Powered By

Free XML Skins for Blogger

Powered by Blogger

ကောင်းကင်နဲ့မြေကြီး ဆုံဟန်အသွင်ဖြစ်နေတဲ့ မိုးကုတ်စက်ဝိုင်းတစ်နေရာကို ကျွန်မရပ်ငေး ကြည့်နေတာ တော်တော်လေးကြာနေပြီဖြစ်၏။ ပုဇွန်ဆီရောင်နေလုံးကြီးက မိုးကုတ်စက်ဝိုင်းတစ် နေရာဆီ တိုးဝင်ပျောက် ကွယ်ဖို့ကြိုးစားနေသည်မှာ ကြည့်၍ကောင်းလွန်းလှသည်။ ခပ်လှမ်း လှမ်းမှ လယ်ကွက်များကြားတွင် ငါးရှာနေသည့်ဗျိုင်းအုပ်စုသည် ရုတ်တရက်အုပ်စုဖွဲ့ပြီးထ ပျံသွား၏။ လယ်ကွက်တွေအဆုံးတောအုပ်လေးဆီကို အိပ်တန်းတက်ငှက်များစီတန်း၍ပျံသွား သည်မှာညနေစောင်းတိုင်းလာငေး၍မ၀ဟုဆိုလျှင် ကျွန်မက သိပ်ပိုတဲ့လူစားမျိုးလို့ တစ်စုံတစ် ယောက်ကဝေဖန်ဦးမှာပါဘဲ။ 


သိပ်မကြာခင်နေ၀င်တော့မည်။ သိပ်မကြာခင် ကျွန်မလည်းဒီနေရာကထွက်ခွာရတော့မည်။ ကျွန်မထွက် သွားပြီးသိပ်မကြာခင် ဒီနေရာကိုလူတစ်ယောက်ရောက်လာလိမ့်မည်။ ကျွန်မရပ်နေ ခဲ့တဲ့ဒီထနောင်းပင် အောက်မှာဘဲရပ်ပြီး ကျွန်မငေးနေလေ့ရှိတဲ့လယ်ကွက်တွေကို သူရပ်ငေးနေ ပေလိမ့်ဦးမည်။ တစ်ခုရှိတာက လယ်ကွက်တွေကို ဘာရပ်ငေးစရာရှိသလဲလို့ သူ့အတွေးကိုသူဖမ်း မိသွားလျှင် သူကျွန်မကိုခပ်ဖွဖွကျိန်ဆဲ ကောင်းကျိန်ဆဲနိုင်ပါသေးသည်။


လယ်ကွက်တွေနဲ့ထနောင်းပင်ကိုကျောခိုင်းလျှောက်လာခဲ့ရာမှ နောက်ပြန်လှည့်ကြည့်လိုက်၏။ ရွာဦးဘုန်း ကြီးကျောင်းထဲမှ စက်ဘီးကိုကြမ်းကြမ်းတမ်းတမ်းစီးထွက်လာသည့်သူကြောင့် ဘယ် သူမှန်းမကွဲပြားမထင် ရှားသေးတာတောင်ရင်သည်တလှပ်လှပ်ခုန်နေပြီ။ စက်ဘီးစီးလာသူသည် တဖြည်းဖြည်းကျွန်မနှင့်မျက်နှာ ချင်းဆိုင်၍နီးကပ်လာသည်။ စက်ဘီးစီးလာသူ၏မျက်နှာကို ပီပီ ပြင်ပြင်မြင်လိုက်ကတည်းက မမှိတ်မသုန် စိုက်ကြည့်နေရာမှ အကြည့်ကိုချက်ချင်းလွှဲလိုက်ရ သည်။ စူးစမ်းသလိုအကြည့်မျိုးဖြင့် ခြေစုံရပ်နေသည့် ကျွန်မကိုတစ်ချက်ကြည့်ပြီး စက်ဘီးကို ဆက်နင်းသွားလေ၏။  


မျှော်လင့်ချက်တွေခမ်းခြောက်သွားတဲ့အခါ ချက်ချင်းမျက်ရည်ဝိုင်းလာတတ်သလားဆို သည့်အတွေးနှင့် ကောင်းကင်ကိုမော့်ကြည့်ပြီး ခပ်အစ်အစ်ရယ်မိ၏။ နားထင်နှစ်ဖက်ပေါ်ပူဆင်း သွားသည့် မျက်ရည်ကြောင့် ကိုယ့်ကိုကိုယ်တောင် အပြစ်တင်လိုက်ချင်သည်။ ဟုတ်သည်လေ မျက်ရည်ကျလာမှာဆိုးလို့ခေါင်းမော့ထားကာမှ မျက်ရည်ကကျဖြစ်အောင်ကျလိုက်သေးသည်။


ကျွန်မကမျက်ရည်နဲ့ ဘယ်သူ့ကိုမှတုပ်နှောင်မထားချင်တဲ့ မိန်းမမျိုးပါလို့ပြောဖို့ အချိန်စောလွန်း နေပါသေးလား။ ဒါမှမဟုတ်နောက်ကျနေပြီလား။ သေချာတာတစ်ခုကတော့ ကျွန်မက၀မ်းနည်း လွယ်တယ်။ မျက်ရည်ကျလွယ်တယ်။ သူကငိုနေတဲ့ကျွန်မကိုပိုပြီးငိုအောင်၊၀မ်းနည်းအောင်လုပ်ပြီး ကျွန်မငိုနေတာကို ရယ်ရယ် မောမောကြည့်နေတတ်ခဲ့တာအမြဲတမ်းနည်းပါးပါဘဲ။ ကျွန်မကကော ဘာကြောင့်များ သူ့ရှေ့ကျမှပိုပြီးမျက်ရည်ကျတတ်ခဲ့ရတာလဲ။ သူ့အပြောအရဆိုလျှင်“နင်က ငါ ချော့တာခံချင်လို့နေမှာပေါ့”တဲ့။


လက်မှာပတ်ထားသည့်နာရီကိုကြည့်မိ၏။ မေမေ့ကိုခွင့်တောင်းပြီးထွက်လာခဲ့သည့် တစ်နာရီ သည်ပြည့်ရုံမကလို့ ဆယ်မိနစ်တောင်စွန်းနေပြီဖြစ်သည်။ အိမ်ကိုအမြန်ရောက်ဖို့မြေလမ်းလေးအ တိုင်း ကျွန်မခပ်သုတ်သုတ်ပြေးခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ထုကကြီးစိုးနေလေပြီ။ ကောင်းကင်တွင်ကြယ်ရောင် ဖျဖျရှိနေတာ ပြေးရင်းလွှားရင်းမော့်ကြည့်ဖြစ်သေးသည်။ ဆယ့်ငါး မိနစ်လောက်ပြေးသွားပြီးချိန်တွင်တော့ ကျွန်မတို့အိမ်ကိုလှမ်းမြင်နေရပြီ။ ခြံရှေ့တွင်ရပ်ထား သည့်ကားဘေးနားတွင် ထွက်စောင့်နေသည့်မေမေ့ အစ်မကြီးကြီးမျိုး။ ကြီးကြီးမျိုး၏ဘေးမှာ ရပ် လျှက်လက်ပိုက်ထားပြီး ဟိုဟိုဒီဒီလျှောက်ကြည့်နေရင်း ပြေးလာနေသည့် ကျွန်မကိုလှမ်းမြင်သွား သည့် ကိုကိုမိုးစက်။ ကျွန်မကိုမြင်တာနှင့်ချက်ချင်းပင်အပြုံးနှင့် ဆီးကြိုနေ၏။


*************    *************    ************    *************


“မရိုး.. နင် မရိုးမဟုတ်မလား”
“ကျွန်မနာမည် မရိုးမဟုတ်ဘူး မရိုးဆန်းပါ”


ရယ်ချင်စိတ်ကိုကြိုးစားမြိုချလိုက်ရဟန်ဖြင့် ခပ်ပြုံးပြုံးဖြစ်သွားရာမှ နားထင်မှချွေးတွေကို လက် နှင့်အသာ သပ်ချလျှက်ခေါင်းညိတ်နေသည့်ဝဏ္ဏ။ သူ့ဘေးမှခပ်ချောချောကောင်မလေးကို စကား တိုးတိုးကပ်ပြောလျှက် ပွင့်လာသည့် ဓာတ်လှေကားကိုရှေ့ဆုံးမှလှမ်းဝင်သွား၏။ ဓာတ်လှေကား စီးဖို့စောင့်နေရာမှနောက်မှ ရောက်လာသည့်ဝဏ္ဏနှင့် ဓာတ်လှေကားရှေ့တွင်ဆုံခြင်းဖြစ်သည်။ သူနှင့်အတူဓာတ်လှေကား လိုက်မစီးချင်သော်လည်း ကျန်နေခဲ့ဖို့မသင့်တော်တာကြောင့် နောက် မှအတူလိုက်ဝင်လိုက်သည်။


“ကိုမိုးစက်ဆီလာတာမလား”


တက်မည့်အထပ်ကိုနှိပ်မည့်ခလုတ်နားတွင်ရပ်နေသည့်သူကလှမ်းမေးခြင်း။ ခေါင်းညိတ်ပြ လိုက်တော့နံပါတ်၇ကိုနှိပ်၏။ တစ်ခြားဘယ်အထပ်ကိုမှထပ်မနှိပ်တော့ဘဲ ကောင်မလေးလက်ထဲမှ ဖိုင်ကိုလှမ်းယူလိုက်ပြီး စာရွက်တွေတစ်ရွက်ချင်းဆီလှန်ဖတ်နေသည်။ တကယ်ပဲအလုပ်များတာ လား တမင်ပဲအလုပ်များဟန် ဆောင်နေတာလားအကဲခတ်ကြည့်နေမိ၏။ ဘေးတစ်စောင်းမြင်နေ ရသည့် သူ့မျက်နှာသည်လွန်ခဲ့သည့် သုံးနှစ်လောက်ကထပ်ပို၍ ကြည့်ကောင်းလာတာတော့ သေ ချာသည်။ ၀တ်စားထားသည်ကလည်းအကျအန နှင့်သန့်နေသည်။


“ကြီးကြီးနဲ့ ဘဘတို့နေကောင်းလား မရိုး”


မော့်မကြည့်ဘဲမေးလာတာကြောင့် သူ့ကိုငေးစိုက်ကြည့်နေရာမှလန့်သွားကာယောင်ပြီး ခေါင်း ညိတ်ပြမိ၏။ သူ့လက်ထဲမှဖိုင်ကိုကောင်မလေးဆီပြန်ပေးပြီး မေးဆတ်ပြသည်။ သူဘာပြောချင် တာလည်းနားမလည်တာ ကြောင့်ကြောင်ကြောင်အအပြန်ငေးကြည့်နေရာမှ


“ဖေဖေနဲ့မေမေနေကောင်းပါတယ်”
“သြော် အင်း။ ဒါဆိုလဲ ငါ ကိစ္စရှိလို့သွားနှင့်မယ်နော်။”


သာမန်ကာလျှံကာနှုတ်ဆက်ပုံမျိုးဖြင့် ဓာတ်လှေကားထဲမှနှုတ်ဆက်ထွက်သွားသည့် သူနှင့်သူ့ဘေး မှစကားတပြောပြောကပ်ပါသွားသည့် စကပ်တိုတိုနှင့်ကောင်မလေးကိုကြည့်ပြီး အံကိုဖွဖွကျိတ် ကိုက်မိသည်။ သူတို့နောက်မှကပ်လိုက်သွားဖို့မရည်ရွယ်ပေမယ့် သူတို့သွားနေသည့်နေရာသည် ကိုကို့ကုမ္ပဏီများ ဖြစ်နေမလားဟု တွေးမိလိုက်ချိန်တွင်တော့ ကိုကို့ကုမ္ပဏီရုံးခန်းထဲဝဏ္ဏလှမ်းဝင် သွားတာမြင်လိုက်ရ၏။


ကျွန်မရုံးခန်းထဲရောက်တော့ ကိုကိုဧည့်သည်နှင့်တွေ့နေလေသည်။ စောင့်ပါဟုမှာထားကြောင်း လာပြောသည့် ၀န်ထမ်းကိုဘယ်သူနှင့်တွေ့နေတာလဲဟုမေးမလို့ပြင်ပြီးကာမှ ရုံးခန်းထဲလမ်းထ လျှောက်နေလိုက်သည်။ လမ်းလျှောက်သလိုလုပ်ရင်း ရုံးခန်းထဲလှည့်ပတ်ကြည့်သော်လည်း ၀ဏ္ဏ ကိုမတွေ့။ ကြည့်ရတာ ကိုကိုတွေ့နေတာ ၀ဏ္ဏပင်ဖြစ်နေမှာမမှားနိုင်တော့။


မိနစ်နှစ်ဆယ်လောက်ခြေတောင့်အောင်ရပ်ဆောင့်ပြီးမှ ကိုကို့အခန်းထဲမှကိုကိုနှင့်အတူဝဏ္ဏပါထွက်လာ၏။ ၀ဏ္ဏနောက်တွင်တော့ ရဲရဲတောက်နှုတ်ခမ်းနီနှင့် စက်ရုပ်ပြုံးပြုံးထားရသည့် ကောင်မချောလေး။ ကောင်မလေးဆီမှအကြည့်ကိုရုတ်လျှက် ကိုကို့ကိုလှမ်းကြည့်ကာပြုံးပြလိုက် သည်။ ကျွန်မအပြုံးကလဲ ကောင်မချောလေးလိုဝတ်ကျေတန်းကျေအပြုံးမျိုးပဲဆိုတာ ကောင်မ ချောလေးမသိမှာပူစရာမလိုပါ။ ကောင်မလေးကျွန်မကိုငေးကြည့်အကဲခတ်နေနှင့်ပြီဖြစ်၏။


“ဟော..စောင့်နေပါဆိုတာ..မတ်တပ်ရပ်ကြီးပါလားမရိုးရ”
“ဘာရယ်မဟုတ်ပါဘူး ကိုကိုရယ်။ ပျင်းပျင်းရှိတာနဲ့ လမ်းထလျှောက်နေတာပါ”
“ကိုမိုးစက်ကျွန်တော့်ကိုခွင့်ပြုပါဦး။ရှေ့အပတ်ထဲကျွန်တော့ပဲတွေသင်္ဘောတင်နိုင်အောင်ကြိုးစား ပေးပါဦးဗျာ”
“စိတ်ချပါကိုဝဏ္ဏရယ်။ ခင်ဗျားကိုခုလိုလာခိုင်းရတာလဲ စိတ်မကောင်းပါဘူး။မျက်နှာလဲတစ်ကယ် ပူပါတယ်။ ကွန်တိန်နာတွေက တစ်ကယ့်ကိုအဆင်မပြေတာ။အဲ့ဒါကိုသိစေချင်လို့လုပ်ငန်းစဉ်ဇယား သိစေချင်လို့ကို ခေါ်ပြတာပါ”
“ဟုတ်ပါပြီ။ ဒါနဲ့ကျွန်တော်တို့ဘယ်တော့စားရမလဲ။ ကျွန်တော်ကြားထားရတဲ့သတင်းက ခင်ဗျား ဇနီးလောင်း နိုင်ငံခြားကျောင်းသွားတက်ရာက ပြန်လာပြီဆို”


ခင်ဗျားဇနီးလောင်းဟုဆိုကာ ကျွန်မကိုစိုက်ကြည့်လာသည့်ဝဏ္ဏမျက်ဝန်းတွေကိုရှောင်လျှက် ကိုကို့မျက်ဝန်းတွေကို စိုက်ကြည့်နေမိသည်။ ခပ်ပျက်ပျက်ဖြစ်သွားသည့် ကိုကို့မျက်နှာသည် ကျွန်မကို တစ်လှည့်ဝဏ္ဏ ကိုတစ်လှည့်ကြည့်လျှက် မရီချင့်ရီချင်ရီပြီးပြန်ဖြေဖို့စကားစရှာနေပုံရ၏။


“ခင်ဗျား သတင်းအမှားကြီး ရထားတာပါကိုဝဏ္ဏရယ်။ ကျွန်တော့်မှာ ဘယ်ကဇနီးလောင်းမှမရှိပါ ဘူး။”
“ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ သတင်းအမှားကြီးဆိုလဲ သတင်းအမှန်ကြီးဖြစ်အောင်ကြိုးစားမှပေါ့ ကိုယ့် ဆရာရဲ့”
“အာ.. ခင်ဗျားကတော့ လုပ်တော့မယ်”
“ကဲဗျာ.. ဒါဆိုလဲမပြောတော့ဘူး။ ကျွန်တော်ကတော့ စားရတော့မယ်ထင်တာ”
“ကိုကိုကလဲ.. စားချင်တဲ့သူကိုကျွေးလိုက်တာ မဟုတ်ဘူး....ရှင်ဘာစားချင်လဲပြော။ ကျွန်မရှင့်ကို ဒကာခံ မယ်”
“ကျွန်တော်က ကျွေးတိုင်းစားတာမဟုတ်ဘူးဗျ။ ကျွန်တော်ချစ်တဲ့ခင်တဲ့သူတွေမင်္ဂလာပွဲကိုသာ တက်စားချင်တာ”
 “ဆရာ.. နေ့လည်၁နာရီခွဲမှာ..ကုန်မှာစာဖက်စ်ဝင်မယ်ပြောတယ် ဆရာ”
“ဟုတ်လား။ အိုကေ ဒါဆို ကိုယ်တို့သွားကြစို့။ ကိုမိုးစက်။ ကျွန်တော်စားဖို့စောင့်နေတယ်နော်။ ဒီဘက်က အမိလဲပြောခဲ့ပါရစေ။ ခင်ဗျားလက်ထပ်မယ်ဆိုလဲ ကျွန်တော့်ကိုဖိတ်ဖြစ်အောင်ဖိတ်ပါ ဗျာ။ ကိုမိုးစက်မိတ် ဆွေဆိုတော့ ကျွန်တော့်မိတ်ဆွေပဲပေါ့”
“စိတ်ချပါရှင်။ ကျွန်မဖိတ်နိုင်ရင် ဖိတ်လိုက်ပါ့မယ်”
“ဟုတ်ပါပြီဗျာ။ ကျွန်တော့်ကိုခွင့်ပြုပါဦး”


ပြောပြောဆိုဆိုရုံးခန်းထဲမှထွက်သွားသည့် ၀ဏ္ဏနောက်ကျောကိုလိုက်ကြည့်နေသည့် ကိုကို့ကိုကျွန်မငေး ကြည့်နေမိ၏။ ကိုကို့အပေါ်အထင်ကြီးလေးစားစိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီလားမပြောတတ်။ နီးရာဆိုဖာပေါ်ကိုယ်ကိုပြစ်ထိုင်ချလိုက်သည်။ ကျွန်မဘေးတွင် အတူဝင်ထိုင်ဖို့အရင်ကလို ကိုကိုမ၀ံ့ရဲတော့။ ကိုကို့သံယောဇဉ်တွေအရင်လိုမဖြူစင်တော့။ ကျွန်မ မျက်လုံးကိုတင်းတင်းစေ့ပိတ်ထားမိ၏။ ကြီးကြီးနဲ့အတူလိုက်လာပြီးကျွန်မကိုစောင့်ခေါ်တုန်းကလို ဖြူဖြူစင်စင်လေးပဲ ပြုံးပြပါလားကိုကိုရယ်။


************      ****************    ************  *************


“မဖြစ်နိုင်ဘူးမေမေ။ မရိုး ကိုကို့ကိုလက်ထပ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ မရိုးကိုအဲ့လိုအမျိုး မျိုးဖိအားမပေးပါနဲ့။မေမေတို့မရိုးအပေါ်ရက်စက်လွန်းတယ်”
“ဒါသမီးဖေဖေနဲ့သမီးကြီးကြီး စီစဉ်တာပါသမီးရယ်။ သားမိုးစက်ဆိုတာကလဲသမီးကြီးကြီးရဲ့မွေး စားသားပဲ ဟာ။ ဘာကိုမဖြစ်နိုင်ရတာလဲ။ သူ့မှာချို့ယွင်းချက်ဆိုလို့ မိဘမဲ့ကျောင်းကကလေးဖြစ် ခဲ့တာပဲရှိတာပါ သမီးရယ်။ဒါကလဲ သူ့အပြစ်မှမဟုတ်တာ”
“မေမေ..မရိုးသာ သူ့ကိုတစ်ကယ်သဘောကျမယ်ဆိုရင်....မေမေဒါတွေထည့်မရှင်းပြလဲ ကိုကို့ကိုမရိုး လက်ထပ်မှာပဲ။ခုဟာက..ကိုကိုနဲ့မရိုးက..အစ်ကိုကြီးနဲ့ညီမလေးဆိုလဲဟုတ်တယ်။ မရိုးမသိတာတွေကိုရှင်းပြ၊ သင်ပြပေးတဲ့ဆရာဆိုလဲ ဟုတ်တယ်။ မရိုးကိုအနာဂတ်လမ်းပေါ် တွန်း တင်ပေးတဲ့သူဆိုလဲ ဟုတ်ပါတယ်မေမေရယ်။ ဒါပေမယ့်.. မရိုးနဲ့ကိုက ဒီ့ထက်ဘယ်လိုမှပိုရင်းနှီး လာစရာအကြောင်းမရှိတော့ ဘူး”
“ဘာလဲ.. သမီးကဖေဖေဒုက္ခိတဖြစ်အောင်မိုက်တာမကျေနပ်သေးလို့ ဖေဖေ့ကိုအသက်ပျောက် အောင်ပါ လုပ်နေတာလား။ ဟုတ်လားမရိုးဆန်း။”


အိပ်ခန်းထဲဝှီးချဲလေးတွန်းဝင်လာသည့် ဖေဖေ့ကိုကြည့်ပြီးမရိုးဘာပြောရမှန်းစဉ်းစားမရတော့။ ဖေဖေပြော တာ မှန်သင့်သလောက်မှန်သော်လည်း ဖေဖေ့ကိုဒီလိုဖြစ်ပါစေတော့လို့မရိုးမရည်ရွယ် ခဲ့တာအမှန်။ ဒေါသ တကြီးအန်ကျိတ်ထားသည့်ဖေဖေ့ကိုမရိုးယှဉ်ပြိုင်မကြည့်ဝံ့တာကြောင့်အ ကြည့်လွှဲလိုက်သည်။

“မရိုးဖေဖေတို့နေစေချင်သလိုနေပေးခဲ့ပြီးပြီလေ။ မရိုးကိုလဲ မရိုးမယူချင်တဲ့ကိုကိုနဲ့မပေးစားပါနဲ့။ မရိုးစာသင်ချင်တယ်ဖေဖေ။ လူသွားလူလာခပ်ခဲတဲ့နေရာတွေမှာသွားပြီး ဆရာမလုပ်ချင်တယ်။”
“နောက်တစ်မျိုးရူးပြန်ပြီ။ နင်ကအလကားအသုံးမကျတဲ့သမီးကြီး။ နင့်အတွက်ပဲငါပူနေရတယ်။ ငါ ဒုက္ခိတဖြစ်ရတယ်။ သမီးငယ်အတွက်ငါဘယ်တုန်းကမှ စိတ်မပင်ပမ်းမဆင်းရဲခဲ့ရဘူး။”
“မရိုးကိုသတ်မှတ်ချက်နဲ့မကြည့်ပါနဲ့ဖေဖေ။ မရိုးကမရိုးဘဲ ချောရူပါဖြစ်လာမှာမဟုတ်ဘူး။ အဲ့လိုပဲ မရိုးကို မယုံသင်ကာဖြစ်နေတဲ့ဘောင်ထဲထည့်ပိတ်မထားပါနဲ့။ မရိုးမခံစားနိုင်ဘူး။”
“အေး..အဲ့ဒီ့မှာမခံစားနိုင်ဦး”
“ခွပ်”
“အ”
“အမလေးဘယ်လိုလုပ်လိုက်တာလဲ ကိုကောင်းမြတ်ရယ်။ သမီးဘာဖြစ်သွားလဲ ပြစမ်း။မေမေ့ကိုပြ စမ်း။ လက်ဖယ်စမ်းပါ”


ညာဖက်မျက်ခုံးကိုလာမှန်သည့်စားပွဲတင်ပန်းအိုး။ ကြမ်းပြင်ပေါ်တွင်ဖန်အိုးကွဲစများ ကွဲထွက်လွင့် စင်နေသည်။ မျက်ခုံးမှစီးကျလာသည့်သွေးကို လက်ဖ၀ါးနှင့်ဖိအုပ်ထားရာမှ ကြမ်းပြင်ပေါ်မမှိတ်မ သုန်စိုက်ကြည့်နေမိ၏။ ပြာပြာသလဲပြေးလာပြီးမရိုးလက်ကိုဖယ်လျှက် သွေးထွက်မပျက်သည့် မျက်ခုံးမှဒဏ်ရာကို မျက်ရည်အ၀ိုင်းသားနှင့်ကြည့်နေသည့်မေမေ့ကိုမရိုးကြိုးစားပြုံးပြလိုက်သည်။


“ချောချော..ဆရာဝန်ခေါ်စမ်း။ မြန်မြန်ခေါ်စမ်း။ဒီမှာသမီးမမသွေးတွေအရမ်းထွက်နေတယ်”


ဒေါသတကြီးဖြင့်အနီးမှာရှိနေသည့် ပန်းအိုးဖြင့်ပြစ်ပေါက်လိုက်သော်လည်း ထိအောင်ပြစ်သည် မဟုတ်။ တည့်တည့်ထိကာသွေးထွက်သံယိုဖြစ်တော့ ချောချောကိုအသံကုန်အော်ပြောလျှက် အိပ်ခန်းထဲမှ အလျင်စ လိုဝှီးချဲတွန်းထွက်သွားသည့် ဖေဖေ့နောက်ကျောကိုကြည့်ပြီး မေမေ ခေါင်းရမ်းလျှက် နီးရာသဘက်စောင် ဖြင့်သွေးသုတ်ပေးပြီးကုတင်နားမရိုးကို ခေါ်လာလျှက် အိပ်ယာပေါ်လှဲခိုင်းသည်။ခေါင်းအုံးပေါ်ခေါင်းချမှပင် မျက်ရည်ကတားမရတော့။ သွေးထွက်လွန် တာကြောင့်မူးနောက်နောက်ဖြစ်နေသလို ၀မ်းနည်းစိတ်ကလဲ ငိုချင်စိတ်ကိုချော့မြူနေသလိုပင်။


“သမီးအရမ်းနာနေလို့လား။ သမီးဖေဖေဆရာဝန်ခေါ်နေပါတယ်သမီးရယ်။ လာပါလိမ့်မယ်။ သမီး ဖေဖေ လုပ်တာပြောတာတွေကိုစိတ်ထဲမထားနဲ့နော် သမီး။”
“ဟုတ်ကဲ့ပါ မေမေ။ သမီးမနာပါဘူး။ ခေါင်းနဲနဲမူးနေတာပါပဲ။ ဆရာဝန်လာရင်သက်သာသွားမှာ ပါ။ သိပ် စိတ်မပူပါနဲ့မေမေ”

*****************************************************************

“ဘယ်လိုဖြစ်ရတာလဲ မရိုးရယ်”

ပြောပြောဆိုဆိုဖြင့် မရိုးထိုင်နေသည့်မြက်ခင်းစိမ်းတွင် ဘေးချင်းကပ်ဝင်ထိုင်သည့်ကိုမိုးကို တစ် ချက်သာငဲ့ကြည့်မိသည်။ မြက်ခင်းစိမ်းပေါ် အချုပ်အနှောင်မဲ့ပြေးလွှားနေသည့် ချောချောရဲ့ခွေး လေးကိုငေးကြည့်နေလျှက်က သက်ပြင်းဖွဖွချလိုက်သည်။

“ဘာမှမဟုတ်ပါဘူး ကိုမိုး။ ဒီလိုပါပဲ။ မရိုးနဲ့ဖေဖေ့ဆက်ဆံရေးက သိပ်မှအဆင်မပြေတာ။”
“ခုရော ဒဏ်ရာက သက်သာရဲ့လား။”
“အင်း သက်သာနေပါပြီ။”
“ကိုမိုးလဲ ဖြစ်ဖြစ်ချင်းလာဦးမလို့ဘဲ။ဒါပေမယ့် မေမေက..”
“မရိုးနဲ့ဖေဖေရဲ့ကြားထဲကဒေါသကို ကိုမိုးအပေါ်မရိုးလွှဲချမှာကြီးကြီးမျိုးစိုးရိမ်နေတာမရိုးနားလည် ပါတယ်။ ”
“ဟင်း...ဒါနဲ့မရိုး..ကိုမိုးသိခွင့်ရှိလားဟင်.. မရိုးဒဏ်ရာဘာကြောင့်ရတာလဲဆိုတာကို”

ကိုမိုးအမေးကြောင့်ဟို၊ဒီငေးကြည့်နေရာမှ ကိုမိုးမျက်နှာကိုမရိုးငဲ့ကြည့်လိုက်သည်။ မျှော်လင့်တ ကြီး ငေးစိုက်ကြည့်နေသည့် ကိုမိုးမျက်လုံးများနှင့်ဆုံအောင်ကြည့် ပြီးချိန်တွင်တော့မရိုးခေါင်းကို ခါရမ်းလိုက်၏။ နောက်ကျောဘက်မှပြေးလာသည့်ခြေသံကြောင့် မရိုးလှည့်ကြည့်လိုက်သည်။ ပြေး လာသူမှာချောချော။

“မမ။ ချောချောရဲ့ရုပ်ဆိုးလေးကိုတွေ့မိလား”
“ခုနကတော့ဟိုးရှေ့နားက၀ါးရုံတောနားပြေးသွားတာ လှမ်းမြင်လိုက်တယ်”
“မမကလဲ မြင်ရဲ့သားနဲ့ဒီအတိုင်းထိုင်ကြည့်နေရတယ်လို့။ မတော်လွတ်သွားရင် သူများဖမ်းသွား မှာပေါ့”
“မမကရုပ်ဆိုးလေးကိုအညောင်းပြေလမ်းလျှောက်ဖို့လွှတ်ပေးလိုက်တယ်ထင်နေတာချောချောရဲ့”
“ကျွတ်”

ရုပ်ကိုစူပုတ်ပုတ်လုပ်လျှက် မျက်စောင်းခဲကာလှည့်ထွက်သွားသည့်ချောချောကို မရိုးပြုံးကြည့် နေမိသည်။ အသက်သာ၂၀ကျော်လာသော်လည်းချောချောတစ်ယောက်မရင့်ကျက်သေး။ ရုပ်ဆိုး လေးနှင့် ပြေးခုန်ဆော့ဖို့ကလွဲ၍ချောချော ဘာကိုမှစိတ်ဝင်စားပုံမပေါ်။ ရုပ်ဆိုးလေးကိုလည်း သူ့မျက်စေ့အောက်မှ အပျောက်မခံ။ မရိုးကိုတောင်ချောချောသိပ်မတွယ်တာ။

“မရိုး.. ဖြစ်နိုင်ရင် ကိုမိုးမရိုးကိုဒီအခြေအနေတွေကနေခေါ်ထုတ်သွားချင်ပြီ”
“ကိုမိုးစကားကဘာစကားလဲ”
“ကိုမိုး မရိုးကိုသနားတယ်”
“ကိုမိုး မရိုးကိုသနားရအောင် မရိုးကဘာဖြစ်နေလို့လဲ။ မရိုးကကျိုးကန်းနေလို့လား။”
“ကိုမိုး ပြောချင်တာ အဲ့လို မဟုတ်ဘူးမရိုး။ မရိုး ဒီအိမ်ကြီးမှာ မပျော်တာ။ ဒီအိမ်ကြီးကနေခဏ ခဏ ထွက်ပြေးချင်နေတဲ့အခြေခံအကြောင်းတွေကို ကိုမိုးအသိဆုံးလေ။ အဲ့ဒါကြောင့် မရိုးကို..”
“တော်ပါတော့ ကိုမိုးရယ်။ ဆက်မပြောပါနဲ့တော့။ မရိုးကို စာနာတယ်ဆိုရင် သနားတယ်ဆိုတဲ့ စကားကို မသုံးပါနဲ့။ မရိုးကိုဘယ်တစ်ဦးတစ်ယောက်ကမှ သနားတာမလိုချင်ဘူး။ အရှင်းဆုံးပြော ရရင် မေမေတောင် မရိုးကိုသနားတာမရိုးမကြိုက်ဘူး”
“မရိုး..ကိုမိုးကိုလက်ထပ်နိုင်မလား။ ကိုမိုးမရိုးသဘောတူရင်လက်ထပ်ချင်တယ်။”
“အဲ့ဒီ့စကားကို ကိုမိုးမရိုးကိုပဲတိုက်ရိုက်ပြောမယ်ဆိုရင် မရိုးစဉ်းစားပေးမိဦးမှာပါ။ ခုတော့.. မရိုး စိတ်မကောင်းဘူး ကိုမိုး။”

မရိုး၏ယတိပြတ်ပြောချလိုက်သည့်စကားကြောင့် ကိုမိုးမရိုးကိုအချိန် တော်တော်ကြာအောင်ငေး စိုက်ကြည့်နေလေ၏။ ဆုံးရှုံးခြင်းဆိုတဲ့စကားအကြောင်းကို ဆွေးနွှေးစရာမလိုအောင် သိထားကြ သူချင်းမို့တစ်ဦးကို တစ်ဦးငဲ့ညှာဖြေသိမ့်စရာ စကားလုံးလဲရှာမနေချင်တော့။ ကိုမိုးနှင့်မရိုးဘေး ချင်းယှဉ်ထိုင်ပြီး စကားတစ်လုံးမှထပ်မပြောတော့ဘဲ ငေးချင်ရာလျှောက်ငေးကြည့်နေမိကြ၏။ အုံ့မှိုင်းလာသည့်မိုးသားများအောက် မိုးဖွဲလေးများကျလာသော်လည်း ထိုင်နေရာမှနေရာမရွှေ့မိကြ။ မိုးဖွဲမှတဆင့်မိုးများသည်းလာချိန်တွင်တော့ နှစ်ယောက်သားမတ်တတ်ထရပ်ကာ အိမ်ဘက် ဆီဖြည်းဖြည်းလှမ်းလျှောက်ခဲ့ကြ၏။

************************************************************







 
























ဆက်ဖတ်ချင်ရင်...

