Powered By

Free XML Skins for Blogger

Powered by Blogger

မာန်ဟုန် ၀င့်ဝင့်
ချစ်ချစ်ချင်ချင်
တိမ်းစောင်းရစ်မူး
ပျော်ဝင်ခဲ့လည်း.....

မာနချင်းပြိုင်
မာန်ချင်းဆိုင်၍
အသက်မကချစ်ခဲ့ကြသော
ဤနှစ်ယောက်သည်
မာနရဲ့ကျေးကျွန်အဖြစ်
ပါဝင်ဆင်းသက်ရင်း
အရှေ့နှင့်အနောက်
ပြောင်းပြန်လျှောက်ခဲ့ရပြီ။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ပုခုံးစွန်းလေးကိုတောင်မှ
အားကိုးတကြီး မမှီနွဲ့ချင်တဲ့
မိန်းမလို့ မြင်ချင်လဲမြင်ပါ။ ။

စကားလေးကိုတောင်မှ
နွဲ့နွဲ့ပျောင်းပျောင်း အကြိုက်လိုက်မပြောတတ်တဲ့
မိန်းမလို့ ထင်ချင်လဲထင်ပါ။ ။

လက်တွေ့နဲ့ အိပ်မက်ကို
ဂဏန်းပေါင်းစက်ထဲ ထည့်တွက်ဖို့ကြိုးစားနေတဲ့
မိန်းမလို့ ပြောချင်လဲပြောပါ။ ။

ကိုယ်ကလွဲပြီး အခြားသူကိုယုံကြည်ဖို့
မရဲရင့်တဲ့အတွက်
အတ္တခပ်ကြီးကြီး မိန်းမလို့ ဝေဖန်ချင်လဲဝေဖန်ပါ။ ။

ကိုယ့်အနာဂတ်ကို
သူများလက်ထဲ ထိုးထည့်ပြီး
“ချစ်တယ်” ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်
လှောင်ပိတ်ခံဖို့ သွေးနဲတဲ့
မိန်းမတစ်ယောက် ဖြစ်နေတဲ့အခါ....................

အချစ်တွေလဲ ကိန်းဂဏန်းအောက်
ခုန်ပေါက် ပြေးဆင်းသွားတယ်။ ။
သုညဘ၀တွေလဲ အပြည့်ကိန်းတွေနောက်
ရောက်ရောက်သွားတယ်။ ။

