Powered By

Free XML Skins for Blogger

Powered by Blogger

ကမာကောင်ရဲ့ခြုံထည်မျိုးနဲ့
ကိုယ့်ကိုကိုယ်တော့ လုံလှပြီထင်ခဲ့တာပေါ့။
အသေအချာစစ်ချက်ထုတ်မယ်ဆိုလျှင်
မလုံခြုံလွန်းသူတို့ရဲ့ ထုံးစံအတိုင်း
နံရံကိုကျောကပ် ခပ်အက်အက်လေးရယ်မောဖြစ်ခဲ့တယ်။ ။

လွယ်မယောင်နဲ့ခက်တဲ့
ဇာတ်လမ်းတစ်ပုဒ်ကို ခင်းကျင်းဖို့
ဘာ့ကြောင့်များ စိတ်အားထက်သန်ခဲ့ရပါလိမ့်…
တစ်စိမ့်စိမ့်တွေးတိုင်း
ခံစားချက်တွေ တစ်ကျွန်းကျတယ်။ ။

ဘယ်သူမှမီးမမြှိုက်ဘဲ
င့ါရင်တွေလောင်မြိုက်
သံယောဇဉ်တွေ သုတ်သင်မှဖြစ်မယ့်ကိန်းဆိုက်လာတော့
နာကျဉ်မှုကိုဖာထေးမယ့် ပျက်လုံးတွေနဲ့
ဝါးလုံးကွဲရယ်နေတာတောင်..
ဒီရင်ဘတ်ထဲ အပျော်တွေစိမ့်ဝင်ဖို့ခက်လိုက်တာ။ ။

ဖြစ်နိုင်ရင်တော့လဲ…
ဇီဝဇိုးငှက်ရဲ့အံဖတ်တွေလိုသာ
ဈေးကွက်ဝင်မယ်ဆိုရင်
င့ါခံစားချက်တွေကို လက်ထိုးအံချလိုက်မှာပေါ့။

မဖြစ်သင့်တဲ့အခြေအနေတစ်ချို့နဲ့
ရင်ခုန်သံပြိုင်တဲ့ပွဲမှာ…
မုန်းလို့လဲမရ
မေ့ဖို့လဲမလွယ်
နာကျဉ်ခံခက်
ဝေဒနာသက်သက်နဲ့
ကိုယ့်အတတ်ကိုယ်ဆူး...
ကိုယ်သာရူးဖို့သင့်ခဲ့သည်။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဒဏ်ရာဆိုမှတော့.
နာကျင်သလား လာလာမေးနေကတည်းကကိုက မှားနေတာ။

လူတစ်ယောက်ကို လဲသေသွားဖို့များ..
ဒီလောက်သွေးအေးနေစရာမလိုပါဘူး...
ဘယ်တုန်းကမှ မချစ်ခဲ့ဘူးသာ ပြောလိုက်စမ်းပါ။ ။

အတိတ်ရာသီဆိုတာမျိုးကို
လွမ်းရုံအပြင်ဘာမှလဲ မတတ်နိုင်ခဲ့။

သူကိုယ်တိုင် တူးခတ်သွားခဲ့မှတော့…
လွတ်လမ်းရှိပါတယ်လို့ ပြောနေတာကိုက လွဲနေတာ။

လူတစ်ယောက်ကို ချောင်ပိတ်လိုက်ဖို့များ…
ဒီလောက်နှောင့်နှေးနေစရာမလိုပါဘူး…
ချစ်တော့ ချစ်ခဲ့သားလို့ ပြောလိုက်စမ်းပါ။ ။

ပစ္စုပ္ပန်ရာသီမျိုးကို
သည်လူမိုက်က
အတိတ်နဲ့ လဲဖို့လဲမကြံစည်ဝံ့ခဲ့။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

သိပ်မောနေသလား... နောက်တစ်တောင်ကျော်ရင်ရောက်မှာပါဆိုတဲ့
စိတ်နှစ်ခွစကားနဲ့.. ငါ့ကိုယ်ငါဖျားယောင်းလာလိုက်တာ...
ဘယ်သူ့ကိုမှ အော်ခေါ်ပြီး အဖော်လုပ်မရတော့တဲ့အထိ။ ။

အိပ်ပျက်ညတွေရယ်…
မနိုးချင်နိုးချင် ခုန်ထခဲ့ရတဲ့ မနက်တွေရယ်..
ကော်ဖီတစ်ခွက်တောင် ဇိမ်ခံသောက်ခွင့်မရှိတဲ့ စည်းစိမ်မျိုးရယ်…
ငါလား…
အခုရောဂါတစ်မျိုးထပ်တိုးလာတယ်..
ဘတ်စ်ကားပေါ် ခြေဆန့်လက်ဆန့် အိပ်ငိုက်တတ်လာတယ်။ ။

အထီးကျန်ခြင်းဆိုတဲ့ ဝေါဟာရတစ်ခုပြေပျောက်ဖို့…
ကွန်ပျူတာကို မျက်နှာအပ်
စုံမက်ခြင်းအကြည့်တွေနဲ့ နေ့နေ့ညညမခွဲခွာရက်တော့
ငါ… ပါဝါတွေသာအထပ်ထပ်တိုးလာတယ်…
အထီးကျန်ခြင်းနဲ့ငါ ခုထိပြတ်စဲလို့ကိုမရနိုင်ခဲ့ဘူး။ ။

ဝေဒနာတွေအထပ်ထပ်နဲ့
ကျိန်စာသင့်နေတဲ့ လမ်းမမျိုးကိုမှ
ငါက အိမ်ဆောက်တမ်းကစားချင်ခဲ့တော့လဲ…
ဘာအရေးလဲ..
သူ့အိမ်ရောက်တော့ ခြေသပေါင်ကြိုးခုန်ရုံ..
ကိုယ့်အိမ်ရောက်တော့ ခြေစုံရပ်ရုံပေါ့။ ။