မတူတဲ့အသွင်အပြင်တွေနဲ့အတွဲညီညီ လမ်းလျှောက်လာတယ်ဆိုပါစို့။ အဲ့ဒါကျွန်မတို့နှစ်ယောက် ဖြစ်ပါလိမ့်မယ်။ သူက အသားညိုညို။အရပ်က သွယ်သွယ်မြင့်မြင့်။ ထင်ရှားနက်မှောင်နေတဲ့ မျက် ခုံးတန်းတန်းအောက်က ကြည်လဲ့ပြီးညှို့အားမပါတဲ့ မျက်လုံးတစ်စုံရှိတယ်။ နှာခေါင်းက ကြည့် ကောင်းတယ်ဆိုရုံ လုံးလုံးကလေး။ မထူမပါး အမြဲနီမြန်းနေတတ်တဲ့ နှုတ်ခမ်းတစ်စုံလဲရှိတယ်။ မျက်နှာကျက လေးထောင့်စပ်စပ်။။အင်္ကျီအဖြူလက်ရှည်နဲ့ အရောင် မှိုင်းမှိုင်းချည်လုံ ချည်တွေကို သာအ၀တ်များတယ်။

ကျွန်မကတော့အသားဖြူဖြူအရပ်ပြတ်ပြတ်နဲ့မပိန်မ၀။ မျက်ခုံးကပါတယ်ဆိုရုံ မလှမပပါးပါးက လေး။ မျက်ဝန်းတွေကတော့ ကိုယ့်ကိုကိုယ်အထင်ကြီးနေသည့် မျက်ဝန်းမျိုးဟုခေါ်ရလောက် အောင်စူးရှတောက်ပြောင်နေတတ်သည်။နှုတ်ခမ်းကထူထူထဲထဲဖြင့်လှပပုံရသည်။ ဘယ်တော့မဆို နှုတ်ခမ်းနီဆိုးခဲခဲ့သည်။ကျွန်မမျက်နှာကျကတော့ရှည်သွယ်သွယ်ဖြစ်သည်။ကျွန်မကအ၀တ်အစား အရောင်ဆို တောက်တောက်လေးမှရွေးဝတ်တတ်တယ်။ ထမီကိုမြဲမြံအောင်မ၀တ်တတ်တာကြောင့် ထမီစကတ်သာအ၀တ်များတတ်တယ်။ ဒါမှမ ဟုတ် ဘောင်းဘီအရှည်တွေလဲဝတ်လားဝတ်ရဲ့။ ထမီ စကတ်ကိုဝတ်ပြီး သူ့လက် ကိုတွဲလျှောက်တဲ့ အခါ သိပ်အခက်အခဲမရှိပေမယ့်။ ကျွန်မဘောင်းဘီဝတ်တဲ့နေ့တွေဆိုလျှင်တော့ သူလဲကျွန်မကိုမ တွဲချင်။ ကျွန်မလဲပုဆိုးကြီးနှင့်သူ့ကိုတွဲရမှာမ၀ံ့။

ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မက လမ်းဘေးမုန့်ဆိုင်မျိုးစုံမှာ ကြုံသလိုဝင်ထိုင်စားတတ် တယ်။ သူကတော့ ကျွန်မစားတဲ့ဆိုင်လေးဘေးမှာ မယောင်မလည်ရပ်စောင့်နေတတ်တယ်။ သူက အစာအိမ်မရှိတဲ့သူလဲဖြစ်ရဲ့။ အင်မတန်အသန့်ကြိုက်သူလဲဖြစ်တယ်။ အင်မတန်သပ်သပ်ရပ်ရပ် နေ တတ်သူလဲဖြစ်တယ်။ အမြဲကပိုကရိုနေတတ်တဲ့ကျွန်မကို မိတ်ကပ်လူးမလာရင်တောင် သနပ်ခါးရေ ကျဲလေးတော့ လူးခဲ့ဖို့တိုက်တွန်းလားတိုက်တွန်းရဲ့။

တစ်ခါတစ်ခါ ညစ်တူးတူးကျွန်မကသူချိန်းတဲ့နေရာကို တီရှပ်လေးကောက်စွတ်၊ဘောင်းဘီလေး ကောက်လဲ အရောက်သွားဖို့သာစိတ်ကူးရှိခဲ့တယ်။သူမှာတာနဲ့ ကျွန်မ၀တ်လာတာတလွဲဖြစ်တဲ့အခါ တိုင်း ရယ်ကျဲကျဲဖြင့်နှာခေါင်းရှုံ့လျှက်“ခေါင်းဘီး ကိုယ့်အိတ်ထဲမှာပါတယ်”လို့စလားစရဲ့။အမှန်လဲ အမှန်ပါပဲ။ သူလွယ်တဲ့ကျောပိုးအိတ်ထဲမှာ ခေါင်းဘီးတစ်ကယ်ပါတာပါ။ သူဖတ်လက်စ ဘာသာပြန် စာအုပ်တွေလဲပါတယ်။ ချိုချဉ်မျိုးစုံလဲပါတယ်။ လမ်းတွေ့တဲ့ ချို့တဲ့ကလေးလေးတိုင်းကို ထုတ်ထုတ် ပေး ဖို့ပါတဲ့။တစ်ရူးထုတ်တွေလဲပါတယ်။ သူသုံးဖို့အပြင် တစ်ရူးမဆောင်တတ်တဲ့ ကျွန်မဖို့ပါရည် ရွယ်တာပါ။

မကုန်သေးပါဘူး။ ရှိပါသေးတယ်။ ဒါပေမယ့် ဘယ်လိုပဲမတူတာတွေများများ ကျွန်မတို့ချစ်သူတွေ ဖြစ်ကြပါတယ်။ သူကကျွန်မကို ချစ်လို့ချစ်တာဖြစ်တယ်လို့ဖြေပြီး သူ့ကျောပိုးအိတ်ထဲမှ ကျွန်မ အတွက်လိုတရ ပစ္စည်းတွေ ထုတ်ထုတ်ပေးလို့ ကျွန်မကသူ့ကိုချစ်တယ်လို့ ပြောခဲ့ပါတယ်။ ဘာမှလဲ မဆိုင်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ချစ်သူသက်တမ်းတော်တော်လေးကြာခဲ့ပါပြီ။

************************************************************
“ဟော .. ကိုလင်း။ပြောနေတုန်းဆိုနေတုန်းပါလား။ အသက်ရှည်ဦးမယ်။ မေမေရေ ကိုလင်းလာ တယ်”
“ဟုတ်လား..အေးအေး။ မေမေလာပြီ”
“မမက မရှိဘူး။ စာပေဟောပြောပွဲသွားတယ် မနက်ကတည်းက”
“အော်”


အိမ်နောက်ဖေးဘက်ကိုလှမ်းအော်ပြောသလို ဟိုရှာဒီရှာလုပ်နေသည့်ကျွန်တော့်ကိုလဲ ရီကျဲကျဲဖြင့် ပြောပြလေသည်။အိမ်နောက်ဖေးမှထွက်လာသည့် ယဉ်မင်းမေမေကိုပြုံးပြနှုတ်ဆက်လျှက် ယဉ်မင်း ညီမလေး စာလုပ်နေသည့် စားပွဲနားသွားရပ်ကာ သူ့ကျောင်းစာအုပ်တွေကို လှန်လောဖတ်နေမိ သည်။

“ယဉ်မင်း မရှိဘူးသားရေ။ ဘယ်မှာဆိုလား..စာပေဟောပြောပွဲရှိတယ်ဆိုလို့ သွားနားထောင်နေ လေရဲ့။ ပြန်လာခါနီးပါပြီ။ ထမင်းတစ်ခါတည်းစားသွားပါလား သား။”
“ဟုတ်ကဲ့..ခုလေးတင် ခိုင်မင်းပြောတယ်။ထမင်းလဲစားသွားမယ်။ ကျွန်တော်ခရီးက မပြောမဆိုပြန် ရောက်လာတာဆိုတော့ အိမ်မှာဘာမှစားစရာမရှိဘူးဖြစ်နေတာ။”
“ဟုတ်လို့လား..ကိုလင်းရဲ့။မမယဉ်မင်း မျက်နှာလေး ခရီးရောက်မဆိုက်လာပြေးကြည့်တာမလား။”
“ဟဲ့ ခိုင်မင်း။ဒါကလေးပြောရမယ့်စကားလား.။ ကိုယ့်စာ ကိုယ်လုပ်ချည်။ သား လာ ဒီထိုင်ခုံမှာ လာထိုင်။ မင်းနှယ့်မတ်တတ်ကြီး”
“ဟုတ်ကဲ့”

ယဉ်မင်းမေမေဘေးထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ ယဉ်မင်းမေမေမေးသမျှ ခရီးအခြေအနေ။ ကယ် ဆယ်ရေး အခြေအနေ။လူတွေအသေအပျောက်။ ဘယ်နှအိမ်ထောင် အသေအပျောက်နဲနဲဖြင့် ကျန် ခဲ့သလဲ။ကျွန်တော်တွေ့ကြုံခဲ့ရသလောက်ကို မခြွင်းမချန်ပြောချင်ပါသည်။သို့ပေမယ့် ယဉ်မင်းမေမေ အကြောင်းသိပြီးသားမို့ အနည်းငယ်သာနားလည်ရုံရှင်းပြလိုက်သည်။သို့မဟုတ်လျှင် အိမ်ထောင်စု တွေပျောက်ဆုံး၊သေဆုံးကြသူတွေအတွက် သူပါရော၍နှလုံးရောဂါပြန်ထလာပေလိမ့်မည်။

စကားပြောလို့လဲဆုံး ညမှောင်ရီသာသန်းလာပြီဖြစ်သည်။ ခိုင်မင်းလေးတောင် စာကြည့်စားပွဲမှထ ကာ ရေမိုးချိုး၊ဘုရားဆီမီး၊ပန်းရေချမ်းလဲလျှက်ရှိနေပြီ။ သိပ်မကြာခင် အင်ဗက်တာမီးလေးဖြင့် နှစ် ထပ်ပျဉ် ထောင်အိမ်လေးငြိမ်သက်တိတ်ဆိတ်သွားပြန်သည်။

ယဉ်မင်းမေမေကတော့ စိတ်ပုတီးကိုလေးလံနေသည့်စိတ်ဖြင့်စိတ်နေပုံရသည်။ ပက်လက်ကုလား ထိုင်ပေါ်မှ ယဉ်မင်းမေမေမျက်နှာမလန်းချေ။ ခိုင်မင်းလေးက သူ့မေမေမျက်နှာကိုအလွတ်ရပြီးသား ဆိုသည့်ဟန်ဖြင့်သူ့မေမေသောက်နေကျဆေးကိုသွားယူတိုက်လေသည်။ ကျွန်တော့်ကိုလက်ညှိုး လေးထောင်ကာ သူ့မေမေဆီကိုလဲမျက်စလှမ်းပြစ်ပြသည်။ သဘောက ကျွန်တော်ပြော၍သူ့မေမေ ရောဂါတိုးသည်ဆိုသည့်သဘော။ ခိုင်မင်း၏ပြောင်စပ်စပ်မျက်နှာကို မသိကျိုးကျွန်ပြုလျှက် မျက်နှာ ခြင်းဆိုင်မှ ခြံဝသို့လှမ်းငေးကြည့်နေမိသည်။ဘယ်များသွားနေပါလိမ့် ယဉ်မင်းရယ်။

ညမှောင်ရီပျိုးတဲ့အချိန်ကို အရေးလုပ်ဖို့မသင့်ပေမယ့် ခုလိုအချိန်မျိုးမှာ အိမ်မှာပဲရှိနေသင့်သည် မ ဟုတ်ပါလား။ ရောဂါသည်အမေကိုလည်း ဂရုမစိုက်။ ညီမငယ်ကိုလဲအလေးမထား။ ဘယ်ကိုသွားပြီး ဘာသတင်းတွေများယူနေပါလိမ့်။

“ဟယ် လက်နင်း။ ပြန်ရောက်နေပြီလား။ ဘယ်တုန်းကလဲ”

ဖိနပ်စင်တွင် ဖိနပ်တင်၍ကျွန်တော့်ကိုလှမ်းနောက်နေသည်။ သူ့မေမေကို တစ်ချက်လှမ်းကြည့် လျှက် ကျွန်တော့်ဘေးမှဖြတ်ကာယဉ်မင်းအိမ်ခန်းထဲသို့လှမ်းဝင်သွားသည်။ အိမ်ထဲရောက်မှ ကျွန် တော့်ကိုမြင်ပုံရသည်။ကျွန်တော်ကတော့သူမမှောင်ရိပ်ခို၍ခြံထဲကို ခေါင်းငိုက်စိုက်ချဝင်လာတာ။ ခြံခေါင်းရင်းမှ သစ်ခွပင်လေးကိုရေ အသင့်ထည့်ထားသည့် လက်ကိုင်ကော်ရေခရားလေးဖြင့်ရေ သွားလောင်းတာ။ ရေစိုနေသည့်သစ်ခွပင်လေးကိုကြည့်၍ နှစ်စက္ကန့်လောက်ငြိမ်ရပ်နေတာကအစ သံဇကာကွက်များကြားမှမြင်နေခဲ့သည်။

“မေမေ့ကို နင်ဘာတွေပြောထားပြန်ပြီလဲ လက်နင်း။ မေမေ့မျက်နှာမကောင်းဘူး”

အိမ်နေရင်းဝတ်စုံဖြင့် ကျွန်တော့်ဘေးထိုင်ခုံတွင်ဝင်ထိုင်လျှက် အိမ်နောက်ဖေးမှာဟင်းသွားနွှေးနေ သည့် သူ့မေမေမကြားရအောင် တိုးတိုးလေးကပ်မေးလေသည်။

“ကယ်ဆယ်ရေးအကြောင်းမေးတာနဲ့ နဲနဲပြောပြထားလို့ပါ”
“နဲနဲ ကလို့လား”
“ဟဲဟဲ။ ခိုင်မင်းကိုသာမေးကြည့်တော့။သူတော့ အန်တီ့ကိုဆေးတိုက်ထားတယ်”
“ဟုတ်လား။ မသိပါဘူး။ အိမ်ပြန်နောက်ကျလို့ မေမေစိတ်ဆိုးနေပြီမှတ်တာ”
“မဟုတ်လောက်ပါဘူး”
“ဟုတ်လား။ ဟယ် လင်းလက်ဒီဘက်နားထင်ဘက်မှာဆံပင်ဖြူလေးတစ်ပင်တော့။နှုတ်လိုက်မယ်”
“တော်ပါ ယမမင်းရာ။ မင်းလူလည်ကျလွန်းလို့ ကိုယ်လဲ လူရည်လည်နေပါပြီကွ။ နေနေ ထားလိုက်”
“နေပေါ့။ နောက်မှလာမနှုတ်ခိုင်းနဲ့ မနှုတ်ပေးဘူးပဲ။ မြင်နေရဲ့သားနဲ့ မနှုတ်ပေးဘူးမပြောနဲ့”
“ဘာတွေ နှုတ်နေကြတာလဲ။ မေမေက နောက်ဖေးကိုထမင်းစားဖို့လာရင် အိမ်ရှေ့တံခါးပိတ်ခဲ့တဲ့”
“ဒီမှာလေ ကိုယ့်နားထင်မှာ ဆံပင်ဖြူရှိတယ်လို့ ယဉ်မင်းပြောနေလို့”
“မရှိပါဘူး ကိုလင်းကလဲ”
“ယဉ်မင်း ပြောတော့ရှိတယ်တဲ့”
“ရှိတယ်လေ။ ရှိတာပဲဟာ”
“ဘယ်မှာလဲ ပြ”

မယုံသင်ကာဟန်ဖြင့် ကျွန်တော်တို့နှစ်ယောက်ရှေ့ကိုတိုးကပ်လာသည့်ခိုင်မင်း။ ခပ်တည်တည်ဖြင့် ရှိတယ်ပြောနေသေးသောယဉ်မင်း။ ညီအစ်မနှစ်ယောက်ပေါင်း၍ ကျွန်တော့်ကိုဦးနှောက်ခြောက် အောင်လုပ်နေသည့်တိုင် သူတို့ညီအစ်မမျက်နှာကို ကျွန်တော်ဝေခွဲမရ။

ကျွန်တော့်ခေါင်းကို ဘယ်ဘက်ကိုငဲ့စောင်းလျှက် ညာဖက်နားထင်ကိုကြည့်စေလိုက်သည်။ ခိုင်မင်း က ကျွန်တော့်ရှေ့တွင်ရပ်လျှက် နားထင်ကိုငုံ့မိုးကြည့်နေသည်။ ကျွန်တော်နှင့်ခိုင်မင်းမျက်နှာကြား ယဉ်မင်းတိုးဝင်လျှက်ခိုင်မင်းနှာခေါင်းကိုဆွဲလိမ်သည်။

“အာ မမ။နာတယ်။ လွှတ်နှာခေါင်းကို ခုလွှတ်။ အဲ့လိုလုပ်တာမကြိုက်မှန်းသိရဲ့နဲ့ အမြဲအဲ့လိုလုပ် တယ်”
“အေး လေမကြိုက်မှန်းသိလို့လုပ်တာပေါ့။ဟဲဟဲ။ သွားဒီမှာအချောင်လာမခိုနဲ့ ဒီနေ့ နင်ထမင်း၊ ဟင်း ခူးရမယ့်အလှည့်”
“သိတယ်။ သိတယ်”
“ဟဲဟဲ။ ကိုယ်လဲ သိတယ်။ ကိုယ်လဲသိတယ်နော်ယဉ်မင်း။ ခိုင်မင်းရေ ကိုလင်းခိုင်မင်းကို ထမင်း ဟင်း ၀ိုင်းကူခူးပေးမယ်သိလား”

ခြေဆောင့်ထွက်သွားသည့် ခိုင်မင်းနောက်ကိုလိုက်ဖို့ထိုင်ခုံမှ ထရပ်လိုက်သည်။ ယဉ်မင်းကို ပြုံးပြုံး စစဖြင့် ငဲ့ကြည်တော့ခပ်အေးအေးပင်အိမ်ရှေ့ကိုငေးနေသည်။ သတိလက်လွတ်ဟန်ဖြင့် အိမ်ရှေ့ ဘက်ငေးနေသော်လည်း အိမ်ရှေ့ကိုမြင်ဟန်မတူ။ နာကျင်ထိခိုက်ခြင်း၊မွန်းကျပ်စိတ်ရှုပ်ခြင်းများဖြင့် ပြည့်နှက်နေသည့်မျက်နှာ။ စက္ကန့်အနည်းငယ်ဖြစ်ပေမယ့် သူမကိုငုံ့မိုးကြည့်နေသည့်ကျွန်တော် မြင် နိုင်၊အကဲခတ်နိုင်သည်။ တိတ်ဆိတ်လွန်းမက တိတ်ဆိတ်နေသည့်ယဉ်မင်းကိုချန်ထားခဲ့လျှက် အိမ် နောက်ဖက် ထမင်းစားခန်းဘက်လှမ်းဝင်လိုက်သည်။

******************************************************************

ဘတ်ထရီအိုး အားသွင်းမည်ဟုအကြောင်းပြ၍ နှစ်ယောက်သားလမ်းထိပ်ဘက်ကို ထွက်လာခဲ့ကြ သည်။ လင်းလက်ကဘတ်ထရီအိုးကိုသယ်လာ၍ သူ့ကျောပိုးအိတ်ကို ယဉ်မင်းကကူလွယ်လာခဲ့ သည်။ နှစ်ယောက်သား စကားမဆိုမိကြ။

မုန်တိုင်းဒဏ်ခံထားရသည့် ရပ်ကွက်လေးသည်သုံးပတ်ကျော်ကျော်ကြာမြင့်ခဲ့သော်လည်း မြင်မ ကောင်းအောင် ပျက်စီးနေသေးသည်။ဓာတ်တိုင်တစ်ချို့ မြေကြီးတွင်တုံးလုံးလဲနေသလို။ ဓာတ်ကြိုး တွေလဲပျက်တောက်နေသည်။ လူတစ်ယောက်ဖက်စာ အပင်ကြီးနှစ်ပင်သုံးပင်လောက် လမ်းပေါ် တွင်တုံးလုံးလဲနေသည်မို့ ရပ်ကွက်တွင်းရှိလူများလွှဖြင့်ဖြတ်ကာ လမ်းဘေးတစ်လျှောက်စုပုံထား သည်။

လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင်တော့ လူအနည်းငယ်ရှိနေသည်။ အရင်က လျှပ်စစ်မီးဖြင့်လူဝင် လူထွက်ပြတ်လှသည်မရှိသော ဆိုင်ကလေးသည်ဖယောင်းတိုင်အလင်းဖြင့် တိတ်ဆိတ်ငြိမ်သက် နေသည်။မှုန်ကုတ်ကုတ်မီးရောင်အောက်တွင် စကားထိုင်ပြောနေသည့်လူသုံးယောက်နှင့် ဇယ်က စားနေသည့်လူနှစ်ယောက်ဘေးမှ ကြည့်နေသည့်လူနှစ်ယောက်။နှစ်ယောက်သားတိုင်ပင်မထားပဲ တစ်ယောက်ကိုတစ်ယောက် ငဲ့ကြည့်မိသည်။

လက်ဖက်ရည်ဆိုင်ဘေးအိမ်မှာ ဘတ်ထရီအိုးဝင်အပ်လျှက်ပြန်ထွက်လာကာလက်ဖက်ရည်ဆိုင် ၀င် ထိုင်ကြသည်။ အမြဲလာသောက်နေကျဖြစ်သည်မို့မှာနေစရာမလိုတော့။ လင်းလက်က ဘေးစားပွဲမှ ဇယ်ကစားနေသည့် ၀ိုင်းဖက်စိတ်ဝင်စားနေသည်။ သူ့ကျောပိုးအိတ်ဇစ်ရှိသမျှဖွင့်ကြည့် ဟိုရှာဒီရှာ လုပ်နေသည့် ယဉ်မင်းကိုဂရုမစိုက်အားတော့။

ကျောပိုးအိတ်တစ်အိတ်လုံး ဇစ်တွေဖွင့်ကြည့်လို့သာပြီးသွားသည်ဘာမှထူးထူးခြားခြားမတွေ့။ သူ ဖက်လက်စဘာသာပြန်စာအုပ်တွေနှင့် တိုလီမုတ်စများသာရှိနေသည်။ ဇစ်တွေတစ်ခုခြင်းပြန်ပိတ် လျှက် စားပွဲထိုးလာချပေးသည့် စူပါကော်ဖီမစ်ထုတ်ကိုဖောက်ထည့်ဖျော်ကာ ကျကျနနမွှေနေလိုက် သည်။ ကော်ဖီရောင်သည် နေ့ခင်းကကြည့်လာသည့်ဓာတ်ပုံထဲမှဗွက်တွေလိုပင် နောက်ကျိကျိနိုင် နေလေသည်။ အဲ့ဒီ့ဗွက်တွေကြားထဲမှာ ပိုးလိုးပက်လက်ပုံဖြင့်တစ်မျိုး။မှောက်ခုံပုံစံဖြင့်တစ်သွယ်ရှိ နေသည့် လူကြီးကလေးအလောင်းများ။ ပြီးတော့ ကျွဲနွားတိရိ စ္ဆာန်အသေကောင်များ။ ကော်ဖီခွက် ထဲမှထွက်လာမည့်အလား ကြောက်လန့်၍ဇွန်းကိုလွှတ်ချလိုက်သည်။

“ဘာလဲ ယဉ်မင်း။ ဘာဖြစ်လို့လဲ။”
“ဟင့်အင်းဘာမှမဖြစ်ပါဘူး။ ကော်ဖီသောက်လို့ရပြီ”

ကော်ဖီခွက်ကိုလင်းလက်ရှေ့တိုးပေးကာ သံပုရာရည်ကိုတစ်ကျိုက်ယူသောက်လိုက်သည်။ ခုထိ ကော်ဖီကို ယူမသောက်သေးသည့် လင်းလက်ကိုမော့်မကြည့်မိပေမယ့် လင်းလက်ရှေ့ကကော်ဖီ ခွက်ကိုငေးကြည့်နေမိသည်။ ဖြစ်နိုင်လျှင် လင်းလက်ကိုအဲ့ဒီ့ကော်ဖီမသောက်စေချင်။ ညတော် တော်နက်တဲ့အထိစာတမ်းလုပ်ရမည့်သူ့အတွက်တော့ ကော်ဖီတစ်ခွက်လိုအပ်သည်မှာအမှန်ပင် ဖြစ်သည်။ သို့ပေမယ့်..

ယဉ်မင်းအတွေးမဆုံးပါဘူး။ လင်းလက်ကော်ဖီခွက်ကိုကောက်ကိုင်ကာတစ်ငုံသောက်လေပြီ။ သူ ကော်ဖီခွက်ကိုကောက်ယူလိုက်တာ။ နှုတ်ခမ်းမှာတေ့လျှက်သောက်နေတာ။ ကော်ဖီခွက်ကိုကိုင် ထားဆဲဖြစ်သည့် လင်းလက်လက်ထဲမှကော်ဖီခွက်။ သူ့လက်ထဲမှ ကော်ဖီခွက်ကိုလုယူသွန်မှောက် ပြစ်လိုက်ချင်သည်။

“တစ်မနက်လုံး ဘယ်သွားနေလဲ ယဉ်မင်း။ ဘာတွေဖြစ်လာသလဲ။ ဘာတွေမြင်ခဲ့သလဲ ကိုယ့်ကို ပြောပြလို့ဖြစ်တယ်မလား”
“အင်း။ အိမ်ကိုတော့ စာပေဟောပြောပွဲသွားမယ်ဆိုပြီးပြောထွက်သွားတာပဲ။ ဒါပေမယ့်..”
“ဒီလို အချိန်မှာဘယ်လိုလူက စာပေဟောပြောပွဲလုပ်မှာလဲ။”
“အင်း ။ ဘယ်နားတွေဘယ်လောက်ပျက်စီးနေလဲသိချင်တာနဲ့ မေမေမသိအောင်လျှောက်သွား ကြည့်နေတာ။ညနေက ဇူးဇူးနဲ့ လမ်းမှာတွေ့တယ်။သူတို့ကယ်ဆယ်ရေးလုပ်ရင်းရိုက်ယူလာတဲ့ ဓာတ် ပုံတွေကြည့်ရင်း ရင်ထဲမကောင်းဖြစ်နေတာ။”
“ထင်တော့ ထင်သားပဲ။ တစ်ခုခုဖြစ်နေပါတယ်လို့။”
“လင်းလက်သွားတဲ့နေရာကော အခြေအနေဆိုးလား။ဘာတွေတွေ့လာခဲ့သလဲ”
“သိပ်တော့မဆိုးပါဘူး။ ကိုယ်တို့အဖွဲ့အရင် လာသွားတဲ့တစ်ဖွဲ့ရှိတယ်လေ။ သူတို့တွေ ကယ်ဆယ် ရေးကော ရှင်းလင်းရေးကော လုပ်သွားပုံပဲ။ ကိုယ်တို့အဖွဲ့ ဘာမှမမြင်ခဲ့ရဘူး။အမေပျောက်တဲ့ ကလေး တစ်ယောက်ဆီကတော့ အုန်းသားဘီးလေးတစ်ခုကို မုန့်နဲ့လဲယူလာခဲ့တယ်။ ယူမလား ယဉ်မင်း”
“ဟင်. ဘာလို့အဲ့လိုလုပ်ရတာလဲ။ကလေးလေးသနားပါတယ်။ ကလေးလေးက ဘယ်အရွယ်လဲ။ ကောင်လေးလား။ ကောင်မလေးလား”
“အင်း ၇နှစ်လောက်ရှိပြီထင်တယ်။ ကောင်မလေး။သူ့အမေဘီးဆိုပြီးဘီးကျိုးလေးကို လက်ကမချ ဘူး။ပစ္စည်းတွေဝေတာတောင် ဘီးလေးကိုကိုင်ရက်နဲ့ပဲယူတယ်။ကိုယ်လဲသူ့ကိုမှတ်ထားပြီး ပစ္စည်း တွေဝေပြီးတာနဲ့ သူ့ဆီသွားပြီးမုန့်နဲ့လဲယူလာခဲ့တာ”
“သူက ပေးတာပဲလား”
“မပေးချင်ပေးချင်ပေးတာပါ။ ကိုယ်စားဖို့ရထားတဲ့ မုန်နဲ့လဲခဲ့တာလေ”

ကျွန်မပေါင်ပေါ်မှသူ့ကျောပိုးအိတ်ကိုလှမ်းယူကာ အလယ်ဇစ်ကိုဖွင့်လျှက်အိတ်ပုံးထဲမှ ဘီးကျိုးလေး ကို ထုတ်ပေးသည်။ အုန်းဆီဝနေသည့်ဘီးကျိုးလေးသည် ဖယောင်းတိုင်မီးရောင်ဖြင့် နက်မှောင် လက်ဖြာနေသည်။ ဘီးလေးကိုလှည့်ပတ်ကြည့်ဖြစ်သော်လည်း ဘာမှထူးခြားမလာ။သို့ပေမယ့် ဒီဘီးလေးကိုဆုပ်ကိုင်လျှက် အမေပျောက်စာရင်းလာသွင်းသည့်ကလေးမလေး၏ရုပ်ပုံကို မပီမပြင် ပုံဖော် ကြည့်သည့်အခါတွင်တော့ ရင်ထဲတွင်မွန်းကျပ်ဆို့နစ်သွားသည်။

“ပြန်စို့ လင်းလက်ရယ်။ မနက်စောစောဘုရားသွားရအောင်။အိမ်ကိုလာခဲ့မယ်မလား”
“အင်း နိုးရင်လာခဲ့မယ်လေ။ သံပုရာရည်သောက်လိုက်တစ်ငုံလောက်။ ခေါင်းကြည်အောင်လို့”

သံပုရာရည်ခွက်ကိုမယူပေးတာမို့ လှမ်းယူလျှက်မကုန်မချင်းမော့သောက်လိုက်သည်။ လင်းလက်က ကောင်တာတွင်ပိုက်ဆံသွားရှင်းလျှက် စားပွဲဆီပြန်လာနေသည်။ ဆိုင်ပြင်အတူတူထွက်လျှက် ယဉ်မင်းအိမ်ကိုပြန်လိုက်ပို့ပေးဖို့ လမ်းထဲပြန်ချိုးဝင်လာခဲ့သည်။ ကြယ်ရောင်ပျောက်နေသည့်ည။ ညည့်မနက်ပါပဲ လူခြေတိတ်ဆိတ်နေသည့်ရပ်ကွက်။ ဘယ်သူမှကောင်းကောင်းအိပ်ပျော်နိုင်ဦးမည် မထင်ပါချေ။

************************************************************
နိုးလျှင်လာခဲ့မည်ဟုဆိုသော်လည်း လင်းလက်ထိုနေ့မနက်ယဉ်မင်းဆီမသွားဖြစ်ခဲ့။ ရုံးတွင် က တိုက်ကရိုက်လုပ်သော အစည်းအဝေးအတွက်လိုအပ်သည့် စာရွက်စာတမ်းစုကာရုံးကိုစောစော ထသွားရလေသည်။အစည်းအဝေးပြီးသော်လည်းအနားမရ။ နှစ်ပတ်စာလစ်ဟင်းခဲ့သောတာဝန် များကို နေ့ခင်းထမင်းစားချိန်ပင်မေ့လုအောင် လုပ်ရလေသည်။တစ်နေကုန်ထိုင် ၍စာရွက်တွေ စား ရင်း တွေ၊ကြော်ငြာစာရွက်စာတမ်းတွေဖြင့်ရှုပ်ကာ ကွန်ပျူတာတစ်လုံးနှင့်ခေါင်းစား၍ပြီးသည့် အ ချိန်သည် ညနေ၆နာရီထိုးပြီဖြစ်သည်။ တစ်ချို့တစ်ဝက်ကျန်သေးသည့် အလုပ်များကိုနောက်နေ့မှ ဆက်၍လုပ်ရန် စားပွဲပေါ်တွင်အမှတ်အသားဖြင့်အထပ်လိုက်တင်ကာရုံးဆင်းခဲ့သည်။

ဓာတ်လှေကားဖြင့်၆လွှာမှဆင်းဖို့ထပ် လေ့ကျင့်ခန်းသဖွယ်နေ့တိုင်းဆင်းနေကျအတိုင်း ခြေကျင်ပင်၆လွှာကိုဆင်းခဲ့သည်။ အောက်ဆုံးအထပ်ရောက်ဖို့လှေကားကိုကွေ့ဆင်းကတည်းက နံရံကိုမှီ၍ စောင့်နေသည့် အနက်ရောင်ဝါဂွမ်းစလေး ကျွန်တော့်ချစ်သူကိုတွေ့လိုက်ရသည်။သူမသည် လှေ ကား အပေါ်သို့မော့်၍မျှပင်မကြည့်။လက်ထဲမှစာအုပ်ကိုသည်းကြီးမဲကြီးဟန်ဖြင့်ဖတ်နေသည်။

ကျွန်တော်သူမဖတ်နေသည့်စာအုပ်ကိုပြေးကြည့်စရာမလိုပါ။ သူမရေးပို့လိုက်သည့် စာမူတစ်ပုဒ်ပါ သည့် စာအုပ်ဖြစ်ပေလိမ့်မည်။

“ယဉ်မင်း။ စောင့်နေတာကြာပြီလား။ လာမယ်ဆိုရင်လဲဖုန်းခေါ်ရောပေါ့။ တစ်ယောက်တည်းစောင့် နေရသလား”
“အင်း မကြာသေးဘူးရောက်တာ။ မနက်ကဘုရားမတက်ဖြစ်တော့ ညနေလိုက်ပို့ပေးဖို့လာခေါ်တာ။ ပြီးတော့ မုန့်ဝယ်ကျွေးမယ် လင်းလက်ကို။ ဒီနေ့စာမူခရလာတယ်”
“ဟုတ်လား ကဗျာလား။ ၀ထ္တုတိုလား”
“ကြည့်ပါလား။ပြောထားပြီးသားနဲ့။ သူ့အလုပ်ပဲသူ့ခေါင်းထဲမှာရှိတယ်”
“ဘာပြောထားလို့လဲ ယဉ်မင်းက”
“တော်ပြီ။ ဘုရားမရောက်ပဲနေတော့မယ်။စိတ်လဲမတိုချင်တော့ဘူး။ပေးပေး ထမင်းချိုင့်”


လက်ထဲမှထမင်းချိုင့်ကိုတောင်းတာကြောင့်အသာတကြည်ပင်ပေးလိုက်သည်။ ယဉ်မင်းတွင် အဲ့ဒီ့ အချက်ကလေးသည်တော်တော်သဘောကျဖွယ်ကောင်းလှသည်။ ကျွန်တော့်လက်ထဲမှထမင်းချိုင့် ဖိုင်တစ်ချို့ဖြင့်ရှုပ်သယောင်ရှိနေလျှင် ဒီအတိုင်းကြည့်မနေတတ်။အမြဲကူ၍သယ်ပေးတတ်သည်။ ဖိုင်တွေမပါပဲ ထမင်းချိုင့်အလွတ်ပဲဖြစ်နေလျှင်လည်းကူသယ်ပေးသည်ပင်။ တစ်ခြားကောင်မလေး တွေလို သူကမိန်းကလေးဖြစ်သည်မို့ သူ့ပစ္စည်းကိုသာ ကူသယ်ရမည်ဟုတွေးထားပုံမရ။ သူမက ပစ္စည်းများများစားစားလည်း လမ်းထွက်တိုင်းသယ်တတ်သူမဟုတ်ချေ။

လက်ကိုင်ခေါက်ပိုက်ဆံအိတ်သေးသေးလေးတစ်လုံး။ထီးမဖြစ်မနေယူရမည့်ရာသီဆိုလျှင်ခေါက်ထီး တစ်ချောင်း၊ သူမဖတ်ဖို့ဝယ်ထားလျှက်ကဖတ်လို့မပြီးသေးသည့်တစ်အုပ်ကိုကြုံလျှင် ကြုံသလိုဖတ် နိုင်ဖို့ စာအုပ်တစ်အုပ်။ ဒါသူမလမ်းထွက်လျှင်သယ်လေ့ရှိသည့်ပစ္စည်းအကုန်ပင်။

ယဉ်မင်းနှင့် စကားတစ်ပြောပြောဖြင့်ရွှေတိဂုံဘုရားတက်ဖူးဖြစ်ခဲ့ကာ ဗိုက်ဆာလှသည်ဆိုသော ယဉ်မင်းကြောင့် ဘုရားအဆင်းဆိုင်တန်းမှာပင် စမူစာသုတ်တစ်ပွဲဝယ်စားဖြစ်သေးသည်။ ကျွန် တော်ကတော့ ထုံးစံအတိုင်းသူမစားသည်ကိုဘေးတွင်ထိုင်ကာစောင့်နေလိုက်သည်။ သူမဘေးတွင် ထိုင်ဖြစ်သည်မို့ ဒါလေးကဘာလေးလဲမသိဘူးဟုဆိုကာ စမူစာသုတ်ထဲမှပဲစေ့များ အာလူးများကို ခပ်၍ကျွန်တော့်ကို အတင်းခွံကျွေးသည်။တစ်ဝက်နီးပါးလောက် ကျွန်တော်စားဖြစ်အောင် ဥာဏ် များပြီးကာမှ ဗိုက်ပြည့်ပြီဟုဆို၍စပ်ဖြီးဖြီးလုပ်လေသည်။သူမအရိပ် အခြေကိုသိနှင့်ပြီးသည့် ကျွန် တော်သဘောတကျပင် ခေါင်းအသာရမ်းမိသည်။ ယဉ်မင်းသည် ထိုသို့လည်းတစ်ခါတစ်ခါချစ်စဖွယ် လူလည်ကျတတ်ပြန်သေးသည်။

ကားမှတ်တိုင်တွင် ကားအတူရပ်စောင့်ရင်းယဉ်မင်းရေးသည့်ဝထ္တုတိုကိုမတ်တပ်ရပ်ပင်ဖတ်ရလေ သည်။ ဖတ်၍မပြီးလျှင် ကဂျီကဂျောင်ကအလုပ်ခံရဦးမည်လေ။

“လင်းလက်။ ယဉ်မင်းရေဆာတယ်”
“အင်း။ဆာမှာပေါ့ ပဲပွပွတွေစားလာတာကိုး ရေကငတ်တော့မှာပေါ့။ သွား ဟိုမှာရေခဲရေရောင်း နေတဲ့အသည်ရှိတယ်။ သွားတောင်းသောက်”
“ဘာ။ တောင်းသောက်ရမယ်ဟုတ်လား”
“အင်း။ရရင်သောက်ပေါ့။ အဲ့ဒီ့မိန်းမ ကြည့်ရတာ ခပ်စွာစွာထဲကထင်တယ်။ ရန်ပြိုင်ဖြစ်ရဲတယ် မလား”

ခပ်လှမ်းလှမ်းမှရေခဲရေသည်ကိုအကဲခတ်လျှက်ပြုံးစစဖြင့်ပြောသည်။လင်းလက်အပြောကြောင့် ရေခဲရေသည်ကိုသတိထားကြည့်မိတော့ ထိုးကျနေသည့်ညနေ နေရောင်ကိုလက်တစ်ဖက်ဖြင့် နဖူးနားမှကာလျှက် ကျန်လက်တစ်ဖက်ဖြင့်ရေခွက်နှင့်သံရေပုံးကိုခေါက်ကာ ကားဂိတ်တွင်ဆိုက် လာသည့် ကားတွေဆီလှမ်းကြည့်နေသည်။ ပါးစပ်တွင်လည်း ကွမ်းစားထားသည်မှာ ရဲပတောင်း ထနေသည်။ပါးနှစ်ဖက်တွင် ခပ်လွယ်လွယ်လိမ်းခြစ်ထားသည့် သနပ်ခါးသည်လည်းပါးပြင်နှစ်ဖက် တွင် တော်တော်များများတင်ကျန်နေသေးသည်။

လင်းလက်တမင်ညစ်ပတ်ခြင်းလား။စတာလားမကွဲပြားခင်ထိုးစိုက်လာသည့်ကားကိုကြည့်ကာ ယဉ်မင်းအကြံတစ်ခုရလိုက်သည်။

“အိုကေ။ရတယ်။ ဒါမျိုးမလုပ်ရတာကြာပြီ”
“ဘာလဲ ။ ဘာလဲ ယဉ်မင်းနော် မဟုတ်တရုတ်တွေမလုပ်နဲ့”
“မဟုတ်တရုတ်မလုပ်ပါဘူး။ စိတ်ချ။ မဟုတ်ယဉ်မင်းနဲ့ လင်းလက်ပဲလုပ်ကြမယ်လေနော်”
“အာ။ မပါဘူး။ ကိုယ့်ကိုစွဲမထည့်နဲ့”
“ဘာလဲ ဒါကကြောက်တာလား”
“ဘာကို ကြောက်ရမှာလဲ။အလုပ်မဟုတ်တာ မလုပ်စမ်းနဲ့ ယဉ်မင်းရာ”
“မရဘူး။ နင်ပဲစပြောပြီးတော့။ ရေခဲရေရောင်းတဲ့သူဆီမှာ ရေတောင်းသောက်ဆို။ အဲ့ဒါနင်ပဲပြော တာလေ”
“အဲ့ဒါ စလိုက်တာလေ”
“ခုမှ မရတော့ဘူး။စတာနောက်ကျသွားပြီ။ ယဉ်မင်းပြောသလိုမလုပ်ရင် ယဉ်မင်းလက်ကို ဖြုတ်လိုက်။ ”

ယဉ်မင်းအပြောကြောင့် လင်းလက်ယဉ်မင်းလက်ကိုငုံ့ကြည့်သည်။ အမှန်က ယဉ်မင်းလက်ကို လင်းလက်တွဲထားခြင်းမဟုတ်ပဲ ယဉ်မင်းကသာလင်းလက်လက်မောင်းကိုချိတ်ဆွဲထားခြင်းဖြစ် သည်။ယဉ်မင်းလက်ကိုငုံ့ကြည့်နေလျှက်ဖြင့် သက်ပြင်းဖွဖွချကာခေါင်းရမ်းနေသည့် လင်းလက်ကို ကြည့်ကာယဉ်မင်းကျိတ်ရယ်မိသည်။ သူ့လက်မောင်းကိုတော်ရုံတန်ရုံ ချိတ်တွယ်မထားတတ်တဲ့ ယဉ်မင်းလက်ကိုဖြုတ်ထုတ်လိုက်ဖို့ဆိုတာ သူစိတ်ကူးရက်မည်မထင်ပါချေ။

“ခုဖြုတ်လိုက်ဆို”

နောက်ဆုံးတစ်ထစ်သံပတ်ပေးပြီးချိန်တွင်တော့ လင်းလက်ခေါင်းမော့်လာကာယဉ်မင်းကိုတည့် တည့် ကြည့်နေလေတော့သည်။

“ယဉ်မင်း။ မင်းကလေ တကယ့်ကို ယမမင်းပဲ သိလား”
“သဘောတူတယ်ပေါ့ ဟုတ်လား။ဒါဆို ဒီလိုလုပ်..ယဉ်မင်းက အဲ့ဒီ့မိန်းမဆီမှာရအောင် ရေတောင်း သောက်မယ်။ လင်းလက်က ယဉ်မင်းတို့စီးမယ့်ကားလာရင် ကားခမပေးပဲ ကားခိုးစီးရမယ်”
“အယ်။ ကြည့်လဲလုပ်ပါဦးဟာ။တော်ကြာ မနက်ဖန်ပတ်တီးနဲ့ ရုံးတက်နေရပါဦးမယ်”
“စိတ်ချပါ။ ပတ်တီးနဲ့ ရုံးမတက်ရပါဘူး။ မနက်ဖန် စနေနေ့ပဲဟာ”
“အော် .. အေး။ ”
“ကဲ စောင့်သာကြည့်ပေတော့။ ဒါလေးယူထား ။ ပိုက်ဆံအိတ်အပ်ခဲ့ပြီနော်။”

လင်းလက် လက်ထဲပိုက်ဆံအိတ်ပေးခဲ့ကာရေခဲရေသည်ဆီခပ်မြန်မြန်ပင်လျှောက်သွားလိုက်သည်။ ရေခဲရေသည်က သူ့အနားကတ်လာသည့် ယဉ်မင်းကိုကြည့်၍ ရေ၀ယ်သောက်မည်အထင်ဖြင့် ရေကိုခပ်ကာရေခဲတုံးပေါ်သို့ လက်တစ်ဖက်ကလောင်းချကာ ကျန်လက်တစ်ကရေခွက်ဖြင့်ပြန်ခံ ထားလိုက်လုပ်နေသည်။

“ညီမရေခဲရေသောက်မလို့လား”
“ဟုတ်ကဲ့ရှင့်။ ဒါပေမယ့်”
“ဘာလဲ သိပ်အေးအေး မသောက်ချင်လို့လား။ အဲ့လိုလား။ ဟုတ်လား”

ဝယ်သူအကြိုက်လိုက်ပေးမည့် ဈေးရောင်းသူ၏ပျူငှာမှုကိုအနည်းငယ်ရင်ထိတ်သွားမိသည်။ ပြော စရာစကားကလဲ ရုတ်တရက်ဆိုတော့ရှာမရသေး။ လက်ထဲမှာပါလာသည့်စာအုပ်ကိုသာ လက်နှစ် ဖက်ဖြင့် ကျစ်လုံးလျှက်ကြံဖန်ဖို့စဉ်းစားနေမိသည်။

“ဟိုလေ။ အော် ဒီလိုအစ်မ။ ညီမရေ၀ယ်သောက်မလို့ပါ။ ဒါပေမယ့်။ ညီမက..