လက်တွေ့ဘ၀အတွက် အိပ်မက်ကို
သွန်မှောက်ပြစ်လိုက်ရတဲ့အခါ.....
ကျွန်မမုန်းတဲ့ကျွန်မအတွက်
သူများ ငိုမလားရယ်လို့
ကိုယ့်ကိုကိုယ် ကြိုးပေးလိုက်တယ်။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ချုပ်နှောင်ခြင်းခံနေရတာလား။နံရံတွေခန္ဓာကိုယ်ပေါ် ပြိုပိကျနေတာလား။ မျက်လုံးတွေ ဖွင့်လို့မရ အောင် ဘယ်သူလာဖိပိတ်ထားတာလဲ။ ကြိုးစားရုန်းကန်ကြည့်မိတယ်။ အချည်းအနှီး။ ဘယ်နေရာ ကြည့်ကြည့် မှောင်မည်းပိန်းပိတ်နေရာမှ ဖျော့တော့တဲ့ အလင်းတန်းကိုအတွေ့...မောပန်းခြင်း၊ မွန်း ကျပ်ခြင်း၊၀မ်းသာ ခြင်းများဖြင့် အလင်းတန်းလေးဆီ အပြေးအလွှားသွားဖို့ ခြေတွေလက်တွေ လှုပ် ရှားကြည့်တယ်။ လှုပ်ရှားလို့မရဘူး။ ငါ့ကိုဘာကြောင့် ချုပ်ထားကြတာလဲ။ ငါ့ကို လွှတ်ပေးပါ..။ ငါအဲဒီ့ အလင်းတန်းဆီသွားပါရစေ။ ငါအမှောင်ကိုကြောက်လို့ပါ ။
"သမီး မရုန်းနဲ့လေ အရမ်းရုန်းနေရင် မောမှာပေါ့...ခဏလေးဖြစ်ဖြစ် အိပ်ပျော်သွားအောင် ဖေဖေ ဆေးထိုးပေးမယ်နော်"
ဟင့်အင်း.....အိပ်မပျော်ချင်ဘူး။ဆေးမထိုးနဲ့။ စိတ်ရှိလက်ရှိ အော်ဟစ်ပြစ်လိုက်မိပေမယ့် ကိုယ့်အ သံတောင် ကိုယ်မကြားနိုင်ပါလား။အလင်းတန်းလည်း တဖြည်းဖြည်း ပျောက်ကွယ်နေပြီ။ အသံ တွေလည်း ဝေးဝေးသွားပြီ။အမှောင်ထုကဘာလို့များ ဒီလောက်ကြောက်ဖို့ကောင်းနေရပါသလဲ။
***** ***** ***** ***** ***** ***** *****
တစ်ခုခုကို တိုးတိုးရေရွတ်နေတဲ့ အသံ။ညင်သာတယ်၊ပျော့ပြောင်းတယ်။အထူးခြားဆုံးက အဲ့ဒီ အသံကို ကျွန်မကောင်းကောင်း ရင်းနှီးတယ်။အသံကြားရာဖက် ခေါင်းငဲ့လိုက်ပြီး လေးပင်နေတဲ့ မျက်လုံးကို အသာအား ယူဖွင့်ကြည့်လိုက်သည်။အလင်းတန်းတွေကြားထဲက လူတစ်ယောက်။ ယောင်္ကျားလား ၊ မိန်းမလား မကွဲပြား တာမို့ မျက်လုံးခဏမှေးမှိတ်လိုက်သည်။
ကျွန်မ လေကို အငမ်းမရရှုသွင်းလျှက် ကြားနေသေးတဲ့ အသံကို မျက်လုံးမဖွင့်ပဲ နားစိုက် ထောင်နေမိ၏။ ဘုရား စာရွတ်နေတဲ့အသံပဲ သေချာပါတယ်။ ကျွန်မ...ကျွန်မသေများသွားပြီလား။ မဖြစ်နိုင်တာဘဲနော်။ ကျွန်မလေကိုကောင်းကောင်း ရှုသွင်းလို့ရနေတယ်။ ကြည်ကြည် လင်လင်မ မြင် ရသေးတာကလွဲရင် ကျွန်မအနီးမှာ လူတစ်ယောက်ရှိနေတာ စောစောကလေး တင်မြင်ခဲ့တာ ပဲ။ ကျိန်းစပ်နေတဲ့ မျက်လုံးကိုပုတ်ခတ်ရင်း အသံကြားရာ စူးစိုက်ကြည့်လိုက်သည်။ဝေး၀ါးနေရာမှ တဖြည်းဖြည်း ကြည်လင်လာသည်မို့ လှပ်ခနဲ ရင်ခုန်မိသည်။ မေမေကျွန်မ မေမေ ။ ဘုရားစာရွတ် နေတာ မေမေ။ မေမေ့လက်ထဲက ဘုရားစာအုပ်လေးကိုလည်း ကြည်ကြည်လင်လင် မြင်နေရပြီ။ "မေမေ"စိတ်ထဲက ရေရွတ်လျှက် နှုတ်ခမ်းကထုတ်ခေါ်ဖို့အား ယူနေတုန်း ဘုရားစာငုံ့ဖတ်နေရာမှ မော့ကြည့်လာတဲ့ မေမေ့ကို ခြောက်ကပ်စွာပြုံးပြမိသည်။ "သမီး သတိရပြီလား" ပြောပြောဆိုဆို အပြေးတစ်ပိုင်း လှမ်းလာသည့်မေမေ့ကို လက်လေးတစ်ဖက်မြှောက်ကာ ကြိုလိုက်သည်။ ကျွန်မ လက်ကို အမိအရဖွဖွဆုပ်ကိုင်လျှက် ကျွန်မဘေးမှာရပ်ကာ နဖူးမှဆံနွယ်တွေ သပ်တင်ပေးနေ သည်။ ယဲ့ယဲ့လေးပြုံးပြနေသည့် မေမေ့မျက်နှာအနည်းငယ် အိုဇာနေသလိုပဲ။မျက်ဝန်းမှာလည်း မျက်ရည်တစ်ချို့ဝေ့၀ဲနေတယ်။မေမေ သမီးအတွက် အရမ်းစိုးရိမ်ခဲ့ရမှာပဲနော်။
"သမီး ရေဆာလား .. သမီးဖေဖေက သမီးနိုးလာရင်ရေဆာလိမ်မယ်တဲ့။နည်းနည်း တိုက်ထားနှင့် တဲ့ သောက်မ လား။ မေမေ ယူပေးမယ်နော် သမီး"
အာခေါင်တွေခြောက်ကပ်နာကျင်လျှက် ရေဆာနေသည်မှာအမှန်ပဲမို့ အသာခေါင်းညိတ်ပြလိုက် သည်။ ဖန်ခွက်ကို စားပွဲပေါ်တင်ကာ လှဲနေရာမှထထိုင်ဖို့ကြိုးစား နေတဲ့ကျွန်မကို အသာပွေ့ ထူပြီး နောက်မှီထိုင်နိုင်ဖို့ ကျောအောက်ခေါင်းအုံးလေးခုပေး၊ပြီးမှ ရေခွက်ကိုနှုတ်ခမ်းနား ကပ်ပေးသည် မို့ အလိုက်သင့်ပင်သောက်လိုက်၏။ ရေကုန်ခါနီး ဖင်ကပ်ကျန်မှသာ ရေငတ်ပြေတော့သည်။
"တော်ပြီ မေမေ"
နှုတ်ခမ်းမှာတင်နေတဲ့ ရေစက်တွေကိုလျှာဖြင့်သိမ်းလိုက်ပြီး ခပ်အက်အက်အသံဖြင့် တားလိုက် သည်။ ရေခွက်ကို စားပွဲပေါ်မှာလှမ်းတင်ပြီး ကုတင်ဘေးမှေးထိုင်လိုက်တဲ့ မေမေ့လက်ကိုလှမ်းဆုပ် ကိုင်လျှက်ကပင် အခန်းတစ်ပတ် ဝေ့၀ဲအကဲခတ်လိုက်သည်။ တစ်ခန်းလုံးဖြူစွတ်ပြီး အလင်းလည်း ကောင်းကောင်းဝင်ကာ တစ်ချက်တစ်ချက် တိုက်ခတ်လာတဲ့လေက ကျွန်မဆံပင်ကိုပင် လွင့်ထွက် လုမတတ်...။ ကျွန်မကုတင်ရဲ့ညာဖက်အခြမ်းမှာ ပြတင်းပေါက်။ဘယ်ဖက်မှာ ပစ္စည်းတွေတင်ထား တဲ့စားပွဲ၊ စားပွဲရဲ့ အခြားတစ်ဖက်မှာ ကုတင်တစ်လုံး။ ဘာဆိုဘာမှမရှိတဲ့ကုတင်။ကျွန်မခြေရင်း ဖက်မှာတော့ လူနာမေးရင်းထိုင်ဖို့ဆက်တီ သုံးလုံးနှင့် စားပွဲတစ်လုံး။စောစောက မေမေထိုင်နေ သည့်နေရာ။ ဆက်တီတွေရဲ့ဘေးမှာက စေ့ပိတ်ထားတဲ့ တံခါး။အဓိပ္ပါယ်မဲ့လျှောက်ငေးကြည့်နေရာ မှ အခန်းတံခါးပွင့်လာသည်မို့ လှမ်းကြည့်လိုက်သည်။ ရှေ့ဆုံးက၀င်လာသူက ဖေဖေ။ ဖေဖေ့ နောက်မှ ခပ်ကုတ်ကုတ် ပါလာသူကတော့ နေမျိုး။
"သက်သာလားသမီး"
ကုတင်ဘေးမှာရပ်လျှက် ကျွန်မပုခုံးကိုလှမ်းဖက်ရင်း ဖေဖေခပ်ပြုံးပြုံးမေးသည်။ဖေဖေ့အမေးကို ခေါင်းညိတ် ဖြေလျှက် ရှေ့တည့်တည့်မှာလာရပ်သည့် နေမျိုးကို လှမ်းအကဲခတ်မိတော့...တင်းတင်း စေ့ထားတဲ့ နှုတ်ခမ်း။ ကျွန်မကိုကျော်လျှက် နံရံကိုကြည့်နေသည့်ဟန်။ကျွန်မကိုဖြတ်ခနဲ ကြည့်ကာ ချက်ချင်းပင်အကြည့်လွှဲလျှက် သက်ပြင်းသဲ့သဲ့ချနေသည့်ပုံစံ။ ကျွန်မမျက်တောင်မခတ် ငေးကြည့် နေရာမှ "သူ့ကိုဂရုမစိုက်စမ်းနဲ့" ဟုကိုယ့် ကို ကိုယ် သတိပေးလျှက်အကြည့်လွှဲကာ...
"သမီးအိမ်ပြန်ချင်တယ်ဖေဖေ"
"မရသေးဘူး သမီး ဆေးရုံမှာနားဖို့လိုသေးတယ်"
မ၀ံ့မရဲတောင်းဆိုမှုကို ခပ်ပြတ်ပြတ်ပင်ငြင်းဆန်လျှက် ပြုံးနေရာမှဖေဖေ့မျက်နှာ အနည်းငယ်တည် ၏။ အမျိုးအမည်မသိတဲ့ ၀မ်းနည်းမှုမျိုးဖြင့် ယခုတိုင်ထွေးဖက်ထားတဲ့ ဖေဖေ့ရင်ဘတ်မှာ တိုးဝင် မျက်နှာအပ်လျှက် အသံမထွက် စတင်ငိုရှိုက်မိပြီ။
"မမ"
မခေါ်ပါနဲ့ နေမျိုးရယ်။မမ ကျေနပ်အောင်ငိုပါရစေ။မျက်ရည်တွေကုန်မှ ရပ်ပါရစေ။ နင်ငါ ငိုနေတာ သိလို့ တားမှန်းငါသိပါတယ်။ဒါပေမယ့် ငါ....ငါ သိနေပါတယ်။နင် ငါ့ ကိုမကျေနပ်ဘူးဆိုတာ။
"တော်ပြီသမီး။တော်တော့နော်"
မေမေချော့ကာ နောက်မှသိုက်းဖက်လိုက်တော့မှ ဖေဖေ့ ရင်ခွင်ကခွါပြီး မျက်ရည်သုတ်လျှက် နေမျိုးကို လှည့်အကြည့် ကျွန်မကိုကျောပေးပြီး နံရံကိုမျက်နှာအပ်လျှက် လက်သီးဖြင့် နံရံကိုဖွဖွ ထိုးနေသည်။ ကျွန်မငို လျှင် နေမျိုး ခုချိန်ထိဝမ်းနည်းတတ်တုန်းပဲလား။
"ကလေးကျနေတာပဲ။ဖေဖေ့ တစ်ကိုယ်လုံးလည်း မျက်ရည်တွေရွှဲကုန်ပြီ။နှပ်တွေလည်းပါမယ်ထင် ပါရဲ့"
ကျွန်မ ခေါင်းကိုဖွဖွပုတ်လျှက် လက်နှစ်ဖက်ဖြင့် ရင်ဘတ်နားမှ အကျီစကိုဆွဲချကာ ခပ်ပြုံးပြုံးပြော သည့်ဖေဖေ။ ဖေဖေက အရွယ်နှင့် မလိုက်အောင် နုပျိုနေသေးသည်။ ပြုံးလိုက်တိုင်းချိုင့်ဝင်သွား တတ်သည့် ညာဖက်ပါးမှပါးချိုင့်။ ပါးချိုင့်....ဟင့်အင်း..ကျွန်မမမှတ်မိဘူး။ဖေဖေ့လိုပါးချိုင့်မျိုး တစ်စုံတစ်ယောက် ဆီမှာရှိနေတာ ကျွန်မမမှတ်မိချင်ဘူး။
"သမီး ခဏအိပ်ချင်တယ်မေမေ"
အိပ်ယာပေါ်အသာလှဲအိပ်နိုင်အောင်မေမေပြင်ပေးသလို ခြေရင်းမှာပုံနေသည့်စောင်ကို ဖေဖေမ တင်ခြုံ ပေးတာမို့ စိတ်ထဲကပင်တောင်းပန်နေမိ၏။မအိပ်ချင်ပေမယ့် မျက်ဝန်းအသာပိတ်ကာ အိပ်ချင်ဟန်ဆောင်လျှက် နားစွင့်ထားမိသည်။တစ်စုံတစ်ခုကြားရနိုးနိုး။
"မေမေ အိမ်ပြန်နားပါလား ... သား မမ ကိုစောင့်ပေးပါ့မယ်"
"ရပါတယ်သားရယ် မေမေ မပင်ပမ်းပါဘူး"
"မင်းခဏတော့နားသင့်နေပြီ။ ညကျမှ ကိုပြန်လိုက်ပို့ပေးမယ်...သားတစ်ခုခုဆို ဆရာမတွေကို ပြောနော်"
"ဟုတ်ကဲ့ဖေဖေ"