ညည့်နက်လို့အိပ်ပျော်ရုံဆို ဘာပူစရာလိုလဲကွယ်
သူ့အကြောင်းတွေး အိပ်မက်ထဲစိတ်ကူးတွေတလှေကြီးယဉ်ပြစ်လိုက်တာပေါ့…
တအားချစ်လို့ချစ်နေရုံဆို ဘာလိုမှာလဲကွယ်
ဒေါသတွေဖယ် သုခမြစ်ကြီးထဲလက်ပြစ်ကူးလိုက်မှာပေါ့…
ခုတော့…
ညုတုတု ဒေါ်လာဈေးက
အနိမ့်အမြင့်မဟန်လေတော့..
ငါ..ဆံပင်တွေဖြူလာတာကို ဖုံးဖိသာထားရတယ်။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဒီလိုနေ့မျိုးရဲ့ မနက် ၈နာရီမိနစ်သုံးဆယ်တိတိမှာ အင်္ဂါသမီးတစ်ယောက်အမေ့ဝမ်းက ဖွားမြင်ခဲ့တယ်။ အဲ့ဒီ့နေ့ မှာ  အမေဘယ်လောက် များ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာနဲ့ ၀မ်းသာပီတိဖြစ်နေလိုက်မလဲ…..
      ၉လလုံးလုံး လွယ်ပိုးထားရတဲ့ ဒီကလေးရဲ့ဝန်၊ ချို၊ဖန်၊ငံ၊စပ်၊ခါး စားချင်ပါလျှက် မစားခဲ့ရဘဲ တံတွေးသာ မြိုချ ခဲ့ရတဲ့အမေ့အာသီသတွေ။ ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်က  သင်္ချိုင်းကုန်းကို တစ်နေ့မျက်စောင်း သုံးခါမ ကလို့ အခါတစ်ရာပဲထိုးရ၊ထိုးရ အမေ့ရင်ကဖြစ်တဲ့သွေး အမေ့ကလေးကိုကျန်းမာပကတိနဲ့ ခြေလက် အစုံပါစေ ဖို့ပဲ ဘုရားမှာဆုအကြိမ်ကြိမ်တောင်းနေခဲ့ပါတယ် ဆိုတဲ့အမေ့အသွင်။
   အင်္ဂါသမီးအတွက် သားဖွားမီးယပ်အမျိုးသမီးအိုဂျီနှဲ့အပ်ထားပြီးကာမှ အမျိုးသားဆရာဝန်နဲ့တဲ့တဲ့တိုးပြီး မွေးဖွားလာခဲ့ရတဲ့အဖြစ်။ ဆရာဝန်ကို ရှက်ကလဲရှက်၊ ဗိုက်ကလဲနာနှင့် ဝေဒနာကြာရှည်မခံရဘဲ မွေးဖွားလာ တဲ့ အနှီးထုပ်ထဲက ကလေးကိုနပ်စ်မယူလာပေးချိန်မှာတော့ ဆရာမလက်ထဲက ကလေးကို ခဏသာအမေ ကြည့်ပြီး “ကျွန်မကလေး မဟုတ်ဘူး” ဆိုကာဆရာမဆီပြန်ပေးသတဲ့။
   ဆရာမကလဲ ဒီကလေးနဲ့ ဒီအမေမမှားပါဘူး အကြိမ်ကြိမ်ရှင်းပြ။ နောက်ဆုံးကလေးလက်ကောက်ဝတ်မှာ ပတ်ထားတဲ့ အဖေဘယ်သူ ၊ဘယ်ဌာနက၀န်ထမ်း၊ ဘယ်နှစ်ရက်၊ ဘယ်နှစ်နာရီတွင် မွေးဖွားသည်ဆိုတဲ့ စာ တန်းကိုပြတော့မှ အမေတွေဝေပြီး အနှီးထုပ်ထဲက ကလေးလက်ကိုအတင်းဖြည်ကြည့်ချိန်မှာတော့ အမေပြုံး နိုင်သွားပါပြီ။ “ဟုတ်တယ် ဒါကျွန်မကလေး” တဲ့။
   ဘာကြောင့်များအမေကအင်္ဂါသမီးကို သူ့သမီးမဟုတ်ဘူးပြောသလဲဆိုတော့ အင်္ဂါသမီးကအစ်ကိုတွေ အစ် မတွေလိုထက် ပိုဖွံပြီးဖြူ ဖွေးဝကစ်နေလို့တဲ့။ ဒါပေမယ့် ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ အင်္ဂါသမီးရဲ့လက် တွေကို အမေဖြည်ကြည့်ချိန်မှာတော့ လက်မကလေးက လုံးဝန်းဖောင်းကြွမနေဘဲ အဖေတူလက်ပြားပြား လေး ဖြစ်နေခဲ့တယ်။
   အင်္ဂါသမီးလသားအရွယ်ကတည်းက အအေးဒဏ်ကိုခံနိုင်ရည်မရှိပုံကို အမေပြောပြတာ ခုထိမှတ်မိနေပါ သေးတယ်။ မွှေ့ယာပေါ်နဖူးကိုအပ်၊ ခြေလက်တွေကိုရင်ဘတ်နဲ့ဖိပြီး မှောက်ယက်ကွေးကွေးလေး အိပ်နေတဲ့ အင်္ဂါသမီးကိုအမေကြည့်ပြီး ရယ်မိခဲ့သတဲ့။ သေးစိုလို့ လဲ မငို၊ ချမ်းအေးတော့လဲ ခပ်အေးအေးကွေးအိပ်နေတဲ့ အမေ့သမီးအင်္ဂါကို လူလည်မလေး (သို့) လူအေးမလေးလို့ အမေထင်ခဲ့ပုံပေါ်ပါ တယ်။ အမေသတိရတိုင်း အင်္ဂါ ရဲ့အဲ့ဒီ့ငယ်ဘ၀ကို ခဏခဏအမေပြောပြတတ်တယ်။
   ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အင်္ဂါသမီးက လူ့ဇောက်ထိုးလဲဖြစ်ပါသတဲ့။ သူများတွေချမ်းအေးလို့ နွေးနွေးထွေးထွေးနေချိန် ဆို အင်္ဂါက အင်္ကျီတို၊ဘောင်းဘီပြတ်နဲ့နေပြီး သူများတွေပူအိုက်နေရင် အင်္ဂါ တို့က ဘောင်းဘီရှည်၊  အင်္ကျီရှည်နဲ့ ချွတ်ခိုင်းလို့မရ ဇောက်ထိုးကျတဲ့အင်္ဂါပါ။
   ဒါနဲ့လဲ မပြီးသေးပါဘူး။ နွေဘက်ရေရှားလို့ အစ်ကိုတွေ၊အစ်မတွေနဲ့ အမေတစ်ယောက်တစ်ထမ်းဆီ သယ်ယူဖြည့်ထားတဲ့ရေတွေကို အမေဈေးသွားနေတဲ့အခိုက် မှီရာရေသုံးဇလားလုံးကုန်အောင် ကိုယ့်ဖာသာ ကိုယ် လောင်းချိုးခဲ့သတဲ့။ အမေဈေးကအပြန် “ဘာလုပ် နေတာလဲ” လို့ အင်္ဂါ့ကိုရပ်ကြည့်နေတဲ့အစ်ကိုတွေကို မေးတော့ အစ်ကိုနှစ်ယောက်က အင်္ဂါ့ကိုလဲကြည့် အမေ့ဒေါသကိုလဲ ကြောက် ကြောက်နဲ့ “အိုက်လို့ရေချိုးနေ တာနဲ့တူတယ်”လို့ဖြေပေးကြတယ်။ အမေက “ရေချိုးတာ အ၀တ်အစားမချွတ်ဘဲ ချိုးရသလား” လို့လဲမေး ရော အစ်ကိုနှစ်ယောက်မှာဖြေစရာ အဖြေမရှိတော့ပါဘူး။ အင်္ဂါကတော့ အမေ့ကိုရီပြပြီး မျက်နှာချိုသွေးနေခဲ့ သတဲ့။ တစ်ကယ်တော့ အင်္ဂါက အိုက်လားမအိုက်လားလဲမသေချာ၊ အ၀တ်အစားချွတ်ပြီးမှ ရေချိုးရမှန်းလဲ မ သိသေးတဲ့အရွယ်။ ရေကစားချင်ရုံသက် သက်။