စကားစကိုတမင်ဖြတ်ကာ ရေခဲရေသည်အစ်မကြီး၏မျက်နှာကိုစေ့စေ့ကြည့်ကာ အကဲခတ်လျှက် မျက်နှာချိုသွေးလိုက်သည်။ အားနာပြောရခက်နေသည့်ဟန်ဖြင့် ကိုယ်ကိုပါကိုင်းညွှတ်လိုက်မိသည် လား မပြောတတ်တော့။ ရေခဲရေအသည်ကယဉ်မင်းအပြောကို ဘာစကားမှမထောက်ပဲယဉ်မင်း ကိုသာခြေဆုံးခေါင်းဆုံးကြည့်ကာ အကဲခတ်နေလေသည်။

“ဒီလိုပါ။ ညီမက ပိုက်ဆံကို ဒီစာအုပ်ကြားထဲမှာပဲလွယ်လွယ်ထိုးထည့်လာလိုက်တာ။ အဲ့ဒါ ရေဆာ လို့ စာအုပ်ကြားကပိုက်ဆံကို ပြန်လှန်ကြည့်တော့မှ ဘယ်နားကျကျန်ခဲ့မှန်းမသိဖြစ်နေတာ။ ရေက လဲ တစ်အားကို ဆာနေတာပါအစ်မရယ်”
“အော် ဖြစ်ရမယ်။ ပိုက်ဆံက ဘယ်လောက်တောင်ထည့်ထားတာတုန်းညီမရယ်။ပြီးတော့ ဘယ်ကိုပြန်မှာတုန်း”
“ငါးထောင်လောက်ဖြစ်မယ်။ အင်း ဟုတ်တယ်။ ငါးထောင်အစ်မ။ ပြန်မှာကမြောက်ဒဂုံဘက်ကိုပါ”
“ကဲရော့ရော့ သောက် ညီမလေး။ ဒဂုံပြန်မယ့်ကားခလဲ အစ်မပေးလိုက်မယ်နော်။ နောက်ဂရုစိုက် ပေါ့ ညီမရယ်။ ပိုက်ဆံက ကျပျောက်တော့သာလွယ်တာ ရှာရတာခက်တယ်ကွဲ့”
“ဟုတ်ကဲ့ပါရှင့်။ ကျေးဇူးအရမ်းတင်ပါတယ် အစ်မရယ်။နောက် ညီမဂရုစိုက်ပါ့မယ်”

ကမ်းပေးလာသည့်ရေကိုတစ်ကျိုက်တည်းဖြင့်ကုန်အောင်သောက်ကာ ရေခွက်ကိုလက်နှစ်ဖက် ဖြင့်ပင် ရိုရိုသေသေပြန်ပေးလိုက်သည်။ ယဉ်မင်းပေးသည့်ရေခွက်ကို လက်တစ်ဖက်ဖြင့်ယူလျှက် ကျန်လက်တစ်ဖက်ဖြင့် စလွယ်သိုင်းထားသည့်လွယ်အိတ် အနီရောင်နွမ်းနွမ်းကလေးထဲမှ နှစ်ရာ တန်ပိုက်ဆံထုတ်ပေးလေသည်။

ဒုက္ခရောက်သည့်သူကိုရေတိုက်ရုံအပြင် ပိုက်ဆံပါကြည်ကြည်ဖြူဖြူထုတ်ပေးရှာသည့်ရေခဲရေ သည်ကိုကြည့်မိတော့ ယဉ်မင်းရင်ထဲကိုကျဉ်စက်ဖြင့်အတို့ခံလိုက်ရသူလို ထုံကျဉ်သွားပေသည်။ ကြည်လင်နေသည့်မျက်နှာသည် ငါကူလို့သာပေါ့ဆိုသည့် မာန်မျိုးသည်းထန်မနေပါ။ ဒုက္ခရောက် သူကို ချို့တဲ့သည့်ကြားမှတတ်အားသရွေ့ကူချင်သူ့စိတ်မျိုး သူ့မျက်နှာမှာအထင်းသားပေါ်လွင်နေ သည်။ နေလောင်ဒဏ်ကိုကာဖို့လူးထားရသည့်သနပ်ခါးကွက်တိကွက်ကျားသည်ပင် ကြည့်၍မ၀အောင် ကြည့်ကောင်းနေပေတော့သည်။

“အစ်မနာမည် ဘယ်လိုခေါ်သလဲဟင်။ နောက်နေ့လမ်းကြုံရင် ညီမလာလည်နှုတ်ဆက်ရအောင်ပါ”
“အော် အေ။ ရပါတယ်။ အစ်မနံမည် ဗိုက်ပူမပါ။ ညီမလေး စီးရမယ့်ကားလာနေတယ်။ သွားသွား အားမနာနဲ့“
“ဟုတ်ကဲ့ရှင့်”

နှုတ်ဆက်ပြုံးပြလျှက် ကားဂိတ်ဘက်ပြန်ပြေးလာခဲ့ကာ ကားဂိတ်မှာလူတင်နေသည့် ၃၆ကားပေါ် ကိုတက်ခဲ့လိုက်သည်။ ယဉ်မင်းတို့အခြေအနေကိုစောင့်ကြည့်နေသည့် လင်းလက်သည်လည်း ယဉ်မင်းနောက်မှာပင်ကတ်ပါလာကာ ကားပေါ်တက်လိုက်သည်။ သူနှင့်ယဉ်မင်းကားပေါ်ရှေ့ဆင့် နောက်ဆင့်တက်တာမို့ ကားပေါ်အရောက်သူလှမ်းပေးသည့် ပိုက်ဆံအိတ်ကိုအသာ လှမ်းယူလိုက် သည်။

လင်းလက် ယဉ်မင်းကိုချန်ကာကားနောက်ပိုင်းသို့တိုးရွှေ့သွားနေသည်။ သူကားခမပေးပဲ ကားခိုး စီးပေတော့မည်။ကားစပယ်ယာက ကားပေါ်တက်လာသည့် လူတွေကိုဟိုနေရာတစ်စုဒီနေရာ တစ် စုဖြင့်နေရာချပေးလျှက် ကားခစတင်ကောက်နေပြီဖြစ်သည်။ကားအ၀င်ပေါက်နားမှလူကိုပိုက်ဆံစ ကောက်လျှက် အလည်မှာရောက်နေသည့် ယဉ်မင်းနားသို့ပင်ရောက်လာပြီမို့ လက်ထဲမှာဆုပ်ထား သည့်နှစ်ရာတန်နွမ်းနွမ်းလေးကို ပိုက်ဆံအိတ်ထဲထိုးထည့်လိုက်ကာ ပိုက်ဆံအိတ်ထဲမှပိုက်ဆံနှစ်ရာ ကို နှိုက်ထုတ်ကာပေးလိုက်သည်။

“အင်း။ ဒီလိုလူမျိုးရှားတယ်ဗျို့ ။လူတွေကစပယ်ယာဆိုရင် ပိုက်ဆံကိုအစုတ်ဆုံးဆိုမှရွေးပေးတတ် တာ။ ခုတော့ ဒီလိုဘယ်ဟုတ်ပါ့မလဲ။ စုတ်တာလေးထည့်သိမ်းပြီး အသစ်ကလေးကိုမှထုတ်ပေးချင် တဲ့လူမျိုးလဲ ရှိသေးတယ် ၀င်းအောင်ရေ”
“ဟုတ်သလား ဟ”
“အဟုတ်ဟေ့ အဟုတ်။မယုံမရှိနဲ့”

ရှေ့မှကားစပယ်ယာကို အသံကုန်ကျူံးအော်လိုက်ခြင်းကြောင့် သူ့အနားရပ်နေသည့်ယဉ်မင်းပင် လန့်သွားသည်။ကိုယ်ကဘာရယ်မဟုတ် မဗိုက်ပူပေးလိုက်သည့်ပိုက်ဆံကလေးကိုသိမ်းထားချင်တာ ကြောင့် အိတ်ထဲမှာအရန်သင့်ရှိနေသည့် ပိုက်ဆံကိုထုတ်ပေးလိုက်ခြင်းသာဖြစ်သည်။ သူ့အထင်နှင့် သူကတော့ ဟုတ်နေသားပင်။

ပြောပြောဆိုဆိုဖြင့်ကားနောက်ပိုင်းတိုးဝင်သွားသည့် ကားစပယ်ယာကိုကျော်လျှက် လင်းလက်ကို လှမ်းကြည့်တော့ ကားနောက်ပိုင်းချောင်တွင်တောင့်တောင့်ကြီးရပ်လျှက် အပြင်ကိုသဲကြီးမဲကြီးငေး နေရှာသည်။ သူကပဲအိုက်တင်ကကောင်းတာလား။ အလန့်လွန်နေတာလားမပြောတတ်။ ကား စပယ်ယာက သူ့ကျောကိုတွန်းတိုက်လျှက် ပိုက်ဆံကောက်နေသည်။

“ဟေ့ကောင် ၀င်းအောင် မင်းပြောတော့ အယောက် ၂၀ ဆို။ ဒီမှာ ငါ ၁၉ယောက်ဆီကပဲ ပိုက်ဆံရ တယ်ဟ”
“အယောက်၂၀ ဟေ့ကောင်ရေ။ပခုံးကိုပုတ်ပြီး ကျောကိုတွန်းပြီးမှရေလိုက်တာမမှားဘူး။ စပယ်ယာ လုပ်စားလာတာ အံတိုနေပြီကွ။ ရအောင်ရှာတောင်း။ မရရင်တော့လဲ ကျိန်သာဆဲကွာ”
“ကျိန်ဆဲတာ ဘာလုပ်ရမှာလဲ။ ပိုက်ဆံရတာလဲမဟုတ်ပဲနဲ့”
“အေး ဒါဆို မှတ်မှတ်ရရ အကျီအဖြူဝတ်ထားတဲ့တစ်ကောင်ပါတယ်ကွာ။ အဲ့ဒီ့ကောင်ဆီက ရပြီးပြီ လား”
“အေး ။မင်းဘိုးအေ အကျီဖြူတွေက ဒီနားမှာအောတိုက်နေတာပဲကွ.. ကဲကဲ. ကျန်တဲ့လူ ကမ်းထားမယ်နော် ပိုက်ဆံလေး”

လူတွေကွက်ကြည့်ကွက်ကြည့်ဖြင့် ကားနောက်ခြမ်းကိုလှမ်းအကဲခတ်နေကြသည်။ ကားစပယ် ယာကလဲ လင်းလက်ရပ်နေသည့်နောက်နားမှာပင် အော်တောင်း၍ကောင်းစဲ။ လင်းလက် တုတ် တုတ်မလှုပ် လင်းလက်နားကလူတွေကတော့ တစ်ယောက်ကိုတစ်ယောက်အကဲခတ်ကြည့်နေကြ သည်။ယဉ်မင်းလင်းလက်ကိုကြည့်နေတုန်းမှာပင် စပယ်ယာလင်းလက်ကျောကိုပုတ်လိုက်သည်။

“ဘာလဲ”
“ခင်ဗျား ဟိုဘက်နားနဲနဲရွှေ့ပေးပါ။ ခင်ဗျားတစ်ယောက်တည်း တိုင်ကိုခွပြီးတိုင်ဦးနေတာလား”

ကားစပယ်ယာအပြောကြောင့် ကားနောက်ပိုင်းမှလူတစ်သိုက်ကျိတ်ကျိတ်ရယ်ကြလေသည်။ ခပ် တည်တည်ပင် စပယ်ယာပြသည့်နေရာကိုလင်းလက်ရွှေ့သည်။ စပယ်ယာကားရှေ့ပိုင်းကို တွန်း တိုက်ပြန်ကူးလာကာ ကားခိုးစီးသည့်သူကို အာမနာပပြောလျှက်မပြီးနိုင်တော့။ ကြာလာတော့ ကားပေါ်မှလူတွေလဲ သူဘာပြောပြောမကြားသလိုသာ။ ကိုယ့်အတွေးနှင့်ကိုယ်သာရှုပ်လျှက်လိုက် ပါလာကြသည်။ တစ်ချို့တစ်လေလဲငိုက်မြည်းလို့နေသည်။ လင်းလက်လိုလူတစ်ချို့ဆိုလျှင်သာ ခုမှ စိတ် သက်သာရာရသည့်ပုံဖြင့် သက်ပြင်းကျိတ်မှုတ်နေမှာမြင်ယောင်နေသည်။ ဟောဟော..တွေ့ လိုက်ပါပြီ။လင်းလက်လဲသက်ပြင်းကျိတ်ချနေသည်။

*************************************************************

“လင်းလက်”
“အင်း ပြော။”
“မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့စကားကိုယုံသလားဟင်။ လက်ခံသလား”
“ဘယ်လိုမင်း မရှိရင်မဖြစ်တာလဲတော့ ပြောပြမှပေါ့။”
“ဒီလို ဟာ။ တစ်ယောက်ကိုအရမ်းချစ်ကြပါတယ်ဆိုတဲ့ ချစ်သူတွေ။ သားသမီးကိုမခွဲနိုင်ဘူးဆိုတဲ့။ သားသမီးကလဲမခွဲနိုင်ပါဘူးဆိုတဲ့မိဘတွေ ပြောလေ့ရှိတဲ့စကားလေ။ သူမရှိရင်မဖြစ်ဘူး။ ငါမရှိရင်မဖြစ်ဘူးဆိုတဲ့စကားကိုပြောချင်တာ”
“တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်လွန်းမြတ်နိုးလွန်းတဲ့အခါ ဖြစ်တတ်ပါတယ်။”
“ယဉ်မင်းတော့ အဲ့ဒါကိုလက်မခံဘူး”
“ဘာလို့လဲ။”
“ဘာလို့လဲဆိုတော့.. လင်းလက်ပဲစဉ်းစားကြည့်အရမ်းချစ်ကြပါတယ်ဆိုတဲ့ ချစ်သူတွေ ကံမဆုံလို့ကွဲ သွားကြတဲ့အခါ မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့စကားကိုပဲထိုင်ပြောနေလို့မှမရတာ။ ဒီလိုပဲမေ့သွားကြတာ ပဲ ဟာ။ သူမရှိလဲ ကိုယ့်ဘ၀ကို ကိုယ်ရှေ့ဆက်ကြရတာပဲဟာ။ ဒီတော့ မင်းမရှိရင်မဖြစ်ပါဘူးဆိုတဲ့ စကားကအလကားပဲ။ရေပေါ်မှာအရုပ်ရေးတာပဲလို့ ယဉ်မင်းတော့ထင်တယ်”

ဖတ်လက်စ စာအုပ်ကိုချလျှက်ဘယ်ဘက်လက်ဖြင့်ခေါင်းကိုကုတ်ကာ အလုပ်မရှိအလုပ်ရှာသည့် သဘောဖြင့်သောက်လက်စရေနွေးခွက်ထဲကိုရေနွေးထပ်ဖြည့်နေသည့်လင်းလက်။

“အေးပါကွာ။ ယဉ်မင်းမရှိလဲ ကိုယ်ဖြစ်ပါတယ်။ ဒါဆို ကျေနပ်တယ်မလား”

ဒီစကားကို ယဉ်မင်းမျက်နှာကိုစေ့စေ့စိုက်ကြည့်လျှက်ဆိုလေသည်။ ယဉ်မင်းရင်ထဲတွင်အနည်းငယ် ထုံကျဉ်သွားသလိုရှိသည်။ မသိမသာပင်ပျက်သွားသည့်မျက်နှာကိုပြင်လျှက်ပြုံးကာ လက်ချောင်း တွေအချင်းချင်း လိမ်ချိုးလိုက်မိသည်။

လေးထောင့်စပ်စပ်သူ့မျက်နှာသည်ယဉ်မင်းကိုကြည့်နေရာမှ လမ်းပေါ်သို့အကြည့်လွှဲလိုက်သည်။ သူဘာတွေ စဉ်းစားနေပါသလဲ။ ခုနကအေးဆေးသက်သာစွာ စာဖတ်နေသည့်သူသည်ယဉ်မင်း စကားကြောင့် ဘာလို့ချက်ချင်းတင်းမာခက်ထန်သွားရပါသလဲ။ သူဘာတွေသိထားနှင့်ပါသလဲ။

“လင်းလက်။ ဖေဖေပြန်လာတော့မယ်တဲ့”
“ဟုတ်လား”

အဲ့ဒီ့ဟုတ်လားဆိုသည့်စကားသံသည် သိပြီးသားကိုဟန်လုပ်မေးသည့်အသံဖြစ်မှန်း ယဉ်မင်းသိနေ သည်။

“ကိုယ်တို့ချစ်သူဖြစ်တာ ဘယ်လောက်ကြာပြီလဲ ယဉ်မင်း”
“ချစ်သူဖြစ်တာ”

ချက်ချင်းဆိုသလိုမေးလာသည့် သူ့အမေးကိုယဉ်မင်းမဖြေနိုင်ပါချေ။ချစ်သူဖြစ်တာဟု သံယောင် လိုက်လျှက် မမှတ်မိနိုင်သည့်သက္ကဇာရစ်တစ်ခုကိုလိမ်ညာပြောဖို့နှုတ်မသွက်ပါ။ကြာတော့ကြာပါပြီ ဘယ်လောက်လဲ။ ဘယ်နှနှစ်လဲ။ ဘယ်တုန်းက သူ့ကိုအဖြေပေးခဲ့မိသလဲ။ ယဉ်မင်းမမှတ်မိပါ။ ကန့် သတ်ချက်တစ်ခုအတွက် ခုနှစ်တွေကိုမုန်းတတ်သောယဉ်မင်း လင်းလက်ကိုခေါင်းခါပြလိုက်သည်။

“၃နှစ်၆လနဲ့၁၂ရက်”

သူ့အမေးကိုသူကိုတိုင် တိတိကျကျဖြေလျှက်သက်ပြင်းချကာ ယဉ်မင်းလက်အေးစက်စက်ကိုဖွဖွ ဆုပ်ကိုင်လေသည်။ သူ့လက်သည်လဲအေးစက်လွန်းလှပါတကား။အလန့်တကြားပင် သူ့မျက်နှာကို မော့်ကြည့်ဖြစ်သည်။ သူ့မျက်နှာက နွမ်းဖတ်လွန်းလှသည်။ကြေကွဲလောင်မြိုက်နေသည်။ တစ်ခုခု ကိုသိရှိနားလည်နေသည်။

“ကိုယ်က တိတိကျကျသမားဖြစ်ပေမယ့် ယဉ်မင်းကိုချစ်နေရရင် ယဉ်မင်းကလဲချစ်နေတယ်ဆိုရင် ပြည့်စုံတယ်ထင်တဲ့လူစားမျိုးပါ ယဉ်မင်း။ ယဉ်မင်းပြောသလိုပဲ မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့လူစားမျိုး ထဲမှာ ကိုယ်မပါ ပါဘူး။ ယဉ်မင်း ဖေဖေပြန်လာရင် ပြသနာတစ်ပွေ့ကြီးပါလာတယ်ဆိုရင်တောင် ကိုယ်က နောက်ရှောင်နေမယ့် လူစားမျိုးထဲမှာပါမယ့် လူစားမျိုးလဲမဟုတ်ဘူး”

“ယဉ်မင်းယုံပါတယ်။ ဒါပေမယ့်။ဖေ့ဖေ့ကိုယဉ်မင်းမေမေက ပြန်လာရင်လက်မခံဘူးတဲ့”
“လက်မခံနိုင်စရာအကြောင်းတော့ရှိတယ်မလား ယဉ်မင်း”
“အင်း ရှိတယ်။ ဖေဖေကျောက်ပွဲစားလုပ်ရင်း အလိမ်ခံရတဲ့ကျောက်ဖိုးတွေအစားဖေဖေ့သူဌေးက ..
“ဆက်ပြောလေ ယဉ်မင်း”
“ဖေဖေ့ သူဌေးက အလျော်မတောင်းပါဘူးတဲ့။ ဒါပေမယ့် ယဉ်မင်းတို့ ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ကို သူလက်ထပ်ယူပါရစေတဲ့”

အသီးကိုလိုချင်၍ ပင်စည်ကိုဆွဲခါလိုက်သည့်အတိုင်းပင်။ ဒါကိုယဉ်မင်းလဲအသေအချာပင်နားလည် ပေလိမ့်မည်။ သူမကို လိုချင်၍ညီအစ်မနှစ်ယောက်ထဲကတစ်ယောက်ဟုပြောလိုက်သည့် စကားဆို တာ ကျွန်တော်လက်တို့ပြောပြစရာလိုမည်မထင်။ သူ့ညီမအငယ်ကိုမငဲ့ကွက်ပဲ သူမ မငြင်းနိုင်သည့် အကြောင်းတရား။

ဘယ်လိုအစ်မကကော သူ့ရဲ့တစ်ဦးတည်းသောညီမလေးကို တစ်ခုလပ်တစ်ယောက်နှင့်သဘောတူ နိုင်ပါမည်လဲ။ သူမှကိုယ်ကျိုးမစွန့်လျှင်။ သူမှလက်မခံလျှင်။ ဒီဝန်ထုတ်ဝန်ပိုးသည် သူ့ညီမအပေါ် တွင် ပိပေတော့မည်။

တော်ရုံတန်ရုံငိုခဲလှသည့် သူမ။ကျွန်တော့်ရှေ့တွင်ပင်ချုံးပွဲချ၍ငိုနေလေပြီ။ စားပွဲပေါ်လက်တင်ပြီး မျက်နှာကိုလက်ပေါ်တွင်ဖွက်၍ ငိုနေသည်မို့ သူမမျက်နှာနီမြန်းနေတာမမြင်နိုင်ပေမယ့် သူမနားနှစ် ဖက်သည် နီမြန်းနေပေပြီ။သူမငိုရှိုက်နေတာကိုသူမတားရက်ပါ။ သူမသည် အိမ်မှာဘာမှမဖြစ်သည့် အသွင်ဖြင့်ဟန်ဆောင်ထိန်းချုပ်၍နေခဲ့ရပေလိမ့်မည်။ကျွန်တော့်ရှေ့ကိုရောက်မှ စိတ်ရှိလက်ရှိငိုရ ပေတော့သည်။ကျွန်တော်သူမကိုနှစ်သိမ့်ပေးစရာစကားရှာမရ။ သူမဘေးတိုးကပ်ထိုင်လျှက် သူမ ပုခုံးကိုအသာပင် ပုတ်ပေးနေမိသည်။ကျွန်တော်သူမကိုဘာများကူညီပေးနိုင်မည်လဲ စဉ်းစား၍မရ။

“ခိုင်လေးလဲ တစ်အားငိုတယ် လင်းလက်ရယ်”

တစ်စတစ်စတိုးတိတ်သွားသည့်ရှိုက်သံဖြင့်ပင်ခေါင်းကိုမော့်ကာ ကျွန်တော့်ကိုတည့်တည့်ကြည့် လျှက်ပြောလေသည်။

“ယဉ်မင်းကတအားညံ့တာပဲ။ ကိုယ့်ညီမတစ်ယောက်လုံးအငိုရပ်အောင်တောင်မချော့တတ်ဘူး”
“ဟုတ်တယ်နော်။ ယဉ်မင်းညံ့တယ်။ ယဉ်မင်းမတော်ဘူး။မေမေကလဲပြောတယ် ဒီအဖေကြောင့်ဒီ သမီးတွေကံကောင်းဖို့လမ်းမမြင်တော့ပါဘူးတဲ့။ မေမေက ပြောသေးတယ်။ သူကတော်တော်ညံ့တဲ့ မိန်းမတဲ့။ ဖေဖေ့ကိုမှရွေးယူမိခဲ့တယ်တဲ့”

ကျွန်တော့်အပြာင်အပျက်စကားသည်ယဉ်မင်းကိုတော်တော်ထိခိုက်သွားပုံပင်။ ငိုရှိုက်သံမပါဘဲနှင့် မျက်ရည်များပိုးပိုးပေါက်ပေါက်လိမ့်ဆင်းလာသည့်ယဉ်မင်းကိုရင်ခွင်ထဲဆွဲထည့်ထားပြီးသည့်အချိန် တွင်တော့ကျွန်တော်ပါရောငိုမိသည်။

ညနေ နေ၀င်ချိန်သည်သာမန်ထက်စောလွန်းနေခဲ့သည်။ယဉ်မင်းကိုပြန်မလွှတ်ချင်ပါဘဲနှင့် ယဉ်မင်း တို့လမ်းထိပ်အရောက်လိုက်ပို့ဖြစ်ခဲ့သည်။ ယဉ်မင်းလဲ ကျွန်တော့်ကိုခါတိုင်းလိုအိမ်အထိလိုက်ခဲ့ဟု မခေါ်။ ကျွန်တော့်မျက်စိရှေ့မှ ယဉ်မင်းပျောက်ကွယ်သွားမှတစ်လမ်းကျော်မှကျွန်တော့်အိမ်ကိုပြန် လာခဲ့သည်။

*************************************************

“ကိုမြင့်မြတ်။ ရှင့်ညီကောင်မလေးလေ လော်ပန်နဲ့ယူတော့မယ်လို့ကြားတယ်။ သူ့အဖေလဲပြန် ရောက်နေတယ်လို့ပြောတယ်”
“အာ စောစောစီးစီးဟာ။ သူများအတင်းလာပြောနေတယ်။ လင်းလက်တောင်ဘာမှမပြောတာ။ မင်း ကို ဘယ်သူကပြောလိုက်ပြန်ပြီလဲ”
“သူတို့တစ်လမ်းလုံးပြောနေကြတာပဲဟာ။ အေးလေ။ ဟိုကလော်ပန်ဆိုတော့ လခစားလင်းလက် ထက်တော့ သာမယ်ထင်မှာပေါ့လေ။ တစ်ခုလပ်ဖြစ်နေတာကပဲဆိုးတာ”
“တော်တော့ဟာ။ စားမှာကောင်းကောင်းမစားရဘူး။ လင်းလက်လဲ ခရီးကပြန်ရောက်လို့အိပ်နေ သေးတယ်။ မင်းဘာမှ သူ့ကိုသွားမပြောနဲ့။ ကြားလား”
“ကြားပါတယ် ကိုမြင့်မြတ်ရယ်ကြားပါတယ်။ ”

ကိုကို့မိန်းမစကားသံကျယ်ကျယ်ကြောင့် ထမင်းစားခန်းနှင့်ကပ်လျှက်အခန်းမှလင်းလက် အိပ်ယာ မှနိုးနေပြီဖြစ်သော်လည်းမထဖြစ်သေးပဲ နားထောင်နေမိသည်။ ယဉ်မင်းလက်ထပ်တော့မည်။ ယဉ်မင်းဖေဖေပြန်ရောက်ပြီ။ တစ်လမ်းလုံးကပြောနေကြသည်။ ထိုစကားတွေသာ နားထဲမှမထွက် တော့။

“ကိုကို.. အလုပ်သွားတော့မှာလား”
“အေးကွ။ ကိုကိုက ညီလေးအိပ်နေသေးတယ်ထင်နေတာ။ မင်းစားပွဲပေါ်ဖုန်းခွန်နဲ့ပိုက်ဆံလာတင် တာကွ။ မင်း အားရင် ဖုန်းခွန်ဆောင်ပေးကွာနော်။ ဒါနဲ့ ပြောရဦးမယ်..”
“မမပြောတာ ဟုတ်ပါတယ်ကိုကို.. သူတို့လက်ထပ်ဖြစ်ကြလိမ့်မယ်”
“ဟေ။ ဒါကိုမင်းဘယ့်နှယ့်ကြောင့်သွေးအေးနေတာတုန်း”

ပြောပြောဆိုဆို လင်းလက်ကုတင်ပေါ်တက်ထိုင်သည့်မြင့်မြတ်ကို လင်းလက်အိပ်ယာမှထကာဆွဲထူ လိုက်သည်။

“စိတ်မပူပါနဲ့ ကိုကိုရာ။ ယဉ်မင်းမရှိလဲဖြစ်အောင် ယဉ်မင်းကညီ့ကို သင်ပေးထားပါတယ်”
“ဘာကွ”
“ကဲပါ။ ရုံးသွားတော့။ ကျွန်တော်ခဏနေရေချိုးပြီး တူလေးကိုကျောင်းပို့မယ်။ ပြီးရင်ဖုန်းခွန်သွား ဆောင်မယ်။ပြီးရင်ယဉ်မင်းနဲ့ ရုပ်ရှင်သွားကြည့်ဖို့ချိန်းထားတယ်”

ကိုကို့ကိုဆွဲထူတွန်းထုတ်ကာ အခန်းပြင်ကိုခေါ်ထုတ်၍ ခပ်ကြောင်ကြောင်ကြည့်နေသည့် ကိုကို့ကို မျက်စိတစ်ဖက်မှိတ်ပြလျှက် အိမ်ရှေ့ခြံဝအရောက် လိုက်ပို့ပေးလိုက်သည်။ ခြံအစပ်အုန်းပင်တွင် ကပ်၍စိုက်ထားသည့် သစ်ခွပင်မှခရမ်းရောင်သစ်ခွပွင့်သည် တစ်ပွင့်တည်းဖြင့်ကြီးလွန်းလှသည်။

ယဉ်မင်းတို့ခြံထဲမှ သစ်ခွပင်ကိုမြင်ယောင်ကြည့်မိသည်။ယဉ်မင်းသည် သစ်ခွပန်းကြိုက်သည်။ သို့ ပေမယ့် အပင်ပေါ်မှာပင်အလှထားတတ်သည်။ ဘုရားလဲမတင် သူလဲမပန်တတ်။ သူမမင်္ဂလာ ဆောင်သည့်အခါတွင်တော့ ပန်းပန်ပေမည်။သူမ သစ်ခွပန်းပန်ချင်သလားဟု ဒီနေ့မေးဖြစ်အောင် မေးရပေလိမ့်မည်။

**************************************************

ရုပ်ရှင်ကြည့်ပြီးအပြန်တွင် ကန်တော်ကြီးပန်းပင်အရောင်းဆိုင်များမှပန်းပင်များကို လိုက်ကြည့်ဖြစ် ကြသည်။ အများဆုံးကြည့်ဖြစ်သည့်ပန်းပင်ကတော့ သစ်ခွပန်းပင်။ပန်းပင်များကိုကြည့်၍ ၀တော့မှ ကန်တော်ကြီးရေစပ်နားမှ နေရိပ်ကျသည့်ထိုင်ခုံတွင်ရွေး၍ထိုင်ဖြစ်ကြသည်။

ကန်ရေပြင်မှတိုက်ခတ်လာသည့်လေသည် သန့်ရှင်းလတ်ဆတ်၍ အသက်ရူလို့ပင်မ၀ချင်။ကိုယ်ကို မတ်မတ်ထား၍ အသက်ကိုရူလိုက်ထုတ်လိုက်လုပ်နေသည့် ယဉ်မင်းကိုကြည့်ကာဘာရယ်မဟုတ် ပြုံးဖြစ်သေးသည်။

“ညောင်းလိုက်တာဟာ”

ညောင်းချင်ဟန်တမင်ဆောင်လျှက် ခပ်မတ်မတ်ထိုင်နေသည့်ယဉ်မင်းပေါင်ပေါ်ကို ခေါင်းတင်အုံး လိုက်သည်။ ငုံ့မိုးကြည့်နေသည့် ယဉ်မင်းကိုမသိချင်ယောင်ဆောင်ကာ ပြာလဲ့နေသည့်ကောင်းကင် ကို ငေးနေမိသည်။ ယဉ်မင်းနှင့်ကျွန်တော်ဘယ်တုန်းကမှ ဒီလောက်ရင်းရင်းနှီးနှီးမနေဘူးခဲ့။ ကျွန် တော့် အပြုအမူကြောင့် ယဉ်မင်းအံ့သြမင်သက်နေပုံရသည်။ ကျွန်တော့်ကိုငုံ့မိုး၍ကြည့်မြဲအတိုင်း ကြည့်နေခဲ့သည်။

“ဘာကြည့်တာလဲ ညောင်းလို့ပါဟ”
“ညောင်းတာ ဒီနားလား။ ဟုတ်လား”