စကားသံက တိုးတိုးတိတ်တိတ်။တံခါးဖွင့်သံ၊အခန်းပြင်ထွက်သွားသံ၊တံခါးဝမှ နေမျိုး ပြန်လှည့်လာ နေတဲ့ခြေသံ၊ကုတင်ဘေး ခဏလာရပ်ကာ ငုံ့ကြည့်နေမှန်း စိတ်ကခံစား၍နေရသည်။ ကုတင်ဘေး မှခွါလျှက် ကုတင်ခြေရင်း ဆက်တီမှာ ဖြည်းဖြည်းထိုင်ချသံ။အားလုံးတိုးတိုးတိတ်တိတ်ပင်။သို့ပေ မယ့် နေမျိုးသက်ပြင်းချသံ ကျယ်လွန်းနေသည်။ကျွန်မရင်ခုန်သံ တစ်စိတ်ကျယ်လွန်းနေသည်။ လေရယ်...များများဝှေ့တိုက်စမ်းပါ။ ဆေးနံ့တွေနဲ့ ဒီအခန်းထဲမှာ ပိတ်လှောင်မွန်းကျပ်လွန်းလို့ပါ။ ***** ***** ***** ***** ***** ***** ***** အဓိပ္ပါယ်မဲ့စာအုပ်ကိုလှန်လှောကြည့်လိုက်၊စားပွဲပေါ်ကိုပြန်တင်လိုက်၊ပြန်ကောက်ကိုင်လိုက်ဖြင့် မတည်ငြိမ်တဲ့ စိတ်ကိုထိန်းမရနိုင်တော့သည့်အဆုံး စာကြည့်ခန်းမှထွက်ကာ အိပ်ခန်းဆီပြန်အကူး
"မမ"
အိပ်ခန်းဝအရောက် နေမျိုးခေါ်သံကြောင့် လှည့်ကြည့်မိတော့ ထမင်းဟင်းထည့်ထားသည့် လင်ဗန်း ကိုကိုင်ကာ လှေခါးထိပ်မှလှမ်းခေါ်နေခြင်းဖြစ်သည်။
"မမ ဗိုက်မဆာသေးဘူး ဆာရင်အောက်ဆင်းစားမယ်လေ ပြန်ယူသွားနော်"
" မရဘူး မမ။ဖေဖေက မမကို အဆင်းအတက်မလုပ်စေချင်ဘူး။ မေမေ့ကိုသေချာမှာခဲ့တာ။ ထမင်း စားချိန်ဆို အပေါ်မှာပဲကျွေးတဲ့။အခု မေမေမအားလို့သားယူလာပေးတာ။ ဆာတဲ့အချိန်စားပေါ့ စားပြီးရင်ဆေးသောက်ဖို့ ရေပါယူလာခဲ့တယ်"
ပြောပြောဆိုဆိုဖြင့် ကျွန်မဘေးမှ ဖြတ်လျှောက်ကာ အိပ်ခန်းထဲလှမ်းဝင်သွားပြီး ကုတင်ဘေးက စားပွဲပေါ်မှာ လင်ဗန်းကိုတင်နေပြီ။ဒါစေတနာ စကားလားမကွဲပြား။ ပမာမခန့်လုပ်ခြင်း၊ အတင်း အကျပ်လုပ်ခြင်းဟုသာ စိတ်ကခံစားရလျှက် ဒေါသသည်ခန္ဓာကိုယ်ထဲက သွေးတွေကိုပူနွေးစပြု လေပြီ။
"မစားဘူး ဆာလည်းမစာဘူး၊မဆာလည်း မစားဘူး။နင်ယူလာတာတွေပြန်ယူသွား၊မယူသွားရင်ငါ လွှင့်ပစ်မယ်"
"မမ........သိပ်ဂျီမကျနဲ့ မမ ခြေထောက်ကောင်းကောင်းလျှောက်နိုင်ရင် တကူးတက မမကို ဘယ်သူမှ လုပ်မပေးဘူး။ အဲလို လုပ်ပေးတာကိုလဲ မမ မကြိုက်မှန်းသားသိတယ်"
ဝမ်းနည်းခြင်း၊ဒေါသ၊အေးစက်နေတဲ့ နေမျိုးမျက်နှာ ရုတ်တရက် အားအင်လျှော့သွားသလို ခံစား ရကာ ဒူးတွေ ညွတ်ခွေကျလုမတတ်။နံရံကိုလက်နှစ်ဖက်ဖြင့် ထိမ်းထောက်ထားလျှက်ကပင် လူတစ် ကိုယ်လုံးတဆက်ဆက် တုန်နေသည်။ အံကိုဖိကိုက်၊ မျက်လုံးကိုစုံမှိတ်၊ စိတ်ကိုတစ်ထစ်ချင်းလျှော့ ချပေမယ့် မျက်ရည်တစ်ချို့ကတော့ လွင့်စင်ကျနေပြီဖြစ်သည်။
"လာ မမ။သား ကုတင်ပေါ်ထိမ်းပို့ပေးမယ်"
သက်ပြင်းသဲ့သဲ့ဖြင့် နေမျိုး အနားရောက်လာကာ ကျွန်မပုခုံး၊လက်မောင်းတို့ကို ပွေ့ထိန်းပေးထား သည်။နေမျိုး လက်နှစ်ဖက်လုံးကို ပုတ်ခါထုတ်လိုက်ပြီး နံရံကိုကျောမှီကာ ယခုတိုင်ကျနေစဲ မျက် ရည်တွေဖြင့် နေမျိုးကို ရင်ဆိုင်ကြည့်လိုက်သည်။ငြိုးငယ်နေသည့် နေမျိုးမျက်နှာ။ ထပ်မံမြှောက် လာသည့် လက်နှစ်ဖက်။ ကျွန်မ မျက်နှာနား ရောက်လာပြီမို့ကျောခိုင်းလိုက်သည်။ ဒေါသသည် ကျန်ရှိနေစဲ။အိပ်ခန်းထဲလှမ်းဝင်ကာ ကုတင်ဘေး စားပွဲပေါ်မှ လင်ဗန်းကိုဆွဲယူလွှင့်ပစ်လိုက်သည်။ စားပွဲကိုအားပြုလျှက် ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး မျက်နှာကိုလက်ဖ၀ါးဖြင့်အုပ်ကာ ငိုရှိုက်မိပြန် သည်။ ပန်းကန် ကွဲသံ၊ဖန်ခွက်ကွဲသံတို့ဖြင့် အိပ်အပေါ်ထပ်သည် ဆူညံသွားပေလိမ့်မည်။ အိမ်အောက်ထပ်မှာ မေမေရှိနေလျှင် အပြေးအလွှားတက်လာမှာသေချာသည်။သို့ပေမယ့် ဖြစ်နိုင် လျှင်ဘယ်သူမှကျွန်မ အနားရှိမနေစေချင်သလို၊ ရှိလည်းရှိနေစေချင်တဲ့အဖြစ်။ ကျွန်မမျက်ရည် တွေကို ဘယ်သူမှမမြင်စေချင်သလို ကျွန်မတစ်ယောက်တည်း ငိုရှိုက်ကြောက် လန့်နေရမှာကို လည်း စိုးရွံ့ နေမိသည်။ကျွန်မရူးများသွားပြီလား....။ ဖြစ်သမျှပြဿနာ အရပ်ရပ်ကို ကျွန်မရာခိုင် နှုန်းဘယ်လောက်များများ ပါဝင်ကျူးလွန်ခဲ့ပါသလဲ။ အမှန်ကိုအမှန် အတိုင်းဝန်ခံရဲတာ အပြစ်ဆို လျှင်၊အမှန်ကိုအမှားလို့ ဝေဖန်တတ်သူတွေကော အပြစ်မရှိဘူးလား။ ငြိမ်းအေးစွာ ငြိမ်သက်နေတဲ့ ကျွန်မဘ၀။ရင်အကွဲခံပြီး မာနကြီးခဲ့တဲ့ ကျွန်မအကြောင်း။ စာအုပ် တွေကြားမှာ မြှုပ်နှံထားတဲ့ ကျွန်မနေ့ရက်တွေ။ယုံကြည်ရာကို မစွန့်လွှတ်တတ်တဲ့ ကျွန်မ။မှန်ရာ ကိုမထောက်ထားမငဲ့ညှာ ပြောတတ်တဲ့ ကျွန်မအကျင့်။ဒါတွေဟာ ပြုပြင်ထားတဲ့ မာယာတွေ မဟုတ်ဘူး။ပြင်ဆင်ထားတဲ့ ထောင်ချောက် တွေမဟုတ်ဘူး။ တည်ပြီးတင်းနေတဲ့ ကျွန်မမျက်နှာထားကလည်း ဘာအကြောင်းနဲ့ မှ ဘယ်သူ့အတွက်မှ လျော့ကျလာမှာမဟုတ်ခဲ့ဘူး။ကျွန်မ အတွက်အရာအားလုံး အသားကျပြီး သားပါ။ဒါကိုပြုပြင်ပေးချင်တဲ့သူ။ ဖေးမပေးချင်တဲ့သူ ပြုံးပျော်စေချင်သူ...သူ့ရှေ့ရောက်မှ ဟန်လုပ် ခဲ့တာ မဟုတ်ခဲ့ဘူး။ တွယ်တာမှုတွေနဲ့တစတစတိုးကပ်လာတိုင်း ရက်ရက်စက်စက် ပြုမူရှောင်ခွါ နေခဲ့ရတာလည်း ကိုယ့် စည်းထဲမှာ ကိုယ်ဝင်နေရုံသက်သက်..။တစ်ကယ်ဆို သူသိဖို့ကောင်းတယ်။ သူသာဇွတ်အတင်း ရှေ့ ကို တိုးပြီးရင်းမတိုးခဲ့ဘူး ဆိုလျှင်၊သူထင်ရာူလျှောက်မလုပ်ခဲ့ ဘူးဆိုလျှင်.. နေမျိုး သူငယ်ချင်းမို့ မောင်ငယ်တစ်ယောက်လို ကျွန်မဆက်ဆံခဲ့မှာ။ဝါသနာတူလူတစ်ယောက် အ ဖြစ်လည်း ကျွန်မအသိအမှတ်ပြုမိမှာ။ခုတော့ သူကျွန်မဆီကဘာများရသွားခဲ့ပါသလဲ။ ကျွန်မက ကောသူ့ကို ကျွန်မပတ်ဝန်းကျင်ကနေ အပြီးအပိုင်မောင်းထုတ်နိုင်ခဲ့ပြီလား။ ကျွန်မမိဘတွေရဲ့ ဘာမှမသိသလိုအပြုအမူ။ နေမျိုး မြိုသိပ်ကြေကွဲနေတဲ့ဟန်။သူသေများသွား ပြီလား။ အသိချင်ဆုံး နဲ့ မမေးရဲဆုံးမေးခွန်း။ကျွန်မကိုယ်တိုင်လည်း သေချာသလောက်နီးပါး ရိပ်မိနေသလိုရှိတဲ့ အဖြေ။
သူ့မျက်နှာနှင့်ခေါင်းမှတစ်ဆင့်စီးကျနေတဲ့သွေးတွေ။ သူ့အင်္ကျအဖြူတစ်ထည်လုံး နီရဲစိုစွတ်နေ တယ်။ သူ့ခန္ဓာ ကိုယ်တစ်ခုလုံး ကားအောက်မှာပိနေတယ်။သူ့အနီးနားမှာပဲ ကားနဲ့လွတ်ကင်းရာ လွင့်စင်နေတဲ့ကျွန်မ။ သွေး ရူးတမ်းရူးဖြင့် သူ့ပုခုံးနှစ်ဖက်ကိုအားပြုပြီးဆွဲထုတ်မယူဖို့ ကြိုးစားခဲ့ သေးတယ်။သူ့မျက်နှာ၊သူ့ခေါင်းမှသွေးတွေကို ကယောင်ကတမ်းလက်နဲ့ ကျွန်မသပ်ချပေးခဲ့တယ်။ သို့ပေမယ့် တားမနိုင်ဆီးမနိုင်ယိုစီးနေတဲ့ သူ့ခေါင်းကသွေးတွေကို ကျွန်မလက်ဖ၀ါးဖြင့်သာ ဖိအုပ် ပေးနိုင်တဲ့ အခြေအနေမှာတော့ ကျွန်မလောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပြီဖြစ်သည်။
ပြဿနာကို ကျွန်မ စတင်မကျူးလွန်ခဲ့မိပေမယ့် ကားတိမ်းမှောက်သွားအောင်၊သူ့ကို ကားအောက် မှာ ပိနေအောင်ကျွန်မလုပ်ခဲ့မိတာပါ။ ကားမောင်းနေတဲ့သူ့လက်ထဲက စတီယာရင်ကို ကျွန်မလုယူ ခဲ့တာ။ သူအတန်တန်တားနေတဲ့ကြားက"ကျွန်တော့်ကိုယုံပါလို့" ပြောနေတဲ့ကြားက ကျွန်မဒေါသ တွေ ထိန်းမရခဲ့ဘူး။ သူ့အတွက်ကျွန်မမှာ ပေးစရာအချစ်မရှိခဲ့ပေမယ့် သူ့ကိုသေစေလောက်အောင် လည်း မုန်းတီးနေတာ မဟုတ်ခဲ့ရိုးအမှန်။
"မမ"
ဘယ်အရပ်ကလွင့်လာတဲ့အသံလဲ။ အသံနှင့်အတူ လူတစ်ယောက်ကျွန်မဆီပြေးလာနေတယ်။ နေ မျိုးလား။ မင်းညီလား။သတိကိုကြိုးစားထိန်းနေရာမှ ဖွဲအိတ်တစ်ခုလို ကျွန်မလဲကျသွားပြန်သည်။
-------------- ------------- ---------------- ------------- ------------
ကျွန်မ လူးလွန့်သတိရလာချိန်မှာတော့ ကျွန်မအိပ်ခန်းထဲမှာဘယ်သူမှရှိမနေ။ သေးမှုံတဲ့ညအိပ်မီး အလင်းအောက်က စားပွဲတင်နာရီကိုငဲ့ကြည့်လိုက်သည်။၁၂:၃၅ မိနစ်။ တစ်အိမ်လုံးတိတ်ဆိတ်နေ တာ အပ်ကျသံပင်မကြားရလောက်အောင်။အိမ်သားအားလုံးအိပ်မောကျနေရောပေါ့။ရေငတ် လိုက်တာ။ နာရီဘေးက ရေတခေါင်းကိုလှမ်းမြင်ပေမယ့် ရေအေးအေးကိုသာသောက်ချင်လှသည်။
အိမ်အောက်မှာဆင်းသောက်ရန် အိပ်ယာမှအသာထထိုင်၊ကုတင်ပေါ်မှဆင်းကာ အိပ်ခန်းကိုတ ဖြည်းဖြည်း ဖြတ်ကျော်ခဲ့သည်။ လှေခါးကိုတစ်ထစ်ခြင်း ဖြည်းဖြည်းဆင်းနေရင်း အိမ်အောက်ဧည့် ခန်းမှ မီးအလင်းောင် ကိုလှမ်းမြင်ရသည်။စကားပြောသံတိုးတိုးမို့ ဖေဖေလား။ မေမေလား။ နေမျိုး ပဲလား မကွဲပြား။
"ဒီတစ်ခါ အပြီးပဲနေမှာလား.....သား"
"ဟုတ်ကဲ့ အန်တီ။အမျိုးသမီးကလည်း ဟိုမှာပဲအခြေကျနေတော့....သူဒီကို မရွှေ့ချင်ဘူးလေ"
ရေခဲသေတ္တာကိုဆွဲဖွင့်ရန်လက်ရွယ်ပြီးမှ ဧည့်ခန်းမှစကားသံကြောင့် ထမင်းစားခန်းနှင့် ဧည့်ခန်းကို ခြားထားသော ရှိုးကေ့စ်ဘီရိုနားတိုးကပ်လိုက်သည်။ရှိုးကေ့စ်မှန်မှတစ်ဆင့်ဧည့်ခန်းကိုချောင်း ကြည့် မိတော့ ကျွန်မနားကြားလွဲတာမဟုတ်ခဲ့။ကို မှ ကိုအစစ်။တစ်ချိန်က ကျွန်မချစ်သူဖြစ်ခဲ့ဘူးသည့် ယောင်္ကျားတစ်ယောက်။
