မာန်ဟုန် ၀င့်ဝင့်
ချစ်ချစ်ချင်ချင်
တိမ်းစောင်းရစ်မူး
ပျော်ဝင်ခဲ့လည်း.....
မာနချင်းပြိုင်
မာန်ချင်းဆိုင်၍
အသက်မကချစ်ခဲ့ကြသော
ဤနှစ်ယောက်သည်
မာနရဲ့ကျေးကျွန်အဖြစ်
ပါဝင်ဆင်းသက်ရင်း
အရှေ့နှင့်အနောက်
ပြောင်းပြန်လျှောက်ခဲ့ရပြီ။ ။
စုသဲဖြူ
ပုခုံးစွန်းလေးကိုတောင်မှ
အားကိုးတကြီး မမှီနွဲ့ချင်တဲ့
မိန်းမလို့ မြင်ချင်လဲမြင်ပါ။ ။
စကားလေးကိုတောင်မှ
နွဲ့နွဲ့ပျောင်းပျောင်း အကြိုက်လိုက်မပြောတတ်တဲ့
မိန်းမလို့ ထင်ချင်လဲထင်ပါ။ ။
လက်တွေ့နဲ့ အိပ်မက်ကို
ဂဏန်းပေါင်းစက်ထဲ ထည့်တွက်ဖို့ကြိုးစားနေတဲ့
မိန်းမလို့ ပြောချင်လဲပြောပါ။ ။
ကိုယ်ကလွဲပြီး အခြားသူကိုယုံကြည်ဖို့
မရဲရင့်တဲ့အတွက်
အတ္တခပ်ကြီးကြီး မိန်းမလို့ ဝေဖန်ချင်လဲဝေဖန်ပါ။ ။
ကိုယ့်အနာဂတ်ကို
သူများလက်ထဲ ထိုးထည့်ပြီး
“ချစ်တယ်” ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်
လှောင်ပိတ်ခံဖို့ သွေးနဲတဲ့
မိန်းမတစ်ယောက် ဖြစ်နေတဲ့အခါ....................
အချစ်တွေလဲ ကိန်းဂဏန်းအောက်
ခုန်ပေါက် ပြေးဆင်းသွားတယ်။ ။
သုညဘ၀တွေလဲ အပြည့်ကိန်းတွေနောက်
ရောက်ရောက်သွားတယ်။ ။
လက်တွေ့ဘ၀အတွက် အိပ်မက်ကို
သွန်မှောက်ပြစ်လိုက်ရတဲ့အခါ.....
ကျွန်မမုန်းတဲ့ကျွန်မအတွက်
သူများ ငိုမလားရယ်လို့
ကိုယ့်ကိုကိုယ် ကြိုးပေးလိုက်တယ်။ ။
စုသဲဖြူ
***** ***** ***** ***** ***** ***** *****
ညနေတိုင်းတိတ်ဆိတ်နေတတ်သည့် ကျွန်မတို့အိမ်သည် သူရောက်လာမှပို၍ စည်ကားလာသည်။ အိမ်မကပ် သည့်နေမျိုး အိမ်ကပ်ကာ သူ့ကိုဧည့်ဝတ်ကျေရတာအမော။ဖေဖေနှင့် တင်္နဂနွေနေ့တိုင်း လမ်းလျှောက်အဖော် လိုက်တတ်သလို။မေမေလုပ်ကျွေးသည့်မုန့်ပေါင်းစုံကို သူသာဒိုင်ခံမြည်း လျှက် မရှက်မကြောက် အားရပါးရစားတတ်သည်ကလည်း သြချရမတတ်။စာရေးစာဖတ်လုပ်ပြီး ညောင်းညာသလိုခံစားရတိုင်း ခြံထဲဆင်းဖို့တောင်အတော် စဉ်းစားယူရသည်မှာ ကျွန်မ။ ဘယ်နေ ရာသွားသွား သူနှင့်လွတ်ကင်းသည့် နေရာ မရှိ။ကျွန်မထိုင်နေကျခြံထဲကအုတ်ခုံလေးသည် သူနှင့် နေမျိုး ဂီတာထိုင်တီးစရာနေရာ ဖြစ်နေသည်။ ကျွန်မအလှမွေးထားသည့် ငါးကန်လေးဘေး ထိုင်ခုံ သည်လဲ သူနှင့်ဖေဖေကျားထိုးရာနေရာ။
မနေ့က ချီထားတဲ့စိတ်ဓာတ်
ဒီနေ့တော့ ကိုယ်ကိုယ်တိုင်ပဲ ရိုက်ချိုးလို့
မနက်ဖန်မှာ ဒင်္ဂါးသံတွေ တချွင်ချွင်မြည်အောင်
မဲ့နေလျှက်နဲ့ ပြုံးပြစ်လိုက်တယ်
ကြာတော့လဲ အရည်ထူသွားပေမပေါ့။ ။
ဘယ်လမ်းကိုသွားလို့
ဘယ်ခရီးကို ရောက်မယ်မှန်းမသိတဲ့အတူတူ
ကြုံရာလူ ကယ်ထူရင်း
နွမ်းလျလျှက်က ပီပီပြင်ပြင်ပြုံးပြဖြစ်တယ်
လမ်းဆုံးရင်တော့ ရွာကိုတွေ့လိမ့်မပေါ့။ ။
ဘယ်သူမှ ဓားမမိုးဘဲ
ခေါက်သိမ်းထားရတဲ့ ရင်ခုန်သံ
လူသားမဆန်တဲ့ ခံနိုင်ရည်တွေ
အကြီးစားအတ္တ၊ မာနတွေနဲ့ မိန့်မိန့်ကြီးပြုံးပြစ်လိုက်တယ်
ငါလျှောက်မှန်းမသိလျှောက်နေတာ
လူတွေနဲ့ ဝေးရာကို ဖြစ်လဲဖြစ်နေပါစေပေါ့။ ။
နေပါစေ ဖြေသိမ့်ရင်း
ငါ့ဘ၀ကို လှေကားထစ်လိုခင်းကျင်း
ခပ်ရဲရဲ နင်းလိုက်စမ်းပါကွဲ့
မင်းတက်ချင်တဲ့ အမြင့်လောက်တော့
ငါမတင်စွမ်းပါတယ်။
ဂလိုင်ပေါက်ဖြစ်နေတဲ့ ငါ့ရင်ကိုတော့ခေါက်မကြည့်ကြေးပေါ့။ ။
မနေ့က ချီထားတဲ့စိတ်ဓာတ်နဲ့
လမ်းဆုံးရင် ရွာတွေ့ဖို့
လူတွေနဲ့ဝေးတာတွေးကြောက်နေရင်တော့လဲ
ဂလိုင်ပေါက် ငါ့ရင်ခွင်မှာသာ
ပုန်းခိုလှည့်တော့။ ။
စုသဲဖြူ
တွေ့ဆုံကြုံကွဲ ဓမ္မတာပဲမို့
တွေ့တုန်းမှာပျော်...