ကျွန်တော့်လည်ပင်းကိုညှစ်ကာမေးသည်မို့ ကျွန်တော်တမင်လျှာထုတ်ပြလိုက်သည်။ ကျွန်တော့် မျက်နှာကို ယဉ်မင်းလက်ဖြင့်ကိုင်ကာဘယ်ဘက်သို့စောင်းစေလျှက် နားသယ်စပ်မှဆံပင်ကို ဆွဲနှုတ် နေသည်သည်။ ယဉ်မင်း လက်ထဲမှာပါလာသည့်ဆံပင်သည်လက်တစ်ဆစ်စာမရှိတရှိဆံပင်ဖြူလေး ဖြစ်သည်။ တစ်ခါ ယဉ်မင်းပြောသည့် ဆံပင်ဖြူလေးပင်ဖြစ်ပေလိမ့်မည်။ ရင်ဘတ်ပေါ်တင်ထား သည့်ကျွန်တော့်လက်ခုံပေါ်သို့ ဆံပင်ဖြူအမြစ်ကိုတင်ထားလျှက် ကျွန်တော့်ခေါင်းထဲမှဆံပင်ဖြူတွေ ဆက်ရှာနေပုံရသည်။

ကိုယ့်ခေါင်းကိုယ်ခေါင်းဖီးနေသည့်သူကမသိပဲ သူမကမြင်ဖြစ်အောင်မြင်ခဲ့သည့်ဆံပင်ဖြူ။ခုလည်း ခေါင်းကိုဘယ်ဘက်ညာဘက်ယိမ်းခိုင်းလျှက် ဆံပင်ဖြူရှာနေပြန်သည်။စိတ်ဝင်တစားဖြင့် ဆံပင်ဖြူ ရှာနေသည့် ယဉ်မင်းမျက်နှာသည်ဝင်းပကြည်လင်လျှက် ဘာကိုမှသတိမထားဂရုမစိုက်သည့် ဟန် ဖြင့်ဖြစ်သည်။

“အရောင်ထဲမှာ လင်းလက်ဘာအရောင်ကိုအကြိုက်ဆုံးလဲ”
“အဖြူရောင်”
“အင်း ဒီလိုဖြေမယ်မှန်းတော့လဲ သိထားပါတယ်။ ယဉ်မင်းကောလို့မေးလေ။ ဘာကြောင်ကြည့်နေ တာလဲ”
“အော် အင်း။ ယဉ်မင်းကော ဘာအရောင်ကြိုက်လဲ”
“မိုးပြာရောင်”
“မိုးပြာရောင် ကြိုက်တယ်လဲပြောသေးတယ်။ တစ်ခါမှလဲဝတ်တာမတွေ့ဖူးဘူး”
“ငတုံးလေး။ အဲ့ဒါကြိုက်လွန်းလို့မ၀တ်တာပေါ့ဟ”
“အော် အဲ့လိုလား။ ဒါဆို မကြိုက်ဆုံးအရောင်က ဘာအရောင်လဲ”
“အဖြူရောင်”
“ဘာလို့လဲ။”
“အညစ်အပေအစွန်းအထင်းမခံလို့လေ”

မေးလိုက်ဖြေလိုက်ဖြင့်နှစ်ယောက်သားတောင်စဉ်ရေမရ စကားတွေဖြင့်တစ်ယောက်ရင်ထဲတစ် ယောက် တွေးစမိနေသည်။တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်နေမိကြသည်။ တစ် ယောက်မျက်နှာကိုတစ်ယောက်အလွတ်ကျက်နေသည့်ပုံစံဖြင့်စက္ကန့်ပိုင်းအနည်းငယ်လောက် ငြိမ် သက်တိတ်ဆိတ်။ကျေးငှက်အော်သံတွေမကြားတော့။ စုံတွဲတွေကိုလိုက်ချောင်း လိုက်နောက်လုပ် နေကြသည့်အော်သံသည် ကိုယ်နှင့်မသက်ဆိုင်သလို။ အသက်မျှင်းမျှင်းရှုဖြစ်ခြင်းသည်လည်း မေ့လျော့သွားသလိုပင်။ ဘာကိုမှ အမှတ်မရချင်တော့။ ဘာကိုမှဂရုမစိုက်မိတော့။

မျက်ခုံးပါးပါးအောက်က စူးရှရှမျက်လုံး။နှာခေါင်းချွန်ချွန်ကလေး၊ နှုတ်ခမ်းအိအိထွေးထွေးလေး။ မျက်နှာကျရှည်ရှည် သွယ်သွယ်လေးကိုသော်လည်းကောင်း ကျွန်တော်မေ့နိုင်တော့မည်မထင်ပါ။ ယောင်ယမ်းကာဆန့်ထုတ်လိုက်သည့်ကျွန်တော့်လက် ယဉ်မင်းမျက်နှာနားအရောက်တန့်သွား သည်။ လေထဲမှာရပ်နေသည့် ကျွန်တော့်လက်ကိုယဉ်မင်းလက်တစ်ဖက်ဖြင့်ဆုပ်ကိုင်ထားလျှက် ကျန်လက်တစ်ဖက်ဖြင့် ကျွန်တော့်ခေါင်းမှဆံပင်တွေကိုသပ်တင်နေသည်။

“မဟာနဖူးဆိုတာ ဒါကိုပြောတာထင်ပါရဲ့နော်။ အကျယ်ကြီးပဲ။”

မျက်တောင်တဖျတ်ဖျတ်ခတ်၍ ပြောမိပြောရာပြောလျှက် ယဉ်မင်းကျွန်တော့်စိတ်ကိုစတင် ခေါက် သိမ်းနေပေပြီ။ အပြုံးတစ်ဝက်အမဲ့တစ်ဝက်ဖြင့်သူမမျက်နှာသည် ဂရုဏာသက်စရာပင်ဖြစ်လို့နေ သည်။ တစ်သက်စာဆုံးရှုံးရတော့မည့် ချစ်သူမျက်နှာကိုတစ်ဝကြည့်ပြီးပြီမို့ လင်းလက်လှဲနေရာမှထ ထိုင်လိုက်သည်။

“ယဉ်မင်း ကိုယ့်ကို သီချင်းဆိုပြပါလား”
“ကမ္ဘာမကြေသီချင်းဆိုပြရမလား”
“ ဟ.. အဲ့ဒါကိုယ်နားထောင်ချင်တဲ့သီချင်းမှမဟုတ်တာကွ။”
“သိဘူးလေ။ သီချင်းဆိုကမ္ဘာမကြေပဲရတာကိုးလို့”
“ကဲ နားထောင်။ ကိုယ်နားထောင်ချင်တဲ့ သီချင်းကိုယ်ဆိုပြမယ်”
“ဟားဟားဟား”
“ဘာရီတာလဲ ယမမင်း”
“ရီစရာကောင်းလို့ပါ။ ကိုယ်နားထောင်ချင်တဲ့သီချင်း ကိုယ်ဆိုပြရတဲ့သူဆိုလို့ လင်းလက်ပဲရှိမှာကို တွေးမိလို့ရီတာ”

ယဉ်မင်းပြောလဲပြောစရာပင်။ ကျွန်တော့်အဖြစ်ကအူကြောင်ကြောင်ဖြင့်တစ်ကယ်ရီစရာကောင်း နေသည်။ကိုယ်ကနားထောင်ချင်သော်လည်း သူမှသီချင်းမရတာ ဒီလိုမလုပ်လို့ဘယ်လိုလုပ်မတုန်း နော်။ ပြောင်စပ်စပ်ယဉ်မင်းမျက်နှာကိုအသည်းယားလှသည်မို့ ယဉ်မင်းနှာခေါင်းကိုဆွဲညှစ်လိုက်မိ သည်။

“ကဲ နားထောင် ဆိုပြမယ်”
“ဤကမ္ဘာမြေပေါ်တစ်လွှားမယ် .....သူငါများတို့ရယ်...အလှနဲ့သစ္စာကိုကွယ် ဖွေရှာမောကြတယ် တစ်ကယ်မမောပမ်းစေရန်ကိုကွယ် ပြော ပြောပြမယ်။ ကိုယ့်ဌာနေ၀န်းကျင်မှာကွယ်.. တကယ်ကို အလှရှိတယ်.. စုံမြိုင်ခြေဂနိုင်မြေလမ်း အထွေထွေဆန်းပြားကြွယ်.........သဘာဝရဲ့ လှဟန်တွေ ရယ် ထုံကြည်သင်းပျံ့တယ်......တကယ်အလှရဲ့ မူမှန်ကိုကွယ် တွေးကာငေးကြည့်ဖွယ်..ကမ္ဘာ့ တန် ဆာမိခင်မြေ၀ယ် ပုံပန်းချီရေးသည့်နှယ်........ဒီဘုံဗွေကြုံလေသမျှရယ် သဘာဝတရားအလှရယ်.... သဘာဝရဲ့သစ္စာမြေရယ်....ခိုင်မာမြဲအမြစ်တွယ်...တဒင်္ဂအလှဆိုတာတွေရယ် ပေါကြွယ်လွန်းလှ တယ်....တကယ့်အလှနဲ့ သစ္စာမှာကွယ် သဘာဝအခင်းဖြစ်တယ်”
“ထပ်ဆိုဦးလေ။ နောက်တစ်ကျော့”
“မဆိုချင်တော့ဘူး။ အဲ့ဒါ ဘယ်သူရေးပြီးဆိုတာလဲသိလား ယဉ်မင်း”
“မသိဘူး ပြောပြ”
“ရေးတဲ့သူက အေ၀မ်းစိုးမြင့်။ ဆိုတဲ့သူက ၀င်းဦး”
“၀င်းဦး ဟုတ်ပါဘူး။ ခုနကဆိုတာ လင်းလက်ပါ။ ပြစမ်းလင်းလက်နှုတ်ခမ်းမွှေးတွေပေါက်လာပြီ လား”

ဘေးတစ်စောင်းအနေအထားဖြင့်ရှိနေသည့်လင်းလက်မျက်နှာကို သူမဖက်သို့ဆွဲလှည့်ယူသည်မို့ အလိုက်သင့်ပင် လင်းလက်ငဲ့ကြည့်လိုက်သည်။အပြောင်အပျက်စကားဖြင့် မလိုက်ဖက်စွာသွေး ဆုတ်ဖြူလျော်နေသည့်မျက်နှာ။ တစ်ခုခုကိုပြောဖို့အားယူနေဟန်ဖြင့် ခပ်ဟဟပါးစပ်။ သူမမပြော ခင် သူတစ်ခုခုပြောရပါလိမ့်မည်။သူဘာပြောသင့်သလဲ။စဉ်းစားစမ်း လင်းလက်။ မင်းစဉ်းစားစမ်းပါ။

“ကိုယ်လက်ထပ်တော့မယ် ယဉ်မင်း။ကိုယ်တို့လမ်းခွဲကြစို့နော်။ ကိုယ်မင်းကိုတစ်ကယ်.. တစ်ကယ် ချစ်ခဲ့တာပါ”

ကျွန်တော်ချစ်မြတ်နိုးလှသည့် သူမကိုသစ္စာမဲ့သူကျွန်တော်အဖြစ်မခံနိုင်ပါ။ကျွန်တော်ကိုတိုင်ပင် သစ္စာမဲ့သူဖြစ်စမ်းပါစေတော့။လက်ထပ်မယ့်သူမရှိပါဘဲ ခပ်တည်တည်ပင်လိမ်လိုက်သည်။ ကျွန် တော့်ဘက်ကစတင်ပြောသည့် လမ်းခွဲစကားကြောင့်သူမစိတ်သက်သာရာရပါစေတော့။ အသုံးမ၀င် တော့သည့် ချစ်တယ်ဆိုသည့်စကားဖြင့် နောက်ဆုံးအကြိမ်ယဉ်မင်းကိုချွေးသိပ်မိသော်လည်း ယဉ်မင်း မျက်နှာပေါ်တွင်မျက်ရည်စီးကြောင်းကျိုးကျေလေပြီ။

ပါးပြင်ပေါ်မှမျက်ရည်တွေကိုအနိုင်နိုင်သုတ်နေလျှက်က တစ်ကိုယ်လုံးနတ်ပူးသလိုသိမ့်သိမ့်တုန်ငို ရှိုက်နေသည့် ယဉ်မင်းကိုမကြည့်ရက်တော့။ပေါင်ပေါ်လက်ထောက်ထိုင်လျှက် လက်ဖ၀ါးနှစ်ဖက် ထဲသို့ လင်းလက်မျက်နှာကိုထည့်ဖွက်ထားမိသည်။ယဉ်မင်းငိုတာကိုမတားဆီးမိသလို ကိုယ်ကိုတိုင် လဲ ခိုးဝှက်၍ငိုနေရသည့်အဖြစ်။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှအရာတွေကို ဒီတစ်ကြိမ်တွင်စုပုံမုန်းပြစ်လိုက် သည်။

လင်းလက်ကျောပေါ်လာတင်သည့်ယဉ်မင်းလက်ကြောင့် လက်ဖ၀ါးထဲမှမျက်နှာကိုထုတ်ကာ ယဉ် မင်းကိုငဲ့ကြည့်လိုက်သည်။ ကြိုးစားသုတ်ထားသည့်မျက်ရည်များကြားမှ ယဉ်မင်းမျက်နှာလေးသည် မျက်နှာသစ်ထားသူလို စိုစွတ်နေသည်။ မျက်နှာပြင်မှာ နီတွတ်နေသည်။အပြုံးရယ်ဟု မပီပြင်သည့် အပြုံးမျိုးဖြင့်ကြိုးစားပြုံးပြနေသည့် ယဉ်မင်းကိုကျွန်တော်မကြည့်ရက်။

“ယဉ်မင်းသာ ဒီလိုမျိုးဇာတ်ဝင်ခန်းကိုရေးမယ်ဆိုရင် လင်းလက်လို စကားတွေဇောက်ထိုးမပြော ဘူး။ သိလား လင်းလက်။”

ယဉ်မင်းဘာဆက်ပြောမလဲသိချင်တာကြောင့်အသာငြိမ်နေလိုက်သည်။

“ကိုယ်မင်းကို တစ်ကယ်ချစ်တာပါ။ ဒါပေမယ့် ကိုယ်တို့လမ်းခွဲကြစို့။ ဘာလို့လဲဆိုတော့ ကိုယ်လက် ထပ်တော့မယ်ဆိုရင် ...ပိုပီပြင် အစီစဉ်ကျတာပေါ့ လင်းလက်ရဲ့”

ယဉ်မင်းစကားကြောင့် ကျွန်တော်အသံထွက်ရီလိုက်မိသည်ထင်သည်။ ယဉ်မင်းလဲလိုက်၍ရီ၏။ကဲ ကြည့်စမ်းပါဗျာ။ ကျွန်တော့်ချစ်သူပိုးဟပ်ဖြူ ယမမင်းလေးကအချိန်ကောင်းရောက်တိုင်း ရီစရာ ပုံ ပြင်တစ်ပုဒ်တော့ထထပြောတတ်လေရဲ့။ ကျွန်တော်စိတ်ရှုပ်တိုင်း ဘယ်စကားကိုဘယ်လိုဟာသ လုပ် ရီမောနိုင်စေမလဲဆိုတာ သူမကောင်းကောင်းသိတယ်။ သူမကကျွန်တော့်ရဲ့ဂျိုကာမလေးပါ။ သူမကသာ ကျွန်တော့်စိတ်တံခါးကိုဖွင့်လဲဖွင့်နိုင်ပိတ်လဲပိတ်နိုင်တဲ့သူပါ။ သူမကသာကျွန်တော့်ရဲ့ တစ်ဦးတည်းသောချစ်သူပါ။

ကျွန်တော့်ညာဖက်မျက်လုံးမှလိမ့်ဆင်းသွားသည့်မျက်ရည်စကို ယဉ်မင်း၏ဘယ်ဘက်လက်ဖြင့် လှမ်းတို့သုတ်ပေးလေသည်။ ယဉ်မင်းလက်ကိုကျွန်တော်လက်နှစ်ဖက်ဖြင့်ဆုတ်ကိုင်လျှက် သူမ လက်ကိုမထိအောင်နမ်းရှိုက်လိုက်မိသည်။ ပထမဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါသည်။

“ယဉ်မင်း ဘ၀မှာ.ကိုယ်မရှိလဲဖြစ်တယ်မလား ယဉ်မင်း”
“ဖြစ်ပါတယ်.. ”

ခေါင်းတဆတ်ဆတ်ငြိမ့်ပြလျှက် အတုန့်အဆိုင်းမရှိယဉ်မင်းဖြေလေ၏။ စီးကျနေသည့် တစ်ယောက် ပါးပြင်မှမျက်ရည်ကို တစ်ယောက်သုတ်ပေးလျှက်ပြိုင်တူရီမောမိကြသည်။ဘယ်ဘက်ရင်ခွင်ထဲခိုဝင် လာသည့်ယဉ်မင်းကိုအသာထွေးပိုက်ထားလျှက် လင်းလက်သက်ပြင်းမောကို အသာမှုတ်ထုတ် လိုက်သည်။

ယဉ်မင်းမျက်နှာအပ်ထားသည့်ဘယ်ဘက်ရင်အုံနားဆီမှပူနွေးစိုစွတ်မှုကြောင့် ယဉ်မင်းတိတ်တိတ် မျက်ရည်ကျနေမှန်းလင်းလက်ခံစား၍ရသည်။ဘ၀ဇာတ်ဆရာသည် ဇာတ်သိမ်းခန်းကိုတွန်းပို့လိုက် လေပြီ။ ဒီနေ့အားရအောင်ငိုပါမှ မနက်ဖန်ဘ၀ကိုအသစ်စနိုင်တော့မည့်ပုံစံဖြင့် ယဉ်မင်းတိတ်တိတ် ငိုနေသည်။လင်းလက်ဆိုသည့် ကျွန်တော်သည်လည်းမျက်ရည်မကျပဲငိုနေမိသည်။

********************************************************
အဖြူရောင်ပိုးဝမ်းဆက်သတို့သမီးဝတ်စုံဖြင့် ယဉ်မင်းသည်ကြည့်၍ကောင်းလွန်းလှသည်။ဖြူဖျော့ ဖျော့အသားရောင်သည် အဖြူရောင်ပိုးဝတ်စုံအောက်မှာပို၍အသက်ဝင်နေသယောင်။ ယဉ်မင်း လက်ကိုတွဲချိတ်ထားသည့် သတို့သားလောင်းကိုလင်းလက်ခုအချိန်ထိမကြည့်ဖြစ်သေး။ မျက်နှာ ချင်းဆိုင်မှယဉ်မင်းမျက်နှာကိုသာ စိုက်ကြည့်နေမိသည်။မျက်ခုံးပါးပါးလေးကိုပင့်ကာပြန်စိုက်ကြည့် နေသည့်ယဉ်မင်းမျက်နှာတွင် အဖြူရောင်အသားအရည်နှင့်လိုက်ဖက်စွာ အေးစက်ငြိမ်သက်နေ သည်။ဘာဆံထုံးပုံစံမှန်းမသိထုံးထားသည့် ယဉ်မင်းခေါင်းတွင်ပန်းတစ်ပွင့်ပင်တင်၍ပန်မထား။

ခန်းမဆီမှလွင့်လာသည့် အခါတော်ပေးမင်္ဂလာသီချင်းသံကြောင့်ထင်သည် ယဉ်မင်းတို့စုံတွဲကျွန် တော့်ကိုကွေ့ဝိုက်၍ကျော်ကာ ခန်းမထဲကိုတစ်လှန်းချင်းလှမ်းဝင်နေပြီ။ ကျွန်တော့်လက်ထဲမှာ ယ္ခု တိုင် ဖွဖွဆုတ်ကိုင်ထားသည့်တစ်ပွင့်တည်းသောအဖြူရောင်သစ်ခွပန်းကို သူ့ကိုပေးဖို့ယူလာသည်မို့ ပန်းကိုမြှောက်ပြလျှက် ယဉ်မင်းတို့နောက်မှပင် ခန်းမထဲယောင်ယမ်းလိုက်ဝင်မိသည်။

ယဉ်မင်းတို့စုံတွဲကရှေ့မှလျှောက်၍ ကျွန်တော်ကနောက်မှလိုက်ကာမင်္ဂလာစင်မြင့်နားသို့ပင် ရောက်လာပြီဖြစ်သည်။ ကျွန်တော်ပန်းကိုကိုင်ကာပင် ယဉ်မင်းကျောကိုစိုက်ကြည့်နေမိသည်။ မခေါ်ပါပဲ ပြန်လှည့်ကြည့်လာသည့်ယဉ်မင်းခေါင်းဘယ်ဘက်တွင် ပန်းဖြူတစ်ပွင့်အလိုလိုရှိနေ ပြန်သည်။ ကျွန်တော့်လက်ထဲမှပန်းကိုငုံ့ကြည့်မိတော့ လက်ထဲမှာဘာပန်းမှရှိမနေတော့။ ဒါဆို ယဉ်မင်းပန်ထားသည့်ပန်းကကျွန်တော်ပန်စေချင်သည့်သစ်ခွပန်းပေါ့။

ဝမ်းသာစိတ်ဖြင့် ယဉ်မင်းကိုကျွန်တော်လှိုက်လှိုက်လှဲလှဲပြုံးပြလိုက်မိသည်။ ခေါင်းပြန်လှည့်သွား သည့် ယဉ်မင်းရှေ့သို့တစ်လှမ်းတိုးလျှောက်ပြီးချိန်တွင် ယဉ်မင်းညွှတ်ခွေ၍ကြမ်းပြင်ပေါ် ပုံကျသွား လေသည်။ လင်းလက်ချက်ချင်းပင် ယဉ်မင်းနားတိုးလျှောက်သွားလိုက်သည်။ အိုမြတ်စွာဘုရား အဖြူရောင် သတို့သမီးဝတ်စုံသည်မြင်မကောင်းစရာသွေးတွေဖြင့်နီရဲနေပေပြီ။

“ယဉ်မင်း.. ယဉ်မင်းရေ”
“ညီလေး .. ညီလေး သတိထားပါကွ။ ညီလေးရာ”
“အင်..ယဉ်မင်းရော။ ယဉ်မင်းဘယ်မှာလဲ။ ခေါ်ပေးပါ။ ခေါ်ပေးကြပါ။”
“ဘာ ယဉ်မင်းမှ မရှိဘူး။ ဟေ့ကောင် င့ါကိုစိတ်တိုအောင်မလုပ်နဲ့။ သတိထားစမ်း။ ကြားလား”

ကျွန်တော့်ကိုယ်ကိုတစ်စုံတစ်ယောက်လှုပ်ခါနေသည်မို့မျက်လုံးကိုအားယူဖွင့်ကြည့်ဖြစ်သည်။ အမြင်သည်မပီပြင်နိုင်သေး။ ကျွန်တော့်ပုခုံးကိုကိုင်လှုပ်လျှက် လူတစ်ယောက်ကျွန်တော့်ကို ငုံ့မိုးကြည့်နေသည်။ တိုသူသည်..

“ကိုကို”
“အင်း ဟုတ်တယ် ကိုကိုပဲ ညီလေး။ မင်းသက်သာလား။ မင်းသတိရပြီလား”
“ယဉ်မင်းကော.. ယဉ်မင်းကိုယ်ပေါ်မှာသွေးတွေနဲ့ကိုကို။ သွေးတွေနဲ့။ သူဘယ်မှာလဲ”
“သတိထားစမ်းပါညီလေးရာ။ ယဉ်မင်းမှ မရှိဘဲ။ မင်းငှက်ဖျားသည်းလို့ မင်းတို့အဖွဲ့မင်းကို ရန်ကုန်ု ရောက်အောင် ခေါ်လာပြီးဆေးရုံကြီးမှာ မင်းကိုတင်ထားတာလေ။ မင်းသတိလစ်နေတာကြာပြီကွ”

စိတ်တို၍ခပ်ဆတ်ဆတ်ပြောသည့်ကို့ကို့မျက်နှာတွင်ဒေါသရောင်လဲ့နေပြီဖြစ်သည်။ ကျွန်တော့်နှုတ် က ယဉ်မင်းဟုထုတ်ခေါ်တာကို ကိုကိုကြားချင်ပုံမရ။ ကျွန်တော်အိပ်မက်ဖြင့်စိတ်စွဲကာ ယဉ်မင်းကို ယောင်ခေါ်မိ။ စိတ်ပူမိခြင်းဖြစ်ပေမည်။ဟုတ်မှာပါ။ယဉ်မင်းလက်ထပ်သွားတာ တစ်နှစ်ကျော်ပင် ရှိတော့မည်။ ကျွန်တော်စိတ်ပူအော်ခေါ်မိသည့် သွေးတွေဖြင့်ခန်းမထဲမှာလဲနေသည့်ယဉ်မင်းသည် ခုမှမင်္ဂလာ ဆောင်နေခြင်းဖြစ်သည်။

“ဘာရီတာလဲ မင်း”
“ဘာမှမရီပါဘူး ကိုကိုရ။ စိတ်မပူနဲ့တော့။ညီသက်သာပါပြီ”
“စိတ်မပူလို့ရမလား။ ကိုကို့မှာဒီညီတစ်ယောက်တည်းပဲရှိတာဟာ”
“ဟုတ်ကဲ့ပါ။ မမကော ကိုကို”
“အော် ရပ်ကွက်ထဲက မဖြစ်မနေသွားရမယ့် မင်္ဂလာဆောင်သွားတယ်။”
“ဘယ်သူ့မင်္ဂလာဆောင်လဲ ကိုကို”
“ခိုင်မင်း။ ကဲကဲ မင်းနားဦး”

မဖြေချင်သည့်ပုံစံဖြင့် ခပ်ဆတ်ဆတ်ဖြေလျှက် အိပ်ယာပေါ်မှထဖို့ပြင်နေသည့်ကျွန်တော်မထနိုင် အောင်ဖိတွန်းထားသည်မို့ အသာပင်ပြန်လှဲချလိုက်သည်။ မအိပ်ချင်တော့သော်လည်း မျက်လုံးကိုစုံ မှိတ်ထားလျှက်ကပင်တွေးဖြစ်သေးသည်။ခိုင်မင်းလေးတောင်မင်္ဂလာဆောင်ပြီဆိုပါလား။

၂နှစ်ဆိုသည့်ကာလတစ်ခုက ကျွန်တော့်အတွက်တော့ဘာမှမဟုတ်ခဲ့။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်လိုက်၊ရုံးလုပ်ငန်းတွေလုပ်လိုက်။ နယ်တွေဆင်းလိုက်၊ရန်ကုန်ပြန်တက်လာလိုက်ဖြင့် ဘ၀က ပြည့်စုံလုံလောက်၍ ပိုနေမြဲကျားနေမြဲအတိုင်းသာ။ ခရီးသွားခြင်းကိုနှစ်သက်တတ်သည့်ကျွန်တော် ခရီးတွေသွားခဲ့သည်။ကျွန်တော်တတ်နိုင်သည့်ခွန်အားဖြင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ခဲ့သည်။ စိတ်ဒဏ်ရာဗလပွဖြင့် နောက်ကျိနေသည့်ကျွန်တော့်စိတ်တွေတောင် တော်တော်လေးအနည်ထိုင် ခဲ့ပြီ။ နှစ်ကာလက ခံစားချက်ကိုတွန်းတိုက်ဖြိုဖျက်ပြစ်၍လား။ ကျွန်တော့်ခံစားချက်၊ကျွန်တော့်ဘ၀တစ်ခုလုံး ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ သာဖုံးအုပ်ထားမိလို့လား။ သေချာတာကတော့ ကျွန်တော့် ဘ၀ကိုတစ်စုံတစ်ဦးမရှိလဲထူရပ်နိုင်ခဲ့သည်သာ။

ယဉ်မင်းကော ဘယ်သို့ရှိပါမည်နည်း။ ကျွန်တော်နှင့်ယဉ်မင်း အဆက်အသွယ်လုံးလုံးမရှိတော့ သည်မို့ ယဉ်မင်းအဆင်ပြေသည်ဟုသာ ပတ်ဝန်းကျင်မှရိုက်ခတ်လာသည့်သတင်းဖြင့် ကျိတ်၍ပီတိ ဖြစ်ရသည်။ယဉ်မင်းကိုလူချင်းမဆုံဖြစ်ပေမယ့် သူမကိုယ်တိုင်မောင်းနှင်သွားသည့် ကားနီလေးပေါ် တွင်တော့ တစ်ကြိမ်လှမ်းမြင်ဖြစ်လိုက်သေးသည်။ အဲ့ဒီ့တစ်ကြိမ်မှာသူမကကယ်ဆယ်ရေးလုပ်ငန်း အတွက် တစ်ယောက်တည်းငွေလာလှူခြင်းဖြစ်သည်။ သူမကငွေလှူပြီးကားမောင်းအထွက် ကျွန် တော်က ကယ်ဆယ်ရေးလုပ်ငန်းတွင်ပေးလှူမယ့်ပစ္စည်းစာရင်းစာရွက်ယူဖို့လာရင်း လမ်းဖြတ်ကူးဖို့ စောင့်နေသည့်အချိန်လှမ်းမြင်ခြင်း။ နောက်ပိုင်းမန္တလေးတွင်အခြေကျနေသည့်သူမ ရန်ကုန်ရောက် တိုင်းအကြိမ်ကြိမ်ငွေလာလှူသည်ဟုသိရသော်လည်း ကျွန်တော်နှင့်မဆုံဖြစ်တော့။

ကျွန်တော့်ဘ၀သည် ထိုမျှနှင့်ပင်ကျေနပ်စရာကောင်းနေပေတော့သည်။ သူမလိုလူချမ်းသာတွေ ထည့်လှူသည့်ငွေဖြင့် ကျွန်တော်လိုခွန်အားသာစိုက်ထုတ်နိုင်သည့်လူတွေ ကျေကျေနပ်နပ် ခရီး တွေသွားဖြစ်နေကြသည်။

ယဉ်မင်းနဲ့ကျွန်တော်သည် သာမန်ခရီးသွားဖော်တွေဖြစ်နေခဲ့ပြီ။သူမသည်ကားရှေ့ခန်းမှ အေး အေးဆေးဆေးခရီးသွားလျှက် ကျွန်တော်ကကားနောက်ခန်းမှ တွဲလွဲခိုလိုက်နေခြင်းမျိုးလဲဖြစ် ကောင်းဖြစ်နိုင်ပါသည်။မည်သို့ပင်ဖြစ်ပါစေ ယဉ်မင်းကောကျွန်တော်ပါရောက်ချင်သည့်ခရီးသည် ကယ်ဆယ်ရေးခရီးပင်မဟုတ်ပါလား။

******************************************************

တောင်စဉ်ရေမရအတွေးတွေဖြင့် ဘယ်အချိန်ပြန်အိပ်ပျော်သွားသလဲမမှတ်မိတော့။ပြန်နိုးလာ သည့်အချိန်တွင်တော့ ညနေနေပင်အတော်စောင်းနေပေပြီ။ လက်မှတို့လို့တွဲလောင်း အပ်တွေ ပိုက်တွေကို ဘယ်အချိန်လာဖြုတ်ယူသွားမှန်းပင်မသိလိုက်။

ကုတင်ပေါ်မှအသာဆင်းကာ အနည်းငယ်သောလူနာကုတင်တွေကိုကျော်ဖြတ်လျှက် အခန်းပြင် ထွက်လာမိသည်။ တစ်ချိန်လုံးအိပ်ထားသည်မို့လားမပြောတတ် အကျောတွေတောင့်တင်းကာ အညောင်းမိနေသူလိုပင်ဖြစ်နေသည်။အညောင်းပြေအောင် ဟိုဒီလျှောက်လျှက်ငေးမောနေမိသည်။

အရေးပေါ်ခွဲစိတ်ခန်းဟုရေးထားသည့် ဆိုင်းပုဒ်ကိုမော့်ကြည့်ဖတ်မိနေချိန်တွင် နောက်မှ တကျီ ကျီ သံဖြင့်လူနာတင်ကုတင်ကိုအပြေးတစ်ပိုင်းသယ်ယူလာသည့် နာ့စ်တွေဆရာဝန်တွေကြောင့် ဘေးကိုအသာရွှေပေးလိုက်ပြီးလူနာကိုလှမ်းကြည့်မိသည်။ လူနာသည် တစ်ယောက်တည်းမဟုတ်။ ရှေ့မှခေါ်လာသည့်လူနာမှာ သွေးအလိမ်းလိမ်းဖြင့်ခပ်သွယ်သွယ်မိန်းမတစ်ဦး။နောက်မှလူနာမှာ ခပ်၀၀ ယောင်္ကျားလူနာ။

ခပ်သွယ်သွယ်မိန်းမ၏ကုတင် ကျွန်တော့်ရှေ့မှဖြတ်သွားချိန်တွင်စပ်စပ်စုစုစိတ်ဖြင့်ငုံ့ကြည့်မိလိုက် သည်။ ဖြူဖျော့ဖျော့အသားအရည်။ ပါးလွှာသည့်မျက်ခုံးတစ်စုံ။ စူးရှသည့်မျက်လုံးတစ်စုံနှင့် ကျွန်တော် အကြည့်ချင်းဆုံမိသည့်အချိန်တွင်တော့ အရေးပေါ်အခန်းထဲထည့်ဖို့တွန်းယူနေသည့် ကုတင်ကို အားကုန်ခြေကန်၍ဆွဲထားမိတော့သည်။

“ဟဲ့ ဒါဘာလုပ်တာလဲ။ လူနာအရေးကြီးနေတယ်လေ။ သိလို့လားသူနဲ့။ သိရင်လဲ ဒါအသဲအသန် လူနာဆိုတာနားလည်လေ”

“ယဉ်မင်း.. ယဉ်မင်း.. ဟုတ်တယ် ငါလေ ငါ.. လင်းလက်။ နင် နင် ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ”

“လင်းလက်”

တိုးတိုးလေးမှ တကယ့်တိုးတိုးလေးပါ။ နှုတ်ခမ်းလှုပ်တယ်ဆိုရုံလေးခေါ်တာပါ။ မချိမဆန့်ခံစားနေရ သည့်ဝေဒနာတွေကြားမှကျွန်တော့်ကို ပြုံးပြသည့်သူမအပြုံးသည်အပြည့်ဝဆုံးအပြုံးပင်ဖြစ်သည်။ သူမပါးပြင်ပေါ်သို့ မျက်ရည်တစ်ပေါက်ပြေးဆင်းလာသည်။မျက်ရည်သုတ်ပေးဖို့လှမ်းလိုက်သည့် ကျွန်တော့်လက်ကိုရောကျွန်တော့်ကိုပါ ဘယ်သူတွေဝိုင်းချုပ်လိုက်ကြသည်မသိ။ ယဉ်မင်းကို တင် ထားသည့် ကုတင်အရေးပေါ်အခန်းထဲရောက်သွားလေပြီ။

ရှိသမျှအားဖြင့် အားကုန်ရုန်းကန်သော်လည်း အချီးအနှီးသာ။ နေကောင်းကာစ အားအင်မပြည့်ဖြိုး သေးသည့်ကျွန်တော် လှုပ်ရှားရုန်းကန်သလောက်မောပမ်းလွယ်လွန်းလှသည်။ အရေးပေါ်အခန်း တံခါးကိုသာစိုက်ကြည့်လျှက် တစ်စတစ်စငြိမ်သက်သွားသည့်ကျွန်တော့်ကို ဘယ်သူကမှအတင်း ဖမ်းချုပ်မထားတော့။ ကြမ်းပြင်ပေါ်တွင်ထိုင်ချလျှက် အရေးပေါ်အခန်းကိုသာကြည့်နေမိသည်။ မောကြီးပမ်းကြီးဖြင့်မှီထားသည့်နံရံသည်ပင် ခိုင်ခံ့သည်မထင်မိတော့။

မိနစ်တော်တော်များများကိုကျော်ဖြတ်လွန်မြောက်ပြီးချိန်တွင်တော့ ဖြတ်ခနဲပွင့်လာသည့်ခွဲစိတ်ခန်း တံခါးမှတာဝန်ကျဆရာ၊ဆရာမများသည် တွန်းလှည်းတစ်ခုကိုတွန်းထုတ်ယူလာသည်။ ထိုတွန်းလှဲ ပေါ်မှ အဖြူရောင်အ၀တ်စဖြင့်ဖုံးအုပ်ထားသည့်လူနာသည် သွယ်သွယ်လျလျ။

ရင်ခုန်သံသည် အဆမတန်ဖိစီးနှိပ်စက်လေပြီ။ စိုးရွံ့မှု။ထိခိုက်နာကျင်သည့်စိတ်ဖြင့်ပင် အ၀တ်စ ကိုမတင်ကြည့်လိုက်သည်။မတင်ထားသည့်အ၀တ်စကို လွှတ်ချပြစ်ဖို့သတိမရတော့။ ငုံ့မိုးကြည့် နေမိသည့် မျက်နှာလေးသည် နီးလာလိုက်၊ဝေးသွားလိုက်။ပီပြင်လာလိုက်၊မှုန်ဝါးသွားလိုက်ဖြင့် ပြိုကျလာသည့်မျက်ရည်တွေကို မတားဆီးနိုင်တော့။

ဖားလျားချထားသည့်ဆံပင်ရှည်တွေက အပြာရောင်ခင်းစတွန်းလှည်းပေါ်မှာ ငြိမ်သက်လဲလျောင်း နေသည်။ မျက်လုံးအစုံသည်စေ့ပိတ်လျှက်ရှိနေသည်။မျက်တောင်တွေမှာမျက်ရည်စတွေ အနည်း ငယ်ကပ်ငြိထင်ကျန်နေသေးသည်။ ဖျောင့်စင်းသည့်နှာတံပေါ်တွင်ကန့်လန့်ဖျတ်ခြစ်ရာဖြင့်သွေးဆို့ နေသည့် ဒဏ်ရာတစ်ခု။သွေးဆုတ်ဖြူလျော်နေသည့်နှုတ်ခမ်းသည် မဆိုစလောက်လေး ခပ်ဟဟ ပွင့်နေသည်။

“အမလေး။ မမရေ မမ။ဘယ်လိုဖြစ်ရတာလဲမမရယ်။ ကိုလင်း.. မမ ဘာဖြစ်သွားပြီလဲဟင်။ မမကိုကယ်ပါဦးကိုလင်းရယ်”

ယဉ်မင်းကိုတွန်းလှုပ်နှိုးနေသည့်ခိုင်မင်း။ မျက်နှာခြင်းဆိုင်မှကျွန်တော့်ကိုမြင်ကာ ကျွန်တော့်ဘေးသို့ ကူးလာလျှက် လက်မောင်းကိုကိုင်လျှက်အားကိုးတကြီးပြောလေသည်။ ယ္ခုတိုင်မကိုင်ထားမိသည့် အ၀တ်ဖြူကိုအသာလွှတ်ချလျှက် ယဉ်မင်းမျက်နှာကိုနောက်ဆုံးအကြိမ်ငုံ့မိုးကြည့်လိုက်သည်။ ယဉ်မင်းမျက်နှာသည် အိပ်ပျော်နေသည့်ပုံစံဖြင့်အေးချမ်းငြိမ်းချမ်းလှသည်။ ကျွန်တော့်ထံတွင်တော့ အရာအားလုံး လစ်ဟာဆုံးရှုံးခဲ့လေပြီ။ အခုအကြိမ်သည် ဒုတိယအကြိမ်ဆုံးရှုံးခြင်းဖြစ်ပါလျှက် နာကျင်ခံစားရသည့်ဝေဒနာသည် ဆိုဖွယ်ရာမရှိတော့။

“ကိုလင်း... မမ..မမလေ..”