ခုအချိန်မှာတော့ခံစားချက်ကပဲ အနည်ထိုင်သွားတာလား။အချစ်ကပဲ သတ်မှတ်ချက်အောက်လျော့ ကျသွားတာလား။ ပိုင်ဆိုင်သူရှိပြီးသားဆိုတဲ့ အသိကပဲပိုင်းခြားထားခဲ့မိသလား။ အရာရာသည် အစိမ်းသက်သက်။ ညဥ့်နက်သန်းခေါင်အိမ်လာလည်တာ ကျွန်မကိုရှောင်ချင်ယုံမှတစ်ပါးအခြားမရှိ။ ကျွန်မ သူ့ကိုနှုတ်ဆက်ချင်ပါသေးသည်။ရှိုးကေ့စ်ကိုကွေ့ကျော်ကာ ဧည့်ခန်းထဲလှမ်းအ၀င် ငဲ့ကြည့် တဲ့ သူ့မျက်လုံးကိုအသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းညိတ်ပြကာဖေဖေ့ဘေးထိုင်ခုံမှာ ဖြည်း ဖြည်းဝင်ထိုင်လိုက်သည်။ စောစောက တည်းကခြောက်ကပ်နေတဲ့ စကားဝိုင်းအခုမှ ပို၍အသက်မဲ့
သွားသလိုပင်။
"ရေဆာလို့ဆင်းလာတာ ဘယ်ကဧည့်သည့်များလဲလို့။ဘယ်တုန်းကရန်ကုန်ရောက်လဲ ကိုသိန်း ဇော်လတ်"
"အင်းတစ်ပတ်လောက်ပဲရှိဦးမယ်ရောက်တာ။မနက်ဖြန်ပြန်တော့မှာမို့ဆရာနဲ့အန်တီ့ကိုလာနှုတ် ဆက်ရင်း ကန်တော့တာ"
"သြော်"
"စာအုပ်တွေထွက်တာဖတ်ရတယ်။ကိုယ့်အမျိုးသမီးကစာဖတ်ဝါသနာပါတော့ အမြဲဝယ်တယ်လေ။ ပြီးတော့ ကိုယ်ပါဖတ်ရတယ်။သူက ယုယုဆွေရဲ့ပရိတ်သတ်အစစ်။ကိုယ့်ကိုပါ မဖတ်မနေရဖတ် ခိုင်းတာ"
အမှီးအမှောက်မတည့်သည့်စကားကိုဆိုလျှက် သူတစ်ယောက်တည်းခပ်ဖွဖွရယ်လေ၏။ ဖေဖေနှင့် မေမေ ကတော့အားနာပြုံး ပြုံးပြလျှက်ကျွန်မကိုငေးနေသည်။စကားစပြတ်သွားလိုက်၊ဟိုအကြောင်း ဒီအကြောင်း ရှာကြံပြောလိုက်ဖြင့် သူပြောသမျှဒိုင်ခံငြိမ်နားထောင်နေရသည်မှာ တစိတ်ငြီးငွေ့ ဖွယ်ကောင်းလှသည်။ ကျွန်မမသိတဲ့ရောဂါဗေဒတွေအကြောင်း ဖေဖေနဲ့ပြောဆိုလေပေးဖြောင့်နေ သလို၊သူ့သမီးငယ်အတွက် ဘာတွေကြိုပြင်ဆင်သင့်သလဲမေးခွန်းတွေနဲ့မေမေ့ဆီက လေ့လာသင် ယူပြန်သေးသည်။ကျွန်မကြားဖူးတဲ့အရပ်စကားပုံထဲမှာတော့ သားကောင်းဖြစ်လျှင်လင်ကောင်း၊ ဖ ခင်ကောင်းမဖြစ် နိုင်ဘူးတဲ့။ သူကတော့သားကောင်းတစ်ယောက် ဖြစ်ခဲ့သလို ခင်ပွန်းကောင်း တစ် ယောက်လည်းဖြစ်ခဲ့မှာပါပဲ။ဖခင်ကောင်းဖြစ်အောင်လည်းသူကြိုးစားနေတာ သူပြုမူပြောဆိုနေတာ နဲ့တင်သိသာနေသည်။
ပြောစရာစကားကုန်သလောက်ရှိတော့မှစကားလက်စကိုသိမ်းကာပြန်ဖို့နှုတ်ဆက်လေသည်။ မနက် ဂျူတီဝင်ရမဲ့ဖေဖေ့ခမျာ သူ့ချစ်တပည့်ပြောသမျှ မျက်တောင်စင်းကျနေသည့် ကြားမှခေါင်းညိတ် နားထောင်နေရသည်။ ပြန်ဖို့နှုတ်ဆက်သံကြားတော့မှ ဖေဖေမတ်ခနဲခေါင်းထောင်လာသည်။မေ မေနှင့်ကျွန်မကတော့ အလိုက်မသိရှိလှသည့် သူ့ကိုအပြုံးဖြင့်သာ နှုတ်ဆက်လျှက် နာရီကိုပြိုင်တူ ကြည့် မိကြသည်။တစ်နာရီခွဲဖို့ ငါးမိနစ်။ ခြံတံခါးကိုဖေဖေကိုယ်တိုင် ဆင်းဖွင့်ဆင်းပိတ်ပြီး အိမ်တံ ခါးမကြီးကိုပိတ်ရန်ရပ်စောင့်နေသည့် မေမေနှင့်အတူအိမ်တံခါးမကိုဝိုင်း ကူပိတ်ပေးပြီးအိမ်ထဲလှမ်းဝင်လာသည်။ဧည့်ခန်းကိုအဖြတ် ထမင်းစားခန်းမှရေသောက်ပြီးထွက်လာသည့် ကျွန်မနှင့်ဆုံသည် ။
"ဖေဖေ"
"အိပ်တော့လေ သမီးရဲ့။ ညဥ့်နက်နေပြီ။သမီးတစ်ယောက်တည်းဖြစ်နေရင် သမီးမေမေကိုခေါ်အိပ် လေ "
"မင်းညီသေသွားလား။သမီးကို အဲဒါဖြေပါ"
ဖေဖေနှင့်မေမေ့မျက်နှာကို လွတ်ထွက်သွားမှာစိုးသည့်အလား အခေါက်ခေါက်အခါခါပင်ကြည့်မိ၊ အကဲခတ်မိ သည်။ ရုတ်တရတ် ကျွန်မအမေးကြောင့် ဖေဖေ့မျက်ခုံးနှစ်ဖက်ပင့်တက်သွားသည်။ မေမေကတော့အံ့သြတကြီး ပါးစပ်ဟလျှက်သားဖြင့် ဖေဖေ့ကိုမော်ကြည့်သည်။ မေမေဘာမှမသိ သည့်သဘော။ဖေဖေ မျက်နှာအနေအထားကိုပြင်ကာ ခပ်ပြုံးပြုံးတမင်ပြုလျှက် မေမေ့ကိုခေါင်း ဆတ်ကာကြည့်သည်။ နောက်မှရှင်းပြမည်ဆိုတဲ့ သဘောများလား။
"မသေဘူး။ကောင်လေးမသေပါဘူးသမီးရဲ့။ကဲ....ဒါကိုသိချင်တာဆိုရင်ခုဖေဖေဖြေပြီးပြီသမီးလည်း သွားအိပ် ဖို့ ပြင်တော့"
"သမီးကို မလိမ်ပါနဲ့ ဖေဖေ။သူသေသွားပြီမလား"
"သမီးဖေဖေ့ကိုမညာသလို၊ ဖေဖေလည်း လိမ်ဖြေမှာမဟုတ်ပါဘူးသမီးရဲ့။ကဲ ဖေဖေအိပ်လို့ရပြီ မလား"
နောက်သလိုလို၊စလိုလိုဖေဖေ့အပြောကို မျက်ရည်တွေဖြင့်ေ၀၀ါးနေသည့်ကြားမှအား ရပါးရပြုံးပြ လျှက် ခေါင်းညိတ်ပြမိသည်။ ကျွန်မကြောက်လန့်တကြားမက်နေရသည့် အိပ်မက်မှနိုးထခွင့်ရလေ ပြီ။ ညသည် မိုးမရွာပါဘဲ အေးစိမ့်ငြိမ်သက်နေသည်။
................ .......................... ........................... ........................ ...............
"မမယု" "မမယု"
"ဟေ........မမ ဒီမှာ ဘာဖြစ်လို့လည်း"
ာကြည့်ခန်းဝကခေါ်သံကြောင့် ပြတင်းပေါက်ဘေး ကြမ်းပြင်တွင်ခြေဆင်းထိုင်ကာ စာဖတ်နေရာမှ ထရပ် လူလုံးပြလိုက်သည်။အခန်းဝကလှမ်းကြည့်လျှင် စာအုပ်စင်တွေကြားထဲမှာ ထိုင်နေသည့် ကျွန်မကိုဘယ်သူမှ မမြင်နိုင်။ စာကြည့်စားပွဲကလည်းကာထားသလို ဖြစ်နေတာကြောင့်လည်းဖြစ် သည်။
"ဧည့်သည်လာနေတယ် မမယု"
"ဘယ်သူလည်း မေမေ့ဧည့်သည်လား။နေမျိုး ဧည့်သည်လား"
ကျွန်မမေးခွန်းက သူ့အတွက်ခက်ခဲနေသလားမပြောတတ်။ခေါင်းကုပ်ခေါင်းခါဖြင့် သူတစ်ယောက် တည်း အလုပ်ရှုပ်နေသည့်မေမေ့တူမ၀မ်းကွဲကိုအသာပင်ပြုံးပြကာ စာကြည့်ခန်းကနေအောက်ထပ် ကိုတောက်လျောက်ဆင်းလိုက်သည်။ ဧည့်ခန်းထဲလှမ်းအ၀င် ဧည့်ခန်းထဲတွင်ချိတ်ထားသည့် မိ သားစု ဓါတ်ပုံ ရှေ့မှာ ရပ်ကြည့်နေသည့်အမျိုးသမီးကြီးတစ်ဦး။ မေမေ့ အသိမိတ်ဆွေများလား။ ကျွန်မ သူ့နောက်ကျောနားမှာပင် အသာရပ်စောင့်နေလိုက်သည်။ ကျွန်မ ကိုယ်ပေါ်မှမဟုတ်သည့် ရေမွှေးနံ့ သင်းမြမြကို အသာခိုးရှုရှိုက်မိသည်။
"အယ်......ရောက်နေပြီလား ဆောရီးနော် အန်တီအငေးလွန်သွားလို့"
"ရပါတယ်အန်တီ။ထိုင်ပါဦး။ မေမေကဒီနေ့ကျောင်းသွားပါတယ်။ ခဏနေရင်တော့ ပြန်ရောက် တော့ မှာပါ"
"အန်တီက သမီးမေမေ အသိမဟုတ်ပါဘူးသမီးရဲ့....သမီးနဲ့ပက်သက်ပြီးမှ သမီးမေမေကိုသိရမှာ။ အန်တီက မင်းညီအမေပါ"
"ရှင်"
မင်းညီအမေတဲ့။ဘာကိစ္စများ ကျွန်မဆီရောက်လာပါလိမ့်။ကားမှောက်တဲ့ကိစ္မှမှာ ကျွန်မအပြစ်လို့ အပြစ်တင် စကားပြောချင်လို့များလား။ သို့ပေမယ့်အပြစ်တင်ဖို့လာတဲ့ပုံစံမျိုးလည်း မဟုတ်ပြန် ဘူး။ကြောင်အအဖြစ်နေသည့် ကျွန်မကိုခပ်ပြုံးပြုံးကြည့်နေသည်မှာ ရင်းနှီးပြီးသားလူတစ်ယောက် လိုပင် နွေးနွေးထွေးထွေး ရှိလှသည်။
"အန်တီရယ် အန်တီ့အမျိုးသားရယ်၊သားရယ် နိုင်ငံခြားမှာအခြေချနေကြတယ်။အဲဒါသမီးကိုသား ပြောပြမှာပါ"
"ဟုတ်ကဲ့အန်တီ ယု သိပါတယ်"
"ခုသား ကား accident ဖြစ်တယ်ဆိုလို့ အန်တီရယ်၊သားအဖေရယ် ခဏပြန်လာကြတာ။ခုပြန် ရက်နီးတော့ သားကသူပြန်မလိုက်ဘူးတဲ့။ဘယ်လိုမှကိုခေါ်လို့မရတာကွဲ့။သူသာသန်သန်စွမ်းစွမ်း လူတစ်ယောက်ဖြစ်ခဲ့ရင် အန်တီသူ့ဆန္ဒကိုဆန့်ကျင်ပြီးဘာမှလုပ်မိမှာ မဟုတ်ပါဘူး"
သန်သန်စွမ်းစွမ်း လူတစ်ယောက်ဖြစ်ခဲ့လျှင်ဆိုတဲ့စကားက ဘာကိုဆိုလိုပါသလဲ။ ဦးခေါင်းကို တစ်စုံ တစ်ယောက်က ထုနှက်လိုက်သလို၊ရင်ထဲကိုဓါးဖြင့်ထိုးဆွတာခံလိုက်ရသလို နာနာကျင်ကျင်ခံစား လိုက်ရသည်။ ဒါဆိုသူ မသန်မစွမ်းလူတစ်ယောက်ဖြစ်ခဲ့ပြီပေါ့။ကျွန်မ လူတစ်ယောက်ရဲ့ဘ၀ကို သတ်ပစ်လိုက်မိပြီပေါ့။ကျွန်မ တရားပါရဲ့လား။စကားစဖြတ်ကာကျွန်မကိုငေးနေပုံရသည့် မင်းညီ အမေကိုရင်ဆိုင်မကြည့်ဝံ့တော့။အေးဆတ်ကာတဆတ်ဆတ်တုန်နေသည့် ကျွန်မပေါင်ပေါ်မှ လက် နှစ်ဖက်ကို အသာဆုပ်ကိုင်လျှက် မျက်နှာချင်းဆိုင်ထိုင်နေရာမှ ကျွန်မဘေးသို့ရွှေ့ထိုင်သည်။
"အန်တီ သမီးကိုအပြစ်တင်ချင်လို့လာတာမဟုတ်ဘူးနော် သမီး။ အကူအညီတောင်းချင်လို့လာခဲ့ တာပါ။ သမီး နဲ့သားရဲ့ကိစ္စမှာ သားရဲ့ခံစားချက်ကို အန်တီကောင်းကောင်း နားလည်သလို၊ သမီး ရဲ့ခံစားချက်ကိုလည်း မိန်းမသား ချင်းမို့နားလည်ပါတယ်။ဒါပေမယ့်သမီးရယ် သူမြန်မာပြည်ကိုလာ ခဲ့တာ သမီးဓါတ်ပုံကို ဇော်လတ်ဆီကနေရသွားတာကြောင့်ပဲ။ သိန်းဇော်လတ်က အန်တီ့တူလေ။ သားနဲ့တော့ညီအစ်ကိုတစ်ဝမ်းကွဲပေါ့။ ဇော်လတ် အန်တီတို့ဆီရောက်ကတည်းက မူးမူးရူးရူးနဲ့ သူရင်ဖွင့်ပြောထုတ်နိုင်တဲ့သူဆိုလို့ သားတစ်ယောက် ပဲရှိခဲ့တာကိုး"