ကြုံတုန်းမှာမျှော်။ ။
မျှော်သာမျှော် ပေါ်ခဲလှတာမို့
စိတ်မခိုင် ကျိတ်ပြိုင်လဲ
သူစိမ်းသလောက် ကိုယ်ယိမ်းယိုင်။ ။
ဇဝေဇ၀ါ အကြည့်
အသေအချာ မသိရင်တောင်
ဘုရားစူး ကြိမ်ဖူးပါရဲ့.....
သူ့မျက်ဝန်းက ထွန်းတောက်စ ကြယ်လို။ ။
ဟန်လုပ်တဲ့အပြုံး
အသေအချာ ခွဲခြမ်းမသိရင်တောင်
ဘုရားစူးနှစ်သက်ဖူးပါရဲ့.........
သူ့အပြုံးက ပန်းဝတ်ရည်လို။ ။
ကိုယ်ထင် ကုတင်ရွှေနန်း
သူကြင် ကိုယ်ဖြစ်နေစမ်း..
နေ့နေ့ ညည လွမ်းခြင်းကင်းမည်။ ။
စုသဲဖြူ
မပြေးသော်ကံရာ ရှိခဲ့ပြီမို့
မလှမ်းသာရင်နင့်
မစွမ်းသာနေရစ်ရပြီ။ ။
မမှားသော်လည်း
အမှန်မထင်ပြီမို့
တိတ်တိတ်သာဖြေလည်း
ကျိတ်မှိတ်စွာကြေကွဲ။ ။
တကယ်ဆို
သံယောဇဉ်ကို
ဘောင်ခတ်ပြီးမှ
ရောင်းစားခံခဲ့ရတဲ့
ကြေးစားငါ့ရင်ခုန်သံ...........
ဘယ်သူမှန်လို့
ဘယ်သူမှားမှား
အပိုအလုပ်တွေနဲ့
သက်သေ တွေရှာမနေနဲ့
ဇာတ်သိမ်းတော့
ဇာတ်နာတဲ့ငါ့ကို
အကယ်ဒမီပေးမှာ..
မင်းမှမဟုတ်တာ။ ။
စုသဲဖြူ
အမှန်တစ်ကယ်လိုအပ်ချက်မရှိဘဲ
အမှန်တစ်ကယ်လိုအပ်ချက်မရှိဘဲ
ရယူလိုမှု သက်သက်နဲ့
လူ့တန်ဖိုးကို မြှင့်ချီ နှိမ့်ချီ ဆော့ကစား။ ။
ပွဲစားဆန်တဲ့ စကားခေါက်သံတွေနဲ့
အသိအမြင်တွေ စုံလုံးကန်းနေရင်တောင်
ခေါင်းပါးတဲ့ ကိုယ်ကျင့်တရားကိုထုံးသုတ် မွမ်းမံ။ ။
ဝေဒနာ တံခါးပေါက်က
လက်ယက် ခေါ်သံတွေ.......
အူမ မတောင့်လို့ သီလမစောင့်နိုင်ပုံနဲ့
“အော် ဘုရား၊ ဘုရား”တ
သူစားမယ့် ဆန်တစ်စိတ်ကျိတ်၍လဲ လှူဟန်မမြင်။ ။
အယုံလွဲ ခံယူချက်တွေနဲ့
အရေပြား တစ်တောင့် ၀တ်ရုံတွေခြုံ
“သူတော်မှ ငါကောင်းမဟဲ့” သံပြိုင်ရွတ်ရင်း
ပါတီတွေ အပြိုင်အဆိုင်ပေး..
မိဘမဲ့ကျောင်းက ဆုတောင်းသံတွေရဲ့အဝေး။ ။
သူထူမှ ကိုယ်ထနိုင်ဖို့အရေး
ဦးနှောက်တွေလဲ ဖောက်စားခံရ။
သိက္ခာတွေလဲ ချနင်းခံရ။
ရေပေါ်ဆီ လူ့တစ်သိုက်ရဲ့
အသပြာကျောမှာ မှောက်ယှက်လဲရင်း...
မနက်ဖန်လာမယ့် ဒုက္ခတွေလဲ ရင်စီးခံရုံ။ ။
ရွာကျောင်းက ကျောင်းခေါင်းလောင်းသံကို
တီးခေါက်နေတာ ..