ခိုင်မင်းကိုနောက်မှလိုက်ထိန်းနေသည့်ကောင်လေးလက်မှ ခိုင်မင်းလွတ်အောင်ရုန်းကာ ကျွန် တော့်လက်မောင်းကိုဆွဲလျှက် ခိုင်မင်းယဉ်မင်းကိုငုံ့ကြည့်နေသည်။ ခိုင်မင်းလက်ကို အသာဖြုတ် လျှက် ခွဲစိတ်ခန်းမှထွက်လာသည့် အ၀တ်ဖြူအုပ်ထားသည့်တွန်းလှည်းအနီးလှမ်းလျှောက်လိုက် သည်။အ၀တ်ဖြူစကို မတင်ကြည့်မိသည်။ ကျွန်တော်မကျွမ်းဝင်သည့်မျက်နှာစိမ်း အမျိုးသား။

“ဟင်..ဦးထင်ကျော်..”

ကျွန်တော့်နောက်နားမှာ ကပ်ပါလာသည့်ခိုင်မင်း၏အံ့သြတကြီးပြောသံ။ ဦးထင်ကျော်သည် ယဉ်မင်း၏ခင်ပွန်း။ သို့ဆိုပါလျှင် ဘာ့ကြောင့်များလင်မယားနှစ်ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် မရှုမလှအသက် သေကြရပါသနည်း။ အဘယ်သို့သော ကံကြမ္မာဆိုးသည်သူတို့နှစ်ဦးထံကိုမှ ဆိုက် ဆိုက်မြိုက်မြိုက်ရောက်လာရပါသနည်း။ ကျွန်တော်မတွေးတတ်တော့။ အားလုံးကိုကျောခိုင်းလျှက် ဆေးရုံမှထွက်လာခဲ့မိသည်။ ဘယ်ကိုလျှောက်၍ ဘယ်ကိုသွားနေမိမှန်းစဉ်းစားမရ။ အရာအားလုံး သည် ကျွန်တော့်နောက်တွင်ဝေး၍ ဝေး၍ကျန်ခဲ့လေပြီ။

*********** ************ ***************

အဲ့ဒီ့နေ့ကပေါ့ ကို...မိုးတွင်းဖြစ်ပါလျှက် နွေလည်ခေါင်အလားနေတွေကျဲကျဲတောက်ပူနေတယ်။ ကွန်ပျူတာသင်တန်းကအပြန် ပန်းဆိုးတန်းစာအုပ်အဟောင်းဆိုင်ကမွှေနှောက်ဝယ်လာခဲ့တဲ့ စာအုပ်တစ်ပွေ့တစ်ပိုက်နဲ့ ထိုးဆိုက်လာတဲ့၃၆ကားပေါ်ကိုနေရာရချင်ဇောကြီးကြီးနဲ့အတင်း လုတက်ဖို့ ယဉ်မင်းကြိုးစားခဲ့တယ်။ ခပ်မြန်မြန်ခြေလှမ်းမဆုံးခင် ဖိနပ်ကိုတစ်ယောက်သောသူက တက်နင်းလိုက်ချိန်မှာတော့.. သူကအနင်းယဉ်မင်းကခြေထောက်အကြွ။ ခိုင်ခံ့ပြီထင်ရတဲ့ ကတ္တီပါသားရေဖိနပ်လေးကြိုးပြတ်ထွက်သွားတယ်။ စိတ်တိုတိုရှိလှတာမို့ တက်နင်းတဲ့သူကို နောက်ပြန်လှည့်ကြည့်တော့ သူမလုပ်တဲ့အတိုင်း ကားပေါ်ကိုခပ်ကျော့ကျော့တက်သွားနှင့်တဲ့ သကောင့်သားကို ကျောပြင်ပဲလှမ်းမြင်လိုက်ရတော့တယ်။

ရှက်တဲ့စိတ်။ဒေါသ။ဘယ်အရာက ပိုပြင်းထန်သလဲဆိုရင်...ရှက်တဲ့စိတ်ပဲပေါ့...ကို။ ပြတ်နေတဲ့ဖိနပ် ကိုငုံ့ကြည့်လိုက် ထွက်တော့မယ့်ကားကိုမော့်ကြည့်လိုက်နဲ့ဘာမှမစဉ်းစားတတ်ခင် ယောင်္ကျားစီး ဖိနပ်တစ်ဖက် ယဉ်မင်းရှေ့ကိုရောက်လာခဲ့တယ်။ ရှားညိုရောင်သားရေဖိနပ်တစ်ဖက်ကို ငေးကြည့် နေတုန်းမှာပဲ..

“ကျွန်တော့်ဖိနပ်စီးသွားလိုက်ပါ”

သြဇာသံပါတဲ့တိုက်တွန်းမှုကြောင့် ယဉ်မင်းယောင်ပြီး အဲ့ဒီ့ဖိနပ်လေးကိုစီးကြည့်လိုက်မိတယ်။ မကြာပါဘူး။ ခပ်မြန်မြန်ပဲဖိနပ်ကို ပြန်ချွတ်လိုက်ပြီးခေါင်းရမ်းပြလျှက် ဖိနပ်ပိုင်ရှင်ကိုခေါင်းမော့် ကြည့်မိတယ်။ ဖိနပ်ပိုင်ရှင်ကိုခပ်ဖွဖွပြုံးပြလျှက်ထွက်တော့မယ့် ကားပေါ်အရှက်ပြေ ပြေးတက် လိုက်သွားခဲ့တယ်။ မပြတ်ပဲကျန်နေတဲ့ ဘယ်ဘက်ဖိနပ်လေးကိုတောင်မေ့ပြီးအိမ်အထိစီး လာမိခဲ့ တယ်။

အဲ့ဒီ့နေ့က ဘယ်နေ့မှန်းယဉ်မင်း မမှတ်မိခဲ့ဘူး..ကို။ ဒါပေမယ့် ယဉ်မင်း ကို့မျက်နှာပေါ်က ရိုးသားအေးဆေးတဲ့ဟန်ကိုတော့မေ့မရခဲ့ဘူး။

မပြတ်ဘဲ အကောင်းအတိုင်းကျန်နေခဲ့တဲ့ ဖိနပ်လေးကိုလဲယဉ်မင်းထုတ်ပိုးသိမ်းထားခဲ့မိတယ်။

*********************************************

ဒုတိယအကြိမ်တွေ့ချိန်မှာတော့ ကိုကယဉ်မင်းကိုလွယ်လွယ်မမှတ်မိခဲ့ဘူး။ မျက်နှာချင်းဆိုင်မှ လာနေတဲ့ကို့ကို ယဉ်မင်းကတွေ့တွေ့ချင်းမှတ်မိသလို ကိုလဲယဉ်မင်းကိုမှတ်မိမယ်အထင်နဲ့ အနားမရောက်ခင်ကတည်းက ပြုံးပြတာကိုဂရုမထားပဲယဉ်မင်းကိုဖြတ်ကျော်သွားတယ်လေ။

စိတ်ထဲက ခပ်ချဉ်ချဉ်ရှိလှတာမို့ ကို့ကိုနောက်ကနေပဲလှမ်းခေါ်လိုက်တယ်။

“ဒီမှာ ဟေ့လူ”

တစ်ခွန်းလောက်ခေါ်တာဖြုံမယ့်ပုံမပေါက်တာမို့ ဒီမှာလို့လဲခေါ်။နောက်ကနေပြေးလိုက်ပြီး ကို့ ကျောပိုးအိတ်ကိုလှမ်းဆွဲထားတာမို့ ကိုအလန့်တကြားလှည့်ကြည့်တယ်မဟုတ်လား။

“ဘာဖြစ်လို့လဲဗျာ။ ကျွန်တော် ခင်ဗျားကိုမသိပါဘူး”

“အင်း.. ယဉ်မင်းကတော့ရှင့်ကိုသိတယ်။ ရှင် ဒီနေရာမှာ ဘယ်သူဖိနပ်ပြတ်နေသလဲလျှောက်ရှာ နေတာ မဟုတ်လား”

“မဟုတ်တာဗျာ။ မရှာပါဘူး။ကျွန်တော်.. ကျွန်တော့်အိမ်ကျွန်တော်ပြန်တာပါ။”

“သြော်.. ရှင်က ဒီနားမှာနေတာလား။”

“ဒီတစ်လမ်းကျော်မှာနေတာ။ ခင်ဗျားက ကျွန်တော့်ကိုသိလို့လား။ ကျွန်တော်.. နေဦး ကျွန်တော် ခင်ဗျားကို မြင်ဖူးသလိုပဲ.. ဘယ်နားမှာပါလိမ့်”

“ဆူးလေ ကားဂိတ်မှာလေ”

“ဆူးလေ ကားဂိတ်ဟုတ်လား..”

“ဟုတ်တယ်..ကျွန်မကွမ်းယာရောင်းတယ်လေ။ ရှင်အမြဲဝယ်စားနေကျပဲဟာ”

“မဟုတ်သေးပါဘူး။ ကျွန်တော် ကွမ်းယာမစားတတ်ပါဘူး။”

“ဟုတ်လား။မစားတတ်ဘူးလား။ ဒါဆို ဘာစားလဲရှင်က”

ယဉ်မင်းကို့ကို ခပ်တည်တည်စနောက်နေရာကနေ ရိုးအလွန်းသည့်ကို့အဖြစ်ကြောင့်ရီချင်လွန်းလှ တာမို့ ပြုံးပြလိုက်မိသည်။

“အာ.. ခင်ဗျား..ဟို..ဟို ကားဂိတ်မှာဖိနပ် ပြတ်တဲ့ကောင်မလေးပဲ”

“တော်သေးတာပေါ့ မှတ်မိလို့။ နောက်မို့ဆို ယဉ်မင်းရေခဲရေသည်ပါဖြစ်တော့မှာ”

“ရေခဲရေသည်ဖြစ်လဲ မှတ်မိမှာ မဟုတ်ဘူးဗျ။ ကျွန်တော်က လမ်းဘေးမုန့်။ လမ်းဘေးရေမသောက် တတ်ဘူး။ ခုခင်ဗျားပြုံးပြလိုက်လို့မှတ်မိတာ။ကားဂိတ်မှာလဲ ခင်ဗျားအဲ့လိုပြုံးပြသွားတယ်ထင်တယ်။ ဒါနဲ့ ခင်ဗျားကော ဘယ်မှာနေတာလဲ။ ခင်ဗျားဖိနပ်ကော အခြေအနေကောင်းရဲ့လား။”

“ရှင်တက်မနင်းရင်တော့ အိုကေပါတယ်။ ယဉ်မင်း ဒီလမ်းထဲမှာနေတယ်။ ရပ်ဆွေရပ်မျိုးဆိုတော့.. နောက်ကြုံလို့ဖိနပ်ပြတ်တဲ့အခါ အားမနာတမ်းယူစီးလို့ရပြီပေါ့နော်..”

“အဲ့ဒီ့တုန်းက အားနာလို့ယူမစီးသွားတာလား။ ဟုတ်လား။ မသိပါဘူးဗျာ။ ကျွန်တော်က ခင်ဗျားကိုအရှက်ထပ်ခွဲ မိသလိုဖြစ်များသွားသလားလို့ အားနာနေတာ”

“ရှင့်နာမည်က..လင်းလက်ပဲလား”

“ဗျာ.. ခင်ဗျား ကျွန်တော့်နာမည်ကို ဘယ်လိုသိတာလဲ။ ”

“ခုရှင့်လက်ထဲက စာအုပ်ပေါ်မှာရေးထားတာတွေ့တာလေ။”

“သြော်.. ဟုတ်ကဲ့ကျွန်တော့်နာမည်က လင်းလက်။ ခင်ဗျားက ယဉ်မင်းနော်”

“အင်း အပြည့်အစုံက ခိုင်ယဉ်မင်း။ နောက်တွေ့လဲခေါ်ပေါ့။ ဖိနပ်ပြတ်လဲ..ကူပေါ့နော့်။ ယဉ်မင်းလမ်းထိပ်ဆိုပြီး ထွက်လာတာကြာပြီဆိုတော့ ပြန်တော့မယ်”

တစ်ကယ်လဲ လမ်းထိပ်ထွက်လာတာကြာပြီမို့လို့ ကို့ကိုနှုတ်ဆက်အိမ်ပြန်ခဲ့တယ်။အဲ့ဒီ့နောက်ပိုင်း ယဉ်မင်းတို့အမြဲဆုံဖြစ်ကြတယ်။ ဘာမှမကြာခင်ပဲချစ်သူတွေဖြစ်ခဲ့ကြတယ်။ ဘာမှမကြာသေးဘူး ထင်တဲ့ကာလမှာပဲ....

************************************************

ကို.........ကိုနဲ့ယဉ်မင်းမှာမတူတဲ့အကြောင်းအရာတွေအများကြီးပဲရှိခဲ့တယ်။

ကိုက ဘာသာပြန်ဝထ္တုတွေကြိုက်တယ်။ ယဉ်မင်းက ဘယ်လိုစာအုပ်မျိုးပဲဖြစ်ဖြစ်အကုန်ဖတ်တယ်။

ကိုက အင်္ဂလိပ်သီချင်းတွေဆိုတယ်။မြန်မာသီချင်းတစ်ချို့တစ်လေဆိုတယ်။ ယဉ်မင်းကဘယ်သီချင်းမှ ဖြောင့်အောင်အလွတ်မဆိုတတ်ဘူး။

ကိုက ခရီးတွေသွားချင်တယ်။ ယဉ်မင်းက စာတွေရေးချင်တယ်။

ကိုကလူမှုကယ်ဆယ်ရေးတွေလုပ်ချင်တယ်။ ယဉ်မင်းက ကယ်ဆယ်ရေးလုပ်ငန်းအတွက် အဓိက က ငွေဆိုတာနားလည်တယ်။

ကိုက သက္ကရဇ်တော်တော်များများကို ခေါင်းထဲထည့်သိမ်းထားနိုင်တယ်။ ယဉ်မင်းက ကိုယ့်မွေးနေ့ကိုတောင်မေ့လျော့တတ်တယ်။

အများမှအများကြီးပါပဲကို... ဒါပေမယ့် ယဉ်မင်းတို့တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ခဲ့တယ်။ ကိုက နားလည်မှုတွေနဲ့ ယဉ်မင်းကိုစွန့်လွှတ်လိုက်ချိန်မှာ.. ယဉ်မင်းက ယဉ်မင်းမပျော်တဲ့ဘ၀ကြီးမှာ အသားကျအောင်ကြိုးစားရတယ်ကို။

အချစ်ဆိုတာ ယဉ်မင်းအတွက်တော့ ၀တ်ချင်လျှက်မ၀တ်ခဲ့ရတဲ့ မိုးပြာရောင်အ၀တ်စတစ်စဆိုရင်..ဘ၀ဆိုတာကလဲ မ၀တ်ချင်ပဲဝတ်ခဲ့ရတဲ့အဖြူရောင်အ၀တ်စဖြစ်နေပါလိမ့်မယ်...ကို။

တစ်နှစ်လား.. နှစ်နှစ်လား.. မသေချာပါဘူး။ ဘယ်တော့များမှ အသားကျမလဲ မစဉ်းစားချင်ဘူး။ ဘာတွေဖြစ်ဖြစ်ပေါ့ကို... နောက်ဘ၀ဆိုတာရှိခဲ့လျှင် ကိုနဲ့ဆုံဆည်းပြီးမှမကွေကွင်းချင်ဘူး..ကို။
*******************************************************
ယဉ်မင်းဒိုင်ယာရီစာအုပ်ကို ဘယ်နှကြိမ်မြောက်မှန်းမမှတ်မိနိုင်လောက်အောင်ဖတ်ပြီးပိတ်လိုက် သည်။ ယဉ်မင်းနှင့်သက်ဆိုင်တာဆို၍ ဒီစာအုပ်လေးသာကျန်ခဲ့သော်လည်း ဒီအကြိမ်ဖတ်ဖြစ်ခြင်း သည်နောက်ဆုံးအကြိမ်ဖတ်ဖြစ်ခြင်းဖြစ်ပေလိမ့်မည်။

တရွေ့ရွေ့နှင့်ဖြည်းဖြည်းချင်းလှမ်းလျှောက်နေခဲ့သော်လည်း ရင်တစ်ခုလုံးမောပမ်းဆို့နစ်နေသည်။ နှလုံးခှုန်နှုံးကလဲ မသိမသာမြန်ချင်လာသည်။ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ခဲ့တဲ့ကာလတစ် လျှောက် ဒီလောက်သတ္တိမကြောင်ခဲ့ဘူးထင်ပါသည်။ ခုက ခုက...ကျွန်တော်အချစ်ဆုံးဆီသို့ ကျွန်တော်လှမ်းလျှောက်နေခြင်းဖြစ်သည်။ သူမဒီနေရာမှာရှိနေသည်။ သူမဒီနေရာမှာ ကျွန်တော့်ကို စောင့်နေရှာသည်။ သို့သော် သူမကျွန်တော့်ကိုလက်နင်းလို့အော်ခေါ်ခွင့်က မရှိရှာတော့။

ဟော...တွေ့ပါပြီ။အဖြူရောင်ပျယ်လွင့်စ အုတ်ဂူတစ်ခုရဲ့ဘေးနားမှာ မိုးပြာရောင်အုတ်ဂူတစ်ခု။ လေ တစ်ချက်ဝှေ့အတိုက်တွင် မိုးရနံ့အနည်းငယ်ပါလာသည်။တိမ်စိုင်တိမ်လိပ်များသည်လေတိုက် နှုန်း ကြောင့်ထင်သည် ပြေးလွှားရွေ့လျားနေသည်။ကြည်လင်နေသည့်ကောင်းကင်တစ်ခုလုံး ရုတ်တ ရက်ပင် ညိုမှောင်လာသည်။လေတိုက်နှုန်းကလဲ ပို၍ပြင်းထန်လာသည်။သေချာပါသည် မိုးရွာတော့ မည်။

မိုးတွင်းမှာမွေးပြီး မိုးရွာသည်ကိုပျင်းရိငြီးငွေ့တတ်သည့် သူမ။ သူမ မနှစ်သက်သည့်မိုးတွင်းတစ်ခု လုံးကော သူမချစ်မြတ်နိုးသည့်အရာအားလုံးကိုပါဒီအတိုင်းချန်ထားခဲ့ပြီဖြစ်သည်။ဒီနေ့သူမအသက် ၂၉နှစ်ပြည့်မွေးနေ့ဖြစ်သည်။ သို့သော် သူမလူ့လောကတွင်ရှိမနေရှာတော့။

မိုးပြာရောင်အုတ်ဂူပေါ်တွင် အဖြူရောင်ကြွေစာလုံးတွေဖြင့်ပုံဖော်ထားသည့်သူမနာမည်ပေါ်မှ သစ်ရွက်ခြောက်ကိုအသာဖယ်ထုတ်လိုက်သည်။ ဒေါ်ခိုင်ယဉ်မင်း။ အသက် ၂၉နှစ်။ ၁.၇.၂၀၀၉ တွင်ကွယ်လွန်သည်။

လက်ထဲမှသတင်းစာတစ်စောင်ကို ဖြန့်ဖတ်လိုက်သည်။ခင်ပွန်းအဖြစ်မှတရားဝင်စွန့်လွှတ်ခြင်း။ ခင်ပွန်းအဖြစ်မှ စွန့်လွှတ်သူသည်ခိုင်ယဉ်မင်းဖြစ်၍ အစွန့်လွှတ်ခံရသူသည်ဦးထင်ကျော်။ထိုသတင်း နှင့်ဘေးချင်းကပ်စာမျက်နှာတွင်ပါလာသည်က ယဉ်မင်းနှင့် ဦးထင်ကျော်၏နာရေးကြေငြာစာ။ သာမာန်သတင်းတစ်ခုဖြစ်သော်လည်း ကျွန်တော့်အတွက်တော့သာမာန်မဟုတ်ခဲ့။စဉ်းစားစရာ ရှိနေခဲ့ရသည်။

ယဉ်မင်းဘာတွေဘယ်လောက်တောင်ခံစားလောင်မြိုက်ခဲ့ရပါသလဲ။ ကျွန်တော် ယဉ်မင်းအဖြစ်ကို တွေးကြည့်ကာ သနားရင်နင့်လှသည်မှာအမှန်ဖြစ်သည်။ကျွန်တော်သိချင်လှသည်။ ကျွန်တော် သိခွင့်ရှိပါရဲ့လား မစမ်းစစ်ဖြစ်တော့။
သို့သော်ယဉ်မင်းသည် မြိုသိပ်နိုင်စွမ်းအားကြီးလွန်း၍ ဟန်ဆောင်ကောင်းလွန်းလှသည်။ သူမနှင့် သူငယ်ချင်းပေါင်းပေါင်းသော ခိုင်မင်းလေးကိုပင်သူမအိမ်ထောင်ရေးအကြောင်းအဆိုးအကောင်းကို မဖွင့်ဟခဲ့ပါတဲ့။

ခိုင်မင်းမင်္ဂလာဆောင်သည့်နေ့က ယဉ်မင်းတစ်ယောက်တည်းမန္တလေးကနေကားနှင့်ဆင်းလာ ခဲ့သည်။ ယဉ်မင်းကားတိုက်မှုဖြစ်သည်ဟုခိုင်မင်းတို့အိမ်ကိုဖုန်းဝင်လာတော့ ဦးထင်ကျော်ပါသည်ဟု မသိခဲ့ရ။ ဆေးရုံရောက်တော့မှသိရသည်က ဦးထင်ကျော်ကားက ယဉ်မင်းကားနောက်မှနေ၍ အရှိန် ပြင်းပြင်းဝင်တိုက်ထားခြင်းဖြစ်ပြီး ယဉ်မင်းကားကလမ်းခြော်ကာ အခြားယဉ်ကျောဘက်မှ ကားကို ၀င်တိုက်ထားခြင်းဖြစ်သည်။

နီးရာလူများကကားနှစ်စီးကြားမှယဉ်မင်းကို သယ်ထုတ်၍ဆေးရုံကိုခေါ်လာခဲ့သည်အထိ ယဉ်မင်း သတိမလစ်သေး။ကျွန်တော့်ကိုတောင် ခံစားနေရသည့်ဝေဒနာတွေကြားမှကြိုးစားပြုံးပြသွားခဲ့သေး သည်။
သူမသည်ကျွန်တော့်ကို အချိန်ပြည့်ပြုံးပြဖို့ကြိုးစားခဲ့ရှာသည်။သူမသည် ခံစားချက်ဆူးတွေကို ကိုယ် တိုင်မြိုချ၍ မနာကျင်သယောင်အောင့်အီးသည်းခံနေပြခဲ့ရှာသည်။ သူမသည်ကျွန်တော့်ကိုရင်နာနာ နှင့်မေ့ဖို့ကြိုးစားခဲ့ရှာသည်။

မိုးဖွဲလေးတွေစတင်ကျလာချေပြီ။ လေကလည်းအတိုက်မပျက်။အုတ်ဂူကိုမှီလျှက် မြေပြင်ပေါ်ထိုင် ချလိုက်သည်။ မိုးရွာလျှင်ပျင်းရိငြီးငွေ့တတ်သည့် သူမကိုအဖေါ်လုပ်ပေးချင်မိသည်။ ဖြစ်နိုင်လျှင်မိုး မစဲမခြင်းပေါ့။
ယဉ်မင်းရေ.. ဟိုမှာကြည့်စမ်းပါဦး။မိုးရေထဲမှာတစ်ကောင်တည်း ကတိုက်ကရိုက်ပျံနေတဲ့ငှက် တစ်ကောင်ရှိတယ်။ သူ့အဖော်တွေက သူ့ကိုထားခဲ့တာလား။ သူကပဲအလည်လွန်နေတာလားတော့ မသိပါဘူး။ ဒါပေမယ့် သူတစ်ကောင်တည်းဘယ်လောက်များ အားငယ်အထီးကျန်နေရှာမလဲနော်။

ဒီလိုပြောလို့...ယဉ်မင်းကတော့ အားငယ်စရာမလိုပါဘူး။ ကိုတစ်ယောက်လုံး ယဉ်မင်းဘေး မှာအဖော်လုပ်ပေးနေတာပဲဟာ။ ယဉ်မင်းတစ်ယောက်တည်းဖြစ်နေပေမယ့် ခံစားချက်မဲ့သွားတဲ့ကို့ ဈာပနကို ယဉ်မင်းနဲ့အတူကျင်းပခဲ့ပြီးပါပြီ။

ယဉ်မင်းရေ လေတွေကလဲတအားတိုက်မိုးတွေကလည်း တအားရွာပဲနော်။ ယဉ်မင်းမချမ်းဘူးလား။ ကိုတော့ နဂိုကဖျားထားတဲ့အရှိန်ကြောင့်ထင်တယ်ချမ်းလိုက်တာ။ယဉ်မင်းရေ ကိုယ်ထိကပ်ထားတဲ့ ကို့ကျောကိုတစ်စိတ်လောက်ပွေ့ဖက်ထားပေးပါ။ ကိုချမ်းလွန်းလို့ပါ။

ယဉ်မင်းရေ အရိုးထိအောင်စိမ့်ချမ်းနေလို့လား။မိုးကပဲသည်းလွန်းနေတာလား။ ကိုယ့်မျက်စေ့ တွေပဲမကောင်းတော့တာလား။အရာရာတိုင်းမိုးပြာရောင်တွေလက်လက်ထနေတယ်။ လှလိုက်တာ ယဉ်မင်းရယ်။ မိုးပြာရောင်တွေ... မိုးပြာရောင်တွေ ..ယဉ်မင်းကြိုက်ပါတယ်ဆိုတဲ့မိုးပြာရောင်တွေ။ မြတ်နိုးလွန်းလှတာမို့ အပြာရောင်ကိုဆွဲယူပွေ့ဖက်ထားမိတယ်။ယဉ်မင်းရေ ..ယဉ်မင်းကြိုက်တဲ့မိုးပြာ ရောင် တစ်ပွေ့တစ်ပိုက်ကို့လက်ထဲမှာရှိတယ်။ လာယူလှည့်ပါ။ ကို ယဉ်မင်းအတွက်အားကုတ်အားခဲ ပွေ့ပိုက်ထားရတာပါ။ လာယူလှည့်ပါ။

ကို့လက်ထဲက မိုးပြာရောင်တွေလွတ်ထွက်မသွားခင်။ လေးလံနေတဲ့ကို့မျက်စေ့တွေပိတ်မသွားခင်။ ဒီမိုးတွေမစဲခင်လာယူလှည့်ပါ။ယဉ်မင်းရေ...ကို.. ကို..
စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

“မေမေ”
“မေမေ့”
အားအင်ကုန်ခမ်းလောက်အောင် အော်ဟစ်ခေါ်မိသည်။ သို့ပေမယ့်မေမေ အရင်လို ပြန်မ ထူး။ပြူးကြောင်တဲ့မျက်လုံးတွေနဲ့ ကျွန်တော့်ကိုကြည့်နေတယ် ။ မေမေ့နဖူး၊နားထင်နဲ့ မျက် နှာပြင်တစ်ခုလုံး ချွေးတွေနဲ့သီးနေတယ်။ ကျွန်တော့်ကို မေ့မေ့ရဲ့သန်မာတဲ့လက်တွေနဲ့ ပွေ့ ပြီး ရင်ခွင်ထဲဆွဲထည့်ထားတာမို့ မမှီမကန်းနဲ့ပဲချွေးတွေကို ကျွန်တော်သုတ်ပေးမိသည်။ ကျွန်တော်နဲနဲအသက်ရှုကျပ်နေပြီ။ဒါပေမယ့် မရုန်းရဲဘူး။ ရုန်းလိုက်ရင် မေမေ့ရောဂါ မ သက်သာပဲ နေမှာဆိုးသည်။
ဒီလိုပါပဲ ခါတိုင်းနေမကောင်းဖြစ်တိုင်း ကျွန်တော့ကို မေမေရင်ထဲ ဆွဲဖက်ထားတတ် တယ်။ “မေမေ သားအသက်ရှုကျပ်တယ်”ဟုပြောကာရုန်းကန်မိတုန်းကပေါ့..မေမေက...“ သား ရယ် မရုန်းပါနဲ့။ သားငြိမ်ငြိမ်လေးနေရင် မေမေနေမကောင်းဖြစ်နေတာ သက်သာသွား မှာကွဲ့”။ အဲ့လိုမေမေပြောတိုင်း ကျွန်တော်မေမေ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ် လေးနေရင်း “မေမေ နေကောင်းပြီလား”ဟု မေးတတ်မြဲ။

“မေမေ သက်သာလား”
မေမေ့ခန္ဓာကိုယ် ကိုပြန်ပွေ့ဖက်ထားရာမှ တွန်းလှုပ်မေးကြည့်မိသည်။မေမေ ကျွန်တော့်ကို စိုက် ကြည့်နေတုန်းပဲ။ မျက်လုံးလဲ မရွေ့ဘူး။ မေမေ့မေးဖျားကို လက်တစ်ဖက်နဲ့ လှုပ်ကိုင် မိ သည်။ ဒါလဲ တုတ်တုတ်မလှုပ်။ မေမေ ဘာဖြစ်နေသလဲ။ မေမေကျွန်တော့် ကိုစနေတာ လား။
“မမရေ မမ”
အိမ်ရှေ့ဆီမှ ဦးလေးရဲ့ခေါ်သံ။ မေမေပြန်ထူးမလား ကျွန်တော်ငြိမ်၍ စောင့်ကြည့်နေမိ သည်။ ဒါလဲ မလှုပ်ပါလား။ခါတိုင်း ဦးလေးအသံကြားရရင် မေမေဘယ်နေရာမှာပဲ ရောက် နေရောက်နေအသံ ပြုနေကျပါ။ မမဘယ် မှာဟေ့ ဆိုတာမျိုးပေါ့။ ခုတော့ မေမေ ဘာဖြစ် လို့ငြိမ်နေရပါသလဲ။
“မေမေ”
“ဟေ့ကောင်လေး သားထူး။မင်းက ဒီမှာရှိနေတာတောင် ထွက်မလာဘူး။ မင်း အမေ အိပ် နေတာလား”
အိပ်ခန်းဝမှဦးလေးကို ကျွန်တော်ငိုငိုမဲ့မဲ့ဖြင့် ငဲ့ကြည့်လိုက်သည်။ဇိုးဇိုးဇက်ဇက် အိပ်ခန်းထဲ ၀င်လာတဲ့ ဦးလေးမေမေ့ဘေးအိပ်ရာပေါ်တွင်ထိုင်မလိုလုပ်ပြီးမှ မေမေ့မျက်နှာကို သေသေ ချာချာကြည့်ကာ မျက်လုံးပြူးနေသည်။ ကျွန်တော့်ကိုကြည့်လိုက် မေမေ့ကို ကြည့်လိုက် ဖြင့်ရှိနေသည်။
“ဦးလေး မေမေဘာဖြစ်မှန်းမသိဘူး။ သားခေါ်လို့လဲမထူးဘူး။ ဦးလေးခေါ်တာလဲ ပြန်မထူး ဘူး။ မေမေ ဘာဖြစ်တာလဲ ဟင်”
“မမ”
မေမေ့နှာခေါင်းဝနားလက်ကတ်လိုက်၊မေမေ့ကိုယ်ကို ကြမ်းကြမ်းတမ်းတမ်း လှုပ်ရမ်းလိုက် လုပ်နေသည့် ဦးလေးကိုကျွန်တော်နားမလည်နိုင်တော့။ကျွန်တော် ဦလေးရဲ့ လက်ကြမ်း ကြီးတွေကို မေမေ့ကိုယ်ပေါ်မှဆွဲဖယ်နေတုန်း ဦးလေးမေမေ့ရင်ဘတ်ပေါ် မျက်နှာတစ် စောင်းအပ်လိုက်သည်။ ဘာများပါလိမ့်။
“သားထူး... မင်းအမေ.. မင်းအမေ သေပြီကွ”
“ဗျာ.. မေမေသေပြီ။ ဟုတ်လား။”
ဦးလေးမျက်နှာကို သေသေချာချာကြည့်မိသည်။ဦးလေးကောမေမေနဲ့ပေါင်းပြီး ကျွန်တော့် ကိုစနေတာလား။ မဟုတ်နိုင်ပါဘူး။ ဦးလေးကကျွန်တော့်ကို မေမေ့လိုမစတတ်ပါဘူး။ အိမ် ကိုလာတိုင်း ဦးလေးမျက်နှာတည်တည်ကြီးကို ကြောက်လန့်လှတာမို့ အကွယ်တစ်နေရာ ရာကပင် ကျွန်တော်ချောင်းကြည့်တတ်သည်။ ခုကျတော့ ဦးလေးမျက်နှာကငိုတော့မလိုမဲ့ နေသည်။ ဒါဆို မေမေ တစ်ကယ်သေသွားတာပေါ့။ ဟင့်အင်း မဟုတ်ပါနဲ့။ မေမေမသေ ပါနဲ့။ သားမှာ မေမေပဲရှိတာလေ။ မေမေမရှိရင် သားဘယ်သူ နဲ့သွားနေရမှာလဲ။ မေမေစော စောပြောခဲ့တယ် ထင်တယ်။ “မေမေမရှိ ရင်သားဖေဖေ နဲ့ လိမ်လိမ်မာမာနေနော်တဲ့” အဲ့ဒါ မေမေပြောတော့ သားကိုစတာဆို။ သားမနေချင် ဘူးလို့ပြောထားသားနဲ့။ မေမေ ဘာလို့ သေရတာလဲ။ သေတဲ့သူနဲ့လူတွေဆိုတာအတူမနေရဘူးဆို။မေမေခုနကပဲပြောတယ်လေ။ မေမေ မသေပါနဲ့နော်။ သားမေမေနဲ့ပဲနေ ချင်လို့ပါ။
“မေမေ ထပါ။ မေမေမသေဘူးမလား။ သားသိတယ်။ ထနော်ထ။ မေမေက လိမ္မာ တယ်။ သားလဲ မဆိုးတော့ ပါဘူး။ မေမေမကြိုက်ရင် သားချောက လက်ခိုးမစားတော့ ပါဘူး။ ထပါ မေမေ။”
ကျွန်တော်မေမေ့ကို မနိုင့်တနိုင်ဆွဲထူကြည့်တယ်။ မေမေ့ကိုယ်ကလေးလိုက်တာ။ ဒါပေ မယ့် မေမေ့ကိုထူမှ ဖြစ်မယ်။တတ်နိုင်သလောက် အားနဲ့ဆွဲထူနေပေမယ့် မေမေ့ကိုယ် က ကျွန်တော့်လက်ထဲမှာပါလာလိုက် ကုတင်ပေါ်ပြုတ်ကျလိုက်ဖြစ်နေသည်။ ခဏခဏ ပြုတ် ကျနေသည်မို့ မေမေ့ကိုယ်တွေလက်တွေ နာနေမှာဆိုးသည်။မေမေ့ကိုယ်တွေ မနာအောင် ဆွဲမထူတော့ဘဲ ကျွန်တော့်ပေါင်ပေါ်ရအောင်တင်ထားပြီး မေမေ့မျက်နှာကို ငုံ့ကြည့်မိ သည်။
အို..မေမေ့မျက်လုံးတွေက အရင်လိုကျွန်တော့်ကို ကြည့်မနေတော့ဘူး။ ဘယ်ကိုကြည့် နေတာလဲဆိုတာကျွန်တော်မသိဘူး။ မေမေ့ ပါးနှစ်ဖက်ကိုငုံ့နမ်းလိုက်တယ်ဆိုရင်ပဲ ကျွန် တော့် မျက်ရည်တွေမေမေ့ပါးပေါ်လိမ့်ဆင်းကျ ကုန်တော့သည်။