   ကျောင်းနေတဲ့အရွယ်ရောက်တော့ အမေလက့်ကိုတွဲပြီး ကျောင်းကိုသွားတဲ့လမ်းတစ်လျှောက် ပျော်သ လောက် ကျောင်းတက်ခေါင်းလောင်းထိုးလို့ အမေလှည့်ပြန်သွားတာနဲ့ အမေ့ကျောကိုကြည့်ပြီး အသံကုန် အော်ငိုတတ်တဲ့အင်္ဂါ။ တစ်ရက်ကနေ နှစ်ရက်၊ နှစ်ရက်ကနေသုံးရက် အမေ့ကျောကိုကြည့် ငိုကောင်းနေတဲ့ အင်္ဂါ ကျောင်းအုပ်ဆရာမကြီးက ရုံးခန်းထဲခေါ်သွားပြီး စာအုပ်တွေထည့်တဲ့ ဘီဒိုကိုပြ “အငိုမတိတ်ရင် အဲ့ဒီ့ အ ထဲ ထည့်ထားမယ်” ဆိုမှ လုံးလုံးကြီး အငိုတိတ် ဘယ်တော့မှမငိုရဲတော့တဲ့အင်္ဂါ။
   အစ်ကိုတွေအစ်မတွေကိုအင်္ဂါ့ရှေ့မှာ အမေဆူနည်းပေါင်းစုံထဲမှ တစ်ခုကတော့အင်္ဂါ့အတွက်မှတ်မှတ် ရရ ကိုရှိနေခဲ့တယ်။ “ဒီလောက် ဆိုးတဲ့ကလေးတွေ ဒီလိုမှန်းသာသိရင် မမွေးခဲ့ပါဘူး၊ ခုပြန်ထည့်လို့ရရင် ခုဗိုက် ထဲပြန်ထည့်ပြစ်တယ်”တဲ့။ အဆူခံရတဲ့အစ်ကိုဖြစ်ဖြစ် အစ်မဖြစ်ဖြစ် အမေ့ရှေ့မှာ မလှုပ်ဝံ့တဲ့အချိန်၊ ခဏလေး ဖြစ်ဖြစ်အပိုးကျိုးသွားကြတဲ့အချိန် အင်္ဂါက အမေ့နားကပ်ပြီးတိုးတိုး လေးမေးဖြစ်ပါ တယ်။ “အမေ့ဗိုက်ထဲကို ဘယ်လိုပြန်ထည့်မှာလဲ၊ ဗိုက်ထဲရောက်သွားရင် ဗိုက်ထဲမှာ အသက်ရှုကျပ်မှာပေါ့”လို့ဆိုတော့ ဒေါသထွက် နေတဲ့ အမေမရီဘဲ မနေနိုင်တော့ဘဲ၊ ရီသံကြီးနဲ့ပဲပြောပါတယ်… “ကပ်သီး ကပ်ဖဲ့” ကိုမေးတယ်တဲ့။
   ဒီလိုနဲ့အစ်ကိုတွေအစ်မတွေက တဖြေးဖြေးအရွယ်ရောက်လာတဲ့ အင်္ဂါ့ကိုကလေးဘ၀ကလို အရောတ၀င် မနေကြတော့ဘဲဖာသိဖာသာ သူတို့ကိစ္စတွေနဲ့ သူတို့အလုပ်ရှုပ်နေကြတဲ့အခါ အင်္ဂါ့ရဲ့ ဆယ်ကျော်သက်အ ရွယ် ပျင်းစရာအချိန်ကို အမေကအပျင်းဖြေပေးပုံက သင်းပါ တယ်။ မြတ်မင်္ဂလာ၊နက္ခတရောင်ခြည်၊ တစ်ခြား ဘာသာပြန်ဝထ္တုမျိုးစုံကို သူ့ဘေးနားလှဲခိုင်းကာဖတ်ပြပြီး အကျင့်လုပ်ပေးပါတယ်။ ဒီလိုနဲ့ ပျင်းပျင်းရှိတိုင်း စာ အုပ်တွေရှာဖွေဖတ်ဖြစ်ခဲ့တဲ့ အင်္ဂါ။ စာတိုပေစ၊ သတင်းစာဖြတ်ပိုင်း၊ မုန့်ထုပ်တဲ့စက္ကူမှ ဖတ်၍ရသလောက်ကို ထမင်းစားရင်းလဲ စာဖတ်တယ်။ ကျောင်းစာဘေးချပြီးလဲ အပြင်စာဖတ်တယ်။ ကြာတော့ လပတ်စာမေးပွဲ တိုင်း အဆင့်ကတစ်ဆယ်ကနေ မဆင်းလဲမဆင်း၊တက်လဲ မတက်နဲ့ အမေစိတ်ဆိုးပါ တော့တယ်။
   နွေရာသီ ကျောင်းပိတ်ရက်မှလွဲပြီး ဘာစာအုပ်မှဖတ်ခွင့်မရှိတဲ့ အခြေအနေဖြစ်လာတော့ သူများတွေက နွေ ကျောင်းပိတ်ရက်ရောက်ပြီဆိုရင် သင်္ကြန်ဆိုတဲ့အကြောင်းပြောနေသလောက် အင်္ဂါတို့ကနီးစပ်ရာ စာအုပ်အ ငှားဆိုင်တွေမှာ စာတွေရှာဖွေငှားဖတ်ရတာကို အခုံမင်ဆုံး။ ဒါပေမယ့် သင်္ကြန်ရက်ကိုနေ့တိုင်း အမေ၊အဖေနဲ့ အတူဘုန်းကြီးကျောင်းလိုက်၊ ညနေ ဘုန်းကြီးကျောင်းကပြန်မှ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ဖတ်ခွင့်ရတယ်။ မ နက်ကိုးနာရီမထိုးခင် ဘုန်းကြီးကျောင်းသွားရတဲ့အခါ ကားလမ်းကိုဖြတ်အကူးသင်္ကြန်ကားတစ်စီးဖြတ် သွား တိုင်း အော်ဟစ်ဆူညံသွားတဲ့ သူတို့အပျော်ကို ဘာတွေပျော်နေကြပါလိမ့်လို့နားမလည်သလို၊ လမ်းပေါ်အိုင် ထွန်းနေတဲ့ရေတွေကို ကြည့်ပြီး ရေတွေကိုအလကားဖြုန်းပစ်နေကြတယ်ဆိုတဲ့ အတွေးကိုလဲအင်္ဂါတို့တွေးလို့ မဆုံးဘူး။ ဒီလိုပြောလို့ သင်္ကြန်ကားနဲ့မလည်ဖူး ဘူးလားဆိုတော့ မဟုတ်ပါဘူး။ လည်ဖူးပါတယ်။ နေပူထဲ ရေအပက်ခံရသည့်ကိစ္စကလဲ စိုလိုက်ချောက်လိုက်ဘာမှပျော်စရာရှာမတွေ့။ ဒီကြားထဲ ရေထုပ်နဲ့ပေါက်သူ၊ ခွက်စောင်းခုပ်သူတွေကလဲမရှား။ မျက်နှာတည့်တည့်မှ တမင်ရွေးပက်သည့်သူလဲကြုံတာပင်။                        သင်္ကြန်ကားနဲ့လည်ဖို့ဆန္ဒမရှိတော့ မိဘတွေနဲ့ ဘုန်းကြီးကျောင်းလိုက်တော့လဲ ငယ်တုန်းတော့ အဆင်ပြေ တာပင်။ အသက်အရွယ်လေးကလဲ ကလေးမကလူကြီးမကျတဲ့အရွယ်လဲရောက်ရော အဖြူ၊ အညိုကိုဝတ်ပြီး ဆွမ်းချိုင့်ဆွဲ အမေ့နောက်ကအလိုက် ယောဂီရော၊ ဥပုဒ်သည်ရောချမ်းသာမပေးချင်တဲ့ သကောင့်သားလူ ရမ်းကားလက်ထဲက ရေခွက်ကိုဟန့်တားတာလဲမရ။ဇွတ်ဆွဲလောင်းဖို့ ပြင်နေတာ ကြောင့် ဒေါသကထောင်းခ နဲထ။ မဆင်ချင်နိုင်ခင်ပြုလိုက်မိတာက ရေခွက်ကိုစောင့်ဆွဲပြီး ကတ္တရာလမ်းပေါ်လွှင့်ပြစ်လိုက်ခြင်းပါ။ အင်္ဂါ့ ဒေါသကို အဲ့ဒီ့နည်းနဲ့ ထိန်းလိုက်ပေမယ့် အင်္ဂါ့အမေရဲ့ပျက်ထွက်သွားတဲ့မျက်နှာနဲ့ ရေခွက်နဲ့ကတ္တရာလမ်း ထိခတ်သံကြောင့် ၀ိုင်းကြည့်နေတဲ့ လူတွေရဲ့မျက်လုံးပေါင်းများစွာ။ အဲ့ဒီ့တစ်နေ့လုံး ဘုန်းကြီးကျောင်းမှာ ဘ ၀င်ကိုမကျပါဘူး။ အင်္ဂါ့အမေကလဲ ဘုန်းကြီး ကျောင်းမှာ တစ်ခွန်းမှစကားမဟပါဘူး။ အိမ်ပြန်ရောက်လဲ ဘာ စကားမှကိုအစမဖေါ်တာပါ။မနက်ရောက်တော့ ဘုန်းကြီးကျောင်းသွားဖို့ ရေချိုးဖို့ပြင်တော့“ဘုန်းကြီးကျောင်း မလိုက်နဲ့။ စာအုပ်ကိုညနေမှငှားဖတ်”ဆိုတဲ့အင်္ဂါ့ အမေအပြော။ အင်္ဂါ့အကြိုက် စာအုပ်ပုံထဲဇောက်ထိုးစိုက် သွားသလိုပါပဲ။ အင်္ဂါ့ကိုအမေမပြောပေမယ့် အစ်ကိုတွေက တစ်ဆင့်ပြန်သိရတဲ့ အမေပြောတဲ့ စကားက “မိုက်တိမိုက်ကန်းနဲ့”တဲ့။