ဘုန်းတော်ကြီး ကိုယ်တိုင်လို့ ဘယ်သူသိပါသလဲ။ ။
အာသာပြင်းပြင်း ၀မ်းတွင်းအပူအတွက်
အဖေမသိ အမေမရှိ ငိုချင်စိတ်တွေနထ္ထိ။
ဆုတောင်းသံတွေနဲ့သာ ထမင်းတွေကျိတ်ဝါး
သူတို့ခံစားချက်ကို ဘယ်သူသိပါလဲ။ ။
ကိုယ့်လူ ကိုယ့်ဖက်မပါဘဲ
ကိုယ်တစ်ယောက်တည်း တိုက်တဲ့တိုက်ပွဲ
ဘယ်လောက်ထိချက်နာသလဲ ဘယ်သူသိပါသလဲ။ ။
ကိုယ့်ရှိမှ ကိုယ်စား
သူ့ရှိတော့ မြှောက်ပင့်သယ်သွား
လူ့စိတ်သဘောကိုက ပုပ်သိုး
ဆေးရည်စိမ်ဖို့ မမှီနိုင်တော့သကိုး။ ။
အော်.....ငါလည်းလေ
လူသားပေမို့
သူတို့နှင့်နှိုင်း မရိုင်းချင်ခဲ့။ ။
စုသဲဖြူ
နွေလရဲ့ နွေနေပူပူအောက်
ဒို့နှစ်ယောက်
ချစ်ခင်မှုတွေနဲ့ ဖေးမလို့ ရှေ့ဆက်လျှောက်ခဲ့တယ်။
မိုးလရဲ့ အေးမြတဲ့ မိုးစက်တွေအောက်
ဒို့နှစ်ယောက်
မြတ်နိုးမှုတွေနဲ့ ဖေးမလို့ ရှေ့ဆက်လျှောက်ခဲ့တယ်။
ဆောင်းလရဲ့ မြူမှုန်တွေအောက်
ဒို့နှစ်ယောက်
တွယ်တာမှုတွေနဲ့ ဖေးမလို့ ရှေ့ဆက်လျှောက်ခဲ့တယ်။
သောကလရဲ့ လှိုင်းထန်နေတဲ့ မုန်တိုင်းရာသီအောက်
ဒို့နှစ်ယောက်
လက်တွဲဖြုတ်လို့ နားလည်မှုတွေနဲ့ နှုတ်ဆက်လမ်းခွဲခဲ့ကြတယ်။
စုသဲဖြူ
(ဒီကဗျာလေးက ကျွန်မငယ်ငယ်ကရေးခဲ့တဲ့ကဗျာပါ။ မောင်လှမျိုး (ချင်းချောင်းခြံ) ၀ထ္တုတွေ ဖတ်ပြီး ရင်နင့်ခဲ့ရတဲ့ကာလလဲ ဖြစ်ပါလိမ့်မယ်။ ခု မှတ်မိသလောက်ကို ပြန်ရေးမိတာပါ။အဆုံးသတ်က နဲနဲလေး လိုနေမယ်ထင်ပါတယ်။ တစ်ပုဒ်လုံးလိုနေတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ :D)
သခင့် အချစ်
အစစ်ဖြစ်လည်း
ကျွန်မ အချစ်
ပေးကမ်းအပ်နှင်းရန် မစွမ်းသာတော့ပြီ။
တိကျတဲ့ ဆုံးဖြတ်ချက်တွေနဲ့
ကျွန်မထံပါး လက်ကမ်းပေးလည်း
သခင့်ထံပါး လက်ပြန်ကမ်းပေးဖို့ မစွမ်းသာတော့ပြီ။
သစ်ရွက်လှုပ်တိုင်း ရီမောတတ်တဲ့
အရွယ်လဲ လွန်ခဲ့ပြီ။
ဟန်ဆောင်သကာဖုံး မျက်နှာတွေကို
ဖောက်ထွင်းလို့လဲမြင်နေတတ်ပြီ။
သူတို့ရွဲ့တိုင်း ကျွန်မစောင်းတတ်လွန်းလို့
ရင်ဘတ်ထဲမှာလည်း ဒဏ်ရာတွေ မွထနေပြီ။
သခင်........
အဖြူရောင်ပွင့်ချပ်မဟုတ်တော့တဲ့ ကျွန်မ
အရောင်စုံ ဒဏ်ရာတွေစွန်းထင်းနေတဲ့ လက်နဲ့
သခင်တွဲခေါ်မယ့်လမ်း........
စိတ်ကူးနဲ့တောင် တွဲလျှောက်ဖို့ခက်လှတယ်။
သခင်..........
ချစ်နေတာကို သိရုံစိတ်ကလေးနဲ့
ဖွင့်ဟဖြေဖို့ခက်တဲ့ အဖြေအတွက်..
မျှော်လင့်ရုံနွမ်းသမို့
တော်သင့်ရုံသာ လွမ်းကြပါစို့ရဲ့။ ။
စုသဲဖြူ
မိဘတိုင်းဟာ သားသမီးတိုင်းအတွက် တကယ့်လက်ဦးဆရာပါ။ ဒါကိုလက်ခံဖို့ ကျွန်မတို့ ဘယ်သူ့ ထောက်ခံချက်မှမပါပဲ ရဲရဲဝံ့ဝံ့ဆိုဝံ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ယုံကြည်လက်ခံတဲ့ အချိန်ဟာ အနည်းငယ်တော့ နောက်ကျကောင်း နောက်ကျနေနိုင်ပါတယ်။ အဲ့ဒီ့နောက်ကျနေတဲ့ သူတွေထဲမှာ ကျွန်မလဲ ထိပ်ဆုံးကအမှန်တကယ် ပါဝင်နေပါတယ်။ :D(ဒီလိုပြောလို့ မိဘကျေးဇူးကို ထိုင်ပြီး ဆော်ကား နေသူလို့တော့အထင်မစောစေချင်ပါဘူး)
ကျွန်မစောစောက ကြိုတင်ပြောခဲ့ပါတယ။် အမှန်တစ်ကယ် နားလည်လက်ခံတဲ့သူလို့။ တစ်ကယ် တော့ နားလည်တာနဲ့ လက်ခံတာဟာမျဉ်းတစ်ကြောင်း တည်းမှာရှိနေပေမယ့် အချိုးကျချင်မှ ကျတတ်တာပါ။ နားလည်ပြီး လက်ခံတဲ့ရှိသလို နားမလည်ပဲ လက်ခံထားရတဲ့သူတွေလဲ ရှိနေ နိုင်ပါတယ်။ ကျွန်မကတော့ နားမလည်ပဲ လက်ခံထားရတဲ့သူ စာရင်းထဲမှာပါပါတယ်။