***** ***** ***** ***** ***** ***** ***** ***** ***** ***** *****

တစ်မနက်လုံး သောင်ပြင်တစ်လျှောက်သွားနေမိသည်။ ခြေထောက်တွေ ညောင်းလှပြီ ဖြစ်သည်။ ဗိုက်လဲဆာ၊ရေလဲငတ်လှသည်။ ဘယ်နေရာမှာ မေမေရှိနေသလဲ။ ကျွန် တော် မေမေ့ကိုရှာတွေ့ချင်သည်။ မေမေ့ကိုယ်ကရတဲ့ ပြာတွေကိုဖွားဖွားနဲ့အတူ ရေထဲ ပြစ်ချရင်း ဖွားဖွားကပြောတယ်။“ဒီရေအစပ်ဟိုးဝေးဝေးမှာ သားမေမေရှိတယ်။သားကိုစောင့်နေလိမ့် မယ်တဲ့။ သားအသက်ကြီးလာရင် မေမေ့ဆီကိုခဏလေးနဲ့ရောက်အောင် သားသွားနိုင်မှာ တဲ့”“ခု သားခြေထောက်ကသေး နေလို့လားဖွားဖွား” အဲ့လိုမေးမိတော့ ဖွားဖွားက “အင်း” တဲ့။
ကျွန်တော် အကြာကြီးလမ်းလျှောက်တာတောင် မေမေ့ဆီကိုဘာလို့မရောက်တာလဲ။ မေ မေ့ကိုတွေ့ဖို့သားအသက်ကြီးအောင် ဘယ်လောက်စောင့်ရမှာလဲမေမေ။ သားမေမေ့ ကိုခုပဲ တွေ့ချင်တာ။ ကျွန်တော့အမေးတွေကိုဖြေပေးမယ့် မေမေလဲကျွန်တော့်အနားမှာ မရှိတော့ ဘူးနော်။
ကျလာသည့် ပါးပြင်ပေါ်မှ မျက်ရည်တွေကို လက်ခုံဖြင့်ပွတ်သုတ်ပြီး သောင်ပြင်ပေါ် ထိုင်ချ လိုက်သည်။ ချက်ချင်းပင်သတိရကာပြန်ထရပ်မိသည်။ ဘောင်းဘီနောက်မှာပေ နေသည့် သဲတွေကို မြန်မြန်ခါချလိုက်သည်။ မေမေ ပြောဖူးတယ် “သောင်ပြင်ပေါ်မှာ သဲအလူးလူးနဲ့ ဆော့တဲ့ကလေးကို မေမေမချစ်ဘူးတဲ့”။
ခု သားဆော့တာ မဟုတ်ပါဘူးမေမေ။ သားညောင်းလွန်းလို့ပါ။သောင်ပြင်တစ်ဝိုက်မှာ ကျွန်တော်ရှာကြည့်မိသည်။ ကျွန်တော့်ကိုယ်မှာသဲမပေအောင် ခုထိုင်လို့ရမယ့် အုန်းတုံး လို၊ပျဉ်ချပ်လေးတစ် ချပ်လိုဟာမျိုးပေါ့။တွေ့ပါပြီ။ကျွန်တော့်ရှေ့ ခပ်လှမ်းလှမ်းမှာဖြစ်သည်။ ရေညှိတက်နေသောမည်းညစ်နေသည့် ပျဉ်ချပ်သေးသေးတစ်ခု။ ကျွန်တော် ရေစပ်နားက ပျဉ်ချပ်ကို သောင်ပြင်ရောက်အောင်သယ်လာပြီးဖင်ခုထိုင်ကာ ဟိုးဝေးဝေး ကို လှမ်းမျှော် ကြည့်နေမိသည်။
တဖြည်းဖြည်း မိုးသာချုပ်လာသည် ထိုင်နေရာမှနေရာမရွှေ့မိ။လေကတိုက်လွန်းသည်မို့ ချမ်းလှသည်။ ဒူးနှစ်ဖက်ကိုလက်ဖြင့်ပိုက်ထားလျှက် မျက်နှာကိုလက်ပေါ်တစ်စောင်း တင် ကာ မှောင်မည်းနေသည့် ရေထဲကိုကြည့်နေမိသည်။ ဒီရေအောက်မှာများ မေမေ ကျွန် တော့် ကိုစောင့် နေတာလား။ ဒါဆိုရင်တော့ ခက်ပြီ။ ကျွန်တော်မှရေမကူးတတ်တာမေမေ ရယ်။ ဒါပေမယ့် မေမေတစ်ကယ်ရှိရင်တော့ ကျွန်တော်ဦးလေးကိုနောက်နေ့ ရေကူးသင် ခိုင်းမယ်။သိလားမေမေ။
“သားထူးရေ”
“သားရေ”
ကျွန်တော့်နာမည်ကို ခေါ်နေသည့်ဦးလေးအသံ။ နောက် အသံကဘယ်သူလဲ။ ကျွန်တော့် ကိုဦးလေးကသားထူးလို့ ခေါ်တာလေ။ သားရေလို့ ဘယ်သူခေါ်တာလဲ။ မေမေ လား။ မေ မေ့အသံလဲ မဟုတ်ပါဘူး။ နီးလာသည့်သောင်ပြင်မှ မီးရောင်လဲ့လဲ့ကြောင့် ကျွန်တော်မတ် တတ်ထရပ်လိုက် သည်။မကြာပါဘူး ကျွန်တော့်ရင်ဘတ်ပေါ် ထိုးစိုက်လာသည့် မီးရောင် ကြောင့် ဓာတ်မီးကိုကိုင်ထားသည့်လူကို လှမ်းကြည့်လိုက်သည်။ ယောင်ယောင်မှားမှားဖြင့် နောက်ကိုခြေတစ်လှမ်းဆုတ်မိသည်။
“သား”
ကျွန်တော့်ရှေ့ချက်ချင်းပြေးလာတဲ့ဖေဖေ။ ကျွန်တော့်ဆီမရောက်ခင်သောင် ပြင်ပေါ်ဒူး ထောက်ပြုတ်ကျသည်။ဖေဖေ့ရှေ့ကို ကျွန်တော်တိုးကပ်သွားမိသည်။ဓာတ်မီးကိုသောင်ပြင် ပေါ်ပြစ်ချကာ ကျွန်တော့်ပုခုံးနှစ်ဖက်ကိုဖေဖေဆွဲယူသည်။
“သား ဖေဖေ့ကို ဘာကြည့်နေတာလဲ။ ဘာလဲ မမှတ်မိဘူးလား သားက။”
ကျွန်တော်ဖေဖေ့ကို ချက်ချင်းခေါင်းခါပြလိုက်သည်။မည်းမှောင်နေသည့်ရေစပ်ကိုလဲ လှည့် ကြည့်မိ၏။
“သား ဒီမှာဘာလာလုပ်နေတာလဲ၊ ဖေဖေဒီနေ့လာမှာမသိဘူးလား။ ဖေဖေဖြင့် သားကို မနက်ကတည်းက မျှော်နေတာ။ ဘာလို့ ဖေဖေ့ကို လာမကြိုတာလဲ”
“မဟုတ်ဘူး အစ်ကိုကျွန်တော်ခေါ်မလာတာပါ။ အမေကလဲသိပ်နေမကောင်းတော့ သူ့ ကို ကြည့်ခိုင်းထားတာ”
ဦးလေးရဲ့အဖြေကို ဖေဖေမကြိုက်ဘူးထင်သည်။ဦးလေးကိုတော့ဖေဖေ ဘာမှပြန်မ ပြော။ ဖေဖေ မျက်မှောင် ကျုတ်ထားသည်ကိုကျွန်တော်တွေ့နေရသည်။ ကျွန်တော်တို့ သားအမိ ဆီ ဖေဖေအလည်ပြန်လာတိုင်း အဲ့လို မျက်မှောင်အမြဲကျုတ်ထားတတ်သည်။ မေမေ့ကို မေးတော့“သူမကြိုက်တာတစ်ခုခုရှိရင်သားအဖေက အဲ့လိုပဲတဲ့”။
“သား ..ဗိုက်မဆာဘူးလား သားရယ်။ သားဒီလိုပဲ နေ့တိုင်းလျှောက်သွားနေတာပဲလား”
“မဟုတ်ပါဘူး အစ်ကို။ ခါတိုင်း ကျွန်တော်ရှိတော့ ဒီကောင်ဘယ်မှမသွားရဲပါဘူး”
ဦးလေးကိုတစ်ချက်ပြန်လှည့်ကြည့်ကာ ဖေဖေခေါင်းရမ်းသည်။သောင်ပြင်မှဓာတ်မီး ကို ကောက်ယူလျှက် ကျွန်တော့်ကိုဖေဖေပွေ့ချီသည်။ သောင်ပြင်မှကျွန်တော်တို့ အိမ်ကိုပြန် တဲ့ လမ်းတစ်လျှောက်ဖေဖေသက်ပြင်း ခဏခဏချသည်။ ကျွန်တော့်ကိုယ်ကလေးလို့များ လား။
“ဖေဖေ မောလို့လား။ သားကို အောက်ချပေးလေ။သားလျှောက်နိုင်ပါတယ်။ ပြီးတော့ မေ မေက ပြောတယ်။ သက်ပြင်းချရင် အသက်တိုတယ်တဲ့”
“ဟုတ်လားသား။ ဖေဖေမမောပါဘူး။ ဘယ်သူကသက်ပြင်းခဏခဏချလို့ သားမေမေ က ပြောတာ လဲ”
“မေမေက သက်ပြင်းခဏခဏချတယ်လေ။ သားကမေးကြည့်တော့ အဲ့ဒါ သက်ပြင်း ချတာ တဲ့။ အသက်တိုအောင်လို့တဲ့။ ဒါကြောင့်မေမေ ခုမရှိတော့တာနေမှာနော် ဖေဖေ”
“သားရယ်။ ဖေဖေလေ သားအတွက်အရုပ်တွေနဲ့ စားစရာတွေအများကြီး ၀ယ်လာတယ် သိလား။ သားကြိုက်တဲ့ချောကလက်လဲ ပါလာတယ်”
“သား ချောကလက် မကြိုက်တော့ဘူးဖေဖေ”
“ဘာလို့လဲ သားရဲ့”
“မေမေက သားချောကလက်စားလို့ သားသွားတွေမထွက်တာတဲ့။ သားခိုးစားတိုင်း မေမေကဆူတယ် သားကို”
“အော် ဒါကြောင့်သားမေမေ မကြိုက်တာမစားချင်တော့တာပေါ့ ဟုတ်လား။ ကဲပါ သားရယ် ချောကလက်မစား လဲ ဒီ့ပြင့်မုန့်စား ဟုတ်လား”
“ဟုတ်ကဲ့”
ခပ်လှမ်းလှမ်းမှာမြင်နေရသည့် ကျွန်တော်တို့အိမ်ပေါက်ဝမှာ ဖွားဖွားရပ်စောင့်နေတာ လှမ်း မြင်သည်မို့ ကျွန်တော် လက်လှန်းပြလိုက်သည်။ ဖွားဖွားကလဲ လက်ပြန်ပြသည်။ ခြံဝမှဖွား ဖွားကိုဖြတ်ကျော်လျှက် ဖေဖေအိမ်ထဲလှမ်းဝင်သည်။ အိပ်ခန်းထဲရောက်တော့မှ ကျွန်တော့် ကိုကုတင်ပေါ်တင်ကာ ဖေဖေယူလာသည့်မုန့်မျိုးစုံကို အိတ်တွေထဲမှထုတ် ပေးသည်။ အို အရုပ်တွေကလဲအစုံပါလား။ မုန့်တွေကော အရုပ်တွေပါလက်နဲ့ သိမ်းကျုံးပိုက်လိုက်ပြီး ဖေ ဖေ့ကိုကျွန်တော်ပြုံးပြလိုက်သည်။
****************** ********************** *****************

ညနေ နေစောင်းတိုင်းဖေဖေ့လက်ကိုတွဲ သောင်ပြင်တစ်လျှောက် လမ်းလျှောက်ရတာ ဖေ ဖေတော့မသိ ကျွန်တော်တော့တော်တော်ပျော်ပါသည်။ ကျွန်တော်စားချင်လို့ ပူဆာသည့် မုန့်မှန်သမျှ ၀ယ်ကျွေးသလို၊ရေထဲဆင်းလိုက်၊ သောင်ပြင်ပေါ်ပြေးတက် သဲတွေတူးယက် လိုက်နဲ့ အချိန်တွေကုန်မှန်းမသိကုန်ခဲ့သည်သာ။ ပြီးတော့ ဖေဖေနှင့်ပြေးတမ်းလိုက်တမ်း ကစားတိုင်းဖေဖေ ကျွန်တော့်ကိုမိသွားသည့် အခါတိုင်းကျွန်တော့်ကိုသယ်ပြီး ရေထဲပြေး ဆင်းသွားကာရေထဲသို့ ကျွန်တော့်ကိုပိုက်၍ခုန်ဆင်းတတ်သေးသည်။
ဒီလိုနှင့်ရက်တွေ ဘယ်လောက်ကုန်ခဲ့မှန်းကျွန်တော်မသိခဲ့ဘူး။ ညနေနေစောင်းတိုင်း “ဖေ ဖေရေ သောင်ပြင် သွားရအောင်”ဟု ကျွန်တော်ဖေဖေ့ကိုခေါ်သည်။ ဖေဖေကတစ် ခါတစ် ခါ ညစ်ချင်သည်။ “ဟေ့အေး ဒီနေ့မသွားဘူးကွာ။ နောက်နေ့ပေါ့” ဟု ပြုံးစစ ဖြင့်ပြောတိုင်း ကျွန်တော်ဖေဖေ့ကိုကျောခိုင်းကာ တစ်ယောက်တည်းသောင်ပြင်ကို ထွက်လာတတ်သည်။ ကျွန်တော်သိ နေသည်။ ဖေဖေမကြာခင်လိုက်လာမည်ဟူ၍။
ဒီနေ့လည်း မရိုးနိုင်သည့် ပြေးတမ်းလိုက်တမ်းကစားခြင်း၊ ရေထဲဆင်းဆော့ခြင်းများဖြင့် ည နေ နေသည်ဝင်မှန်းမသိတိုးဝင်နေသည်။ဖေဖေ ကျောက်ဆောင်ပေါ်ကိုတက်ထိုင်ကာ ဟိုး ဝေးဝေးကနေကိုငေးကြည့်နေသည်။ ဖေဖေဘာတွေတွေးနေပါသလဲ။ ကျွန်တော် ဖေဖေ ထိုင်နေသည့် ကျောက်ဆောင်ပေါ်တက်ခဲ့သည်။ ဖေဖေငေးနေတုန်းပဲ။
“ဖေဖေ”
“အော် အေး၊ ထိုင်လေ သား”
မတ်တတ်လေးရပ်နေသည့် ကျွန်တော့်ကိုမော့်ကြည့်ကာ ဖေဖေ့ဘေးနေရာကိုထိုင် ဖို့နေရာ ပြသည်။ ဖေဖေ့ဘေးမှာကျွန်တော် ၀င်ထိုင်လိုက်သည်။ဖေဖေ့လက်သည် ကျွန်တော့်လက် ကိုဆုပ်ကိုင်လျှက် ကျွန်တော့်ကိုစိုက်ကြည့်နေသည်။ ဖေဖေတစ်ခုတစ်ခုကို မကြိုက်သည့် ပုံစံမျိုးမဟုတ်။ ကျွန်တော်နှင့်ကစားနေတုန်းကလိုလဲ နဲနဲလေးတောင် ပြုံးမနေ။
“ သား။ ဖေဖေပြောတာကို သားသေချာနားထောင်နော်။ ဖေဖေပြောတာသား ခုချက်ချင်း နား လည်ချင်မှ နားလည် မယ်။ နောက်မှ နားလည်မယ်ဆိုရင်လဲ ကောင်းပါတယ်။ သား မသိရင်သေချာ မှတ်ထား ပြီးရင်ဖွားဖွားကို ပြန်မေး ကြားလား။”
“ဟုတ်ကဲ့ ဖေဖေ”
“ဖေဖေ နောက်တစ်ခေါက်လာရင် သားကိုဖေဖေနဲ့အတူတူနေဖို့ခေါ်သွားမယ်။ ခုတော့သား ဖွားဖွားနဲ့နေခဲ့ဦး။ ကြားလားသား။ ဖေဖေ ပြန်သွားရတော့မယ်”
“ဟင် ဖေဖေကဒီမှာ သားနဲ့မနေဘူးလား။ ဘာလို့ပြန်မှာလဲ”
“ဖေဖေ့မှာ အလုပ်တွေရှိသေးတယ်လေ သားရဲ့။သားအတွက်ပြီးတော့ ဖေဖေ့အတွက် လုပ် စရာရှိတာ လုပ်ရဦးမယ်လေ”
“ဖေဖေ သားဖေဖေနဲ့တော့နေချင်ပါတယ်။ ဒါပေမယ့် ဖေဖေနေတဲ့ဟိုးဝေးဝေးကြီးကို သား မလိုက်ချင်ဘူး။အဲ့လိုလိုက်သွားရင်ဒီရေရဲ့အစပ်ဟိုးဝေးဝေးမှာ မေမေတစ်ယောက် တည်း ကျန်ခဲ့မှာ ဖေဖေ။ဖေဖေ ပြန်လာခဲ့လေ သားဆီကို။ နော် သားစောင့်နေပါ့မယ်။”
“သားရယ်။ ဒီနေရာမှာနေလို့ သားဘ၀ဘယ်လောက်တိုးတက်မှာလဲကွာ။ ဖေဖေနေတဲ့ ဟိုးဝေးဝေးမှာ ဒီမှာမရှိ တာတွေ၊ ဒီမှာဝယ်လို့မရတာတွေ အများကြီးပဲသားရဲ့။ သားပဲ ပြော တယ်လေ။ ဖေဖေ၀ယ်လာတဲ့စားစရာတွေ၊ အရုပ်တွေကဒီမှာမရှိဘူးဆို။နော်သား။ နောက် တစ်ခေါက် ဖေဖေလာ ရင်သားကိုခေါ်သွားမယ်။သားမေမေလဲ ဖေဖေတို့နဲ့လိုက်လာမှာ ပေါ့။မဟုတ်ဘူးလား ဖေဖေပြောတာ”
“မေမေပါ သားတို့နဲ့လိုက်ရင်တော့ သားလိုက်မှာပါဖေဖေ”
ဖေဖေ့လက်ကိုတွဲပြီး ကျောက်ဆောင်ပေါ်ကဆင်း ဖြတ်လျှောက်ခဲ့သည့် သောင်ပြင်တစ် လျှောက်လမ်းသည် ကျွန်တော့်အတွက် ဖေဖေနှင့်အတူ နောက်ဆုံးလမ်းလျှောက်ဖြစ်သည့် ညနေဖြစ်သည်ကို ကျွန်တော်ကြိုသိမထားခဲ့။
နောက်နေ့မိုးလင်းလို့ ကျွန်တော်အိပ်ယာကထခဲ့ပေမယ့် အရင်လိုကျွန်တော့်ဘေးမှာ ဖေဖေ ရှိမနေ။တစ်အိမ်လုံးအနှံ့နှင့်ခြံဝင်းတစ်ခုလုံးပတ်ရှာတာတောင် ဖေဖေ့ကိုမတွေ့ရ။ “ဖေဖေ” ဟုခေါ်ကာ သောင်ပြင်တစ်လျှောက် ပြေးရှာသော်လည်း ဖေဖေ့အရိပ်ကိုတောင် ကျွန်တော် မတွေ့။ မနေ့ညနေကဖေဖေပြောထားသလို ဖေဖေပြန်သွားပြီလား။ ဘယ်တော့ပြန်လာ မှာ လဲ။ ဘယ်တော့ကျွန်တော့် ကိုပြန်လာခေါ်မှာလဲ။မသိဘူး။ကျွန်တော်မသိဘူး။ ကျွန်တော် ဘာမှမသိဘူး။
မျက်ရည်တွေကို လက်ခုံဖြင့်ပွတ်သုတ်လိုက်ပြီး သောင်ပြင်မှာထိုင်ချလိုက်သည်။ ဟိုး ဝေး ဝေးမှာလှမ်းမြင်နေရသည်မှာ မနေ့ညနေကကျွန်တော်တို့ထိုင်ခဲ့သည့်ကျောက်ဆောင်။ ကျွန် တော်အဲ့ဒီ့ ကျောက်ဆောင်ပေါ်သွားထိုင်ရမလား။ ဒီသောင်ပြင်ပေါ်မှာပဲ ထိုင်နေရမလား။
“သားထူးရေ။ သား”
အဝေးမှဖွားဖွားခေါ်သံကြောင့် ကျောက်ဆောင်ကိုတစ်ချက်လှမ်းကြည့်ပြီး သောင်ပြင်ပေါ် ပြေးတက်လိုက်သည်။ ဖွားဖွားကရောဂါသည်လေ။ နဲနဲလေးလမ်းလျှောက်တာနဲ့မောသည် ဟုဆိုတတ်သည်။ ဖွားဖွားကျွန်တော့ဆီမရောက်ခင်ကျွန်တော် ဖွားဖွားရှေ့ရောက်အောင် အားကုန်ပြေးခဲ့သည်။
ကျွန်တော့်နောက်တွင်ကျောက်ဆောင်၊ရေပြင်နှင့်သောင်ပြင်ကျန်ခဲ့လေသည်။ရေစပ်မှ မေမေ့ကို ချန်ထားခဲ့ရသည်။

*************************************************************

ကျောင်းတွေဖွင့်လိုက် ပိတ်လိုက်ဖြင့် ကျွန်တော်၇တန်းစာမေးပွဲကိုဖြေဆိုပြီးခဲ့ပြီ။ ဖေဖေ ကျွန်တော့်ကိုလာခေါ်မည်ဟုပြောခဲ့သည်မှာလဲ ၇နှစ်ရှိခဲ့ပြီ။ဒီနွေကျောင်းပိတ်ရက်တွေ ကုန် လို့မှ ဖေဖေကျွန်တော့်ကိုလာမခေါ်လျှင်ကျွန်တော် ကျောင်းဆက်တက်ရတော့မည်မဟုတ်။ ဖွားဖွားရောဂါကိုဆေးကုရတာ၊ကျွန်တော့်ကျောင်းစရိတ် ကိုရှာပေးရတာကို အမြဲရန်ရှာနေ သည့် ဦးလေးကြောင့်ဖွားဖွားကျိတ်ငိုနေတာ ကျွန်တော်မြင်တိုင်းဝမ်းနည်းလှသည်။ ဦးလေး ကကြိုပြောထားသည်မှာ ဒီနှစ်၇တန်းဖြေပြီးရင် ကျောင်းဆက်မထားနိုင်တော့ဘူးတဲ့။ သူနှင့် အတူ ကြုံရာကျပန်းလိုက်လုပ်ရမည်တဲ့။
အို..အလုပ်လိုက်လုပ်ရတာ ဘာအရေးလဲ။ ခုလဲကျွန်တော်ကြုံရင်ကြုံသလို ဦးလေးကိုကူ နေရတာပဲလေ။ ဒါပေမယ့် ကျောင်းဆက်တက်ချင်သည်။ ကျွန်တော်အလုပ်တစ်ခုခုရှာ လုပ်ပြီး ကျောင်းစရိတ်စုရင်ကော ဦးလေး လက်ခံမလား။ဒါလဲဖြစ်နိုင်မည်မထင်။ သူ့ ကိုရွဲ့ရ မည်လားဟု ထရိုက်မှာကျိန်းသေသည်။ မေမေ သားဘာလုပ်ရမလဲ။
မေမေနဲ့ကျွန်တော်နေတဲ့ အိမ်ဝိုင်းလေးကိုလဲ ဦးလေးကရောင်းစားလိုက်ပြီ။ ခုသားတို့ ရွာ စပ်မှာနေနေရတယ်။သိလားမေမေ။အရင်လိုညနေစောင်းတိုင်း သောင်ပြင်ကိုဆင်းလာလို့ မရတော့ဘူး။ ခုတောင် ဦးလေးဟိုဘက်ရွာကိုညအိပ်သွားတုန်း ဖွားဖွားကိုပြောပြီး သား သောင်ပြင်ကိုလာခဲ့ရတာ။
“သား”
နီးနီးလေးမှ ကပ်ခေါ်လိုက်သည့်အသံကြောင့် ကျွန်တော်လန့်၍ကျောက်ဆောင်ပေါ်မှ ထ ရပ်မိသည်။ ကျွန်တော်နှင့် ခြေလှမ်းအနည်းငယ်အကွာမှာရပ်နေသည့် ဖေဖေ။ ကျွန်တော် ထင်ယောင်ထင်မှားဖြစ်နေသည်လား။ဖေဖေ့ကိုမျှော်လင့်လွန်း၍များ ဖေဖေ့ကိုကျွန်တော် တွေ့နေတာလား။ မျက်စိကိုလက်နှစ်ဖက်ဖြင့်ပွတ်၍ကြည့်မိသည်။ ဖေဖေ့ပုံရိပ်သည် ရွေ့ မသွား။ ပျောက်မသွား။ ဒါဆို..
“ဖေဖေ ပါကွ။ မင်းကလဲ။ ငါ့များ သရဲထင်နေတာလား မင်းက”
“ဟာဖေဖေ...အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်.ကျွန်တော်ဖေဖေ့ကိုမျှော်ရလွန်းလို့ထင်ယောင် ထင်မှား ဖြစ်နေသလားလို့ စိတ်ထင်နေလို့ပါ။”
“သားရယ် ဖေဖေတောင်းပန်ပါတယ်။ မင်းဖေဖေ့ကိုစောင့်နေမှာ ဖေဖေသိပါတယ်။ ဒါပေ မယ့်အကြောင်းကြောင့် ဖေဖေ ပြန်လာဖို့နောက်ကျခဲ့တယ်။”
ချက်ချင်းမျက်နှာပျက်သွားသည့်ဖေဖေ့ကို ကျွန်တော်သနားမိသည်။ အင်းပေါ့ ဖေဖေ့မှာလဲ ဖေဖေ့ အခက်အခဲနှင့်ဖေဖေဖြစ်မှာပေါ့လေ။ ကျွန်တော့်ကိုဖေဖေ ပြန်လာခေါ်မည်ဟုပြော ခဲ့သားပဲ။ ခုလဲရောက်လာသားပဲ။ဖေဖေ ကတိတည်ပါသည်။ ခပ်တွေတွေရပ်ငေးကြည့်နေ သည့်ဖေဖေ့ကို ကျွန်တော်လှမ်းဖက်လိုက်တော့ ဖေဖေကလဲအလိုက်သင့် ဖက်ထားရှာ သည်။
“ဘာပဲဖြစ်ဖြစ်ပေါ့ဖေဖေရယ်။ကျွန်တော့်အတွက်တော့ ဖေဖေရောက်လာဖို့ပဲလိုတာပါ။ ကျွန် တော် တို့သားအဖ အတူနေနိုင်ရင် ကျွန်တော်ကျေနပ်ပါတယ်”
“ အင်း..ဒါတော့ စိတ်ချသား။ဖေဖေမင်းကို ခုလာခေါ်တာ။ နောက်နှစ်ရက်နေရင် ဖေဖေ တို့ အတူနေဖို့သွားမယ်။ သားငယ်ငယ်ကပြောတဲ့ ဖေဖေနေတဲ့ ဟိုးဝေးဝေးကနေရာကို ပေါ့”
“ခု သားသိပါပြီ ဖေဖေရဲ့။ ဖေဖေနေတဲ့နေရာကို”
“ဟုတ်လား။ ဘယ်နေရာလဲ။ ဖေဖေနေတာ”
“စင်ကာပူလေ”
“ဟ ဟုတ်လား။ဖေဖေနေတာ စင်ကာပူလား။ဖေဖေကတော့အမြဲမှတ်မိနေတာ သားပြော တဲ့ ဟိုးဝေးဝေးက နေရာလို့ပဲ။ဟားဟားဟား”
“ဟားဟားဟား”
ကျွန်တော်တို့သားအဖနှစ်ယောက်၏ အော်ဟစ်ရယ်မောသံသည် ကျောက်ဆောင်ကိုရိုက် ၍ ပင်လယ်ပြင်ကိုကူးခတ်သွားပေလိမ့်မည်။ မေမေ့ပြာတွေကိုမျှောလိုက်သည့် ရေသည် ပင်လယ်အထိစီးဆင်းသွားနိုင်သည်လားကျွန်တော်မသိ။ကျွန်တော်သိသည်မှာ ဟိုးဝေးဝေး မှနေ၍မေမေကျွန်တော်တို့သားအဖ ရယ်မောနေတာကို ပြုံး၍ကြည့်နေလိမ့်မည်။
***********************************************************
စင်ကာပူဆိုသည့်နိုင်ငံကကျွန်တော့်အတွက်တော့ အိပ်မွေ့အချခံထားရသည့်နေ့နှင့် သာတူ လေသည်။ အိပ်မွေ့ချထားခံရမှာတော့ နေ့ဖြစ်ဖြစ်၊ညဖြစ်ဖြစ် နှမြောစရာသိပ်မကောင်းလှ ပါ။ ဒီလိုပါပဲ။ကျွန်တော့်ဘ၀ကိုတစ်စုံတစ်ယောက်က အိပ်မွေ့ချထားသလိုယောင်တိယောင် တောင်နဲ့ ဖြစ်သလိုလျှောက်နေရသည်သာ။ နှမြောစရာလဲ စိုးစိမှမရှိ။ အရာအားလုံး နထ္ထိ သာဖြစ်လေသည်။
ကျွန်တော့်မေမေမဟုတ်သောဖေဖေ့မိန်းမကို မာမီဟုခေါ်ရသည့်ကျွန်တော့်ခံစားချက်သည် ယေဘူယဆန်ဆန်သာဖြစ်လျှက် ကျွန်တော့ထပ်နှစ်နှစ်ကြီးပြီး ကျွန်တော့်ကို ဖာသိဖာသာ ဆက်ဆံတတ်သည့် ဖေဖေ့သမီးကျွန်တော့်အစ်မကို မမဟုခေါ်မိတိုင်းရင်နာမိသည်။ ဘာ့ ကြောင့် ဆိုပါလျှင် မေမေပြောပြခဲ့သောတစ်စွန်းတစ်စစကားမှာ “သားမှာလဲ အစ်မရှိပါ တယ် သားရဲ့”တဲ့။ကျွန်တော်တို့သားအမိနှင့်ခြံချင်းကပ်ရပ်က အစ်မမအေးကသူ့မောင်လေး တွေကိုချီပိုး၍တစ်မျိုး။ ချော့မြူ၍တစ်ဖုံကျွန်တော်မြင်နေရတိုင်း “မေမေ သားလဲအစ်မလို ချင်တယ်” ဟု ပူဆာခဲ့ဘူးသည်လေ။
ကျွန်တော့်ထက်၅နှစ်ငယ်သော ဖေဖေ့သားမမ၏မောင်ကိုညီလေးဟုခေါ်တိုင်း ၀မ်းနည်း ကြေ ကွဲရသည်မှာခပ်စိမ်းစိမ်းပြန်ကြည့်တတ်သည့် မျက်ဝန်းများကြောင့်ဖြစ်မည်ထင်ပါ သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်သင့်သည်။ကျွန်တော်တက်ချင်လှသည်ထက် ပို၍ အဆင့်မြင့်သောကျောင်းတွင် ကျွန်တော်တက်ခွင့်ရခဲ့သည်။ ကျွန်တော်ဖေဖေနှင့်အတူနေ ခွင့်ရခဲ့ပြီ။
ကျွန်တော့်မိထွေးသည် ကုန်စိမ်း၊ကုန်ခြောက်ဆိုင်ကိုကိုယ်တိုင်ဦးစီးလျှက် သူများနိုင်ငံ တွင်ငွေကိုရအောင်ရှာနိုင်စွမ်းရှိသည့် မိန်းမတယောက်ဖြစ်ချေတော့သည်။ ကျွန်တော့်ကို ခိုင်းစရာရှိလျှင် ဖေဖေကနေ တစ်ဆင့်ခိုင်းသလို။ပေးစရာရှိလျှင်လည်း ဖေဖေကနေ တစ် ဆင့်သာ။ ကျွန်တော့်ကိုသူနေ့တိုင်းတွက်ချက်နေသည့် ကိန်းဂဏန်းလောက်ပင် သိသိသာ သာစိတ်စားဟန်မပြခဲ့။သို့ပေမယ့် ကျွန်တော့်အစ်မရဲ့အရွယ်ရောက်လေလေအတိုင် အ တန်းထူ၊ပြစ်တင်ရှုံ့ချမှုတွေနဲ့ ကျွန်တော့်အပေါ်ထားတဲ့သွေးကွဲတဲ့ ဆက်ဆံရေးတွေကို တော့ မာမီအလေးထားခဲ့သည်။
အရင်ကဖာသိဖာသာ အလေးမထားခဲ့သလောက်မမရဲ့ ကျွန်တော်အပေါ်အပြစ်ရှာမှု အောက်မှာမာမီကျွန်တော့်ကိုမျက်စိစပါးမွှေးစူးလာဟန်ရှိခဲ့သည်။ကျွန်တော့်ကိုစောင့်ကြည့် အကဲခတ်လာသလို၊ ကျွန်တော့်အပြစ်တွေကိုလဲ ဖေဖေမြင်အောင်ချပြလာခဲ့သည်။ကျွန် တော့်ကိုပညာရေးတွင်ထူးချွန်စေချင်သောဖေဖေ၊ တစ်နှစ်တစ်တန်းမှန်မှန်မအောင် တော့ သည့် ကျွန်တော့်ကိုအော်ဟစ်ဆူလာခဲ့ပြီ။ကျွန်တော့်အပေါင်းအသင်းမှန်သမျှကိုလဲ ဖေဖေ ကန့်ကွက်စပြုလာခဲ့ပြီ။ကျွန်တော်နှင့်ဖေဖေ စတင်သဘောထားကွဲခဲ့ပြီဖြစ်သည်။
ကျွန်တော့်ကျောင်းစရိတ်အတွက် ဖေဖေ့လစာတစ်ဝက်ကို သိမ်းခဲ့သောမာမီသည် ကျွန် တော့်ဥာဏ်ထိုင်းမှု၊အပေါင်းအသင်းများမှုကိုအကြောင်းပြကာဖေဖေ့လစာအကုန်သိမ်းသည် အထိဖြစ်လာခဲ့သည်။ နေ့စဉ်အသုံးစရိတ်အတို အထွာလေးတောင်မှ ဖေဖေမာမီ့ဆီမှ တောင်းယူသုံးစွဲရသည် အထိဖြစ်လာခဲ့ပြီမို့ ကျွန်တော့်ကိုကျွန်တော်လိပ်ပြာမလုံဖြစ်မိ၏။ ကျွန်တော့်ပညာရေးအတွက်၊ ကျွန်တော့်အသုံးစရိတ်တွေအတွက် ဖေဖေစွန့်လွှတ်ရသည် မှာတန်ပါရဲ့လားဟုကျွန်တော် စတင်တွေးတတ်စပြုသည်။
ကျွန်တော့်နှင့်ရွာတွင် ပြုံးပျော်ဆော့ကစားတတ်သည့်ဖေဖေကို့ ကျွန်တော်ဆုံးရှုံးခဲ့ပြီဟု နား လည်မိသည့်အချိန်တွင် ဖေဖေ့မျက်နှာမှာ အပြုံးငွေ့ငွေ့တောင် ထင်ကျန်မနေတော့။ ကျွန် တော့် မိုက်မဲမှုတွေကိုတစ်စိမ့်စိမ့်ကြည့်လျှက်ဝမ်းနည်းစိတ်ပျက်နေဟန် ရှိနေသည်။ ကျွန် တော့်ကိုတွေ့သည့် နေရာတွင်တွေ့သလို အော်ဟစ်ဆူပူဖို့ဖေဖေ၀န်မလေးတော့။
ဖေဖေ့ကိုငဲ့ညှာသည့်အနေဖြင့် ကျောင်းတစ်ဖက်နှင့် အချိန်ပိုင်းအလုပ်တွေ ခိုးလုပ်မိချိန် တွင်တော့ ကျွန်တော့်ကျောင်းတက်ခွင့်ကို ကျောင်းမှပင်ပိတ်ပင်ခဲ့သည်။ ကျောင်းတက် ချိန်မမှန်သော၊ ကျောင်းတက်ရက်မမှန်သော၊စာသင်နေရင်း အိပ်ငိုက်တတ်သော၊ စာမေး ပွဲတိုင်းကျရှုံးနေသော....ခေါင်းစဉ်အများကြီးနှင့်ကျွန်တော်ကျောင်းထုတ်ခံရချိန်တွင် ဖေဖေ ကျွန်တော့်ကိုမျက်နှာခြင်းမဆိုင်တော့။ အစကတည်းက မကြည်ဖြူသော မမ နှင့် မမသွေး ထိုးထားသောစကားများကြောင့် ဖေဖေကျွန်တော့်ကို ဆူပူမန်မဲဖို့တောင်မေ့နေခဲ့ပြီထင် သည်။
ကျွန်တော်ကတော့ အချိန်ပိုင်းအလုပ်များဖြင့် ရသမျှငွေကြေးကို လူမျိုးတူသူငယ်ချင်းများ ဖြင့်အကုန်သုံးလိုက်ငွေလိုလျှင် သူငယ်ချင်းတွေဆီကပြန်ချေးငှားလိုက်ဖြင့် စင်ကာပူည တွေသည် နက်သည်ထက်နက်ခဲ့သည်။ ကျွန်တော့်ကို အမြင်မကြည်သောမမ။ သူချစ် သောသူ့ချစ်သူနှင့်တရားဝင်လက်ထပ်ခွင့်ရအောင်ကူညီဖြစ်ခဲ့သည့် ကျွန်တော့်ကိုမမနူးညံ့ စွာ မေးထူးခေါ်ပြောလုပ်လာသည့် အချိန်မှာ တော့ကျွန်တော့ပျော်ရွှင်မှုသည် ကျွန်တာ့် ရင်ထဲကဒဏ်ရာတွေကို သေးသိမ်မှုန်မွှားစေခဲ့ပြန်သည်။ အဖေတူအမေကွဲ အစ်မတစ် ယောက်ကို “မမ” ဟုခေါ်ခွင့်ရဖို့ သိပ်မခဲယဉ်းပေမယ့် မမကအသိအမှတ်ပြုဖို့ ခဲယဉ်းခဲ့ သည်မဟုတ်ပါလား။
မမ၏ရဲဝံ့မှုကို ကျွန်တော်ကူညီပေးလိုက်သည့်နောက်တွင်တော့ ဖေဖေချုံးပွဲချငိုခဲ့၍ မာမီက ကျွန်တော့်ကို သူ့အိမ်မှာနေခွင့်မပေးတော့။ ဖြစ်သင့်ပါတယ်လေ။ ရလာဒ်ကို ကျွန်တော် ကြိုတွက်ခဲ့ပြီးမှလုပ်ခဲ့သည်ပဲ။ ကျွန်တော်ခံနိုင်ရည်ရှိရပါလိမ့်မည်။ ကျွန်တော် ကျေနပ်စိတ် တ၀က်၊၀မ်းနည်းစိတ်တစ်ဝက်ဖြင့် အိပ်ပေါ်မှဆင်းခဲ့သည်။ မမအတွက်ကျေနပ်၍ ဖေဖေ့အ တွက်တော့အမှန်တကယ်ဝမ်းနည်းခဲ့ရသည်။
ကျွန်တော့်အတွက်စင်ကာပူမှာရောက်နေရသည့်ရှစ်နှစ်တာကာလသည် ရှည်လျားလွန်း ၍ ၀မ်းနည်းစိတ်ပျက်စရာတွေနှင့်သာ ရင်ဆိုင်တိုးမိခဲ့သည်။ ကျွန်တော့်တွင်ပဲ့ကိုင်မည့် သူမရှိ၊ ဆုံးမမည့်သူမရှိ။ အဆုံးစွန်ဆုံး ကျွန်တော့်ကိုကျေကျေနပ်နပ် ဖြင့်နေရာပေးမည့်သူမရှိ။ ၀မ်း နည်း၍ ချုံးပွဲချငိုမိလျှင်တောင်မှ ကျောပုတ်ဖြေသိမ့်မယ့်သူမရှိ။ ဟိုးအရင် ကျွန်တော်ငယ် ငယ်က ကျွန်တော့်အတွက် မေမေရှိလျှင်ပြည့်စုံခဲ့၍ မေမေနေထိုင်ရာအရပ်သည်ကျွန်တော့် နေရာဖြစ်ခဲ့သည်။ ခုအချိန်မှာတော့ ဖေဖေနေထိုင်ရာအရပ်သည် ကျွန်တော့်နေရာဖြစ်မ လာခဲ့။ ကျွန်တော်စိတ်သောကကင်းကင်းနဲ့ပျော်သည့်နေရာသည် ဘယ်နေရာဖြစ်ပါသလဲ။ ကျွန်တော့်အတွက် ဘယ်နေရာသည်အသင့်တော်ဆုံးဖြစ်ပါသ လဲ။