    အဲ့ဒီ့လိုနဲ့ဆယ်တန်းဖြေထားပြီး စာအုပ်ပုံထဲကမထတဲ့အင်္ဂါ့ကို အမေ့ရဲ့စာအုပ်ပုံထဲကဆွဲနှုတ်နည်းက ကွန်ပျူတာသင်တန်းတက်ခိုင်းခြင်းပါ။စာအုပ်တွေရွေးဖတ်မ၀သေးတာကြောင့် သင်တန်းသာသွားနေရတယ် စိတ်ဝင်စားမှုကဇီးရိုးဆိုရင် မမှားပါဘူး။ Basic ကနေ Advanceလဲရောက်ရော စာမေးပွဲတွေပါပါလာပြီဆို တော့ ဖတ်ချင်တာတွေခဏချပြီး သင်တန်းကစာကိုအရင်လုပ်၊ သင်တန်းကစာမေးပွဲပြီးရင် အပြင်စာအုပ်ပြန် ဖတ်လိုက်နဲ့ အင်္ဂါ့ဝါသနာက စာဖတ်ရာကနေစာရေးချင်လာတာပါပဲ။ စာတိုပေစတွေရေးပြီးပြစ်ထားခဲ့တိုင်း သိမ်းဆည်းရတဲ့ အမေတွေ့သွားပြီး တစ်ခွန်းတည်းပြောပါတယ် “စာရေးတာ စိတ်ကူးယဉ်တဲ့အလုပ်၊ ချမ်း သာမဲ့အလုပ်မဟုတ်ဘူး”တဲ့။ အင်္ဂါ့အတွေးမှာ ဒက်ခနဲရိုက်သွင်းလိုက်တဲ့အမေ့စကားပါ။ အင်္ဂါမချမ်းသာချင်ပါ ဘူး။ ချမ်းသာလဲ ထမင်းသုံးနပ်ပဲစားရမယ်ဆိုတာ အင်္ဂါ ကောင်းကောင်းနားလည်ပါတယ်။ ဒါပေမယ့် အင်္ဂ့ါ အမေကိုတော့ အင်္ဂါစိတ်ချမ်းသာစေချင်တယ်။
    ဆယ်တန်းအောင်လို့ အဝေးသင်တက်ရင်းအင်္ဂါအလုပ်လုပ်ပါတယ်။ အလုပ်အားတိုင်းလုပ်တတ်တဲ့ အလုပ် ကတစ်ယောက်တည်းသော သူငယ်ချင်းလေးနဲ့မြို့ထဲပတ်၊ လူတွေကိုလျှောက်ကြည့်၊ ဘ၀အကြောင်း ပြော ဖြစ်ကြသလိုသူ့အိမ်အကြောင်းအကြံဥာဏ်ပေးရင်း ကိုယ့်အကြောင်းလဲတစ်စွန်းတစ်စရင်ဖွင့်ဖြစ်ခဲ့တယ်။ အ ရင်ကအိမ်မြဲခဲ့တဲ့အင်္ဂါ အလုပ်လုပ်ကျောင်းတက်ရင်း အလုပ်ပိတ်ရက်ဆိုအမေ့အနား လဲမကပ် အင်္ဂါ့ကိုဖမ်းလို့ မမိတော့တဲ့အထိကို အင်္ဂါလမ်းသလားတိုင်း အိမ်ရှေ့ထွက်မျှော်နေတတ်တဲ့အမေ့ကို အိမ်ပြန်ချိန်နောက်ကျ တိုင်း မျက်နှာချိုသွေး ပြုံးရီပြခဲ့တဲ့အင်္ဂါ။
    ဘွဲ့ရပြီး သုံးနှစ်ကျော်တိတိ သာမန်အလုပ်လေးမှာ၊ ကိုယ်နဲ့အံဝင်ခွင်ကျမဖြစ်တဲ့အလုပ်မှာ သည်း ခံနည်း မျိုးစုံ၊ စိတ်ရှည်နည်းမျိုးစုံနဲ့ အလုပ်ကိုထမင်းမေ့ဟင်းမေ့အထိ ကြိုးစားပြီးချိန်မှာတော့ ကိုယ့်ရဲ့ကြိုးစားမှုရယ် လုပ်ဖော်ကိုင်ဖက်အစ်ကိုရဲ့ကူညီမှုရယ်နဲ့ သူဌေးအတွက်မျက်နှာပန်းလှတဲ့စီးပွားရေးတစ်ခုဖြစ်ခဲ့တယ်။ ဒါပေ မယ့် အင်္ဂါတစ်ယောက်အူမကြီးခဏခဏရောင်တဲ့ရောဂါနဲ့ အမေဆေးခန်းလိုက်ပြပေးရတိုင်း ဆရာဝန်ကို တိုင်နေတဲ့ အမေ့ပုံရိပ်ကိုမြင်ရတိုင်းပိုပိုသေချာတဲ့အတွေးက အင်္ဂါလိုချင်တာ အဲ့လိုဘ၀မျိုးမဟုတ်ဘူး ဆိုတာ ပါပဲ။ အင်္ဂါတစ်ယောက် ခပ်မြင့်မြင့်နဲ့ ခပ်ဝေးဝေးကိုပျံချင်လာတာ အဲ့ဒီ့အချိန်က အမေဘယ်ရိပ်စားမိလိုက်ပါ့ မလဲ။
    အလုပ်တစ်ဖက်နဲ့ပဲ၊ အိပ်ချိန်တွေဖဲ့ပြီး သင်တန်းတွေပြန်တက်၊ သင်တန်းလဲမပြီးတပြီးအဖြစ်မှာ passport လဲ လက်ထဲရောက်၊ အစ်ကိုတစ်ယောက်လျှောက်ပေးတဲ့ကျောင်းကလဲကျပြီဆိုတာနဲ့ အင်္ဂါတစ်ယောက် သွေး နားထင်ရောက်တော့တာပါပဲ။ သွေးနထင်ရောက်လို့မှ မဆုံးသေးဘူး အဆုတ်မှာ အစက်ရှိတယ်ဆိုတဲ့ ဆေး စစ်ချက်အဖြေကြောင့် အင်္ဂါတစ်ယောက်ခေါင်းကိုမိုးကြိုးအပြစ်ခံရတဲ့အတိုင်းပါပဲ။ တော်သေးတာက အစ်ကို့ ရဲ့အသိ သူငယ်ချင်းအစ်မတစ်ယောက်ကပဲ ဒီကဆရာဝန်မရဲ့လိပ်စာကိုလှမ်းပေးပြီး သူ့ဆေးစစ်လက်မှတ်နဲ့ သူ့ဆေးကိုသောက်ပြီး အလုပ်ဆက်လုပ်နေခဲ့တယ်။ သင်တန်းတစ်ချို့ကိုလဲပြန်တက်နေခဲ့တယ်။ သင်တန်း ကအပြန်နောက်ကျတာကြောင့် ဘယ်တော့မှမကြိုဖူးတဲ့အင်္ဂါ့အမေ လမ်းထိပ်ထွက်ကြိုနေတာကိုလဲ သိပ်ဂရု မထားမိခဲ့တဲ့အင်္ဂါ။
    အင်္ဂါ့အဖြစ်က မွေပူရာကင်းမှောက် ဆိုတဲ့အတိုင်းပါပဲ မနက်မနက်ရေထတင်တဲ့အဖေ၊ လမ်းပေါ်ကရေချမ်း စင်ကိုရေဖြည့်နေတဲ့ အခိုက်မီးတင်စက်ရဲ့ အချက်ပေးအော်သံကို ကြားပုံမရတာကြောင့် အိမ်ပေါ်ထပ်က ပြေး အဆင်း လှေကားသုံးဆစ်ကို ညာခြေခေါက်ကျသွားပါတော့တယ်။ လဲကျသွားမပေမယ့်တော်တော်တော့ အီ စလံဝေသွားတဲ့ခံစားမှုပါ။ ဒီလောက်နဲ့အမှတ်မရှိတဲ့ အင်္ဂါကအလုပ်ကိုသွား ဖြစ်အောင်သွားလိုက်ပါသေး တယ်။ အလုပ်ရောက်လို့ တစ်နာရီလောက်လဲကြာရော ညာဖက်ခြေထောက်တစ်ခုလုံးထောက်လို့မရတော့ တဲ့အပြင် ရောင်ရမ်း နာလာလိုက်တာ မငိုတတ်တဲ့အင်္ဂါ ငိုမဲ့မဲ့ဖြစ်လာတဲ့အထိပါပဲ။
     အလုပ်တူတူလုပ်တဲ့ညီမရဲ့အကူနဲ့ Taxi ငှားပြီးအိမ်ပြန်ဖို့ပြင်တော့ Taxi ဆရာက အကြောပြင်ဆရာကို သိ တယ်ဆိုပြီးခေါ်သွားပေးတဲ့နောက် မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့လိုက်ခဲ့တဲ့အင်္ဂါ။ ဆေးစည်းပြီး အမေရှိတဲ့အိမ် ကိုပဲအပြေးပြန်တဲ့အင်္ဂါ။ လှေကားသုံးထစ်ကို မတက်နိုင်လို့ဒေါသကြီးနေတဲ့အင်္ဂါ့ကိုအမေမြင်တော့ မျက်နှာမ ကောင်းရှာဘူး။ ဒီတော့မှ ကိုယ့်မျက်နှာကိုယ်ပြန်ပြင်ပြီး ခပ်အစ်အစ်ရီခဲ့တဲ့ အမေ့ ရဲ့အင်္ဂါပါ။