ငယ်စဉ်ကလေးဘ၀ထဲက အရိပ်တကြည့် ချစ်ကြ၊သွန်သင်ဆုံးမကြနဲ့ အစွမ်းကုန် မြေတောင်မြှေက် ပေးကြသလို အစွမ်းကုန် ပိတ်ပင်တားဆီးမှုတွေလဲ ရှိနှင့်နေပါတယ်။ဒါကြောင့် ကျောင်းမနေခင် တွတ်တီး တွတ်တာ ပြောတတ်တဲ့အရွယ်ကတည်းက အမိအဖကို ချစ်ကြောက်ရိုသေကြရပါတယ်။ အမိအဖ၏ အမူအကျင့်ကို ကောင်းတာရော ဆိုးတာပါတုပ သင်ယူကြပါတယ်။ မသိမသာသင်ယူ ခဲ့တဲ့ အကျင့်စ ရိုက်လေးတွေဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ အင်မတန် ရင့်သန်နေခဲ့ပါပြီ။ ကောင်းတာကို တုပသင်ယူခဲ့ကြလျှင်တော့ ရင်လေးစရာ မကောင်းလှပေမယ့် မကောင်းတာကိုသာ တုပသင်ယူ ခဲ့ကြလျှင်ဘ၀စာမေးပွဲမှာ ဖျက်စရာခဲဖျက်ပေးမထားပါဘူး။
ကျွန်မကတော့ အမေ့အပြောအဆိုနဲ့ စာဖတ်ဝါသနာပါခြင်းကို လက်ခံထားသူပါ။ အဖေ့အမူအကျင့်၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံကိုလည်း မသိလိုက်မသိဖာ သာရထားပါတယ်။ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မလေ့လာ အားကျခဲ့တာအမေပါ။ကျွန်မအမေက အဖေနဲ့မတူပဲ လူဝင်ဆံ့ပါတယ်။ ဘယ်နေရာ ရောက်ရောက် အမေမသိတဲ့သူရှားပါတယ်။ ကျွန်မမသိတဲ့ ကျွန်မအရွယ် ရပ်ကွက်ထဲက မိန်းက လေးတွေကို အမေသိသလို ခင်လဲခင်ပါတယ်။ ကျွန်မ သိခဲ့တဲ့ခင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေကို ကျွန် မသာမေ့ချင်မေ့သွားမည်။ အမေကတော့ သူသတိရတိုင်း မေးတတ်သည်။ တစ်ခါတစ်ရံ အမေနဲ့ ဈေးလိုက်သွားတဲ့အခါကျွန်မ မေ့နေပြီဖြစ်တဲ့ ကျွန်မငယ်သူငယ်ချင်းကို သမီးရယ် သူကသမီး သူ ငယ် ချင်းဘယ်သူလေ၊ သမီးနဲ့ ဘယ်အတန်းတုန်းက အတူတက်ခဲ့တာဟု အတိအကျ ပြန်ပြောပြ တတ်သည်။ ကျွန်မကတော့ အမေပြောမှ အင်းအဲလုပ်ရင်း မှေးလိုက်နေခိုက် အမေနှင့်ကျွန်မငယ် သူငယ်ချင်းလေးကတော့ ငယ်ပေါင်းကြီးဖော်တွေလို ပြောဆိုရီမောနေသည်မှာ ကျွန်မက ဘေးလူ သာသာပင် ဖြစ်ချေတော့သည်။
ကျွန်မကလဲ အမေ့အတုကို အတိအကျပင်ခိုးပါသည်။ အမေ့အသိများဖြစ်ကြသော အမေ့သက်တူ ရွယ် တူမဆိုထားနှင့် အမေ့ထက် အသက်အရွယ် ကြီးသူများကိုပင် ကျွန်မ ခင်ခင်မင်မင်ပေါင်း သင်းတတ် သည်။ ကျောင်းမနေခင်ကတည်းက အမေ့လက်ကိုဆွဲ ဘုန်းကြီးကျောင်းလိုက်သွားခဲ့ ရသော ကျွန်မမှာ အမေ့မိတ်ဆွေ သီလစောင့်တည်သူများကြားထဲတွင် ချစ်စရာကလေးလေးမှ တစ်ဆင့် အရွယ်ရောက် လာတဲ့အထိ နေရာပေး ခင်မင်တတ် ကြသည်။ လူကြီးများကလဲ စကား တတ်သော ကျွန်မကို ချစ်ကြသည်လေ။ ငယ်ငယ်ကတည်းက ဘုန်းကြီးကျောင်းနှင့် အကျွမ်းတ၀င် ရှိခဲ့တဲ့ကျွန်မ လူကြီးသူမကို ချစ်ရမယ်မှန်း၊ ရိုသေရမှန်း တွဲကူဖေးမရမယ်မှန်း သင်စရာမလို တတ်ခဲ့ သည် မှာလဲ အမှန်ပင်။
အမေမခင်တဲ့သူလဲရှားပါတယ်။ အမေက ပျော်ပျော်ရွှင်ရွှင်နောက်နောက် ပြောင်ပြောင် အင်မတန် နေ တတ်ပါတယ်။ စကားလဲ အင်မတန်များပါတယ်။ နှုတ်သွက်လျှာသွက် ဆိုသလိုမျိုးပေါ့။ အမေ့ရဲ့ အား လပ်ချိန်ဆိုလျှင်တော့ ချက်ပြုတ်စားသောက်၊ အိမ်သန့်ရှင်းရေးလုပ်ပြီး ရေမိုးချိုးပြီးလျှင် တစ် ရေးတစ် မောမအိပ်ခင် အမေလုပ်တတ်တဲ့တစ်ခုတည်းသော အလုပ်ကစာဖတ်ခြင်းပါ။ ပြီးတော့ တစ်ခုရှိပါ သေးတယ်။ အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားအင်မတန်လုပ်ပါတယ်။