--------------- ----------------- ------------------ -----------------
"ယုကပြုံးရင်လှရဲ့သားနဲ့ ဘာလို့မလှအောင်နေတာလည်း ကျွန်တော်သိချင်တယ်"
အသက်ခြောက်နှစ်လောက်ကွာသည့်ကျွန်မကို ယုဟုသူအမြဲခေါ်တတ်သည်။တစ်နေ့ ပန်းဆိုးတန်းမှ စာအုပ်တစ်အုပ်ဝယ်ပြီးပြန်အလာ..စာကြည့်ခန်းထဲမှာထည့်ထားဖို့စာကြည့်ခန်းထဲလှမ်းအ၀င်ကျွန်မ စာကြည့်ခန်းကိုကျူးကျူးကျော်ကျော်ဝင်ရောက်နေသည့်လူတစ်ယောက်။ ဒါဧည့်သည်တစ်ယောက်ဝင်နေရမည့်အခန်းမျိုးလား။သူ့ကိုဘယ်သူခေါ်လာသလဲ။ကျွန်မရဲ့ဒေါသသည်အချိန်မရွေး ကြီး ထွားလွယ်လေသည်။
"ဒီမှာ ဒါဘာလုပ်နေတာလဲ"
ကျွန်မအသံကြောင့် စာအုပ်ဒေါင့်စွန်းမှ ဆွဲထုတ်ယူလိုက်၊ဖတ်ကြည့်လိုက်၊ပြန်ထည့်လိုက်ဖြင့် ရှိနေ ရာမှ လှည့်ကြည့်လာသည်။ဘယ်လိုခံစားချက်မှစွန်းထင်းမနေတဲ့မျက်နှာ သူ့အသက်ကမသကာရှိ လှ နေမျိုး လောက်ပေါ့။ နေမျိုး သူငယ်ချင်းများလား။သို့ပေမယ့် နေမျိုး သူငယ်ချင်း အားလုံးနီးပါး ကျွန်မသိသားပဲ။သူ ဘယ်သူလဲ။ကျွန်မအမေးကို ဘာအဖြေမှမပေးသေး။ ပြုံးပြလျှက်လမ်းလျှောက် လာနေသည်မှာအေးအေးလူလူ။အခန်းဝကျွန်မနှင့်မျက်နှာချင်းဆိုင်ခြေလှမ်းသုံးလှမ်းအကွာ လောက်တွင်ရပ်လိုက်သည်။
"ကျွန်တော့် နာမည်မင်းညီပါ ယု၊နေမျိုး သူငယ်ချင်းဆိုပါတော့"
"မင်း ကို ငါနာမည်မေးနေတာမဟုတ်ဘူး။မင်းကနေမျိုး သူငယ်ချင်းဆိုဦးတော့ နေမျိုးမရှိပဲ မင်းဒီ အခန်းထဲ ဘယ်လိုရောက်နေသလဲ။ ပြီးတော့ငါ့ကို ယုလို့မခေါ်နဲ့"
"အဟင်း ...ဆောရီး စောစောကစာအုပ်ထောင့်တိုင်းမှာ ယုလို့ရေးထားတာတွေ့လို့။ စာအုပ်ပိုင် ရှင်ထင်လို့ ယု လို့ ခေါ်လိုက်မိတာ"
ကျွန်မလက်ထဲကစာအုပ်ကို ဝေ့၀ဲကြည့်လျှက် ပြောသည်မို့၊ပြန်ပြောဖို့ရုတ်တရက် စကားစရှာမရ။
"မမ အဲဒါသားသူငယ်ချင်း၊ဖေဖေတောင်တွေ့သွားသေးတယ်။မင်းညီကစာဖတ်ဝါသနာပါတယ်ဆို လို့ ဖေဖေက စာကြည့်ခန်းထဲကြိုက်တာ ၀င်ဖတ်ကြည့်တဲ့။သားကလည်းသူ့ကို ထားပြီးအအေးသွား ဖျော်နေတာ"
နေမျိုး ခပ်လောလောဖြေရှင်းကာကျွန်မတို့နှစ်ယောက်ကြားထဲဝင်လာသည်။ နေမျိုးလက်ထဲမှ အအေးထည့် ထားသည့်လင်ဗန်းကို သူကလှမ်းယူလိုက်ပြီး စာကြည့်စားပွဲပေါ်တင်သည်။ ကျွန်မမှာ ပြောစရာစကားလုံးဝမရှိတော့။လက်ထဲကစာအုပ်ကို လွတ်နေသေးသည့် စာအုပ်တန်းမှာ လှမ်းတင် ကာ စာကြည့်ခန်းမှလှည့်ထွက် လိုက်သည်။ ပြဿနာဖြေရှင်းပြီးသွားသော်လည်း ကျွန်မသူ့ကိုဘာ သဘောမကျမှန်းစဉ်းစားလို့မရ။ စကား တစ်ခွန်းပြောတိုင်းရယ်မောတတ်လွန်းလို့လား။နေမျိုးက "သား""သား"ဟုတွင်တွင်သုံးတတ်သော်လည်းသူက ကျွန်တော်ဟုသူ့ကိုယ်သူနာမ်စားသုံးလူကြီး လုပ်နေ လို့များလား။ သေချာ တာကတော့ကျွန်မ သူနှင့် ကင်းကင်းနေချင်သည်။
--------------- --------------- --------------- --------------
ညနေတိုင်းတိတ်ဆိတ်နေတတ်သည့် ကျွန်မတို့အိမ်သည် သူရောက်လာမှပို၍ စည်ကားလာသည်။ အိမ်မကပ် သည့်နေမျိုး အိမ်ကပ်ကာ သူ့ကိုဧည့်ဝတ်ကျေရတာအမော။ဖေဖေနှင့် တင်္နဂနွေနေ့တိုင်း လမ်းလျှောက်အဖော် လိုက်တတ်သလို။မေမေလုပ်ကျွေးသည့်မုန့်ပေါင်းစုံကို သူသာဒိုင်ခံမြည်း လျှက် မရှက်မကြောက် အားရပါးရစားတတ်သည်ကလည်း သြချရမတတ်။စာရေးစာဖတ်လုပ်ပြီး ညောင်းညာသလိုခံစားရတိုင်း ခြံထဲဆင်းဖို့တောင်အတော် စဉ်းစားယူရသည်မှာ ကျွန်မ။ ဘယ်နေ ရာသွားသွား သူနှင့်လွတ်ကင်းသည့် နေရာ မရှိ။ကျွန်မထိုင်နေကျခြံထဲကအုတ်ခုံလေးသည် သူနှင့် နေမျိုး ဂီတာထိုင်တီးစရာနေရာ ဖြစ်နေသည်။ ကျွန်မအလှမွေးထားသည့် ငါးကန်လေးဘေး ထိုင်ခုံ သည်လဲ သူနှင့်ဖေဖေကျားထိုးရာနေရာ။
ဗိုက်ဆာလို့များ မီးဖိုချောင်ထဲရုတ်တရက်လှမ်းမ၀င်သွားနှင့် ပလုတ်ပလောင်းစားရင်းတန်းလန်း ထွက်လာသည့် သူနှင့်ဝင်တိုက်လုမတတ်။ယုတ်စွအဆုံး ကျွန်မတစ်ယောက်တည်းအပိုင်ရထားသည့် စာကြည့်ခန်းတောင် ၀င်လိုဝင်ထွက်လိုထွက်။ တစ်အိမ်လုံးသူ့ကိုထဲထဲဝင်ဝင်နေရာပေးသလောက် ကျွန်မကတော့ ခပ်မဆိတ်သာ နေ လျှက် အသာပင်လစ်လျူရှုထားသည်။ မနက်ရုံးတတ် ညနေပြန်၊ ညကျမှစာရေးစာဖတ်လုပ်၊ညဥ့်အတော်နက်မှ အိပ်တတ်သည့်ကျွန်မ အကျင့်သည်လည်း မိုးလင်း ကတည်းက အလည်ရောက်ကာ ဆူညံထင်တိုင်းကျဲနေသည့်သူ့ကြောင့် အခက်ကြီးခက်နေသည်။ နေမျိုးတစ်ယောက်တည်း၏မိတ်ဆွေသာဖြစ်ခဲ့လျှင် ကျွန်မဒီလောက်သည်းခံမှာမဟုတ်။ခုတော့ ဖြစ် သမျှဒေါသကို မြိုချရုံမှတစ်ပါး အခြားမရှိ။
အချိန်အတိုင်းတာ အတိုလေးအတွင်း နေမျိုးသူ့ကိုအတော်ခင်မင်ပုံပင်။ တိုးတိုးတစ်မျိုးမကြားတစ် ကြားဆိုသလို “ယောက်ဖ”ဟုထုတ်ခေါ်လောက်အောင် ကျွန်မကိုအတွန့်အတိုကင်းမဲ့ခဲ့သည်အထိ။ ဖေဖေနှင့်မေမေ ဘယ်လိုဟန့်ဟန့် အခေါ်မပြတ်။သူ့ကိုငယ်နိုင်ဖြစ်သည့် ကျွန်မကိုပင်ရယ်ကျဲကျဲ ပြုံးစစ။ ကျွန်မစဉ်းစား၍ မရသည်မှာ နေမျိုး“ကို့” ကိုလုံးဝသဘောမကျတာကိုပင်။ ကျွန်မကို ကိုနှင့် တွဲ၍မြင်လိုက်တိုင်း၊ အပြင်သွားဖို့ပြင်ဆင်လိုက်တိုင်း၊နည်းပေါင်းစုံဖြင့် မရမကဖျက်ကာ အူတိုခဲ့ သည်။ခုမင်းညီကျတော့ဒီလိုမဟုတ်။သူကိုယ်တိုင်ကပင်လိုလိုလားလားတွန်းပို့နေသယောင်။ မသိမ သာမှသိသိသာသာနှစ်ယောက်သားဆိုးရွားလာသည်မှာ ကျွန်မသည်းခံနိုင်သည့်အတိုင်းအတာတို့ လျှော့ကျကုန်ဆုံးသည်အထိ။ သူ့ကိုဘယ်တုန်းကမှအရောတ၀င်မလုပ်သည့် ကျွန်မကိုရုံးအဆင်း အပြန်လမ်းမှာတွေ့တိုင်းကား ဖြင့်လမ်းကြုံလိုက်ဖို့ခေါ်တတ်သည်မှာ ရက်ခြားလိုပင်။ကျွန်မသူ့ကို ငဲ့ စောင်းကာပင်မကြည့်ခဲ့။
ရေးပြီးသွားသော ကျွန်မစာမူတစ်ချို့ကို ဘယ်သူမှမထိမကိုင်တတ်တာမို့ စာကြည့်ခန်းစားပွဲပေါ် မှာ ဒီအတိုင်းတင်ထားခဲ့တိုင်း စာမူအောက်ခြေတွင်ခဲတံဖြင့် ခပ်သော့သော့ရေးခြစ်ထားသော သူ၏ ဝေဖန်ချက် များ။ ကျွန်မကိုယ်တိုင်မ၀ယ်ခဲ့ပါဘဲ ကျွန်မနာမည်ရေးထိုးထားတဲ့ စာအုပ်တွေကလည်း စာအုပ်စင်မှာ အခန့် သား။ သူကိုယ်တိုင်ချက်ပြုတ်ကာ မေမေ့ပုံစံအတိုင်းခူးခပ်ပေးပြီး ထမင်းစားပွဲ တွင် အုပ်ဆိုင်းတင်ခဲ့တိုင်း၊ရုံးအပြန် ဗိုက်ဆာဆာနှင့် စားခဲ့ဘူးတာလည်း အကြိမ်ကြိမ်။
----------- ------------ ----------- ----------- -------------
"ယုနေမျိုးသူငယ်ချင်းတွေချိန်းရိုက်ပွဲလုပ်ကြလို့ဒီကောင်ကြားချောင်ပါသွားတယ်။ အဲ့ဒါကျွန်တော် လိုက်ခေါ်မလို့။ ယုပါမှသူပြန်လိုက်မှာ......အဲ့ဒါ ယုကို ကျွန်တော်လာခေါ်တာ"
ရုံးဆင်းလာသည့် ကျွန်မဘေးတွင်ကျယ်ကျယ်လောင်လောင် ဘရိတ်ဆောင့်အုပ်သံကြောင့်ကြောင် ငေးကြည့်နေစဉ် ကားပေါ်မှအပြေးဆင်းလာသည့် မင်းညီ။ပြောပြောဆိုဆို ကျွန်မလက် တစ်ဖက်ကို ဆွဲခေါ်လျှက် ကားတံခါးဖွင့် ကားပေါ်တင်မောင်းထွက်ခဲ့သည်အထိ ကျွန်မငြင်းဆန်ဖို့မေ့လျှော့နေခဲ့ သည်။ သူကပဲ မြန်ဆန်လွန်းတာလား၊နေမျိုးအတွက်စိတ်ပူမိ၍လား၊မသေချာခင်သူခေါ်ရာ တိတ် တိတ် သာလိုက်လျှက် ရင်တထိတ် ထိတ်ခုန်ဆုတောင်းမိသည်။ ကျွန်မမောင်လေးဘာမှ မဖြစ်ပါ စေနှင့်။ကျွန်မအချိန်မီရောက်ပါစေ။ရသမျှဘုရားစာအားလုံး တတွတ်တွတ်ရွတ်ဆိုရင်း လိုက်ပါ လာရာ ပတ်ဝန်းကျင်ကိုမေ့လျော့သွားခဲ့သည်။စတင်သတိထားမိချိန်မှာတော့ လူစည်ကားသည့် နေ ရာတွေကိုကျော်လွန်နေပြီဖြစ်သည်။ လယ်ကွင်းပြင်တွေကိုသာ တစ်မျှော်တစ်ခေါ် မြင်ရလေသည်။ သူကတော့ဆက်၍ မောင်းနေတုန်းပင်။
"ယု ကပြုံးရင်လှရဲ့သားနဲ့ ဘာလို့မလှအောင်နေရတာလဲ ကျွန်တော်သိချင်တယ်"
ဘာဆိုင်လို့လဲ။ကျွန်မကိုခေါ်လာတာ နေမျိုးကိုသွားခေါ်ဖို့ပဲမဟုတ်လား။ကျွန်မကိုဝေဖန်ဖို့မှမဟုတ် တာ။ ဒါမှမဟုတ် တမင်စကားစရှာပြောတာလား။ဇဝေဇ၀ါအတွေးဖြင့် သူ့ကိုငဲ့ကြည့်လိုက်သည်။ သူကတော့ သူ့မူအတိုင်း အပြုံးမပျက်။ကျွန်မကိုလည်း ငဲ့မကြည့်။
"နေမျိုး ကိုလည်းတော်တော်ချစ်ပုံရတယ်။သူတွန့်တိုလွန်းလို့ ယုချစ်သူကိုစွန့်လွှတ်လိုက်တာမ ဟုတ်လား"