   အင်္ဂါ့ရဲ့အခက်အခဲတွေက ဒီလောက်ပဲလားဆိုတော့ မဟုတ်သေးဘူး။ အင်္ဂါဒီကိုထွက်မလာခင်မှာ ၂၀၀၈ မေမှာနာဂစ်မုန်းတိုင်းဖြစ်သွားခဲ့တယ်။ အဲ့ဒီ့ညက အမေနဲ့အင်္ဂါစကားတွေတော်တော်ပြောဖြစ်ခဲ့တဲ့ည။ တော် တော်နဲ့ အိပ်မပျော်ခဲ့တဲ့ည။ အဲ့ဒီ့လိုနဲ့ မိုးတွေတစ်ဖြောက်ဖြောက်ရွာရာကနေ လေတွေထန်မိုးတွေလဲ သည်း ရော ဘေးခြံကအိမ်မရှိဘဲ ကွက်လပ်ချည်းဖြစ်နေတာကြောင့် တိုက်သမျှလေက အင်္ဂါတို့အိမ်ကို တွန်းတွန်း လှုပ်နေသယောင်။ မနက်လင်းအားကြီးလေ မိုးကကြီးလေ။ လေတိုက်လို့ အိမ်လှုပ်နေတိုင်း အမေကအိပ်ရာ က ကုန်းကုန်းထ။ အင်္ဂါက အမေ့ကိုစိတ်ပူတာကြောင့် အိပ်ယာကအထမခံဘဲ ရင်ဘက်ကနေဆွဲဖိထား။ အဲ့ဒီ့ လိုနဲ့ မနက်လဲလင်းရော အိမ်ကသွပ်သုံးချပ်ကွာပါလေရော။ မိုးလေစဲတော့ ယောင်္ကျားသားတစ်ယောက်မှ မရှိတဲ့ အင်္ဂါတို့အိမ်အတွက် အမေသွပ်ရိုက်ဖို့သံအရှာထွက်ရသလို ရှိသမျှသံလေးနဲ့လက်ခစားလက်သမား တစ်ယောက်ကို သံကိုဟိုလိုရိုက်၊ဒီလိုရိုက်နဲ့အားမရနိုင်တဲ့အင်္ဂါ။ အိမ်အမိုးလုံတော့ မိုးထဲရေထဲဒူးဆစ်လောက် မတက်စဖူးတက်နေတဲ့ရေထဲ သောက်နေရတဲ့ဆေးပြင်းတွေကြောင့်နေထိုင်မကောင်းဘဲ ကျိုးကျနေတဲ့သစ် ကိုင်း တွေအဆယ်ထွက်၊ အရှင်းထွက်ရသေးတယ်။ မိုးလေကင်းလို့ အိမ်အနီးနားပဲကြည့်ကြည့် မြို့ထဲပဲကြည့် ကြည့် တုံးလုံးပက်လက်ဖြစ်နေတဲ့ သစ်ပင်တွေကြောင့် ပူနေတဲ့နေအရှိန်က ပိုပူလာသလိုခံစားရသလို အင်္ဂါ့ရဲ့ စိတ်ကူးက ပိုပိုသေချာသွားတယ်။ အင်္ဂါ့မှာလုပ်စရာ တွေတစ်ပုံကြီးရှိနေတယ်။
     အဲ့ဒီလိုနဲ့ အင်္ဂါ့လုပ်ချင်တာတွေကိုအကောင်အထည်ဖော်ဖို့ဆိုတဲ့စိတ်ကူးနဲ့ လေဆိပ်ထဲအ၀င် အစ်မ တွေနဲ့အမေ့ကိုမချိပြုံးနဲ့နှုတ် ဆက်ပြီးအဖေ့ကိုရှာတော့ ကားပေါ်သွားနှင့်ပြီဆိုတဲ့အမေ့ရဲ့လက်ဟန်ခြေဟန် အမူအရာ။ အင်္ဂါတစ်ယောက် အမေမပါဘဲပထမဦးဆုံးခရီး ထွက်ခဲ့ရခြင်းပါ။ လေယာဉ်ပေါ်ရောက်တော့လဲ အင်္ဂါတစ် ယောက် ဘာမှစားမ၀င်။ ဒီကိုရောက်လို့တစ်လတိတိ အင်္ဂါ့လည်ချောင်းထဲ ရေကလွဲပြီး ဘာမှမြိုချ လို့မရခဲ့ဘူး။ အိမ်ကိုဖုန်းခေါ်လို့ အမေက အင်္ဂါ့ကိုဘာစားလဲလို့မေးရင်ဖြေစရာစကားမရှိပါဘူး။ ဘာမှမှစား လို့မှမရခဲ့ တာ။ အမေ့အမေးကိုအဖြေမပေးဘဲငြိမ်နေတဲ့အခါတိုင်း အမေကတစ်ခွန်ထပ်မေးပါတယ် “ အဲ့ဒီ့ကို ဘယ်သူကလွှတ်တာလဲ” တဲ့။ “ကိုယ့် ဖာသာကိုယ်လာချင်ခဲ့တာ”လို့ အမေ့အမေးကိုစိတ်ထဲက အဖြေပေးပြီး တဲ့နောက်ပိုင်း အင်္ဂါ့ကို အင်္ဂါ ခဏလေးဖြစ်ဖြစ်ရှာဖွေတွေ့သွားပါ တယ်။
   အဲ့ဒီလိုတွေ အမေကအင်္ဂါ့ကိုအဖြေတွေထုတ်ပေးခဲ့တာတောင် အမေ့အင်္ဂါ့ကိုသိပ်ချစ်ခဲ့ဘူး။ နားမလည်ခဲ့ဖူး ပဲမှတ်ယူခဲ့တာပါ။ အမေ့ဆီက အင်္ဂါသမီးတစ်ယောက်ဘာမှမရခဲ့ဘူးပဲထင်ခဲ့တာပါ။ တစ်ကယ်တော့ အင်္ဂါ အမေ့ဆီက အများကြီးကိုရခဲ့တယ်။ ပထမဦးဆုံးရနိုင်ခဲတဲ့ လူ့ဘ၀ကို အမေပေးလို့ရခဲ့တယ်။ ဆုံးမသွန်သင် ချိန်ရောက်တော့လဲ စကားပုံတွေနဲ့နှိုင်းပြီး နာယူလက်ခံတတ်အောင်သင်ပေးခဲ့တယ်။ စာအုပ်တွေထဲမှာ မှတ် လို့ မကုန်တဲ့ပညာတွေနဲ့ ဘ၀တွေရှိတဲ့အကြောင်း စာဖတ်လေ့ကျင့်ပေးခဲ့တယ်။ စာအုပ်ထဲမှာတင် ဘ၀ရှိ တယ်ထင်မှတ်နေတဲ့ အင်္ဂါသမီးကို ခေတ်ပေါ်ဆွဲခေါ်ပြီး သင်တန်းတွေတက်စေပြီး ဘ၀ရည်မှန်းချက်တွေ မြင့် မားလာ အောင်လုပ်ပေးပြန်တယ်။
          အင်္ဂါသမီးက ဒီနေ့ဒီအချိန်အထိဘာမှမဟုတ်သေးပါဘူးအမေ။ ဒါပေမယ့်အမေ့အတွက်တော့ အင်္ဂါ သမီးဖြစ်နေတာနဲ့တင်ကို အမေကျေနပ်နေမှာပါ။ ဒီနေ့ရဲ့မနက် ၈နာရီခွဲဆိုတာကို အမေပြန်တွေးကြည့်နေ ရင် အင်္ဂါသမီးလဲအမေ့ပေးတဲ့ဒီ၈နာရီခွဲကို ကျေးဇူးတင်မဆုံးရှိနေတာပါအမေ။ ရက်ပေါင်းများစွာ။ မိနစ်ပေါင်း များစွာကို အမေစုဆောင်းခဲ့ရတဲ့ အမေ့ရဲ့စုဗူးတွေထဲက တစ်ဗူးဟာအင်္ဂါသမီးပါအမေ။ ဒါပေမယ့် အမေ ..စုဗူးတွေတိုင်းမှာ အကြွေကော ရာတန်ကော၊ထောင်တန်ကောရောထည့်ကြသလို အမေ့သမီးအင်္ဂါရဲ့ စိတ် ကူးထဲမှာ၊ဦးနှောက်ထဲမှာ မကောင်းတာတွေကော၊ကောင်းတာတွေပါ ပြည့်ညက်နေရင် အဲ့ဒါ အမေနဲ့လုံးလုံး မဆိုင်ပါဘူး။ အမေပေးသမျှကို ကောင်းတာတွေချည်းမယူတတ်တဲ့ အင်္ဂါ့ရဲ့ ညံ့ဖျင်းမှုပဲဖြစ်ပါလိမ့်မယ်အမေ။
          အမေ…..၂၈နှစ်လုံးလုံးအမေ့ကိုပေါ်တင်ဆိုးခွင့်မပေးခဲ့တဲ့အင်္ဂါ့အတွက် အမေဆိုတာ ဥာဏ်ကြီးရှင်ပါ။
(ဘယ်မွေးနေ့မှ ဒီနှစ်မွေးနေ့တွေလောက် ရင်နာစရာမကောင်းဘူးအမေ။ အမေ့ခြေဖ၀ါးတွေကိုကာကွယ်ဖို့ရည်စူးပြီး ဖိနပ်တစ်ရံနဲ့ ကန်တော့ခွင့်မရခဲ့တာ သုံးနှစ်တောင်ရှိပြီနော်အမေ)