ကျွန်မအဖေကတော့ လူအေး၊လူရိုးတစ်ယောက်ပဲဖြစ်သည်။ ဘယ်သူ့ကိုမဆို အေးအေးချမ်းချမ်း ပြုံးပြတတ်တဲ့ သူလဲဖြစ်သည်။ ဘယ်သူ့ကိုမဆို သည်းညည်းခံသူလဲဖြစ်ပါတယ်။ အင်မတန်အားနာ တတ်တဲ့ သူလဲဖြစ်တယ်။ ကိုယ့်ဘ၀ကိုယ်ကျောင်း ဘွဲ့တစ်ခုရအောင်ယူခဲ့တဲ့အဖေ။ စည်းကမ်းကြီး တဲ့ နေရာမှာထူးချွန်တဲ့အဖေ။တစ်နေ့အသုံးစရိတ် တစ်နေ့မှတ် တတ်တဲ့အဖေ။ ခြံဘေးပတ်ပတ် လည် မြေပို ရှိသမျှလဲ စိုက်တတ်ပျိုးတတ်တဲ့ အဖေ။သူ့ထက် အသက်ကြီးကြီး ငယ်ငယ် “ကျွန်တော် လို့” ကျိုးကျိုးနွံနွံ ပြောဆိုတတ်တဲ့ အဖေ။ ကျွန်မလေ့လာ အတုခိုးခဲ့တဲ့ကျွန်မ အဖေအကြောင်း တွေမှာတော့ ဇာတ်တို့ အငြိမ့်တို့အဖေအင်မတန်ကြိုက်နှစ်သက်ပါသတဲ့။
ကျွန်မလဲ အဖေ့လိုပင် လူအေးမလေးတစ်ယောက်ဖြစ်ပါတယ်။ လူရိုးတစ်ယောက်တော့ မဟုတ်တာ ၀န်ခံပါတယ်။ ကျွန်မငယ်ငယ်ကသူများလို မျောက်ရှုံးအောင်မဆော့တတ်ခဲ့ပါဘူး။ တစ်နေရာ တည်းမှာထိုင်ပြီး အေးအေးသက်သာ ငြိမ်ငြိမ်ထိုင်ဆော့တတ်ပါတယ်။ ကျွန်မရှိနေလို့ ဆော့နေမှန်း တောင် မသိနိုင်တဲ့ အနေအထားမျိုးနဲ့ပေါ့။ အသက်အရွယ်ကြီးလာတော့လဲ သူများကို ပိုးခနဲ၊ ပက် ခနဲ ပြန်ပြောဖို့ ၀န်မလေးတတ်တဲ့သူငယ်ချင်းတွေကြားမှာ လူအေးတစ်ယောက် အဖြစ် နေပျော် တုန်း ပါပဲ။ ကျွန်မကို ဒုက္ခပေးတဲ့သူငယ်ချင်းမှန်သမျှကိုလဲ ခပ်ပြုံးပြုံးနဲ့အေးအေးစက်စက် ကြည့် တတ် လွန်းတဲ့ ကျွန်မပါ။ မနာလိုဝန်တိုစိတ်ရှိသူကို တုန့်ပြန်ပြောဆိုဖို့ထက် သည်းညည်းခံလိုက်ဖို့ကို ကျွန်မအဖေက ရှေ့ကသင်စရာမလိုပဲ ကျွန်မအတုယူတတ်မြောက်ခဲ့တယ်။ လကုန်အထိ သုံးဖို့ရ ထားတဲ့ မုန့်ဖိုးတွေ ကိုသူငယ်ချင်းတွေနဲ့ မုန့်ဆိုင်အတူထိုင်တိုင်းအားနာပါးနာ ထုတ်ထုတ်ရှင်းတတ် လွန်းလို့ လမကုန်ခင် အသုံး စရိတ်ပြတ်သွားတတ်ပါတယ်။ သူငယ်ချင်းတွေ တစ်ပြန်ပြန် ရှင်းပေး မယ့် မုန့်ကျွေးပွဲတွေဆိုလဲ အားနာဗိုက်ဆာလျှက်က ငြင်းတတ်ပါသေးတယ်။ အဲ့လောက်အထိကို အဖေ့ဗီဇနဲ့ကျွန်မ လူတွင်ကျယ် လုပ်ခဲ့တာပါ။
အဖေ့လို ကိုယ့်ဘ၀ကိုယ်မကျောင်းခဲ့ရပေမယ့် ကိုယ့်ဘ၀ကို ကိုယ်ကျောင်းရဲဖို့ အမြဲသတ္တိတွေလဲ ရှိနေခဲ့ပြန်ပါတယ်။စည်းကမ်းကြီးတဲ့နေရာမှာလဲ အဖေ့ခြေရာ တစ်ဝက်လောက်တော့ ကျွန်မနင်း နိုင်သည် ဖြစ်သည်။ ကျွန်မ သိမ်းဆည်းထားသည့်အရာများနေရာရွေ့နေလျှင် မြင်တာနှင့်သိသလို စိတ်လည်း အင်မတန်ဆိုးတတ်ပါသည်။်သူ့နေရာနှင့်သူထားသော ပစ္စည်းများဟိုရောက် ဒီပျောက် ဖြစ် နေလျှင်လည်း စည်းကမ်းဆိုတာ ဘယ်လို၊ညာလိုဟု အဖေ့ထက်ဦးအောင်အစ်ကို ၊ အစ်မတွေ ကိုမန်း မှုတ်ဆရာလုပ်တတ်ပါသေးသည်။ ကျွန်မကိုယ် တိုင်လည်း စည်းကမ်းရှိရှိနေ ထိုင်သလို၊ စည်းကမ်းရှိ သူများကိုလည်းအားကျအတုယူမိတတ်၏။