"ဘာမှမဆိုင်ဘူး .. ညှိလို့မရတဲ့ လူနှစ်ယောက်မှာ မောင်တစ်ယောက်ရဲ့တွန့်တိုမှုက အခြေခံလွဲ မှားမှုမဟုတ် ဘူး"
သူနှင့်ကျွန်မ ပထမဦးဆုံးအကြိမ် စကားပြောဖြစ်ခြင်း၏ အကြောင်းအရာသည် ရန်ပွဲဖက်သို့ဦး တည်နေသည်။ တွေးထင်ယူဆချက်နှင့်ဒေါသတကြီးဖြေရှင်းချက်။သူ ကျွန်မအကြောင်း ဘယ် လောက်များသိလို့ ကျွန်မကိုဝေဖန်ရပါသလဲ။အကြောင်းစုံသိရင်တောင်သူ့မှာ ဝေဖန်ပိုင်ခွင့်မှ မရှိတာ။ဘာခံစားချက်မှမရှိသည့် သူ့မျက်ဝန်းကို ဒေါသဖြင့် ခပ်စူးစူးမိနစ်အတန်ကြာ ကြည့်ဖြစ် သည်။
"ထားလိုက်ပါ။ကျွန်တော်အထင်လွဲနေတယ်ဆိုရင်ပေါ့။တစ်ခုပဲ ကျွန်တော်လေးလေးနက်နက် ပြော ချင် တယ်။ မပြောခင်ကျွန်တော်တောင်းပန်ပါရစေ။ကျွန်တော် ယု ကိုညာခေါ်လာတာပါ။ နေမျိုး အိမ်မှာပဲ ရှိနေတယ်"
"ဘာ"
ဒေါသဖြင့်ခန္ဓာကိုယ်သည် တောင့်မတ်သွားသယောင်။သူ့ကို ကျွန်မခပ်တင်းတင်းစိုက်ကြည့်နေတာ သိသိနှင့် တစ်ချက်သာငဲ့ကြည့်ပြီး ရှေ့ကိုပြန်ကြည့်ကာ အေးအေးလူလူပင်ကားမောင်းနေသည်။
"ကျွန်တော် ယု ကို ချစ်တယ် "
"ငါ မင်းကို မချစ်ဘူး "
"သေချာ စဉ်းစားပေးပါ ယု ။ခပ်လွယ်လွယ် ချင်ချင်းဖြေတဲ့အဖြေဟာ မှားနေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော် ယု ကိုလက်ထပ်ချင်ပါတယ်"
"ဘယ်တော့မှမဖြစ်နိုင်ဘူးလို့မှတ် ခုကားကိုပြန်လှည့်မောင်း။ မလှည့်ပေးနိုင်ဘူးဆိုရင် ဒီမှာပဲကား ကို ရပ်လိုက် ကိုယ့်ဖာ သာပြန်မယ်"
"ကျွန်တော် ယု ကို ခိုးပြေးလာတာဆိုရင်ရော"
ထိတ်လန့်စိတ်။ဒေါသ၊ခံပြင်းစိတ်တို့ဖြင့် သူ့လက်ထဲမှကားစတီယာရင် ကိုဆွဲလုလိုက်မိသည်။ သူ့ လက်က ကျွန်မလက်ကိုတွန်းထုတ်ဖယ်ချပေမယ့် အားမပါ။ညစ်ကျယ်ကျယ်အပြုံးဖြင့် စတီယာ ရင်ကို ကျွန်မဖက် ရောက်အောင်အား ကုန်ဆွဲယူလိုက်သည်။ဖြတ်ခနဲ ကြည့်လာသည့် သူ့အကြည့် သည် ကြောက်လန့်တကြား။
"ယု ကျွန်တော်စနေတာ။ယု လက်ကိုလွှတ်လိုက် ။ကျွန်တော့်ကိုယုံပါ။ကျွန်တော် ပြန်ပို့ပေးပါ့မယ်"
နောက်ဆုံးတော့အရာရာသည် ဒေါသအောက်မှာ ပိတ်မိသွားခဲ့သည် ။အရှိန်ပြင်းပြင်းသွားနေရာမှ ၀ုန်းခနဲ နှစ်ပတ်သုံးပတ်လိမ့်သွားသည့် ကားအောက်မှာသူပိမိနေခဲ့သည် ။ကျွန်မသူ့ကို ပွေ့ထူဆွဲ ထုတ်ဖို့ သတိမမေ့ခင်အချိန်အထိ ကြိုးစားခဲ့သည်။ဘယ်လိုစိတ်ဓာတ်ခွန်အားမျိုးဖြင့်ပါလဲဟု တစ်ယောက်ယောက် ကမေးခဲ့လျှင် ကျွန်မမှာ ဖြေစရာမရှိပါ။
-------------- ------------------ ------------- ----------------- ---------------- ခြောက်သွေ့နေသောသစ်ပင်တွေကြားမှာမိန်းမတစ်ယောက်ရပ်နေသည့်ဟန်။ လေတိုက်သဖြင့် လူး လွန့်နေ သည့် ထမီအနားစ။မျက်နှာကိုမမြင်ရလောက်အောင်လေအရှိန်ကြောင့် ဆံပင်တွေက လိုက်ကာလို မျက်နှာကို ဆွဲဖိဖုန်းထားသည်။ ကျွန်မသူ့နောက်ကျောမှ ရပ်ကြည့်နေစဉ်မှာ မိန်းမ တစ်ယောက်ဟု မပြီပြင်သေးပဲ သူရေး ဆွဲလက်စကတည်းကဖြစ်သည်။
ရုတ်တရတ် ကျွန်မသတိရမိသည်မှာ...."ကျွန်တော် သဘာဝပတ်ဝန်းကျင်ကိုပဲ ပန်းချီအမြဲဆွဲ တယ်ဦး။ လူတစ်ယောက်ပုံထည့်ဆွဲဖို့ ဘယ်တော့မှ စိတ်ကူးမိမှာမဟုတ်ဘူး"ဖေဖေ့ ကိုရေတံခွန်နဲ့ တောတောင်တွေသာ ပါတဲ့ ပန်းချီကား လက်ဆောင်ပေးရင်း သူပြောတာကို အမှတ်တမဲ့ကြားမိခဲ့ ခြင်းဖြစ်သည်။
ခြေသံကိုလုံလုံထိန်းကာသူ့အနားတိုးလျှောက်ခဲ့ပေမယ့် သစ်ရွက်ခြောက်တစ်ချို့က သူ့ကိုအချက် ပေးနေသ ယောင်။ သို့ပေမယ့် သူငဲ့မကြည့်။ရေးလက်စကို ရပ်ကာဆေးစပ်နေသည်။
"မင်းညီ နေကောင်းရဲ့လား "
ဘာအဖြေမှမပါသည့် မျက်နှာပေးဖြင့် ငဲ့ကာမော့ကြည့်သည်။ဝှီးချဲပေါ်မှ သူ့ကိုငုံ့ကြည့်နေရသည်မှာ မွန်းကျပ် နာကျင်စရာကောင်းလွန်းလှသည်။ အပြုံးအရယ်မရှိတော့သည့်မျက်နှာ။ ကြေကွဲလောင် မြိုက်နေသည့် ဟန်လည်းလုံးလုံးမတွေ့ရ။ သူ့ရဲ့ဘေးမှာ အသေချထားဟန်ရှိသည့် သစ်သားထိုင်ခုံ ရှိနေသည်။ ဘယ်လို သတ္တိမျိုးနှင့်မှ ခုံပေါ်ထိုင်ချဖို့ မစဉ်းစားဝံ့။သူ့ရဲ့ဘေးသစ်ရွက်ခြောက်တွေပေါ် မှာ ခြေတုတ်ထိုင်ချလိုက်သည်။
"ထိုင်ခုံပေါ်မှာထိုင်လေ ယု "
ထိုင်ခုံနှင့်ဝှီးချဲကြားကမြေပြင်ပေါ်မှာထိုင်ချလိုက်သည်မို့ ထိုင်ခုံပေါ်မှာထိုင်ခိုင်းခြင်း။ စေတနာစ ကားလား။ ဧည့်ဝတ်ပြုတာလား..ကျွန်မ ခွဲခြမ်းဖို့လိုအပ်ပါသလား။ကျွန်မ အသာပင်ပြုံးပြကာ ခေါင်း ခါလိုက်သည်။ သူဘာစကားမှ ထပ်မပြောတော့။ရေးလက်စသူ့ပန်းချီကိုသာ အရောင်တွေထပ် ဖြည့် အချောသတ်နေဟန်ရှိသည်။ ကျွန်မထိုင်သည့် နေရာကလှမ်းကြည့်လျှင် ဘေးပတ်ပတ်လည် တောင်တွေဝိုင်းနေသည်မှာ ကြည့်ကောင်း လွန်းလှသည်။
နေရောင်ပျောက်စညနေစောင်းဖြစ်၍များပိုကြည့်ကောင်းနေသလား။အရာရာသည်လွမ်းမောဖွယ်ရာ ကောင်း ချင်နေသည်။ ကျွန်မ ဒီနယ်စပ်ဒေသလေးကို တာဝန်ဖြင့်ရောက်နေသည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရောက်စကတည်းကသူ့ကိုလာတွေ့ဖို့ပြင်ဆင်နေခဲ့သော်လည်း တစ်ကယ် ရောက်လာမိသည်အထိ မ၀ံ့မရဲ။
"ယု ဒီမှာဘယ်လောက်ကြာမှာလဲ"
"၂ နှစ်။ ဒီ့ထက်လည်း ပိုကြာချင်ကြာမယ်"
သူကလည်းပုံဆွဲမပြတ်မေးသလိုကျွန်မလည်းငေးရင်းနှင့်ပင်ပြန်ဖြေလိုက်သည်။အေးစက်နေသည့်
နှင်းတောထဲမှာ စကားပြောရသလိုမျိုး စကားအသွားအလာသည် ခဲရာခဲဆစ်။
"ယု စာအုပ်တွေတော်တော်အထွက်နည်းလာပြီနော်။ဘာလို့လည်း။ဝေဖန်ပေးမယ့်သူမရှိလို့လား"
ပန်းချီဆွဲ၍ပြီးပြီထင်သည်။ဆေးခွက်၊စုတ်တံတို့ကို သူ့ဘေးကစားပွဲပေါ် လှမ်းတင်သည်။ ကျွန်မကို ပြုံးလျှက် ငေးကြည့်နေသည်မှာ ကလေးတစ်ယောက်ကိုကြည့်မ၀သည့်ဟန်မျိုးဖြင့်လား ကျွန်မသေ ချာမသိပါ။ သူသည်အင်မတန်လူကြီးလုပ်ချင်သော ကောင်ငယ်လေးတစ်ယောက်ဖြစ်သည် ဆိုတာ ကိုတော့ ကျွန်မမေ့ထားသင့်သည်။ သူ့အပြုံးသည် အရင်ကထက်ရင့်ကျတ်ကာ နူးညံ့စွတ်စို လျှက် မုန်းချင်စရာကောင်းလွန်းလှသည်။
"အင်း... ဟုတ်မယ်ထင်ရတာပဲ"
စိတ်လိုလက်ရပင် ပေါ့ပေါ့ပါးပါး ကျွန်မပြန်နောက်လိုက်သည်။အရာရာသည်မနေ့ကလိုမဟုတ်။ သန့်ရှင်း စင်ကျယ်လွန်းနေသည်။ကျွန်မသူ့အမေ၏ အကူအညီတောင်းဆိုမှုကို အကြောင်းပြချက် မရှိငြင်းဆန် ခဲ့သည်။သားကိုထား၍ ပြန်သွားခဲ့ရသည့် မိဘနှစ်ယောက်၏ ရင်ထဲက ခံစားချက်ကို နားမလည်၍ မဟုတ်ခဲ့။သူ့ဆန္ဒကိုသာ အရာထင်ချင်ခဲ့၍ဖြစ်သည်။
တစ်နှစ်ဆိုတဲ့ ကာလလေးမှာ သူကအားလုံးကို အဆက်အသွယ်ဖြတ် ဒီဒေသမှာလာပြီးအခြေချ နေထိုင်၏။ မသန်စွမ်းတော့သည့် သူ့ခြေထောက်နှစ်ဖက်ကို လစ်လျူရှုကာ ပန်းချီထိုင်ဆွဲလျှင်ဆွဲ နေမည်။ ဂစ်တာထိုင်တီးကာ သီချင်းဆိုချင်ဆိုနေမည်။ သူကိုယ်တိုင်မသွားနိုင်ပေမယ့် သူ့လူယုံတွေဖြင့် လွှတ်ထားသည့် အချို ရည်စက်ရုံ၊ အသီးစုံစိုက်ထားသည့် သူ့စိုက်ခင်း၊အားလုံးကို သူ့ ကိုယ်ပိုင် အကြံဥာဏ်တွေနဲ့လည်ပတ် နိုင်သည် အထိ သူ့ဘ၀ကိုအကောင်းဆုံးမွန်းမံပြခဲ့သည်။
သူကလူညံ့ လူဖျင်းတစ်ယောက်မဟုတ်ခဲ့။ ကျွန်မသာ လူညံ့၊လူဖျင်းတစ်ယောက်ဖြစ်ခဲ့ပေမည်။ တစ်လတစ်ခါ သူ့အမေကိုယ်တိုင်ပေးသည့် သူ့သတင်းတွေကို နားထောင်ရင်း၊သူဝယ်ပေးခဲ့ပြီး ကျွန်မလုံးဝမထိမကိုင်ခဲ့သည့် စာအုပ်များကိုဖတ်ရင်းသာ အချိန်ကုန်ခဲ့သည်။ ကျွန်မအတွက် အချိန်တွေသည် အဓိပ္ပါယ်မဲ့ ပေါချင်တိုင်း ပေါလွန်းနေခဲ့သည်။ကျွန်မ ဒီမြို့ကိုပြောင်းခွင့်ရအောင် စောင့်ဆိုင်းနေခဲ့ရသည်မှာ ဘာအတွက်ပါလဲ။
ကျွန်မ သူ့ကိုတမေ့တမောငေးကြည့်နေသလို သူကလည်းမျက်တောင်မခပ်တမ်းငဲ့ကြည့်နေသည်။ သူ့မျက် နှာမှာ ဘာခံစားချက်မှစွန်းထင်းမနေတတ်သည်မှာခုချိန်ထိ။ ကျွန်မသူ့မျက်နှာမှာ တစ်ခုခု ရှာဖွေနေမိ သည်။ သူ့မျက်လုံးတွေကိုလည်း ဝေခွဲအကဲခတ်နေမိသည်။ထိုအရာသည် အချစ်မှလွဲ၍ အခြားမဟုတ်။သူ ကျွန်မကိုချစ်နေပါသေးရဲ့လား။ ကျွန်မသည် မိန်းမပီသလွန်း၍ လူသားဆန်စွာ အတ္တကြီးနေမိသည်။အချစ်သည်တစ်ခါတစ်ရံ အတ္တကြီးတတ်ပါသလား ကျွန်မသေချာမသိ။ သေချာ တာတစ်ခုကတော့ အချစ်သည်မျက်လုံးလွှဲတတ်သည်။သူရောကျွန်မပါ ပြိုင်တူမျက်လုံးလွှဲလိုက် သည်။ သူ့ကိုငဲ့မကြည့်ပဲနှင့် သူ တိတ် တိတ်ပြုံးနေမှာ သိနှင့်နေသည်။