ဆက်ဖတ်ချင်ရင်...

ဆုံးဖို့ ရှုံးခဲ့တာမဟုတ်ပါဘူး…
ချစ်လွန်းလို့ တွေဝေလွန်းပြီး ဝေးခဲ့တာပါ။

သက္ကရာဇ်ဘယ်နှခုစာလောက်
လွမ်းနေရဦးမယ် မသေချာပေမယ့်..
လွမ်းနေရတိုင်း ရင်နာရတာ
ငါ့အတွက်တော့ အဆန်းတကြယ်မဟုတ်တော့ပါဘူး။

အိပ်မက်တိုင်း ပုံတူတစ်ခုကိုမက်ဖို့
ငါ့ကိုမှ အပြစ်ချရက်သလားမငြူစူချင်တော့လောက်အောင်
လွမ်းမိတိုင်း မက်ခဲ့ရတဲ့အိပ်မက်တွေကြောင့်ပဲ
ငါ့နှလုံးသား ပိုပြီးကျန်းမာလာတာ ကုထုံးတစ်ခုပါ။

ယနေ့ကနေ ရေတွက်လို့
မနက်ဖန်ဆိုတာ ရောက်တာတောင်
လွမ်းတဲ့အကြောင်းပြောခွင့်မရဘူးပဲထား….
လွမ်းနေတဲ့ ငါ့ရဲ့စိတ်ကိုသတ်ဖို့
ငါ့ကို ရူးသွားအောင်သာ လုပ်ပေးလှည့်ပါ။

ဘယ်တော့မှ မလွတ်မြောက်မဲ့ စိတ်ရဲ့ထောင်
အလွမ်းတွေရဲ့ ကျိန်စာသင့်နေတဲ့ငါ့ရဲ့နေ့
မဆုံနိုင်ခဲ့လဲ ချစ်နေဦးမဲ့င့ါဘ၀စာမျက်နှာ..

ငိုချင်တိုင်း မော့်ကြည့်ဖြစ်တဲ့ မိုး….

မငိုပါနဲ့ မိုး….
ငါ့အတွက်ဆိုလျှင် ညိုရုံသာ ၀မ်းနည်းပေးပါ။

မခြိမ်းပါနဲ့ မိုး…
ငါ့အတွက်ဆိုလျှင် စိုရုံသာ ၀မ်းနည်းပေးပါ။

သူ့ကိုလွမ်းတဲ့စိတ်နဲ့ အိပ်မောကျနေတဲ့
ငါ့နှလုံးသား လန့်နိုးသွားမှာ စိုးလို့ပါ။

ဆက်ဖတ်ချင်ရင်...

တစ်ထောင့်တစ်ည ပုံပြင်တွေလို                                                                    
င့ါကိုငါ အခန်းရှည်မဆက်ချင်တော့ဘူး။ ။                                                     

နေသာသလို နေပါပြောထားလျှက်                                                                   
ဖွဲမီးလို တမြေ့မြေ့လောင်နေတဲ့ စိတ်တွေကြောင့်
သတိရခြင်းတွေတောင် လက်တို့ဖို့မဖြစ်နိုင်တဲ့အဖြစ်။ ။

ရင်ဘတ်ထဲက ခံစားချက်ကို
စကားလုံးလှလှတွေနဲ့ ၀ယ်ယူမရနိုင်မှန်းသိသိနဲ့
ငါ ပေါ့ပေါ့တိမ်တိမ်ပဲ ပြောပြောထွက်သွားတယ်။ ။

အဆိပ်သင့်နေတဲ့ နင်နဲ့ငါ့ရဲ့နေ့တွေကုန်ဆုံးသွားဖို့….
ပြောနေတာက တစ်ခြား
လုပ်နေတာက တလွဲလို့
ပိုးစိုးပက်စက်ဝေဖန်လိုက်စမ်းပါ။ ။

ပြန်မရနိုင်တဲ့ အတိတ်ရယ်
မဖြစ်သင့်ဘူးဆိုတဲ့ ပစ္စုပ္ပန်ရယ်
င့ါလည်ပင်းကို ကြိုးကွင်းလာစွပ်နေသရွေ့...
င့ါကံကြမ္မာကို ငါကိုယ်တိုင် သတ်ဖြတ်ချင်တာ အပြစ်လား။ ။

အချိန်ကို လူတွေထိုင်စောင့်နေကြသလိုမျိုး..
ငါလဲ ဘယ်သူ့ကိုမှန်းမသိ (မျှော်လင့်တကြီး)ထိုင်စောင့်နေမိချိန်…..
အချစ်က…..
ဘယ်ရွေ့..ဘယ်မျှဆိုတဲ့ Expiry Date ကပ်မထားလေတော့
မျှော်လင့်ခြင်းက သက်တမ်းမကုန်နိုင်သေးတာ အပြစ်လား။ ။

လွမ်းဆွတ်ခြင်းရဲ့ ကျိန်ဆဲခြင်းတွေကိုလျစ်လျှူရှုပြီး…
ယတိပြတ်ဆိုတဲ့စကားနဲ့
ငါ့ကိုငါထုတ်သိမ်းထားတာပါပဲ…
နာကျင်တယ်ဆိုတာထက်တော့ ပိုနာကျင်တာပေါ့။ ။

