အတူရေချိန် မရလိုက်ပါဘူး
ခွဲခွာခြင်းနှိုးစက်မြည်သံက တစ်စိတ်စူးရှလွန်းတယ်။ ။
မမေးတော့ဘူး ပြောပေမယ့်..
အဖြေတော့ သိချင်သေးတယ်။
မနီးတော့ဘူး ဆိုပေမယ့်..
ဝေးချိန်ကိုတော့ သိခွင့်ရှိတယ်။
နှုတ်မဆက်ချင်ဘူး အော်ဟစ်ပေမယ့်..
ပဲ့တင်ထပ်ဖို့ နှစ်နားညီဖို့တော့ လိုပါလိမ့်မယ့်။ ။

စုသဲဖြူ