Powered By

Free XML Skins for Blogger

Powered by Blogger

ကမာကောင်ရဲ့ခြုံထည်မျိုးနဲ့
ကိုယ့်ကိုကိုယ်တော့ လုံလှပြီထင်ခဲ့တာပေါ့။
အသေအချာစစ်ချက်ထုတ်မယ်ဆိုလျှင်
မလုံခြုံလွန်းသူတို့ရဲ့ ထုံးစံအတိုင်း
နံရံကိုကျောကပ် ခပ်အက်အက်လေးရယ်မောဖြစ်ခဲ့တယ်။ ။

လွယ်မယောင်နဲ့ခက်တဲ့
ဇာတ်လမ်းတစ်ပုဒ်ကို ခင်းကျင်းဖို့
ဘာ့ကြောင့်များ စိတ်အားထက်သန်ခဲ့ရပါလိမ့်…
တစ်စိမ့်စိမ့်တွေးတိုင်း
ခံစားချက်တွေ တစ်ကျွန်းကျတယ်။ ။

ဘယ်သူမှမီးမမြှိုက်ဘဲ
င့ါရင်တွေလောင်မြိုက်
သံယောဇဉ်တွေ သုတ်သင်မှဖြစ်မယ့်ကိန်းဆိုက်လာတော့
နာကျဉ်မှုကိုဖာထေးမယ့် ပျက်လုံးတွေနဲ့
ဝါးလုံးကွဲရယ်နေတာတောင်..
ဒီရင်ဘတ်ထဲ အပျော်တွေစိမ့်ဝင်ဖို့ခက်လိုက်တာ။ ။

ဖြစ်နိုင်ရင်တော့လဲ…
ဇီဝဇိုးငှက်ရဲ့အံဖတ်တွေလိုသာ
ဈေးကွက်ဝင်မယ်ဆိုရင်
င့ါခံစားချက်တွေကို လက်ထိုးအံချလိုက်မှာပေါ့။

မဖြစ်သင့်တဲ့အခြေအနေတစ်ချို့နဲ့
ရင်ခုန်သံပြိုင်တဲ့ပွဲမှာ…
မုန်းလို့လဲမရ
မေ့ဖို့လဲမလွယ်
နာကျဉ်ခံခက်
ဝေဒနာသက်သက်နဲ့
ကိုယ့်အတတ်ကိုယ်ဆူး...
ကိုယ်သာရူးဖို့သင့်ခဲ့သည်။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဒဏ်ရာဆိုမှတော့.
နာကျင်သလား လာလာမေးနေကတည်းကကိုက မှားနေတာ။

လူတစ်ယောက်ကို လဲသေသွားဖို့များ..
ဒီလောက်သွေးအေးနေစရာမလိုပါဘူး...
ဘယ်တုန်းကမှ မချစ်ခဲ့ဘူးသာ ပြောလိုက်စမ်းပါ။ ။

အတိတ်ရာသီဆိုတာမျိုးကို
လွမ်းရုံအပြင်ဘာမှလဲ မတတ်နိုင်ခဲ့။

သူကိုယ်တိုင် တူးခတ်သွားခဲ့မှတော့…
လွတ်လမ်းရှိပါတယ်လို့ ပြောနေတာကိုက လွဲနေတာ။

လူတစ်ယောက်ကို ချောင်ပိတ်လိုက်ဖို့များ…
ဒီလောက်နှောင့်နှေးနေစရာမလိုပါဘူး…
ချစ်တော့ ချစ်ခဲ့သားလို့ ပြောလိုက်စမ်းပါ။ ။

ပစ္စုပ္ပန်ရာသီမျိုးကို
သည်လူမိုက်က
အတိတ်နဲ့ လဲဖို့လဲမကြံစည်ဝံ့ခဲ့။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

သိပ်မောနေသလား... နောက်တစ်တောင်ကျော်ရင်ရောက်မှာပါဆိုတဲ့
စိတ်နှစ်ခွစကားနဲ့.. ငါ့ကိုယ်ငါဖျားယောင်းလာလိုက်တာ...
ဘယ်သူ့ကိုမှ အော်ခေါ်ပြီး အဖော်လုပ်မရတော့တဲ့အထိ။ ။

အိပ်ပျက်ညတွေရယ်…
မနိုးချင်နိုးချင် ခုန်ထခဲ့ရတဲ့ မနက်တွေရယ်..
ကော်ဖီတစ်ခွက်တောင် ဇိမ်ခံသောက်ခွင့်မရှိတဲ့ စည်းစိမ်မျိုးရယ်…
ငါလား…
အခုရောဂါတစ်မျိုးထပ်တိုးလာတယ်..
ဘတ်စ်ကားပေါ် ခြေဆန့်လက်ဆန့် အိပ်ငိုက်တတ်လာတယ်။ ။

အထီးကျန်ခြင်းဆိုတဲ့ ဝေါဟာရတစ်ခုပြေပျောက်ဖို့…
ကွန်ပျူတာကို မျက်နှာအပ်
စုံမက်ခြင်းအကြည့်တွေနဲ့ နေ့နေ့ညညမခွဲခွာရက်တော့
ငါ… ပါဝါတွေသာအထပ်ထပ်တိုးလာတယ်…
အထီးကျန်ခြင်းနဲ့ငါ ခုထိပြတ်စဲလို့ကိုမရနိုင်ခဲ့ဘူး။ ။

ဝေဒနာတွေအထပ်ထပ်နဲ့
ကျိန်စာသင့်နေတဲ့ လမ်းမမျိုးကိုမှ
ငါက အိမ်ဆောက်တမ်းကစားချင်ခဲ့တော့လဲ…
ဘာအရေးလဲ..
သူ့အိမ်ရောက်တော့ ခြေသပေါင်ကြိုးခုန်ရုံ..
ကိုယ့်အိမ်ရောက်တော့ ခြေစုံရပ်ရုံပေါ့။ ။

ညည့်နက်လို့အိပ်ပျော်ရုံဆို ဘာပူစရာလိုလဲကွယ်
သူ့အကြောင်းတွေး အိပ်မက်ထဲစိတ်ကူးတွေတလှေကြီးယဉ်ပြစ်လိုက်တာပေါ့…
တအားချစ်လို့ချစ်နေရုံဆို ဘာလိုမှာလဲကွယ်
ဒေါသတွေဖယ် သုခမြစ်ကြီးထဲလက်ပြစ်ကူးလိုက်မှာပေါ့…
ခုတော့…
ညုတုတု ဒေါ်လာဈေးက
အနိမ့်အမြင့်မဟန်လေတော့..
ငါ..ဆံပင်တွေဖြူလာတာကို ဖုံးဖိသာထားရတယ်။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...