ကျွန်မကအဖေ့လို တစ်နေ့အသုံးစရိတ်တစ်နေ့ မမှတ်တတ်။ အမေ့လို ဒီနေ့ဘာသုံးတယ်၊ ဘာက ဘယ်လောက် ဟု လက်တန်းရွတ်ပြတတ်သူပင်။ အဖေစိုက်သမျှအပင်ကို စိတ်မ၀င်စားပေမယ့် မိုးတွင်းရောက်တိုင်း အဖေနှင့်ကျွန်မ အတိုက်အခံငြင်းကြသည်မှာ သစ်ပင်ရေလောင်းခြင်းအ ကြောင်း။ ကျွန်မက မိုးရွာနေတာတောင် အပင်တွေကိုရေထွက် လောင်းတတ်တဲ့ အဖေ့ကိုတား မြစ်တတ်၏။ အဖေကလဲသူ့သဘာဝ မျှတတဲ့ရေတော့လိုတာပေါ့ဟု ပြောဆိုကာ ရေထွက်လောင်း တတ်မြဲ။ အဖေကသူမှန်တယ် ထင်လျှင်အလျော့ မပေးတတ်၊ ကျွန်မကလဲ ခေါင်းမာကာတားမြစ် မြဲတားမြစ်တတ်သည်မှာ အလျော့မပေးတတ်သည့် အဖေ့ဥာဉ်အတိုင်း။ ကျွန်မလဲ အဖေ့လိုပင်အတု ခိုး၍ “ကျွန်တော်”ဟု ပြောတတ်သေးသည်။ မသိသူတွေကတော့ကျွန်မကို ယောင်္ကျားလျာပေါ့ လေ။ :D
ကျွန်မက အဖေ့လို ဇာတ်ပွဲ၊အငြိမ့်ပွဲမကြိုက်တတ်ပေမယ့် မိုးလင်းအောင် ဗီဒီယို အခွေခိုးခိုး ကြည့် တတ်၏၊ သီချင်းမှန်သမျှနားထောင်တတ်၍ တစ်ပိုင်းတစ်စရသည့် သီချင်းများကို ကိုယ့်သဘောနှင့် ကိုယ်စိတ်ကူးတည့်ရာစပ်ဆိုတတ်သေးသည်။
ကျွန်မ ငယ်ငယ်ကနေ ဒီအသက်အရွယ်ရောက်တဲ့အထိ မိဘတွေရဲ့ အမူအကျင့်၊ အနေအထိုင်၊အ ပြောအဆို ကို မသိမသာသင်ယူခဲ့မှန်း တစ်နေ့ကအထိ လက်ခံရုံလက်ခံခဲ့တာပါ။ သေသေချာချာ နားမလည်ခဲ့ပါဘူး။အမိအဖတိုင်း သားသမီးများ၏ ရှေ့ဆောင်လက်ဦးဆရာ ဖြစ်ခဲ့သည်မှာ နားလည် ရုံသက်သက်နှင့်မဖြစ် နိုင်သလို လက်ခံရုံနှင့်လဲ မပြီးမြောက်သေးပါ။ နားလည် လက်ခံမှ သာ ပြီးပြည့် စုံပေလိမ့်မည်။
မသိမသာသင်ပေးခဲ့တဲ့ မိဘတွေစိတ်ထဲမှာကော သူတို့၏ပုံတူကားချပ်များဖြစ်တဲ့ သားသမီးများကို အသွင်တူဖယောင်းရုပ်လေးများအနေဖြင့် ကျေနပ် ဂုဏ်ယူနေနိုင်သလို၊ အော် မကောင်းတဲ့ ငါ့အ မူအကျင့် ငါမသင်ရပဲ ငါ့သားသမီးလေးတွေတတ်မြောက်ထားပါလားလို့ ၀မ်းနည်းထိခိုက်နေမှာလဲ အမှန်ပင်ဖြစ်တော့သည်။
ဘယ်လိုပင်ဖြစ်ဖြစ် ကျွန်မတို့အကောင်းဆုံး လေ့လာသင်ယူခဲ့ကြသည်မှာလဲ အမှန်ပင်ဖြစ်တော့ သည်။
စုသဲဖြူ...
ကျွန်မ သူ့ကို အတော်မြင်ပြင်းကတ်နေတာပါ။ သူပြောသမျှ ယုံစရာလို့လဲ ဘယ်တော့မှတွေးမိမှာ မဟုတ်ပါဘူး။ ကျွန်က သူပြောတာကို ခပ်သာသာ ရီမောဖြစ်ပြီး ငြိမ်နားထောင်နေလိုက်ပါတယ်။
သူ စကားဆက်ပါတယ်။သူ့ကောင်မလေးရဲ့ အမေနဲ့သူဖုန်းပြောဖူးပါတယ်တဲ့။ သူ့ကိုလဲ ကောင်း ကောင်း မွန်မွန် လက်ခံစကားပြောပါတယ်တဲ့။ ခုသူရန်ကုန်သွားမယ်။ ကောင်မလေး အမေဆီမှာ သူ့ကောင်မလေးကို သွားတောင်းမယ်။ သဘောတူရင် အတည်ယူမယ်ပေါ့။ ခက်နေတာက ရန်ကုန် လိပ်စာပါ။ သူရန်ကုန်လိပ်စာကို မသိဘူး။ ရန်ကုန်လိပ်စာရဖို့ ကျွန်မက ကောင်မလေး ဖုန်းကိုဆက် ပြီး ဖုန်းမှားဟန်နဲ့ပြောပေးပါ။ မြန်မာချင်းဆိုတာသိ၊ သိတာနှင့် ဟိုပြောဒီပြောဖြင့် ရန်ကုန်လိပ်စာ ရအောင် တောင်းပေးပါတဲ့။စကားက ဒီဘူတာပဲ ဆိုက်တာပါ။
ဝေးဝေးသွားမှ အလွမ်းဆိုတာ
ပိုပီပြင်လာတယ်။
နှစ်တွေကြာသမျှ
မြတ်နိုးမှုကရင်ကိုလှုတ်ခတ်တယ်။
တွေးတွေးငေးတိုင်း
ရင်နဲ့မဆန့်တဲ့ ခံစားချက်တွေ ကြွင်းကျန်ရစ်တယ်။
ဝေဒနာဆိုတာ အတိတ်က ဒဏ်ရာကိုတူးဖော်ခြင်းပဲလား။
အလွမ်းဆိုတာ မြတ်နိုးမှုရဲ့ဘောင်ဘင်ခတ်မှုဆိုလျှင်
ကြွင်းကျန်ရစ်တဲ့ခံစားချက်ကို သက်သေတည်..
ဆုံးရှုံးခဲ့ပြီဆိုတဲ့ အသိနဲ့စကားတစ်ခွန်းပြောချင်တယ်..