မေ့မရခြင်းရဲ့ တိုက်ခိုက်ခြင်းတွေကိုရှောင်ပုန်းပြီး….
သူတော်စင်လို (ဟန်ဆောင်)အပြုအမှုတွေနဲ့
င့ါကိုငါ စည်းနှောင်ထားတာပါပဲ….
ရင်နာတယ်ဆိုတာထက် ပြောပြစရာစကားလုံးလဲမရှိတော့။ ။

ချုပ်ထိန်းရခက်တဲ့စိတ်ကို
ဖမ်းချုပ်ထားလိုက် လွတ်ထွက်သွားလိုက်နဲ့ပဲ
ငါ…. ခရီးဆက်
သူ့ရဲ့စိတ်နဲ့ငါ လူလုပ်နေရတာကို
ဘယ်သူ့ကို ဖွင့်အန်ချရပါ့မလဲ..။ ။

စွဲလမ်းမှုတစ်ခုမှာ..
တပ်မက်မှုအတ္တ ရာခိုင်နှုန်းဘယ်လောက်များများပါ ပါသလဲ….
တွယ်တာမှုတစ်ခုမှာ..
လိုအပ်မှုအတ္တ ရာခိုင်နှုန်းဘယ်လောက်များများပါ ပါသလဲ…..
ချစ်ခင်မှုတစ်ခုမှာ..
တောင့်တမှုအတ္တ ရာခိုင်နှုန်းဘယ်လောက်များများပါ ပါသလဲ…..
အဲ့ဒီ့အတွေးတွေနဲ့ငါ နပန်းသတ်နေတာကို
ဘယ်သူ့ကို တိုင်တည်ရပါ့မလဲ..။ ။

သေချာပါတယ်..
ရူးနေပြီလို့ ထင်နေရုံနဲ့
မရူးသေးဘူးဆိုတဲ့ စကားလုံးတွေကြောင့်ပဲ
ငါ..သွက်သွက်ခါ ရူးသွားခဲ့တော့တာ။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

တစ်ချိန်က...
ကြယ်တစ်ပွင့်ချင်းစီရဲ့ ရှင်းတမ်းမှာ
ဘယ်ဟာ ခုနှစ်စင်ကြယ်ပါလို့
သူက စိတ်မရှည်လက်မရှည် ရှင်းပြဖူးတယ်။ ။


ညစ်တူးတူး ကိုယ်က
ကြယ်စဉ်တိုင်းပေါင်းရေ
ခုနှစ်စင်းမကကြောင်း.... ဥာဏ်များခဲ့ဖူးတယ်။ ။

သိပ်မကြာခင်က.....
လတစ်စင်းရဲ့ပြည့်လုပြည့်ခင်မှာ
ဟိုမှာလ ..လို့ ညွှန်ပြမယ့်သူထပ်ကြုံတယ်။ ။

ဂျစ်တူးတူးကိုယ်က
ကြယ်စဉ်တွေလို ပေါင်းရီစရာမရှိတော့....
မနက်ဖန် လပြည့်လေ...လို့ ဥာဏ်ကစားခဲ့တယ်။ ။

တကယ့်တကယ်တော့...
ကိုယ်က ကောင်းကင်နဲ့လုံးလုံးမသက်ဆိုင်သူပါ။

သူတို့နှစ်ယောက်ကတော့...
ကောင်းကင်ရဲ့တစ်စိတ်တစ်ဒေသစီကို လှမ်းညွှန်ပြနိုင်သူတွေ။
ကောင်းကင်နဲ့ ကိုယ့်ကို မိတ်ဖွဲ့ပေးသူတွေ။ ။

သွားမလာနဲ့လို့မောင်းထုတ်တတ်သူနဲ့
သူကသူ ကိုယ်ကကိုယ်ပဲလို့...စိတ်ဆိုးတတ်တဲ့သူ

နင်ငါ့ကိုပဲ နိုင်တာမလား လို့ ဆိုတတ်သူနဲ့
ခြင်္သေ့ဆိုတော့ နိုင်မှာပေါ့လို့ဆိုတတ်သူ

ကိုယ်စနောက်တိုင်း
မျက်နှာငယ်နဲ့ ငေးကြည့်တတ်သူနဲ့
ငိုဖို့ဝန်မလေးတတ်သူ

နေ့ချင်းတောင် မတူတဲ့ သူတို့ဆီမှာတူညီမှုတစ်ခုတော့ရှိတယ်။ ။

ကိုယ်စိတ်အချဉ်ပေါက်တိုင်း ဘေးနားရှိနေခဲ့တယ်။
ကိုယ်ပေတေနေတိုင်း.. စိတ်ပူပေးတတ်တယ်။ကိုယ်ပြုံးရီနေတိုင်း..ကိုယ့်အပြုံးကို စစ်ဆေးကြတယ်။
ကိုယ်ဖျားနာတဲ့အခါ...ဆေးတိုက်ရမယ့်နည်း သူတို့သိတယ်။

အရပ်ဒေသချင်းတောင်မတူတဲ့ သူတို့ဆီမှာ တူညီစွာလက်ခံမှုတစ်ခုရှိပြန်တယ်။ ။

မေတ္တာပေးကအေးချမ်းသတဲ့။ ။

တကယ့်တကယ်တော့...
ကိုယ်က မေတ္တာဆိုတဲ့စကားနဲ့လုံးလုံးမရင်းနှီးသူပါ။

သူတို့နှစ်ယောက်ကတော့...
မေတ္တာတရားရဲ့ နက်နဲမှုကိုရှင်းပြပေးသူတွေ။
မေတ္တာတရားနဲ့ မိတ်ဖွဲ့ပေးသူတွေ။ ။

တကယ့်တကယ်တော့...
ကိုယ်က သူတို့နှစ်ယောက်လုံးနဲ့ သက်ဆိုင်ခွင့်မရှိတဲ့သူသာ။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

ဧည့်သည်ဆန်တဲ့ အပြုံးမျိုးနဲ့ သူရောက်လာခဲ့တာပါ။ ။

အိမ်ရှင်ဆန်ဖို့ ကြိုးစားရင်းနဲ့
ဧည့်ပြန်ချိန်ကို ငါ..လန့်လန့်လာတဲ့အခါ…
မရေမရာ ဆုတောင်းမိတယ်…
ဖြစ်လေရာဘ၀ ကျန်ခဲ့သူမဖြစ်ရလိုပါ။ ။

တစ်ယောက်တစ်အိပ်မက်ဆီနဲ့ ကြယ်ကြွေတုန်းဆုံမိကြတာနေမှာပါ…

သူ့ကို…ကိုယ့်အိပ်မက်တွေရွတ်ပြရင်းနဲ့
အတိတ်ကရုန်းထွက်ဖို့မောပမ်းနေတဲ့အခါ
အသေအချာ စဉ်းစားမိတယ်…
ဘယ်သူ့ဘယ်သူကိုမှ…နာကျင်စေလိုသူ..ကိုယ်မဖြစ်ရလိုပါ။ ။


ဝေးဝေးပြေးစေချင်ပါမှ ရောက်ရောက်လာတဲ့သတိရခြင်းတွေပါ..