*****************************************************

လတ်တလောဆုံးဖြတ်ချက်ဖြင့် ကျွန်တော့်မွေးရပ်၊မေမေ့မွေးရပ်ကိုဖေဖေ့ကိုတောင် အသိမ ပေးပဲပြန်ခဲ့သည်။လှိုင်းပုတ်သံတွေနဲ့သောင်ပြင်သည်ကျွန်တော်ငယ်ငယ်ကပြေးလွှားဆော့ ကစားခဲ့သည့်အတိုင်းနဲနဲမှမပြောင်းလဲသေး။ ပြောင်းလဲခဲ့သည်မှာကျွန်တော်တစ်ယောက် တည်းသာ။ဟိုးဝေးဝေးကရေစပ်မှာ မေမေရှိနေသည်ဆိုသည့်အတွေးကို ဘာကြောင့်ထည့် ပေး ခဲ့မှန်းမသိသည့် ဖွားဖွားစကားကို ပြန်ကြားယောင်မိတိုင်းအံတင်း တင်းကျိတ်လျှက် ရယ်မိသည်။ ဖေဖေနှင့်အတူထိုင်ဖြစ်ခဲ့သည့်ကျောက်ဆောင်ပေါ်ကို ညနေတိုင်းတက်ထိုင် ဖြစ်ကာဖေဖေ့ကိုတမ်းတမိသည်မှာလဲအကြိမ်ကြိမ်။ ကျွန်တော့်တွင်ဦးတည် ရာမဲ့စွာလမ်း ပျောက်နေသည်။ မျှော်လင့်ချက်မဲ့စွာဖြင့်လဲ ဖေဖေ့ကိုတမ်းတနေမိပြန်သည်။ ဖေဖေနေမှ ကောင်းပါရဲ့လား။ကျွန်တော့်အပေါ်ဖေဖေ့ဒေါသပြေချိန်မှ တန်ပါရဲ့လား။

ဝမ်းနည်းတဲ့စိတ်၊ ထုံထိုင်းနေသည့်အတွေးတွေဖြင့် ကျွန်တော်အရက်ကို နေ့ရောညပါ သောက်ဖြစ်ခဲ့သည်။အစာစားခြင်းကိုလဲမေ့ခဲ့ပြီ။ရက်တွေဆက်လာသည့်အခါမှာတော့ လော ကကြီးကိုပါမေ့ခဲ့သည်။ သတိပြန်ရ၍လောကကြီးမှသက်ရှိ၊သက်မဲ့များကိုပြန်ခံစား မိချင်း ချင်း မြင်ကွင်းထဲဝင်လာသည်က ဖြူစွတ်စွတ်အ၀တ်အစားနှင့် အပြုံးရိပ်အနည်းငယ်သန်း သည့်နှုတ်ခမ်း။ ပြီးတော့ဝိုင်းစက်ကြည်လင်နေသည့်မျက်လုံးများဖြင့် ကျွန်တော့် ကိုငုံမိုး ကြည့်နေသည်။
“ကျွန်တော် ဘယ်ရောက်နေတာလဲ”
“ဆေးရုံကိုရောက်နေပါတယ်ရှင်”
“အော်.. ဒါနဲ့ ကျွန်တော် ရေနည်းနည်းသောက်ချင်တယ်။ ရမလား”
“ရပါတယ်။ ရှင်ဗိုက်လဲဆာနေမှာသိပါတယ်။ ရေအရင်သောက်ထားနှင့် ကျွန်မခဏခနေ ဆန်ပြုတ်နွေးနွေး သွားယူလာပေးမယ်”
“ကျေးဇူးပါပဲဗျာ”
တည်ငြိမ်ရင့်ကျတ်နေဟန်ရှိသည့်မျက်နှာပြင်သည် အပြုံးကိုပျူငှာစွာမွေးထုတ်ပေးသည်။ ကျေးဇူးတင်စကားကို ခေါင်းငြိမ့်ပြဟန်ကလဲ ခပ်လေးလေးခပ်သာသာ။ ကျွန်တော့်ကို ရေ တိုက်ပြီး ဆန်ပြုတ် သွားယူဦးမယ်ဟုဆိုကာအခန်းပြင်ထွက်သွားသည်မှာ မြန်ဆန်ဖျတ် လတ်နေပြန်သည်။မြန်ဆန်နေသည့်ခြေထောက်မှခြေသံကိုလုံအောင်ထိန်း ထားနိုင်သည်။ တစ်ဖြည်းဖြည်းဝေးသွားသည့် သူမ၏ကျောပြင်သည် ကျွန်တော့်ကိုဆုံး ရှုံးခြင်းဆိုသည့် ဝေ ဒနာကိုခံစားစေ၏။ ကျွန်တော်ကြောက်လန့်တကြား မျက်လုံးစုံမှိတ်လိုက်မိသည်။ အရာရာ သည်ပြင်ဆင်ခွင့်မရှိ၊ အရာရာသည်တားဆီးခွင့်မရှိ၊ ခံစားချက်တိုင်းသည်လည်း မျှော်လင့် ခွင့်ရှိတာသေချာပါရဲ့လား။အို ကျွန်တော့်အတွေးတွေ ဘယ်ကိုခုန်ပေါက် ရောက်နေပါသ လဲ။ မေတ္တာငတ်မွတ်လှလွန်းသည့်ကျွန်တော်။ ကျွန်တော့် ကိုနူးညံ့စွာဆက်ဆံသည့် သူမ။ အို သူ့တာဝန်နဲ့သူလုပ်ကိုင်နေတာပဲလေ။ သူ့အပြုံးတွေက ကျွန်တော့်တစ်ယောက်တည်း အတွက်ဟုတ်ဟန်မတူဘူး။ သူမနူးညံ့မှုတွေကကျွန်တော် တစ်ယောက်တည်းအတွက် မ ဟုတ်ခဲ့ပါဘူးဗျာ။


****************************************************

မျှော်လင့်လွန်းအားကြီးသည့်အခါ ကံကြမ္မာကကိုယ်မျှော်လင့်တာနှင့် တစ်ခါတစ်ရံပတ် သတ်ခွင့်ပေးပုံရသည်။ ကျွန်တော်၏စိတ်တွေရွေ့လျားလှုပ်ရှားစေခဲ့သည့် သူမနှင့် ကျွန် တော် ဆေးရုံကဆင်းပြီးသုံးပတ်မြောက်တွင်တိုက်တိုက်ဆိုင်ဆိုင် လမ်းမှာဆုံလေသည်။ ကျဉ်းမြောင်းလှသောလမ်းကျဉ်းလေးအပြည့် ယိမ်းထိုးမူးလာသောကျွန်တော့်ကို သူမစက် ဘီးနှင့်တည့်တည့်တိုးခဲ့လေသည်။ ဆိုင်မှာသောက်လို့အားမရ၍အပိုတစ်လုံးဝယ်လာသော ကျွန်တော်ပုလင်းတစ်ခြားလူတစ်ခြားဖြင့်လမ်းပေါ်မှောက်လျှက်ကျသဖြင့် ထူမတ်၍ မရ။ ကြိုးစား၍ထူမတ်လေမြေကြီးကို ကုန်းကုန်းနမ်းလေဖြင့်ရှိနေသည်။

“ဟဲ့ ဟဲ့ ဒါကဘယ်လဲ သက်မာ။ ဟိုကမူးနေတာ သွားမထူနဲ့လေ”
“မထူလို့မရလောက်ဘူး။ သူ့ဖာသာ မူးနေတာကမှန်ပါတယ်။ သက်မာသာဝင်မတိုက် လိုက်ရင်သူ့ဖာသာသူတော့အိမ်ရောက်မှာသေချာတယ်။ ခုသက်မာမှမထူရင်သူထနိုင်တော့ မယ်မထင်ဘူး”
“ရတယ် ရတယ်”
ပြောပြောဆိုဆိုဖြင့်ကျွန်တော့်ချိုင်းကြားမှဆွဲခေါ်နေသည့် သူမလက်ကို ကျွန်တော်လွတ် အောင်ရုန်းလျှက်ငြင်းဆန်လိုက်သည်။ သူမမျက်နှာဘယ်သို့ရှိမည်မသိ။ သူမစိတ်ဆိုးသွား မှာသေချာနေသည်။တစ်ခါတစ်ရံလူတွေသည် စေတနာနှင့်မတန်သည်ကို သူမသိ ပါလေစ။ ကျွန်တော်ပြုခဲ့သမျှစေတနာတွေသည် ကျွန်တော့်ကိုအိမ်ခြေရာခြေမဲ့စေသည်။ တစ်ဦး တည်းသောဆွေမျိုးဖခင်ကိုစွန့်လွှတ်ရသည်။
ကြိုးစားရုန်းကန်ထသော်လည်းအချည်းအနှီးသာ။ဒေါသတကြီးဖြင့် မြေကြီးကိုအားကုန်ထု လိုက်မိသည်။ဒုတိယအကြိမ်ကျွန်တော့်ချိုင်းကို တွဲထူလာသည့်သူမကိုကျွန်တော် ခေါင်း မတ်၍ကြည့်ဖြစ်အောင်ရင်ဆိုင်ကြည့်လိုက်သည်။ လရောင်အနည်းငယ်ဖြင့်မြင်ရ သည့်သူမ မျက်နှာ။မျက်ခုံးအနည်းငယ်တွန့်လိုက်သည်မှာကြည့်၍ကောင်းလွန်းလှသည်။
“ရလား သက်မာ။ ဟင် နင် ...နင့်ကို ငါမြင်ဖူးပါတယ်။ နင်ဘယ်သူလဲ။”
“ကျွန်တော်လား.. ကျွန်တော်သားထူး။ ဒီရွာတောင်ပိုင်းမှာနေခဲ့တဲ့ ဒေါ်အေးချိုရဲ့သား”
“ဒေါ်အေးချို....ဟင်...သားထူး။သားထူးရယ်နင်ဘယ်လိုဖြစ်နေရတာလဲ။နင် ဦးသားဦး နဲ့လိုက်သွားတာမလား။ ဘယ်တုန်းက ပြန်ရောက်နေတာလဲ။ ခုနင်ဘယ်မှာနေတာလဲ။”
“နေပါဦး အစ်မကဘယ်သူလဲ။”
“အော် အင်း.. ငါကရွာတောင်ပိုင်း နင်တို့အိမ်ရဲ့ဘေးခြံက မအေးလေ”
“မအေး... အော် ဟုတ်ကဲ့။ ကျွန်တော်မှတ်မိပြီ။ မှတ်မိပြီ”
“မှတ်မိရင်လဲထတော့။ ရှင့်ကိုဒီနေရာမှာ ဖျာခင်းပေးထားတယ်များမှတ်နေသလား”
သူမ၏ခပ်ရွဲ့ရွဲ့စကားကို မအေးရီ၍ကျွန်တော်ကြောင်အမ်းစွာကြည့်မိသည်။ သူမသည် ဆေးရုံမှာ လူနာတွေကိုပြုမူဆက်ဆံသလိုမနူးညံ့။ဆေးရုံပြင်ပတွင်အင်မတန်တည်တင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားလေသည်။
“ဖျာခင်းထားတယ်တော့မမှတ်ပါဘူး။ သူယောင်မယ်လား။နတ်သမီးလား ခွဲခြားနေလို့မ ထနိုင်။ မရပ်နိုင်ဖြစ်နေတာ”
“ဟားဟားဟား.... လုပ်တော့မယ် သားထူးရယ်။ နင်ဟာလေ စကားအင်မတန်တတ် တယ်။ ကဲကဲ ထတော့ ငါထူပေးမယ်”
“မထူနဲ့မအေး။ သူကမူးနေတာမဟုတ်ဘူး။ သူယောင်မယ်လား၊ နတ်သမီးလား ခွဲခြားနေ လို့ မထနိုင်တာဆို။ ထူမနေနဲ့တော့။ သက်မာတို့ဖာသာ ပြန်ကြစို့။တော်ကြာ ကိုကိုစိတ် ပူနေမယ်။ စက်ဘီးစီးသင်တာ လူခြေတိတ်မှလာသင်တာ တောင်တိုးမိအောင်တိုးမိသေး တယ်။”
“ဟ ဟ။ အဲ့လိုတော့ မလုပ်ပါနဲ့သက်မာရယ်။ငါတစ်ကယ်မထနိုင်သေးတာပါ။ သက်မာ မထူနိုင်ရင်တောင် မအေးတော့ ထူပါလေ့စေပေါ့။ သက်မာနဲ့ ဘာဆိုင်လို့တုန်း”
“ဘာကိစ္စမဆိုင်ရမှာတုန်း။မအေးက သက်မာယောင်းမပဲဟာ”
စကားအဆုံးကျွန်တော့်ကိုသူမကျောခိုင်း၍ လဲနေသေးသောစက်ဘီးဆီသွား၍ထူနေသည်။ မအေးကတော့ ကျွန်တော့်ကိုတွဲထူသည်။ သိပ်မမူးတော့ပြီမို့ အရင်ကလောက်တော့ မတ် တတ်ထရပ်ရသည်မှာမခက်ခဲတော့။ ကျွန်တော်နေထိုင်ရာအိမ်သည် ဒီနေရာနှင့်သိပ် မဝေး လှ။ကျွန်တော့်နေအိမ်ကိုဖြတ်ပြီးမှမအေးတို့အိမ်ရောက်ပေမည်။ ကျွန်တော်သက်မာကို ငေး ကြည့်ကျန်ရစ်ခွင့်ရှိပါရဲ့လား။ခြေလှမ်းစိတ်စိတ်ဖြင့်ရှေ့မှသွားနေသည့် သက်မာ။ ကျွန်တော့် ဘေးမှလိုအပ်လျှင်တွဲကူထိန်းဖို့ရှိနေသည့် မအေး။ ကျွန်တော်စိတ်ကူးဖြင့် နေရာချင်းလဲ ကြည့် မိသည်။ မအေးသည်ရှေ့မှစက်ဘီးကိုတွန်း။ သက်မာသည် ကျွန်တော့်ဘေးမှာရှိနေ မည်။သို့ဆိုပါလျှင် ဘယ်၍ကောင်းမည်နည်း။ သို့ပေမယ့်စိတ် ကူးသည်စိတ်ကူးသာဖြစ်၍ ညသည်လဲနက်မြဲတိုင်းနက်ကာသက်မာသည်လဲ ကျွန်တော့်ကိုကျောခိုင်းမြဲကျောခိုင်းလျှက် ထားခဲ့လေသည်။


*************************************************************

သက်မာနှင့်မတွေ့ခင်က နေ့မသိ၊ညမသိမူးရူးနေသော ကျွန်တော်သည်သက်မာနှင့် ဒုတိယ အကြိမ်ဆုံခဲ့သည့်အချိန်မှစ၍ အရက်ပြတ်သွားခဲ့သည်။ ကျွန်တော့်ကိုမှခပ်ဖယ်ဖယ်ဆက် ဆံတတ်သောသက်မာကို ခင်မင်ခွင့်ရအောင်ဖန်တီးရသည်မှာမခက်ခဲ။မအေး ကူညီနိုင် လေသည်။ မအေးမကူညီနိုင်သည်မှာ သက်မာတွင်ရည်မှန်းထားသူရှိမရှိကို ဖြစ်သည်။ ဘာ့ ကြောင့်လဲဆိုပါလျှင် မိဘမရှိတော့မှအစ်ကိုဖြစ်သူနှင့်အတူလာနေသည်မှာ သိပ်မကြာ သေး၍ဖြစ်သည်။ ထို့ကြောင့်ကျွန်တော့်နည်း ကျွန်တော့်ဟန်ဖြင့်သာ သူမကိုချည်းကတ် ရသည်။ကျွန်တော့်ဘ၀ကျွန်တော့်အကြောင်း။ကျွန်တော့်ဆိုးပေ မိုက်မဲမှု။ ဖေဖေ့ကိုထား၍ ကျွန်တော်တစ်ယောက်တည်းရွာပြန်လာခဲ့ရသည့်အကြောင်း။ ကျွန်တော်တတ် သလောက် မှတ်သလောက်ဖြင့် သက်မာကိုငိုပြ၍ကောင်းခဲ့သည်။ ကျွန်တော့် ခံစားချက်အမှန်ကို သက်မာထံမှာဝန်ခံပြောပြရသည်မှာ ပို၍အသက်ဝင်ခဲ့သည်။
ကျွန်တော်ပြောသမျှကို နည်းနည်းဖြစ်စေ၊များများဖြစ်စေနားထောင်မှတ်သားလျှက် သူမ ထောက်ခံစကားတစ်ခွန်းတစ်လေတောင်ပြောဖော်မရခဲ့။ အားပေးစကားပြောဖို့လဲ သတိ မရ။ ကျွန်တော့်မျက်နှာကိုသာ စေ့စေ့စိုက်ကြည့်လျှက်ဖြင့်သာ တိတ်ဆိတ်လွန်းအား ကြီး နေခဲ့သည်။ သက်မာ မသနားတတ်တာလား။ ကိုယ်ချင်းစာစိတ်မရှိတာလား။ ကျွန်တော် သက်မာထံမှနှစ်သိမ့်စကားလိုချင်လှသည်။ ကျွန်တော်ဒီ့ထပ်ပိုသည်းမခံနိုင်ပါ။
“ကျွန်တော်မှားနေသလား သက်မာ။ ဒါမှ မဟုတ် ကျွန်တော့်ကံကြမ္မာကပဲ မှားနေခဲ့တာ လား”
“အင်း.. မှားနေတာက ရှင့်အတွေးတွေပဲ။ရှင့်စိတ်တွေပဲ။ ဖြစ်သင့်လို့ ၊ဖြစ်ချိန်တန်လို့ဖြစ် လာတဲ့ အခြေအနေတွေမှာ လိုက်လျောညီထွေမနေတတ်တဲ့စိတ်၊အတွေးတွေကမှားယုံ တင်မကဘူး။အချိန်မှီ မထိန်းသိမ်းတတ်ရင် ရူးပါရူးနိုင်တယ်”
“ဗျာ”
“ဟိုးမှာတွေ့လား နေ၀င်တော့မယ်။ အဲ့လိုနေ၀င်တော့မယ်ဆိုတာကိုသိနေတဲ့ရှင်၊ငိုချင် စိတ်ဖြစ်သလား။ ၀မ်းနည်းသလား”
“ဟင့်အင်း မဖြစ်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်ဘ၀နဲ့ဘာဆိုင်နေလို့လဲ”
“ဆိုင်တာပေါ့။ နေ၀င်တာကို သိနေပေမယ့် သက်မာတို့မတားနိုင်ဘူးလေ။ ဆုတောင်း လို့လဲမရဘူး။ သွားဖမ်းထားလို့လဲမရဘူး။ သူ့ဖာသာသူဝင်မယ့်နေက ၀င်ချိန်တန်ရင်ဝင် မယ်။ အဲ့ဒီ့အသိကြောင့် သက်မာတို့ ဘာမှထူးပြီးခံစားမနေရဘူး။ ရှင့်ဘ၀ကိုရှင့်အဖေက လဲ ဒီလိုဘယ်ဖြစ်စေချင်ပါ့မလဲ။ ဒီလိုပဲ ရှင်ကလဲရှင့်ဘ၀ဒီလိုမဖြစ်အောင် ကြိုဆု တောင်း ခွင့်ဆိုတာမရှိဘူး။ ဒါကြောင့်ဖြစ်နေတာကို မပြင်ဆင်ပဲလက်ခံနိုင်ရမယ်။ ရှင့် စိတ် ရှင့်အ တွေးက ဒါကိုလက်မခံနိုင်တော့၊ငါ့မှာအပြစ်မရှိပဲ ငါတစ်ယောက်တည်းခံစား နေရပါလား လို့ထင်နေတယ်။ရှင်မေးဖူးလားရှင့်အဖေကို။ ညကအိပ်ပျော်ရဲ့လားဖေဖေလို့ လေ”
“ဗျာ”
“ရှင်မေးဘူးမယ်မထင်ပါဘူး။ တကယ်တော့ ရှင်ဟာရှင့်အတွက်နေရာကိုရှာရင်း နေရာ ပျောက်နေတယ်။”
“သက်မာ ကျွန်တော် သက်မာကိုချစ်တယ်”
“အချိန်တန်ရင် ရှင့်ဆီကဒီစကားကြားရမယ်ဆိုတာကြိုတွေးထားပါတယ်။ ဒါပေမယ့် ခုအ ချိန်မှာ သက်မာဆီမှာ သားထူးအတွက်နေရာမရှိသေးပါဘူး။ ဖြစ်စေချင်တယ် တစ်ခု ပဲ။ သားထူးဖေဖေဆီသားထူးပြန်ပါ။ ညကအိပ်ပျော်ရဲ့လားလို့တစ်နေ့တစ်ခါ မဟုတ်ရင် တောင် တစ်ပတ်တစ်ခါတော့မေးကြည့်ပါ။”
“အဲ့ဒီ့လိုမေးကြည့်ပြီးရင်ကျွန်တော့်ဘ၀ဘာပြောင်းလဲသွားမလဲသက်မာ။ ဖေဖေကအမှန် အတိုင်းမဖြေတဲ့အခါ ဘာဖြစ်မှာလဲ”
“ရှင့်ဘ၀နည်းနည်းတည်ငြိမ်လာလိမ့်မယ်။ ရှင့်အဖေအမှန်အတိုင်းမဖြေတာကို ရှင်သိလာ တဲ့အခါကျရင်၊ရှင်ချစ်သလို ရှင့်ဖေဖေကလဲရှင့်ကိုချစ်နေတယ်ဆိုတာ ရှင်အလိုလိုနား လည်လာလိမ့်မယ်”
“အမှန်အတိုင်းဖြေရင်ကော”
“ရှင့်အဖေ ရှင့်ကိုလိမ်ညာမပြောရက်လောက်အောင်ချစ်တယ်လေ”
“အာ ဘယ်လိုဖြေဖြေ.. ချစ်တယ်ဆိုတဲ့သတ်မှတ်ချက်ကြီးနဲ့ပါလား“
“အော် သားထူးကလဲ။ ဘယ်မိဘက မချစ်တဲ့သားသမီးရှိမှာတုန်း။ ဒါသတ်မှတ်ချက်မ ဟုတ်ဘူး။ သဘာဝ။ အမှန်တရား၊မသိရင်မှတ်ထား။ ကဲပြန်ကြစို့”
“အင်း သက်မာ။ ကျွန်တော် သက်မာဆီပြန်လာခဲ့မယ်နော်”
ခေါင်းမငြိမ့်၊ခေါင်းမခါ စကားတစ်ခွန်းမှမဆိုပါဘဲငေးကြည့်နေသည်မျက်ဆန်နက်နက်။ လေအရှိန်ကြောင့်လွင့်ထွက်သွားသည့် သူမခေါင်းစည်းလက်ကိုင်ပုဝါ။ လေမှာလွင့်ပါသွား သည့် ခေါင်းစည်းပုဝါကိုငေးကြည့်နေသည့်ကျွန်တော်တို့နှစ်ယောက်။ရာသီမဟုတ်ပါဘဲရွာ ချနေသည့်မိုးဖွဲဖွဲများကြားထဲမှာ အေးအေးသက်သာပင်ပြိုင်တူလှမ်းလျှောက်ခဲ့သည်။ အ တွေးကိုယ်စီဖြင့် စိတ်အာရုံကသိမှတ်ထားသည့်ခံစားချက်ဖြင့် ကိုယ့်အိမ်အရောက်ပြန်လာ ခဲ့ကြသည်။ကျွန်တော့်အိမ်ကို လွန်၍သက်မာလှမ်းလျှောက်သွားသည့် တိုင်ကျွန်တော်ရပ် ငေးနေမိသည်။ သက်မာနှုတ်ဆက်စကားမဆို။ ကျွန်တော်လဲ လက်ပြ နှုတ်ဆက်စရာမလို။


*************************************************************


“သက်မာလား။ အားရဲ့လား”
“အင်း မအားလဲအားရမှာပေါ့။ဒါများထူးပြီးမေးနေသေးတယ်။အလကားဖုန်းခကုန်တယ်။ ပြောလေ အချေအနေဘာထူးလဲ”
“အင်း ဖေဖေကျွန်တော့်ကိုချစ်တာ ကျွန်တော်ခံစားလို့ရပြီ သက်မာ”
“ကျွန်တော့်ကို ဖေဖေချစ်တာတော့ သိရပါပြီ။ဒါပေမယ့်.. မေမေ့ကိုဖေဖေချစ်ရဲ့လား ဆို တာ ကျွန်တော်ဘယ်လိုသိအောင်လုပ်ရမလဲ သက်မာ။”
“သက်မာ ဂျူတီပြန်ဝင်ရမယ်သားထူး။ ဒီတော့လိုရင်းတိုရှင်းပဲပြောပြမယ်။ ရှင့်ဖေဖေက ရှင့်မေမေကိုချစ်လွန်းလို့သူ့ရပ်သူ့ရွာမဟုတ်တဲ့နေရာမှာ လာနေတာတဲ့။ ပတ်ဝန်းကျင်က ပြောတဲ့သက်မာသိသလောက်ရှင့်မိဘတွေအကြောင်းပေါ့။”
“ကျွန်တော်ဖေဖေကိုယ်တိုင်ဝန်ခံတာကိုကြားချင်တယ် သက်မာ”
“ဒါဆိုရင်တော့ သက်မာ မကူညီနိုင်ဘူး။ ကဲ သက်မာ ဖုန်းချလိုက်တော့မယ်နော်”
“ကျွန်တော်သက်မာကို ချစ်တယ်”
“တူ..တူ”

စကားဆုံးဆုံးချင်းသက်မာဖုန်းချသွားလေသည်။ကျွန်တော့်စကားကိုတောင်မှ သက်မာ ကြားသွားပါရဲ့လား။တကယ်ပဲမအားတာလား။ကျွန်တော့်ကိုပဲရှောင်ချင်တာလား။ ဒီအဖြေ ကို သက်မာပဲမှန်အောင် ဖြေနိုင်ပါလိမ့်မည်။

*****************************************************

ကျွန်တော်မရှိသည့် ၆လတွင်မမမာမီ့အိမ်ကိုပြန်ရောက်နေ၍ မမခင်ပွန်းသည်ဒူဘိုင်းတွင် အလုပ်လုပ်ကိုင်နေလေသည်။ကျွန်တော်ပြန်လာတယ်ဆိုရင်ပဲဖေဖေကျွန်တော့်ကို အိမ်ကိုရ အောင်ခေါ်သွားခဲ့သည်။ အားလုံးကိုယ့်တာဝန်နှင့်ကိုယ်အသားတကျ သက်ဝင်လှုပ်ရှား နေကြချိန်တွင် ကျွန်တော်သည်လဲမာမီ့ဆိုင်မှ အရောင်းဝန်ထမ်းဝင်လုပ်ခဲ့သည်။ ကိုယ့်အ လုပ်ကိုယ်လုပ်ရင်း အရင်ကအားငယ်ခဲ့သမျှ တတ်နိုင်သလောက် မေ့ ထားနိုင်ခဲ့သည်။ ဖေဖေ့သားကျွန်တော် ပညာမစုံပေမယ့် ဘယ်အလုပ်ကိုမဆိုလုပ်ကိုင်နိုင်ကြောင်း ဖေဖေ အသိအမှတ်ပြုလာခဲ့သည့်အချိန်သည် ကျွန်တော်သက်မာ၏ အဖြေကိုရပြီး နှစ်လလောက် တွင်ဖြစ်သည်။ သက်မာကိုလွမ်းတိုင်း၊ဖေဖေရဲ့ ပြောင်းလဲလာတဲ့နွေးထွေးတဲ့ သဘော ထားကိုသက်မာထံ ပြောပြချင်တိုင်းကန့်သတ်ချက်မရှိ၊ နှမြောခြင်းမရှိပဲ သက်မာကို ကျွန် တော်ဖုန်းခေါ်ခဲ့သည်။ ကျွန်တော်ရသည့်ငွေသည် ဖုန်းကတ်ဖိုးသာဖြစ်ခဲ့သည်။ ကျွန်တော့် ရဲ့အားငယ်ပင်ပမ်းမှုသည် သက်မာနှင့်ဖုန်းပြောရတိုင်း ပြေပျောက်ခဲ့သည်မှာအမှန်ပင်ဖြစ် တော့သည်။
“သားထူး”
“ဗျာ..”
သက်မာနှင့်ဖုန်းပြောနေသဖြင့် ဖုန်းခွက်ကိုလက်ဖြင့်အသာပိတ်လျှက် အိပ်ခန်းဝမှဖေဖေ့ အနားသွားလိုက်သည်။ ကျွန်တော့်လက်မှဖုန်းကို တစ်ချက်ကြည့်လျှက်
“ဖုန်းချလိုက်တော့။ အောက်မှာ ချယ်ရီရောက်နေတယ်။ သူ့မိဘတွေလဲပါတယ်။”
“ အော် ။ ဟုတ်ကဲ့ဖေဖေ”
“သက်မာ..”
“အင်း..ဘာဖြစ်လို့လဲ ကို။ သက်မာဖုန်းချပေးရမလား။”
“အင်းအောက်မှာဖေဖေ့မိတ်ဆွေမိသားစုလာနေလို့။ဖေဖေလာခေါ်လို့။နောက်မှပြန် ဆက်မယ်လေနော်။”
“မဆက်နဲ့တော့။ ညနက်နေပြီ။ သက်မာမနက်စောစောဂျူတီရှိတယ်လေ။ နောက်နေ့မှ ပဲခေါ်တော့”
“အင်းအင်း”
ရှေ့မှဆင်းသွားသည့်ဖေဖေ့နောက်ကျွန်တော်ခပ်မြန်မြန်လိုက်ဆင်းလိုက်ခဲ့သည်။ ချယ်ရီ့ မိဘတွေကမာမီနှင့်စီးပွားရေးအကြောင်းတွေရေပတ်မ၀င်ပြောနေသည်။ ချယ်ရီကတော့ ညီလေးဘေးတွင်ပူးကပ်ထိုင်ကာ ညီလေးဆော့နေသည့်ဂိမ်းကိုဝင်လုတော့မတတ် ဖြစ်နေ သည်။ထိုင်နေသည်မှာအမြင်မတော်စရာ။ ပေါင်လည်လောက်သာရှိသည့်စကတ် တိုတိုကို ခြေချိတ်ထားသည်မှာအိုင်တင် တခွဲသားဟန်ဖြင့်။ သူ့ကိုသူစင်ကာပူနိုင်ငံသူများ မှတ်နေ သလားမသိ။ကျွန်တော်လူကြီးဝိုင်းနား မယောင်မလည်ကတ်သွားလျှက် ချယ်ရီ့မိဘတွေ ကိုနှုတ်ဆက်လိုက်သည်။
“အန်ကယ်.. နေကောင်းရဲ့လား။ဟိုတစ်လောကအန်ကယ်နေမကောင်းဘူးကြားတယ်”
“အော်အေးကွ။ ဟုတ်တယ်။သွေးနည်းနည်းတက်နေလို့လေ”
“အော်.. ကျန်းမာရေးလဲ ဂရုစိုက်ပေါ့အန်ကယ်ရယ်။ မနက်ရုံးတက်၊ညအင်တာနက်ဆိုင် ကိုဖွင့်နေရလို့ထင်ပါရဲ့”
“အေးကွာ။ဟုတ်ပါ့။အန်ကယ်လဲအဲ့ဒီ့ဆိုင်ကိုငှားချင်နေတယ်။မင်းမှာကအပေါင်း အသင်း များတယ်လေ။ လုပ်ပါဦး။ ပွဲဖြစ်ရင် အန်ကယ်မင်းကိုပြုစုပါ့မယ်”
“ကျွန်တော်တစ်ခုပြောချင်တယ်အန်ကယ်။ အန်ကယ်သဘောတူမယ်ဆိုရင်ပေါ့။ ဆိုင်က လဲ မာမီ့ဆိုင်အပေါ်ထပ်ဆိုတော့။”
“အင်းပြောပါဦးကွ။ မင်းဘယ်လိုစဉ်းစားထားလို့လဲ”
“အော် ဆိုင်နေရာကမဆိုးဘူးလေ။ ဖြစ်နိုင်ရင် ကျွန်တော်လက်လွှဲပြန်လိုချင်ပါတယ်။ ဒါပေမယ့်အန်ကယ်သိတဲ့အတိုင်း ကျွန်တော့်မှာကလဲစုထားတဲ့ပိုက်ဆံမရှိသလောက်ဆိုတော့။ လအလိုက်ဖဲ့ဖဲ့ဆပ်သွားမယ်လေ။ ဖြစ်ရဲ့လား”
“သားထူး ဘာတွေလျှောက်ပြောနေတာလဲ။ အားနာစရာ”
ဖေဖေ့အားနာသံက ကျွန်တော့်စကားကို ဟန့်တားလိုက်သည်။ဖေဖေ့စကားဆုံးတော့ ခပ်ပြုံးပြုံးဖြစ်နေသည့် ချယ်ရီ့ဖေဖေဟက်ဟက်ပက်ပက် ထရီလေသည်။
“ဟားဟား မလိုပါဘူးဗျာ။ရပါတယ်။ ဒါလဲဖြစ်တာပဲ။ မင်းလိုချင်ရင် အန်ကယ်ကဖြစ်အောင် လုပ်ပေးမှာပေါ့။ ပြီးတော့လဲ မင်းမာမီတစ်ယောက်လုံးရှိနေတာပဲ။ ဟဲဟဲ..မင်းကို မင်း မာမီလဲကူညီမှာပါကွ”
“အင်း ဟုတ်တာပေါ့ရှင်”
ချယ်ရီ့ဖေဖေ၏ ချည်ပြီးတုတ်ပြီးပြောသော စကားကြောင့်မာမီမျက်နှာကွက်ခနဲပျက် လျှက်အထိုက်အလျောက်ဖြေလေသည်။ ဖေဖေ့ကိုငဲ့ကြည့်တော့မာမီ့ကိုငေးကြည့် အကဲ ခတ်နေဟန်ုရှိသည်။ ကျွန်တော်ဒီအချိန်မှ ၀င်မတိုးလျှင်နောက်တစ်ကြိမ်ဆိုတာ မဖြစ်နိုင် တော့လောက်ပေ။
“ကျွန်တော် ဘယ်နေ့လောက်စလုပ်ရမလဲ အန်ကယ်”
“ဟေ...အော်အေး နောက်နေ့ညသာလာခဲ့ကွာ၊ အန်ကယ်လဲ အနားရတာပေါ့”
“ဟုတ်ကဲ့အန်ကယ်။”
ဖေဖေမာမီနှင့်ချယ်ရီ့မိဘတွေ ဘာတွေပြောနေကြမှန်းကျွန်တော်စိတ်ဝင်စား၍ မရတော့။ ထိုင်၍နေသော်လည်း စိတ်သည်အတွေးများဖြင့်သာရစ်ထွေးလျှက်ပြေးလွှားနေသည်။ ဒီ လုပ်ငန်းလေးသာ အောင်မြင်ခဲ့လျှင်.. ကိုယ့်အတွေးဖြင့်ကိုယ်တွေးကာ ပြုံးမိသည့်အချိန်၊ လူကြီးတွေဘာကို သဘောကျ၍ရီမောကြသည် မသိရောယောင်၍ထပ်ပြုံး လိုက်သည်။