“သေလောက်အောင် ရင်နာတယ်”။ ။
စုသဲဖြူ
ကြယ်မြင်လမြင် နက်နေတဲ့ည
အိမ်ခေါင်မိုးပေါက်က ယိုဖိတ်ကျလာတဲ့ လရိပ်
ဘယ်ခွက်နဲ့ထည့်ထည့် မ၀င်ရောက်နိုင်မှန်းသိသိနဲ့
အဲယားကွန်းအခန်းထဲမှာ အိပ်မောကျနေမယ့်
ချစ်သူ့မျက်နှာအလား........မြတ်နိုးတောင့်တမိတယ်။ ။
“မနက်ဖန်ညနေဆုံမယ်”
သူပေးတဲ့ရက်ချိန်း
အခါတစ်သိန်းအကြိမ်မြောက် အမှန်မယူသင့်ပါလျှက်က
ဒီညလဲ ရင်ခုန်နှုံးနဲ့ အိပ်ပျော်ဖို့ခက်လိမ့်မယ်။ ။
အကြားအာရုံ ချို့တဲ့သူသာဖြစ်ချင်စမ်းတော့..
စွဲသမျှစွဲချက် မဟုတ်မမှန်လုပ်ရပ်ကို
ခွဲခြမ်းမသိဟန်နဲ့ ငေးကြည့်လို့သာနေမိတယ်။ ။
အခြေအနေမတူတာကို သူ့မိဘအမြင်ကြည်ဖို့
သူ့ဖက်က လုံးပမ်းနေရသတဲ့။ ။
အခြေအနေတူတိုင်း လမ်းဘေးလျှောက်သွား
ပန်းဆိုးတန်းစာအုပ်တန်းက
နင်တို့ နှစ်ယောက် အချိန်းအချက်မလားတဲ့။ ။
သူ့အမေသွေးတက် နင့်လုပ်ရပ်ကို ငါရှက်တယ်တဲ့။ ။
ကုန်ပြီလား စွဲချက်
အာစေးထည့်ထားတဲ့ ပါးစပ်နဲ့
ခါးသက်သက်ပြုံးလျှက်
ခပ်ဆဆခေါင်းငြိမ့်မိတယ်။ ။
မိဘအမြင်ကြည်ဖို့
ငါမဟုတ်တဲ့တစ်ယောက်ကိုတွဲ
ငါ့ကိုတောင်မမြင်တာ နင့်ကြိုးပမ်းမှုလား။ ။
စာအုပ်တန်းမှာ ဆုံကတည်းကချစ်ခဲ့တယ်ဆိုတဲ့နင်
နင်အောင်သွယ်ခိုင်းတဲ့ တစ်ယောက်နဲ့ငါ
အချိန်းအချက်လုပ်မလား နင်မသိဘူးတဲ့လား။ ။
နင့်အမေသွေးတက် အဓိကပြစ်ချက်က
ငါဟာ မွဲလွန်းတယ်လို့ ပြောလိုက်ပါတော့လား။ ။
အသွင်မတူလို့ပဲ ဖြစ်ဖြစ်
အခြေအနေမတူလို့ပဲ ဖြစ်ဖြစ်
ချစ်တယ် မုန်းတယ် အပြောလွယ်ချက်က
မဟောင်းသေးတဲ့ရက်စွဲတွေကို ကန့်လန့်ကာချ
ချစ်ခဲ့သမျှကို ဖြတ်လိုက်တဲ့တန်ဖိုးက တစ်ဘ၀စာမှတ်သားလောက်တယ်။
တိမ်တောက်တဲ့ အမုန်းကလဲ လှလွန်းတယ်။ ။
စုသဲဖြူ
ဘ၀ကပဲ ၀န်ထုပ်ဝန်ပိုးလား
စိတ်တစ်ခုကပဲ ၀န်ထုပ်ဝန်ပိုးလား....?
မသေချာတဲ့အရာတွေ စုစည်းရင်း
သေချာတဲ့အရာတွေ ထုပ်သိမ်း....
အလွမ်းတွေရဲ့ဘေး ငေးနေရုံနဲ့
ရက်တွေ ကုန်နိုင်မယ်ထင်ခဲ့တယ်....။
တစ်ချို့ကလဲ ဝေဖန်တယ်
ခေါင်းမာတယ်တဲ့...
တစ်ချို့ကျတော့လဲ ပြောတယ်
ခံစားချက်မဲ့တယ်တဲ့...။
တစ်ကယ်ဆို သူတို့ မသိလို့ပါ...
ကိုယ့်ခံစားချက်တွေက ဖတ်မရတဲ့ကဗျာ။
စုသဲဖြူ
အချစ်ကို ခဏလေးချွေးသိပ်ပြီး
ယုံကြည်ချက်နဲ့ ခရီးတွေနှင်ခဲ့တယ်။
မိုင်တိုင်တွေ မစိုက်ထူမိခဲ့တော့လဲ
ငါ့ခရီးက မဆိုစလောက်လေး နီးတယ်ထင်မိခဲ့။ ။
သစ်ပင်ပေါ်က သစ်ရွက်ခြောက်တွေ
ငါမလှုပ်ခါမိခင် ကြွေကျ။
မိုးပေါ်က မိုးရေတွေငါမရှိုက်ငိုခင် ပြိုကျ။
ဆောင်းကုန်မှ ငါ့လာရာလမ်းကိုလည်းသတိရ။ ။
ငါလေ.....
အပျော်တမ်း တိုက်ကွက်တွေနဲ့
ခြေအထိုးခံရတိုင်း......
လူးလဲ ထရပ်ဖို့ ကြိုးစားခဲ့ရတယ်။ ။
ကျဲတောက်တောက် ဆက်ဆံရေးတွေကို
လူ့အသိုင်းအ၀ိုင်းထဲ ဆွဲအသွင်းခံရတိုင်း
မကျေနပ်ချက်တွေကို လျော့ချဖို့လုံးပမ်းခဲ့ရတယ်။
ငွေများငွေနိုင် စိတ်ဓာတ်တွေကိုရိုက်ချိုးဖို့
တစ်နည်းပဲ ရှိခဲ့တယ်..
ငါ့အိမ်အပြန်လမ်း ခဏလေးမေ့ထားဖို့ပေါ့။ ။
မလိုဝန်တိုတတ်တဲ့ လူတွေကြီးစိုးရာအရပ်
နွေးထွေးတဲ့ ဆက်ဆံရေးကို မကျင့်သုံးတဲ့ရပ်ဝန်း၊
မျက်နှာမွဲတွေ ပျော်တဲ့လမ်းမှာ
ငါ့ဗဟုသုတတွေ ဝေမျှ...