ခံစားချက်ဆိုတာ ဖုံးလေပေါ်လေနဲ့
ကိုယ့်ကို ကိုယ်နှိပ်စက်လွန်းမက နှိပ်စက်မိတဲ့အခါ
အဖြေတစ်ခုထုတ်မိတယ်….
မပိုင်ဆိုင်ခင်က ရှုံးရင်တောင်…. သူ့ကိုပျော်ရွှင်စေချင်တာပါ။ ။


ချုပ်နှောင်ထားပါမှ ရုန်းကန်နေတဲ့သံယောဇဉ်တွေပါ…

နောက်ပြန်လှည့်ဖို့ကြိုးစားရင်းနဲ့
ကိုယ့်ကိုကိုယ်နဲ့ သူ့ကိုပါ မေ့ဖျောက်ပြစ်ချင်မိတဲ့အခါ
(ကိုယ့်ကိုကိုယ် အရူးလို့ သတ်မှတ်မိရင်း)
ကိုယ့်ကို ကိုယ်နားလည်မိတယ်…
ကိုယ်ရှုံးရင်တောင်... အနိုင်အပြုံးနဲ့ သူ့ကိုကျေနပ်စေချင်တာပါ။ ။

အဖြေကြိုရထားတဲ့ အမေးပု စ္ဆာတစ်ပုဒ်ပါ…

လူ့စည်း ဘီလူးစည်းဆိုတာ သိသိကြီးနဲ့
ခြေချမိလို့ နာကျင်ရတဲ့အခါ….
ပူးတွဲတရားခံဖြစ်နေရတဲ့ သူ့ကိုငဲ့ကြည့်မိတော့…
သူလဲ ကိုယ့်ဝဋ်ကြွေးမကင်းဘူးလားရယ်လို့တွေးမိတဲ့အခါ
(ကိုယ့်ကိုကိုယ် မုန်းမုန်းလာမိရင်း)
သူ့ကို ကိုယ်နားလည်မိတယ်…
ကိုယ့်ကိုယ်ကိုမုန်းရင်တောင်…သူ့ကိုပြုံးမြဲပြုံးစေချင်ယုံလေးပါ။ ။

စုသဲဖြူ



ဆက်ဖတ်ချင်ရင်...

လှုပ်လေမြုပ်လေ
အဲ့ဒီ့မနက်ဖန်ကို
ဘယ်သူသယ်ဆောင်လာခဲ့တာလဲ။ ။


အတွေးတွေရဲ့ အုပ်မိုးမှုနဲ့
ဂယက်ထနေတဲ့ စိတ်ကို
ဘယ်သူ လက်တို့လိုက်ပြန်တာလဲ။ ။

တစ်ခါတစ်လေ....
မလိုချင်တာကို ငြင်းခွင့်ရှိမယ်
လိုချင်တာကို ပြောခွင့်ရှိမယ်
လက်ခံသင့်တာကို နားလည်ခဲ့မယ်ဆိုလျှင်...
မနက်ဖန်ဆိုတာအတွက် တွေးပူနေစရာမလိုလောက်ပါဘူး။ ။

ပေသီးကျကျ တွက်ဆထားတဲ့
နေ့တွေတောင် လွဲချော်တတ်သေးတာ
ဘယ်သူ့ဘယ်သူကိုမှ အပြစ်ပုံမချကြေး
ငါတို့ ....မှားယွင်းလိုက်ကြရအောင်။ ။

အကုန်မြန်တဲ့ အချိန်တွေကိုလျစ်လျူရှု
အသိဥာဏ်တွေ အနှုတ်လက္ခဏာမပြရင်တော်ပြီဆိုပြီး
ဖြတ်သန်းလာခဲ့တာ......
ခံစားချက်ဆိုတဲ့စိတ်ကိုတော့ ဆုံးရှုံးခဲ့ရ။ ။

တွေ့ဆုံခြင်းအစကိုက
ခွဲခွာခြင်းခရီးဆုံးကို ခရီးနှင်နေတာ..
ငါတို့.....စိတ်မှာဖျောက်ဖျက်ထားကြ။ ။

ဘယ်လိုအာသီတတွေနဲ့ လူဖြစ်ခဲ့တယ်မရှင်းလင်းပဲ
င့ါရင်မှာ အလွမ်းတွေချည်း ယိုဖိတ်နေတဲ့အခါ....

မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့လောကဓံ
တစ်စုံတစ်ရာကိုဆုံးရှုံးပြီးမှ တစ်စုံတစ်ရာကိုပြန်ရတဲ့တွယ်တာမှု
ဖုံးဖိသိုဝှက်ထားပါမှ ထထဖောက်ချင်တဲ့ ခံစားချက်......
ဘာတစ်ခုနဲ့မှ အဆင်မပြေချင်တော့တဲ့...ငါ

င့ါကိုငါ ပြန်ရှာဖွေရတာကိုက နထ္ထိဆန်လွန်းနေခဲ့။ ။


စုသဲဖြူ

ဆက်ဖတ်ချင်ရင်...

နှစ်ချို့ဝိုင်တွေပါမေမေ..
ဘုရားမကြိုက် မေမေမကြိုက်မို့
သွန်မှောက်ပြစ်လိုက်တယ်။ ။

မေမေ မသင်ကြားခဲ့တဲ့ ဘာသာရပ်တွေပါမေမေ..
လူတစ်ဦးနဲ့တစ်ဦး ညစ်ပတ်ခြင်းတွေ
ယုတ်မာခြင်းတွေ
ကွက်ကျော်ရိုက်ခြင်းတွေက
ဘ၀ဆိုတာ ကျီးအာသီးလိုပဲလားလို့ တွေဝေစေတယ် မေမေ။ ။

မေမေ ပြောပြောနေကျ
ရိုးသားခြင်းပုံပြင်တွေက
ကလေးဘ၀ အိပ်ပျော်ရုံပဲ နားထောင်ကောင်းခဲ့တာမျိုးလား.....
ရှာဖွေနေမိတဲ့ အမှန်တရားတွေအောက်
စိတ်ဓာတ်တွေ ပြားပြားမှောက်နေတယ် မေမေ။ ။

မေတ္တာတရားဆိုတာ
လိုချင်သူကိုမှ ကန္တာရဖြစ်စေတဲ့
မိုးနဲရပ်ဝန်းမျိုးလား...
ကိုယ့်အတွက်မှ လွဲခြော်သွားရတဲ့ ကံတရားတွေအောက်
ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ မေမေ။ ။

လူတိုင်းကိုယ့်စံနဲ့ကိုယ်တော့
ကောင်းကြသူတွေချည်းပဲ မေမေ...
အဆင်မပြေလို့ အပြစ်မြင်လာရင်သာ
ဂရုဏမထား ရန်ဖွဲ့လာတဲ့အခါ
ငါပဲမှန်တယ်ဆိုတဲ့ အတ္တဆွဲနဲ့
ခင်မင်မှုတွေ ပျက်ပြားကုန်တယ် မေမေ။ ။

တစ်ယောက်ကိုတစ်ယောက် ကြင်နာခြင်းဘာသာရပ်ကို
ဘယ်အရပ်မှာ ရှာဖွေဖတ်ရပါ့မလဲ မေမေ....
စိတ်ဓာတ်တွေကြမ်းတမ်းလာတာကို
ဘယ်လိုမေတ္တာစကားမျိုးနဲ့ ချွန်းအုပ်ရပါ့မလဲ မေမေ...
အမူအရာတွေရိုင်းစိုင်း ဘယ်သူ့မှကောင်းတဲ့သူလို့မထင်တော့တာကို
ဘယ်လိုနွေးထွေးမှုနဲ့ ပြုပြင်ရပါ့မလဲ မေမေ။ ။

ဘယ်သူတွေပြောတဲ့ မှန်ကန်ခြင်းတွေလဲ မေမေ....
မုန်းလျှက်က ချစ်ဟန်ဆောင်ရမယ်တဲ့။
ချစ်လျှက်က မုန်းဟန်ဆောင်ရမတဲ့။ ။

မနေတတ်လို့ကူညီရခြင်းတွေထဲမှာ အခွင့်အရေးယူသူတွေလဲ ရှိတယ်။ ။
မယုံကြည်တော့လို့ လှည့်မကြည့်မိတဲ့သူတွေထဲမှာ
ကိုယ့်အပေါ် တစ်ကယ်ကြင်နာတဲ့သူတွေလဲရှိတယ်။ ။
လွမ်းလိုက်တာလို့ပြောပြီး..
လုပ်ချင်ရာလုပ်နေသူတွေလဲရှိတယ်။ ။
မျက်နှာသစ်တယ်ပြောပြီး
မျက်နှာ အဟောင်းကြီးနဲ့ပဲ
အတင်းအနားကပ်လာကြတယ် မေမေ။ ။

အမှန်တရားဆိုတာကြီးကို..
မေမေအော်သလိုသာ..
(လုပ်ချင်ရာတွေလုပ်နေရမှနော်)…လို့အော်ရင်း
ခပ်ထေ့ထေ့ ပြုံးပြလိုက်ချင်တော့တယ်။ ။

စုသဲဖြူ

ဆက်ဖတ်ချင်ရင်...