ဆက်ဖတ်ချင်ရင်...

မနေ့က ချီထားတဲ့စိတ်ဓာတ်
ဒီနေ့တော့ ကိုယ်ကိုယ်တိုင်ပဲ ရိုက်ချိုးလို့
မနက်ဖန်မှာ ဒင်္ဂါးသံတွေ တချွင်ချွင်မြည်အောင်
မဲ့နေလျှက်နဲ့ ပြုံးပြစ်လိုက်တယ်
ကြာတော့လဲ အရည်ထူသွားပေမပေါ့။ ။

ဘယ်လမ်းကိုသွားလို့
ဘယ်ခရီးကို ရောက်မယ်မှန်းမသိတဲ့အတူတူ
ကြုံရာလူ ကယ်ထူရင်း
နွမ်းလျလျှက်က ပီပီပြင်ပြင်ပြုံးပြဖြစ်တယ်
လမ်းဆုံးရင်တော့ ရွာကိုတွေ့လိမ့်မပေါ့။ ။

ဘယ်သူမှ ဓားမမိုးဘဲ
ခေါက်သိမ်းထားရတဲ့ ရင်ခုန်သံ
လူသားမဆန်တဲ့ ခံနိုင်ရည်တွေ
အကြီးစားအတ္တ၊ မာနတွေနဲ့ မိန့်မိန့်ကြီးပြုံးပြစ်လိုက်တယ်
ငါလျှောက်မှန်းမသိလျှောက်နေတာ
လူတွေနဲ့ ဝေးရာကို ဖြစ်လဲဖြစ်နေပါစေပေါ့။ ။