ငါ့ အိမ်အပြန်လမ်းနောက်ကျကောင်း နောက်ကျခဲ့မယ်။ ။
နတ်ပြည်က တစ်ရက်နဲ့
လူ့ပြည်က ရက်ပေါင်းများစွာကို
အကြားသုတနဲ့တင် ငါမချိန်ဆခဲ့ရိုးအမှန်။ ။
မသိမ်းနိုင် မထိန်းနိုင်အလွမ်းတွေနဲ့
ငါ့အချစ်တွေ သိမ်းဆည်းထားရာ အရပ်
ငါအပြေးလေး လှမ်းခဲ့တယ်။ ။
ကြိုသူမရှိ မျှော်သူမရှိတဲ့
အိမ် အပြန်လမ်း................
အရောင်လွင့်နေတဲ့ စာရွက်တစ်ရွက်
အိမ်နံရံမှာ ချိတ်ဆွဲ .....
“ငါ ဘုရင်မ မလိုချင်ဘူး
မိဘုရားပဲ လိုချင်တာ” တဲ့
စိတ်မှတ်နဲ့ အကြိမ်ကြိမ် ရေရွတ်ရင်း
ရှိုက်သံ တစ်ဝက်နဲ့ ပြုံးလိုက်မိတယ်။
စုသဲဖြူ
ရာသီတွေ ဘယ်လောက်ပြောင်းပြောင်း
ငါ့ရင်ထဲကနင့်ကို မေ့ဖို့ခက်တယ် မုတ်သုန်။ ။
ငါတစ်ယောက်တည်း
အထီးကျန်လိုက်ပုံများ
ရင်ဘတ်ထဲကတောင်
နာနေတယ် မုတ်သုန်။ ။
လိုချင်တိုင်း .....
ငိုပြရမယ့်အရွယ်မဟုတ်ပေမယ့်
ငါလေ .....
အံတင်းတင်းကျိတ်ထားလျှက်က
မျက်ရည်တွေ သိမ်းလို့မရဘူး မုတ်သုန်။ ။
အမှားဆိုတာ သိသိကြီးနဲ့
ခပ်မိုက်မိုက်မှားရဲဖို့
လက်တို့မခေါ်ရက်တဲ့သူပါ။
တကယ်တော့ အချစ်ဆိုတာ..
မျက်ရည်ကြားက အပြုံး..
လှုပ်နှိုးခံလိုက်ရတဲ့ နိဂုံး...။ ။
စုသဲဖြူ
သဲကွဲမမြင် နှင်းမှုန်ပြင်မှာ
ငေးငိုင်လွမ်းမော မျှော်သူမောခဲ့။ ။
တစ်ဖြောက်ကြွေ နှင်းမိုးစွေ
နှင်းတောရပ်ငေး ချမ်းအေးမေ့ခဲ့။ ။
သူမလှမ်းခင်...
ကိုယ်လှမ်းခဲ့တဲ့နေ့တွေ ခြေရာချင်းထပ်။ ။
သူ မနှင်ခင်...
ကိုယ်ပြန်ခဲ့ရတဲ့နေ့ ဖြေစရာ မဲ့ခဲ့။ ။
ဒီလိုနဲ့ .....
အိပ်ပျက်ညတွေကို
အဖော်လုပ်ပြီး ကျိတ်ကျိတ်ရူး ။ ။
နေညိုရင် စိမ့်စိမ့်အေးတဲ့
အအေးလည်း ပျယ် ။ ။
အချစ်ကို
ဝယ်ယူလောက်အောင် မကြွယ်ဝမှတော့
မင်းဆီ လှမ်းလှမ်းနေတဲ့ ခြေကိုရုတ်။ ။
အားလုံးဒဏ်ရာ မရခင်
ငါတို့ဝေးဝေးနေကြပါစို့။ ။
စုသဲဖြူ
စုသဲဖြူ
စုသဲဖြူ
ဆုတ်ဖြဲခံထားရတဲ့
ရင်ဘတ်တစ်ခြမ်းနဲ့
ဒီမြေကမ္ဘာမှာ
နေပျော်မယ့် တစ်နေရာလောက်တော့
ရှာတွေ့စမ်းချင်တယ်။ ။
သက္ကရာဇ်အိုတွေ သစ်လွင်ဖို့ထက်
ခံစားချက်တွေ ဟောင်းနွမ်းမသွားဖို့
ပြိုကျလာမယ့် တိမ်တွေကိုတောင်
လှမ်းမဖမ်း ဖြစ်ခဲ့ဘူး။
ဒဏ်ရာတွေကတော့
ရင်ဘတ်ထဲကို တည့်တည့်ထိုးဆင်း။ ။
ပြုံးသယောင်ယောင်နဲ့
အမုန်းစိတ် ၀င်ချင်လျှက်
နေညိုရင် နင်းဖြစ်မြဲဖြစ်တဲ့ မြေနီလမ်းလေး
မျှော်သူမောတဲ့ ဆုံနေကျ ထိုင်ခုံလေးဘေး ရပ်ငေး...
ချစ်တာနဲ့ ကြင်နာတာပေါင်းစပ်
အနှုတ်ထွက်ခဲ့တဲ့ နားလည်မှုအတွက်
ပြိုပျက်နေတဲ့ လေထုထဲမှာ
ဝမ်းနည်းမှု ရနံ့တစ်ခုရတယ်။ ။
အတွေးတွေ မထိန်းချုပ်နိုင်ခဲ့ဘူး။
ရင်မောတာတွေ မပြေပျောက်သေးဘူး။
အတိတ်ကအရိပ်တွေ မဟောင်းနွမ်းသေးဘူး။
ရင်ထဲက အချစ်တွေလဲ သေဆုံးမသွားသေးဘူး။
ရင်နာနာနဲ့
ရက်တွေလက်ချိုး
မျက်ရည်တွေထပ်တိုး
မေ့ပြစ်မရတဲ့ အဖြစ်မျိုးနဲ့ပဲ
တောင်စွယ် နေကွယ်လုပြီ မောင်။ ။
စုသဲဖြူ