**********************************************8

အင်တာနက်ဆိုင်ကိုဦးစီး၍လုပ်ကိုင်သလို၊ မာမီ့ဆိုင်ကိုပါဝိုင်းကူလုပ်ကိုင်ရင်း ကျွန်တော့် ဘ၀သည် ပိုပြည့်စုံလာသလိုရှိခဲ့၏။ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်ကြိုးစားခဲ့၍လည်း သုံးလေးလအတွင်းဆိုင်တွင်လူအတော်စည်လာသည်။မောပန်းသမျှ၊သက်မာကိုညတိုင်း ဖုန်းခေါ်ဖြစ်၍ညတိုင်းနီးပါးစကားပြောဖြစ်ခဲ့သည်။ ပြောဖြစ်ခဲ့သောအကြောင်း အရာများ သည် ကျွန်တော့်လုပ်ငန်းအောင်မြင်ကြောင်း၊သက်မာကိုဘယ်လောက်လွမ်းကြောင်း၊ ကျွန် တော်ရွာကိုခဏအလည်ပြန်လာခဲ့မည် ဆိုသည့်အကြောင်း။ သက်မာပြောသော လိမ်လိမ် မာမာနေ၍ကြိုးစားဆိုသည့်အကြောင်းများကိုလည်း ကျွန်တော်နားထောင်၍မ၀။ နေ့တိုင်းနီး ပါးမေးသော“နေကောင်းလား ကို”ဆိုသည့် သက်မာ၏ အသံလေးကိုလည်းကျွန်တော်မက် မောလှသည်။ကျွန်တော်တို့နှစ်ယောက်သားပြော၍မ၀နားထောင်၍ မဆုံးသည့်အခါ ကျွန် တော့်သူငယ်ချင်းများပါ ကျွန်တော်တို့အကြောင်းသိကုန်ကြတော့သည်။သူငယ်ချင်းများ ၏ပါးစပ်ဖွာမှုကို ကျွန်တော်အချိန်မှီမအုပ်နိုင်မှီပင်ကျွန် တော့်ဖေဖေသိသွားလေတော့သည်။
“သား...မင်းကိုဖေဖေ ချယ်ရီနဲ့ သဘောတူတယ်သား။ လူကြီးချင်းကလဲပြောပြီးဆိုပြီး ကြပြီ။ နောက်တစ်ပတ်ထဲစေ့စပ်မယ်”
“အာ ဖေဖေ ကလဲ။ သားတို့ကိုတိုင်ပင်သင့်တာပေါ့။ကြိုပြောသင့်တာပေါ့။ကျွန်တော် ချယ်ရီ့ကို လက်မခံနိုင်ဘူးဖေဖေ”
“အဲ့ဒီ့စကားက ကောင်မလေးဘက်ကပြောရမှာကွ။ မင်းလိုလူကိုမိဘကရွေးချယ်ပေး တာနဲ့ သူ့အဆင့်အတန်းကိုမေ့ပြီး လက်ခံပါ့မယ်ဆိုတဲ့ကတိပေးထားတာ”
“အဆင့်အတန်းက ဘာလဲဖေဖေ။ သူ့ကိုယ်သူ ဘာဆိုတာမေ့ပြီး၊ သူ့မိဘဘာလူမျိုးဆိုတာ မေ့ပြီးလက်တစ်ထွာသာသာ၊ မလုံ့တစ်လုံဝတ်တာ အဆင့်အတန်းလား။ စင်ကာပူနိုင်ငံက ပေးတဲ့ အင်ဂျင်နီယာဘွဲ့ရတာနဲ့ သူ့ကိုသူဟုတ်လှပြီထင်နေတာ အဆင့်အတန်းလား။ ယောင်္ကျားတစ်ကာနဲ့ပွဲတိုင်းတက်နေတာအဆင့်အတန်းလား။ဆေးလိပ်ကို လက်ကမချ၊ ဘီယာဆို လာထားဆိုတာ အဆင့်အတန်းလား”
“မင်းနဲ့ငါ အဆင့်အတန်းအကြောင်းဆွေးနွေးနေတာမဟုတ်ဘူး သားထူး။ ဒီတော့ မင်းသိ ထားဖို့က မင်းချယ်ရီနဲ့လက်ထပ်ရမယ်ဆိုတာသိထား။ မင်းအတွက်သူကသာအ ထောက် အပံဖြစ်မှာ၊သက်မာဆိုတာ မင်းကိုဘာမှ အထောက်အကူမပေးနိုင်ဘူး။ မင်းဒါ ကိုမြဲမြဲမှတ် ထား”
မိန်းမတစ်ယောက်ကိုလက်ထပ်ယူတာ အထောက်အကူရဖို့တဲ့လား။ မျှော်ကိုးချက်တွေ နဲ့ ကျွန်တော့်ကိုစင်ပေါ်ထိုးတင်ဈေးသတ်မှတ်လိုက်ခြင်း။ချယ်ရီကသာ ကျွန်တော့်ကိုဈေး ကြီး ကြီးပေးနိုင်သည်လို့ ဖေဖေကအသိအမှတ်ပြုလက်ခံလိုက်တဲ့ သဘော။ ရီဖို့ကောင်း လိုက် တာဗျာ။ ရောင်းသူနဲ့ဝယ်သူ အသံတူနေကြပုံများ။ ကျွန်တော်ကအင်းဝခေတ်က အိုးချမ်း ပဲ့မှ မဟုတ်တာ။ကျွန်တော်က နှစ်ပေါင်းရာထောင်ချီနေတဲ့ မလှုပ်ရှားနိုင်တဲ့လူ အရိုးစုကြီး လဲမဟုတ်ဘူးလေ။
ကျွန်တော့်ရင်ထဲမှာ ခံစားချက်တစ်ပုံတစ်ပင်ရှိတယ်၊ မျှော်လင့်ချက်ရာထောင်ချီရှိတယ်။ ကျွန်တော့်အိပ်မက်ကိုကျွန်တော်ကိုတိုင် အသက်သွင်းခွင့်ရှိတယ်။ ကျွန်တော်ဆုံးဖြတ် ချက်ချလိုက်သည်။ ကျွန်တော်ရွာပြန်ဖို့လေယာဉ်လက်မှတ်ဝယ်၍ ရွာကိုပြန်လာခဲ့သည်။ ကျွန်တော့်နောက်တွင်ကျွန်တော့်ဖေဖေ၊ကျွန်တော်မက်လက်စကျွန်တော့်အိပ်မက် အင်တာ နက်ဆိုင်ကလေး အားလုံးကိုခဏထားခဲ့လိုက်သည်။

မျှော်လင့်မထားသည့်မျက်ဝန်းများနှင့်ကျွန်တော့်ကိုကြိုနေသည့်သက်မာ။ ရွာကိုပြန် ရောက် ပြီးတစ်ပတ်ကျော်ကျော်တွင် ကျွန်တော်နှင့်သက်မာတရားရုံးတွင်လက်မှတ်ထိုး၍ ရက်မိ ရက်ဖများကိုအသိပေးကာ ကျွေးမွေးခဲ့သည်။ကတိုက်ကရိုက်ဖြင့် ဖြစ်လင့်ကစား အားလုံး အဆင်ပြေခဲ့သည်။ရွာတွင်တစ်လနီးပါးနေပြီး ကျွန်တော်စင်ကာပူကို ပြန်လာခဲ့သည်။ လက် ထပ်စာချုပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျှက် ကျွန်တော့်အင်တာနက် ဆိုင်လေးဆီသာ တန်း၍လာဖြစ်ခဲ့သည်။
တစ်ရက်နှစ်ရက်လောက်စောင့်ပြီးလျှင်ဖေဖေ့ကို အသိပေးရန်ဖြစ်သည်။ ကျွန်တော့်ဆိုင် ကလေးကို ကျွန်တော်ပြန်လည်လုပ်ကိုင်ခွင့်ကိုတော့ ကျွန်တော်မျှော်မှန်းမနေတော့။ ကျွန် တော့်ဆိုင်လေးတွင်ခဏခို၍ ကျွန်တော်အလုပ်ရှာရမည်။ သက်မာအတွက်၊ ကျွန်တော်တို့ အနာဂတ်အတွက်ကျွန်တော်ဦးဆောင်ရပေမည်။ကျွန်တော့်ဆိုင်မှာကျွန်တော်ထိုင်နေကျ ထိုင်ခုံလေးသည်လဲဦးထားနှင့်သူက အသင့်ရှိနေနိုင်သည်မှာလွဲနိုင်မည်မထင်။
ကျွန်တော်မရှိခင် ဆိုင်ကိုကြည့်ဖို့အခွင့်ကြုံသည့်မမ။ ကျွန်တော့်တတ်သည့် ပညာတိုင်း တုပသင်ယူမော်ကြွားချင်သည့်ညီလေး။ခုချိန်သည် သူတို့အတွက်တစ်ပန်းသာ နေသည့် အခြေအနေ။ ဒါကိုကျွန်တော်လက်ခံနိုင်သည်။လက်မခံနိုင်သည်ကနေ့လည်တိုင်းအလုပ်မှ ထမင်းစားနားခွင့်ရသည့်မမ။ဆိုင်ကိုလာကာ ကြီးကြပ်သည်။စီမံခန့်ခွဲသည်။ အဲ့ဒီ့ နေ့က ကျွန်တော့်ကိုမြင်သွားသောမမ။ ထမင်းထုပ်လေးကိုကိုင်ကာ ချက်ချင်းပင်ဆိုင်အောက်သို့ ဆင်းသွားလေတော့သည်။ ပြန်ပေါ်မလာတော့။ ပြန်ရောက်လာပြီလားဟုပင် နှုတ်ဆက် ဖော်မရ။
ညီလေးလဲဘာထူးပါသလဲ။ ကျွန်တော့ထိုင်ခုံတွင်ကျကျနနထိုင်၍ ကျွန်တော့်ကွန်ပျူတာ ကိုသုံးကာ မမ၏လက်ဝေခံ။မမပြီးလျှင် သူဆရာဖြစ်နေလေသည်။ အရင်ကကျွန်တော့် ဒေါသကိုကြောက်၍မော်မကြည့်ဝံ့သော ချာတိတ်လေးကသူ့ဘေးနားမှာရပ်နေသော ကျွန် တော့်ကိုတောင်အဖက်မလုပ်တော့။မကြောက်ရွံ့တော့။ “ငါ့ထိုင်ခုံမှာ မင်းဘာဝင် ထိုင်လုပ် နေတာလဲ”ဟုစနောက်၍မေးတာပင် မကြားချင်ယောင်ဆောင်နေ၀ံ့ပြီဖြစ်သည်။
ကျွန်တော့်စိတ်တွေဘာကြောင့်ချက်ချင်းခက်ထန်လာပါလိမ့်။ ကျွန်တော်ကိုယ်တိုင်မမျှော် လင့်တော့သော နေရာလေးတစ်ခုအတွက်ဘာကြောင့် များ နှမျောတွန့်တိုနေမိပါ လိမ့်။အို တစ်ဖက်ကကြည့်လျှင်လည်း ကျွန်တော်နှမျောတာပေါ့။ ကျွန်တော်စတင်လွှဲပြောင်းယူ ထားတဲ့လုပ်ငန်းလေး။ အောင်မြင်ရမယ်ဆိုတဲ့ ကျွန်တော့်မျှော်လင့်ချက် အိပ်မက်ကလေး။ ကျွန်တော်အားတက်သရော ကြိုးစားခဲ့တဲ့ဒီနေရာက မမလို၊ ညီလေးလိုချွေးမထွက်ပဲ အ သာလေးဝင်ထိုင်ဖို့ဖြစ်ခဲ့သည်လား။ ဘယ်မှာလဲကျွန်တော့်နေရာ။ ဘယ်မှာလဲ ကျွန်တော့် ကြိုးပမ်းမှု။ သူတို့ကျွန်တော့်ကို ပြုမူနေကြသည်က ကျွန်တော့်မှာ နေရာပျောက်နေသူလို ဖြစ်သည်။ သူတို့ရပြီးသားနေရာလေးကို ကျွန်တော်လုယူမှာ တွေးကြောက်နေကြသည်။ ကျွန်တော်ကအဲ့လောက်တောင် တန်ဖိုးမဲ့သည့်ကောင်ဖြစ်ခဲ့သည် တဲ့လား။


*************************************************************

ဖေဖေနှင့်ကျွန်တော်ကမ်းခြေတစ်လျှောက် ဘေးခြင်းကတ်၍အတွေးကိုယ်စီဖြင့်လျှောက် နေမိသည်။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကျွန်တော်တို့ရွာကမ်းခြေမှာလျှောက်သလိုတော့ တစ်ယောက်လက်ကို တစ်ယောက်တွဲမထားဖြစ်။ အရင်လိုပြည့်စုံလုံခြုံသည့် ခံစားမှုမျိုး လဲပျောက်နေသည်။ ကျွန်တော့်လက်ထဲမှာ လက်ထပ်စာချုပ်ကိုဆုပ်ကိုင်ထား၍ ဖေ့ဖေ့ လက်ထဲမှာအပြာရောင်ဖိုင်တစ်ခုကိုကိုင်ထားလေသည်။ ထိုဖိုင်ထဲတွင်ဘာစာရွက်တွေရှိ သလဲ ကျွန်တော်မသိ။ သိစရာလဲလိုမည်မထင်။
တစ်နေရာအရောက် ဖေဖေရပ်လိုက်သည်။ ကျွန်တော့်ကို ငဲ့ကြည့်၏။ ပြီးတော့ တစ်နေ ရာကိုငေးကြည့်ကာပြုံးနေသည်။ ဖေဖေငေးကြည့်ပြုံးနေရာနေရာသည် စနစ်တကျပြုလုပ် ထားသည့် ကျောက်ဆောင်။ ကျွန်တော်သိပါသည်။ ဖေဖေထိုကျောက်ဆောင်ကိုရွာမှ သ ဘာဝကျောက်ဆောင်လိုခံစားနေပေမည်။ ဖေဖေကောကျွန်တော်ပါ တိုင်ပင်စရာမလိုသည့် ခြေလှမ်းများဖြင့် ကျောက်ဆောင်ပေါ်တက်ထိုင်လိုက်သည်။
“ကျွန်တော် ရွာမှာ သက်မာနဲ့ လက်ထပ်ခဲ့တယ်ဖေဖေ”
“အင်း ဖေဖေသိပါတယ်။ မင်းဒီမှာမပျော်ဘူးဆိုတာလဲ ဖေဖေသိတယ်။ မင်းကိုအမြဲဆူ တဲ့။ မင်းကို ရွာမှာလို မဆက်ဆံတဲ့ဖေ့ဖေ့ကို မင်းနားမလည်ဘူးဆိုတာလဲသိတယ်။”
“ကျွန်တော်ပျော်ဖို့ထက် ကျွန်တော့်ကိုနားလည်ဖို့၊ ကျွန်တော့်ကို ဖေ့ဖေ့သားလို့နေရာပေး ဖို့ပဲ အမြဲလိုအပ်ခဲ့တာပါ။ အချိန်ပြည့် တစ်စိမ်းဆန်တဲ့အကြည့်တွေနဲ့ ကျွန်တော် ဘယ်နေ့ မှားမလဲစောင့်ကြည့်နေတဲ့ မျက်ဝန်းတွေရှိတဲ့မမကို ကျွန်တော်အစ်မတော် ထားရတာ၊ မင်း လောက်တော့ငါလဲသိပါတယ်၊ ငါလဲတတ်ပါတယ်ကွာလို့ ခြေရာချင်းတိုင်း နေတဲ့ညီကို မင်း ကငါ့ညီလေကွာလို့ပွင့်ပွင့်လင်းလင်းချစ်ခွင့်မရတာ။ ပြောပါဖေဖေ ကျွန်တော့်အတွက် ဖေ ဖေ ဘယ်နေရာကိုရည်စူးခဲ့တာလဲ။ ကျွန်တော့်ဖို့ထားဦး မေမေ့ကိုကောဖေဖေထည့် စဉ်း စားခဲ့လို့လား။ မေမေ အရွယ်မတိုင်ပဲသေရတာ ဘယ်သူ့ကြောင့်လဲ ကျွန်တော်မသိချင် ဘူး။ ဖေ့ဖေ့အတွက် မေမေနေရာက နံပတ်ဘယ်လောက်လို့ သတ်မှတ်ပေးထားသလဲ တော့ ကျွန်တော်သိခွင့်ရှိတယ်ထင်ပါတယ်။”
“သား... မင်းတို့သားအမိကနေရာဆိုတာပေးမှ ရတယ်လို့ ထင်နေကြတာကိုးကွ။ တကယ် တော့နေရာဆိုတာပေးမယ့်သူရှိရှိမရှိရိ လုပ်ယူသင့်ရင်လုပ်ယူရမယ်။ မင်းအမေ က သမီးဦး၊ သူ့ကိုသူ အကြီးဆိုပြီး တစ်မိသားစုလုံးတာဝန်ကို နိုင်နိုင်မနိုင်ထမ်းချင် တယ်။ ဖေဖေက မင်းအမေရွာ တံတားဆောက်တဲ့အရာရှိငယ်ထဲမှာပါခဲ့တယ်။ ပြီးတော့ ဖေဖေကတစ် ကောင်ကြွက်။မင်းအမေကိုမေတ္တာမျှမိတော့ ဖေ့ဖေ့ဇာတိကိုတောင်မပြန်ဖြစ်တော့ဘူး။ မင်း အမေကိုလက်ထပ်ယူခဲ့တယ်။ အလုပ်ကထွက်ပြီးရွာမှာပဲ မင်းအမေနဲ့အတူကြုံရာ လုပ်ကိုင် စားသောက်ခဲ့တယ်။မင်းအမေထမ်းမယ့်ဝန်ကို ဖေဖေပါဝန်ထမ်း ပေးခဲ့တယ်။ ဒါပေမယ့် ဖေဖေ့ရည်ရွယ်ချက်ကဒီလောက်နဲ့ရပ်နေဖို့မဟုတ်ဘူး။ ဖေဖေ နိုင်ငံခြားကိုထွက်တယ်။ ချို့ အတွက် ဖေဖေကအကြီးဆုံး တံတိုင်းကြီးဖြစ်ချင်ခဲ့တဲ့တွက် ဖေဖေရသမျှပိုက်ဆံ အကုန် လွှဲတယ်။ဒါပေမယ့်သုံးနှစ်နေလဲထူးခြားမဖြစ်ထွန်း။ ငါးနှစ် နေလဲဘာရှိသလဲမေး လို့မရတဲ့ အဆုံး ဖေဖေရွာကိုပြန်လာခဲ့တယ်။ အဲ့ဒီ့တော့မှသိလိုက်တာက မင်းဦးလေးက မင်းအမေ ကို နာမည်ခံပြီးဖေဖေပို့သမျှ ဒိုင်ခံသုံးဖြုန်းပြစ်နေ တာကိုး။ ဖေဖေမင်းအမေကိုယူတုန်းက ကိုယ်တိုင်ဆောက်ပေးခဲ့တဲ့ အိမ်ကလေးကိုတောင်ရောင်းပြီးသားငယ်ငယ်ကနေခဲ့တဲ့ အိမ် ကိုတောင်ရောက်နေပြီ။ ကဲ ဘယ်လောက် များလဲကွာ။ အစ်မကြီးဆိုတဲ့ သူ့နေရာကိုသူ့မှာရှိ သမျှတွေနဲ့ လဲနေရတာ။ ဖေဖေတော့ မတန်ဘူးထင်ခဲ့တယ်။
ဒီတော့ဖေဖေပြောတယ် ။ ချို ငါတို့နိုင်ငံခြားမှာပဲ အခြေချနေရအောင်လို့။ မင်းအမေ လက် မခံဘူးသား။ ဖေဖေဘယ်လိုပြောပြောလက်မခံတာနဲ့ ဖေဖေတစ်ယောက်တည်း ပြန်လာခဲ့ တယ်။ ချို့ကိုအဆက်အသွယ်ဖြတ်ပြစ်လိုက်တယ်။ ဒါပေမယ့် ချို့မှာသားရှိနေ ပြီလို့သိရတဲ့ အချိန်၊ချို ငါခဏပြန်လာမယ်မင်းဘာလိုလဲဆိုတော့ပိုက်ဆံတဲ့။ သူ့မောင်ရွာ မှာမူးရမ်းပြီး သူများအိမ်မီးရှို့လိုက်လို့အလျော်တဲ့။ သူတောင်းတဲ့ငွေကဖေဖေ့အတွက် မပြောပလောက် ပါဘူး။ဒါပေမယ့်ဖေဖေချို့ကိုဂတိတစ်ခုတောင်းတယ်။ဖေဖေ ပေးမယ် အဲ့ဒီ့ငွေ။ ဒါပေမယ့် ဖေဖေပြန်လာတဲ့အခါချိုဖေဖေနဲ့အတူလိုက်ခဲ့ရမယ်လို့။ ချိုက လာခဲ့ပါတဲ့။ ချိုတို့စဉ်းစားကြ တာပေါ့တဲ့။ ဖေဖေမင်းအမေလိုတဲ့ငွေကို ပိုက်ပြီးပြန်ခဲ့ တယ်။ ဒါပေမယ့် မင်းအမေပေးတဲ့ ကွာရှုင်းစာချုပ်ကိုပိုက်ပြီး စင်ကာပူကိုပြန် လာခဲ့ရတယ်။ ချိုဖေဖေ့ကိုပေးခဲ့တာ တစ်ခုပဲ သူ့ရွာလေးကနေခွာပြီး ဘယ်မှမသွားဘူးတဲ့။ ရှင်လာချင်တဲ့အချိန်လာခွင့်ရှိပါတယ်တဲ့။
လိုတိုရှင်းပြောရရင်တော့ကွာ။ မင်းမာမီက သမီးတစ်ယောက်အမေမုဆိုးမ။ စင်ကာပူမှာ သူ့ယောက်ကျားဆုံးပြီးခိုကိုးရာမဲ့နေတဲ့အချိန် ဖေဖေနဲ့တရားဝင်လက်ထပ်ဖြစ်ခဲ့ကြ တယ် ။”
“ဟင် ဒါဆို ညီလေးကမှ သားညီလေးအရင်းပေါ့ ဟုတ်လားဖေဖေ။”
“ အင်း ဟုတ်တယ် သား။ ဖေဖေမင်းကို မင်းအမေလိုမဖြစ်စေချင်ဘူးသား။ ဖေဖေ့လိုလဲ ညံ့ဖျင်းတဲ့အိမ်ထောင်ဦးစီး မဖြစ်စေချင်ဘူး။ ဒီတော့ သားရွာပြန်မယ်ဆိုရင်လဲ ပြန်ပါ။ ဒီမှာ အခြေချမယ်ဆိုလဲသက်မာကို ရအောင်ခေါ်နိုင်အောင်ကြိုးစား။ ဒီဖိုင်ထဲမှာရွာက မင်း မေမေရောင်းခဲ့တဲ့ဖေဖေကိုယ်တိုင်ဆောက်ထားတဲ့တိုက်ကို ပြန်ဝယ်ထားတဲ့စာချုပ်။ ဖေဖေ သားကို ဒါပဲပေးနိုင်တာ စိတ်မကောင်းဘူးကွာ။ ထပ်ပြောမယ် မပေးတဲ့နေရာကို မင်းထိုင် စောင့်မနေနဲ့သား။ မင်းကိုယ်တိုင်နေရာပေးလာအောင်လုပ်ယူရလိမ့်မယ်။ ချိုကတော့ သူ့ မောင်မပေးတဲ့နေရာကိုသေတဲ့အထိစောင့်သွားရှာတယ်။”
“စိတ်ချပါဖေဖေ။ ကျွန်တော်သက်မာကို ရအောင်ခေါ်မှာပါ။ ကျွန်တော်ကြိုးစားမယ်။ ပြီး တော့ ဖေဖေ့အပေါ်အထင်လွဲခဲ့တာတွေအတွက် သားကန်တော့ပြီး တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါဖေဖေ”
ကျောက်ဆောင်ပေါ်မှာပင် ဖေဖေ့ကိုထိုင်ရှိခိုးလိုက်သည်။ မျက်ရည်ခိုးဝေ့နေသည့် ဖေ့ဖေ့ မျက်လုံးတွင်းမှမေတ္တာအတိမ်အနက်ကိုကျွန်တော် ထင်ရှားစွာပင်မြင်နိုင်ခဲ့ပြီဖြစ် သည်။
“ညက အိပ်ပျော်ရဲ့လား ဖေဖေ”
“ဘယ်လိုအဖြေမျိုး သားလိုချင်သလဲ။ ဘယ်လိုအဖြေဆိုရင် သားစိတ်ချမ်းသာနိုင်မလဲ”
အို မြတ်စွာဘုရား။ မိဘမေတ္တာသည် အရှိန်မပြတ်ဆီးစင်းနေသည့် ရေတံခွန်ကဲ့ သို့ပါလား။ ငြိမ့်ခနဲအေးခနဲဖြစ်သွားသည့်ခံစားချက်ဖြင့်ပင် ဖေဖေ့ကိုဖက်တွယ်ထားမိသည်။ ကျွန်တော့် မျက်ရည်သည် ဖေဖေ့ရင်ထဲကရေသောက်မြစ်ဖြစ်၍ ဖေ့ဖေ့မျက်ရည်သည်ကျွန်တော့် ခံ စားချက်များကိုအရည်ဖျော်ပြစ်ခြင်းဖြစ်ပေလိမ့်မည်။

***************************************************

“နေရာ” ဆိုသည့် စကားစုကရိုးရိုးရှင်းရှင်းလေးပင် ဖြစ်လင့်ကစားလူတစ်ယောက်၏ ရလိုမှု တွေနှင့် အစွန်းလွတ်ချင်မှလွတ်လိမ့်မည်။ ဖြူစင်သည့်ရယူလိုမှုတွေနှင့်ပေးဆပ်မှုတွေရော ပြွမ်းကောင်းရောပြွမ်း နေနိုင်သည်။ ပူလောင်သည့် အတ္တဇော ရယူလိုမှုတွေနှင့်လဲ ငြိနေ နိုင်သေးသည်။
အလုပ်လုပ်နေသူက ရာထူးနိမ့်ရာမှ မြင့်ရာနေရာသို့ရောက်ဖို့ အားကုန်ကြိုးစားခွင့်ရှိကြ သည်။ အထက်လူကြီးပေးမှရမယ့်နေရာအတွက် ဖားတန်ဖားကြောက်တန်ကြောက် ဟန် ဆောင်ကောင်းနိုင်မည့် သူရှိသလို။ ရိုးသားစွာ အားသွန်ခွန်စိုက်ကြိုးစားနေသူများလဲရှိနေ နိုင်သည်။
မိဘမောင်နှမရှိသည့်သူကလဲ သူ့အတွက် တစ်နေရာစာနေရာကို မိဘမောင်နှမတွေဆီ မှ ထိုက်သင့်စွာပိုင်ဆိုင်ချင်ခဲ့မှာပါ။ ရှာဖွေခဲ့မိကြမှာပါ။ ကိုယ့်အတွက်နေရာလေးရဖို့ ဘာတွေ ဘယ်လောက်စွန့်လွှတ်ရသလဲ၊ ဘာတွေအနစ်နာခံခဲ့ရသလဲ၊ကိုယ်လိုချင်တဲ့ နေရာအတွက် ပင်ပမ်းကောင်းပင်ပမ်းပါလိမ့်မယ်။ ပြန်ရမယ့်နေရာလေးအတွက်ပဲ သူတို့တွေ အသက်ရှင် သန်ချင်ကြမှာပါ။
ကျွန်တော့်ဖေဖေကောင်းမွန်စွာ မထူထောင်နိုင်ခဲ့တဲ့အိမ်ထောင်ရေး၊ကျွန်တော့်မေမေရဲ့စွန့် လွှတ်စွန့်စား အစ်မကြီးပီသချင်တဲ့စိတ်၊ကျွန်တော့်ရဲ့ အစိတ်စိတ်အမွှာမွှာကွဲကြေနေသည့် ဘ၀။ကျွန်တော်တို့တစ်မိသားစုလုံး နေရာဆိုတဲ့စကားကိုသိကြပြီး တစ်ယောက်ကိုတစ် ယောက်နေရာမပေးတတ်ခဲ့ကြဘူး။ နေရာဆိုတဲ့စကားလုံးအထားအသိုကို သတိမမူခဲ့ကြ ဘူး။နှစ်ပေါင်းမြောက်များစွာခံစားချက်တွေကြိုးပဲ့ထွက်ကုန်တယ်။ ဘ၀မှာမျှော်လင့်ချက် တွေမဲ့ကုန်တယ်။ အဆုံးကျတော့တစ်ယောက်ကို တစ်ယောက်နားမလည်ပေးနိုင်တော့ဘူး။
တကယ်တော့နေရာဆိုတာ လူတစ်ဦးတိုင်းတစ်ယောက်တိုင်းရဲ့ ခံစားချက်မျှော်စင်လေးပါ။ တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးလွန်းအားကြီးတဲ့အခါ ခဏလေးပင်ဖြစ်လင့်က စား ဂရုတစိုက်နေရာပေးမယ့်အချိန်လေးကို မျှော်လင့်တတ်ကြပါတယ်။ ပြန်ရနိုင်သည်ဖြစ် စေ၊ မရနိုင်သည်ဖြစ်စေ (လောင်းကြေးသဘောအနေနှင့် ပြောကြည့် မည်ဆိုလျှင်) ပုံအော ၍ပေးဆပ်ခဲ့ကြမည်မှာအမှန်ပင်။ ပြန်ရခဲ့သည့်အခါ ငါပဲလေဟု အားတက်စိတ်ချမ်းသာသ လောက်။ ပြန်မရနိုင်သည့် အကြိမ်ပေါင်းများစွာနှင့်တွေ့ကြုံခဲ့ ချိန်မှာတော့ဝမ်းနဲကြေကွဲရုံမှ တစ်ပါးအခြားမရှိပါချေ။ ထိုဝမ်းနဲသည့်စိတ်သည် ခဏ လေးနှင့်ပြေပျောက်နိုင်သည်လား။ အချိန်တော်တော်ကြာအောင် ကိုယ့်စိတ်ကိုမင်းမူ ထိုးနှက်နေတတ်သလား.. ကိုယ်ပေးခဲ့တဲ့ စိတ်ခံစားချက်၊ကိုယ်ပေးခဲ့တဲ့မေတ္တာအတိမ် အနက်ပေါ်တွင် မူတည်နေပြန်သည်။
တစ်ခါတစ်ရံကြတော့လဲကိုယ်ကနေရာတစ်ခုအတွက်ကိုယ့်ဘ၀၊ ကိုယ့်အချိန်ကို ဇတေးရဲ သလောက် ကိုယ်နှင့်နှီးနွယ် ပတ်သက်တဲ့သူက ကိုယ်ရဲ့ရွေးချယ်မှုအတွက် ဘ၀ဆိုတာ ပျောက်သွားတတ်ပါသေးတယ်။ခံစားချက်က ထုံကျဉ်သွားတတ်တယ်။ နားလည် မှုတွေက အောက်ဆုံးအဆင့်ကျရောက်သွားတတ်ပြန်ပါတယ်။
ကျွန်တော့်မေမေရွေးချယ်ခဲ့သည့်နေရာသည် ဖေဖေ့ကိုဟိုးအဝေးကိုတွန်းပို့သလို၊ ကျွန် တော့်ကိုလဲ ဇဝေဇ၀ါစိတ်တွေနှင့်သာ အသက်အရွယ်ရစေသည်။ ဒါပေမယ့် ကျွန်တော် မေ့မေ့ကို စိတ်ဆိုး၍မရ၊ စိတ်နာ၍မရ။ ကျွန်တော့ကလေးဘ၀တစ်လျှောက်လုံး ဝေ့သီ မှုန်မှိုင်းနေသည့်မေမေ့မျက်ဝန်းများကို အကြိမ်ပေါင်းမြောက်များစွာ မြင်တွေ့ခွင့်ရခဲ့ သည်။ ဖေဖေ့ကိုတမ်းတသည့်စိတ်။ ကျွန်တော့အတွက်သောကမကင်းသည့် ခံစားချက်။ တစ် ယောက်တည်း အထီးကျန်သည့်စိတ်တွေဖြင့်မိခင်နှင့်မောင်ငယ်ကို မေမေ့ဘ၀တစ်ဝက်ဖဲ့ ပေးခဲ့ရသည့်ခံစားချက်သည် မေမေ့ဘ၀အတွက်တော့ဖျက်မရသည့် အနာရွတ်ပင်ဖြစ်ပေ လိမ့်မည်။ ထို့အတွက်လည်းမေမေ ကျေနပ်စွာခံယူတတ်ခဲ့မှာပါ။ ထိုလမ်းသည် မေမေကျေ နပ်စွာ ရွေးယူထားသည့် လမ်း။ထိုနေရာသည် မေမေရွေးချယ်ထားသည့်နေရာပင်ဖြစ်ခဲ့ သည်မဟုတ်ပါလား။
ကျွန်တော်တို့သားအဖနှစ်ယောက်ကတော့ မေမေရဲ့ပါရမီဖြည့်ဖက်များပင်ဖြစ်ခဲ့ချေမည်။ ထို့အတွက်ဖေဖေစိတ်နာခဲ့သလား ကျွန်တော်မသိ။ ကျွန်တော်ဖေဖေ့ကို နှစ်ပေါင်း များစွာ စိတ်နာခဲ့သည်။ ကျွန်တော့ကို ဘယ်သူ့ဆီမှာမှနေရာမရအောင် ဖေဖေလုပ်ခဲ့သည်ဟု ဘ၀ တစ်ဝက်စာခံစားခဲ့ရသည်။ဖေဖေ့ကိုချစ်သော်လည်း ကျွန်တော့်မေမေကို ပြစ်ထားခဲ့သည့် ဖေဖေ့ကို ကျွန်တော်မုန်းမိခဲ့သည်။ထို့အတွက်ကျွန်တော်သည် လူကန့်လန့်ဖြစ်ခဲ့ချေသည်။ ကျွန်တော်သည်ဖေဖေ့အတွက် သားမိုက်တစ်ယောက်ဖြစ်ခဲ့ပေမည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော့်အတွက် နားခိုစရာနေရာတစ်နေရာတော့ အမြဲလိုနေခဲ့သည်။ ကျွန်တော်ဆိုသည့် သားမိုက် တစ်ယောက်ကိုဖေဖေပေးမည့် နေရာ၊ ကျွန်တော်နှင့်အဖေ တူအမေကွဲမောင်နှမတွေပေးမည့်နေရာ။ထိုနေရာသည်ဖေဖေပေးချင်လျှက် မပေးနိုင်သည့် နေရာ။ ကျွန်တော့်မောင်နှမတွေ မပေးချင်လို့မသိချင်ယောင်ဆောင်ထားသည့်နေရာ။ ကျွန် တော်ရသင့်သည့်နေရာဖြစ်သည်။
ခုတော့ ကျွန်တော့အတွက်နေရာသည် ဖေဖေ့ရဲ့စိတ်ထဲမှာကျိန်းသေရှိသလို၊ သက်မာထံ တွင်လဲ အသေအချာရှိသည်ဆိုတာ ကျွန်တော်သိခွင့်ရနိုင်ခဲ့ပြီ။ထို့အတွက် ကျွန်တော်ပေးခဲ့ သည့်အရာတွေသည် ကျွန်တော့ကိုနေရာတစ်ခုဖန်တီးပေးခြင်းမျိုးလား။ဘာပဲဖြစ်ဖြစ် ခဏ လေးဖြစ်စေဦး ကျွန်တော်ပျော်ပါသည်။ကျွန်တော့်အတွက် ဒီနေရာသည် ကျွန်တော်နှင့်သာ အထိုက်တန်ဆုံးဖြစ်သည်မဟုတ်ပါလား။ လူတစ်ယောက်အတွက်နေရာတစ်နေရာသည် သူနှင့်သက်ဆိုင်သည့်ပတ်ဝန်းကျင်တွင် အ မှန်တကယ်ကျိန်းသေလိုအပ်လှသည်မဟုတ်ပါလား။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...