နေပါစေ ဖြေသိမ့်ရင်း
ငါ့ဘ၀ကို လှေကားထစ်လိုခင်းကျင်း
ခပ်ရဲရဲ နင်းလိုက်စမ်းပါကွဲ့
မင်းတက်ချင်တဲ့ အမြင့်လောက်တော့
ငါမတင်စွမ်းပါတယ်။
ဂလိုင်ပေါက်ဖြစ်နေတဲ့ ငါ့ရင်ကိုတော့ခေါက်မကြည့်ကြေးပေါ့။ ။

မနေ့က ချီထားတဲ့စိတ်ဓာတ်နဲ့
လမ်းဆုံးရင် ရွာတွေ့ဖို့
လူတွေနဲ့ဝေးတာတွေးကြောက်နေရင်တော့လဲ
ဂလိုင်ပေါက် ငါ့ရင်ခွင်မှာသာ
ပုန်းခိုလှည့်တော့။ ။

စုသဲဖြူ





ဆက်ဖတ်ချင်ရင်...

တွေ့ဆုံကြုံကွဲ ဓမ္မတာပဲမို့
တွေ့တုန်းမှာပျော်...
ကြုံတုန်းမှာမျှော်။ ။

မျှော်သာမျှော် ပေါ်ခဲလှတာမို့
စိတ်မခိုင် ကျိတ်ပြိုင်လဲ
သူစိမ်းသလောက် ကိုယ်ယိမ်းယိုင်။ ။

ဇဝေဇ၀ါ အကြည့်
အသေအချာ မသိရင်တောင်
ဘုရားစူး ကြိမ်ဖူးပါရဲ့.....
သူ့မျက်ဝန်းက ထွန်းတောက်စ ကြယ်လို။ ။

ဟန်လုပ်တဲ့အပြုံး
အသေအချာ ခွဲခြမ်းမသိရင်တောင်
ဘုရားစူးနှစ်သက်ဖူးပါရဲ့.........
သူ့အပြုံးက ပန်းဝတ်ရည်လို။ ။

ကိုယ်ထင် ကုတင်ရွှေနန်း
သူကြင် ကိုယ်ဖြစ်နေစမ်း..
နေ့နေ့ ညည လွမ်းခြင်းကင်းမည်။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

မပြေးသော်ကံရာ ရှိခဲ့ပြီမို့
မလှမ်းသာရင်နင့်
မစွမ်းသာနေရစ်ရပြီ။ ။

မမှားသော်လည်း
အမှန်မထင်ပြီမို့
တိတ်တိတ်သာဖြေလည်း
ကျိတ်မှိတ်စွာကြေကွဲ။ ။

တကယ်ဆို
သံယောဇဉ်ကို
ဘောင်ခတ်ပြီးမှ
ရောင်းစားခံခဲ့ရတဲ့
ကြေးစားငါ့ရင်ခုန်သံ...........

ဘယ်သူမှန်လို့
ဘယ်သူမှားမှား
အပိုအလုပ်တွေနဲ့

သက်သေ တွေရှာမနေနဲ့

ဇာတ်သိမ်းတော့
ဇာတ်နာတဲ့ငါ့ကို
အကယ်ဒမီပေးမှာ..
မင်းမှမဟုတ်တာ။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

အမှန်တစ်ကယ်လိုအပ်ချက်မရှိဘဲ
အမှန်တစ်ကယ်လိုအပ်ချက်မရှိဘဲ
ရယူလိုမှု သက်သက်နဲ့
လူ့တန်ဖိုးကို မြှင့်ချီ နှိမ့်ချီ ဆော့ကစား။ ။

ပွဲစားဆန်တဲ့ စကားခေါက်သံတွေနဲ့
အသိအမြင်တွေ စုံလုံးကန်းနေရင်တောင်
ခေါင်းပါးတဲ့ ကိုယ်ကျင့်တရားကိုထုံးသုတ် မွမ်းမံ။ ။

ဝေဒနာ တံခါးပေါက်က
လက်ယက် ခေါ်သံတွေ.......
အူမ မတောင့်လို့ သီလမစောင့်နိုင်ပုံနဲ့
“အော် ဘုရား၊ ဘုရား”တ
သူစားမယ့် ဆန်တစ်စိတ်ကျိတ်၍လဲ လှူဟန်မမြင်။ ။

အယုံလွဲ ခံယူချက်တွေနဲ့
အရေပြား တစ်တောင့် ၀တ်ရုံတွေခြုံ
“သူတော်မှ ငါကောင်းမဟဲ့” သံပြိုင်ရွတ်ရင်း
ပါတီတွေ အပြိုင်အဆိုင်ပေး..
မိဘမဲ့ကျောင်းက ဆုတောင်းသံတွေရဲ့အဝေး။ ။

သူထူမှ ကိုယ်ထနိုင်ဖို့အရေး
ဦးနှောက်တွေလဲ ဖောက်စားခံရ။
သိက္ခာတွေလဲ ချနင်းခံရ။
ရေပေါ်ဆီ လူ့တစ်သိုက်ရဲ့
အသပြာကျောမှာ မှောက်ယှက်လဲရင်း...
မနက်ဖန်လာမယ့် ဒုက္ခတွေလဲ ရင်စီးခံရုံ။ ။

ရွာကျောင်းက ကျောင်းခေါင်းလောင်းသံကို
တီးခေါက်နေတာ ..
ဘုန်းတော်ကြီး ကိုယ်တိုင်လို့ ဘယ်သူသိပါသလဲ။ ။

အာသာပြင်းပြင်း ၀မ်းတွင်းအပူအတွက်
အဖေမသိ အမေမရှိ ငိုချင်စိတ်တွေနထ္ထိ။
ဆုတောင်းသံတွေနဲ့သာ ထမင်းတွေကျိတ်ဝါး
သူတို့ခံစားချက်ကို ဘယ်သူသိပါလဲ။ ။

ကိုယ့်လူ ကိုယ့်ဖက်မပါဘဲ
ကိုယ်တစ်ယောက်တည်း တိုက်တဲ့တိုက်ပွဲ
ဘယ်လောက်ထိချက်နာသလဲ ဘယ်သူသိပါသလဲ။ ။

ကိုယ့်ရှိမှ ကိုယ်စား
သူ့ရှိတော့ မြှောက်ပင့်သယ်သွား
လူ့စိတ်သဘောကိုက ပုပ်သိုး
ဆေးရည်စိမ်ဖို့ မမှီနိုင်တော့သကိုး။ ။

အော်.....ငါလည်းလေ
လူသားပေမို့
သူတို့နှင့်နှိုင်း မရိုင်းချင်ခဲ့။ ။

စုသဲဖြူ



ဆက်ဖတ်ချင်ရင်...

နွေလရဲ့ နွေနေပူပူအောက်
ဒို့နှစ်ယောက်
ချစ်ခင်မှုတွေနဲ့ ဖေးမလို့ ရှေ့ဆက်လျှောက်ခဲ့တယ်။

မိုးလရဲ့ အေးမြတဲ့ မိုးစက်တွေအောက်
ဒို့နှစ်ယောက်
မြတ်နိုးမှုတွေနဲ့ ဖေးမလို့ ရှေ့ဆက်လျှောက်ခဲ့တယ်။

ဆောင်းလရဲ့ မြူမှုန်တွေအောက်
ဒို့နှစ်ယောက်
တွယ်တာမှုတွေနဲ့ ဖေးမလို့ ရှေ့ဆက်လျှောက်ခဲ့တယ်။

သောကလရဲ့ လှိုင်းထန်နေတဲ့ မုန်တိုင်းရာသီအောက်
ဒို့နှစ်ယောက်
လက်တွဲဖြုတ်လို့ နားလည်မှုတွေနဲ့ နှုတ်ဆက်လမ်းခွဲခဲ့ကြတယ်။




စုသဲဖြူ



(ဒီကဗျာလေးက ကျွန်မငယ်ငယ်ကရေးခဲ့တဲ့ကဗျာပါ။ မောင်လှမျိုး (ချင်းချောင်းခြံ) ၀ထ္တုတွေ ဖတ်ပြီး ရင်နင့်ခဲ့ရတဲ့ကာလလဲ ဖြစ်ပါလိမ့်မယ်။ ခု မှတ်မိသလောက်ကို ပြန်ရေးမိတာပါ။အဆုံးသတ်က နဲနဲလေး လိုနေမယ်ထင်ပါတယ်။ တစ်ပုဒ်လုံးလိုနေတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ :D)

ဆက်ဖတ်ချင်ရင်...


သခင့် အချစ်
အစစ်ဖြစ်လည်း
ကျွန်မ အချစ်
ပေးကမ်းအပ်နှင်းရန် မစွမ်းသာတော့ပြီ။

တိကျတဲ့ ဆုံးဖြတ်ချက်တွေနဲ့
ကျွန်မထံပါး လက်ကမ်းပေးလည်း
သခင့်ထံပါး လက်ပြန်ကမ်းပေးဖို့ မစွမ်းသာတော့ပြီ။

သစ်ရွက်လှုပ်တိုင်း ရီမောတတ်တဲ့
အရွယ်လဲ လွန်ခဲ့ပြီ။
ဟန်ဆောင်သကာဖုံး မျက်နှာတွေကို
ဖောက်ထွင်းလို့လဲမြင်နေတတ်ပြီ။
သူတို့ရွဲ့တိုင်း ကျွန်မစောင်းတတ်လွန်းလို့
ရင်ဘတ်ထဲမှာလည်း ဒဏ်ရာတွေ မွထနေပြီ။

သခင်........
အဖြူရောင်ပွင့်ချပ်မဟုတ်တော့တဲ့ ကျွန်မ
အရောင်စုံ ဒဏ်ရာတွေစွန်းထင်းနေတဲ့ လက်နဲ့
သခင်တွဲခေါ်မယ့်လမ်း........
စိတ်ကူးနဲ့တောင် တွဲလျှောက်ဖို့ခက်လှတယ်။

သခင်..........
ချစ်နေတာကို သိရုံစိတ်ကလေးနဲ့
ဖွင့်ဟဖြေဖို့ခက်တဲ့ အဖြေအတွက်..
မျှော်လင့်ရုံနွမ်းသမို့
တော်သင့်ရုံသာ လွမ်းကြပါစို့ရဲ့။ ။

စုသဲဖြူ



ဆက်ဖတ်ချင်ရင်...