Powered By

Free XML Skins for Blogger

Powered by Blogger

ကောင်းကင်နဲ့မြေကြီး ဆုံဟန်အသွင်ဖြစ်နေတဲ့ မိုးကုတ်စက်ဝိုင်းတစ်နေရာကို ကျွန်မရပ်ငေး ကြည့်နေတာ တော်တော်လေးကြာနေပြီဖြစ်၏။ ပုဇွန်ဆီရောင်နေလုံးကြီးက မိုးကုတ်စက်ဝိုင်းတစ် နေရာဆီ တိုးဝင်ပျောက် ကွယ်ဖို့ကြိုးစားနေသည်မှာ ကြည့်၍ကောင်းလွန်းလှသည်။ ခပ်လှမ်း လှမ်းမှ လယ်ကွက်များကြားတွင် ငါးရှာနေသည့်ဗျိုင်းအုပ်စုသည် ရုတ်တရက်အုပ်စုဖွဲ့ပြီးထ ပျံသွား၏။ လယ်ကွက်တွေအဆုံးတောအုပ်လေးဆီကို အိပ်တန်းတက်ငှက်များစီတန်း၍ပျံသွား သည်မှာညနေစောင်းတိုင်းလာငေး၍မ၀ဟုဆိုလျှင် ကျွန်မက သိပ်ပိုတဲ့လူစားမျိုးလို့ တစ်စုံတစ် ယောက်ကဝေဖန်ဦးမှာပါဘဲ။ 


သိပ်မကြာခင်နေ၀င်တော့မည်။ သိပ်မကြာခင် ကျွန်မလည်းဒီနေရာကထွက်ခွာရတော့မည်။ ကျွန်မထွက် သွားပြီးသိပ်မကြာခင် ဒီနေရာကိုလူတစ်ယောက်ရောက်လာလိမ့်မည်။ ကျွန်မရပ်နေ ခဲ့တဲ့ဒီထနောင်းပင် အောက်မှာဘဲရပ်ပြီး ကျွန်မငေးနေလေ့ရှိတဲ့လယ်ကွက်တွေကို သူရပ်ငေးနေ ပေလိမ့်ဦးမည်။ တစ်ခုရှိတာက လယ်ကွက်တွေကို ဘာရပ်ငေးစရာရှိသလဲလို့ သူ့အတွေးကိုသူဖမ်း မိသွားလျှင် သူကျွန်မကိုခပ်ဖွဖွကျိန်ဆဲ ကောင်းကျိန်ဆဲနိုင်ပါသေးသည်။


လယ်ကွက်တွေနဲ့ထနောင်းပင်ကိုကျောခိုင်းလျှောက်လာခဲ့ရာမှ နောက်ပြန်လှည့်ကြည့်လိုက်၏။ ရွာဦးဘုန်း ကြီးကျောင်းထဲမှ စက်ဘီးကိုကြမ်းကြမ်းတမ်းတမ်းစီးထွက်လာသည့်သူကြောင့် ဘယ် သူမှန်းမကွဲပြားမထင် ရှားသေးတာတောင်ရင်သည်တလှပ်လှပ်ခုန်နေပြီ။ စက်ဘီးစီးလာသူသည် တဖြည်းဖြည်းကျွန်မနှင့်မျက်နှာ ချင်းဆိုင်၍နီးကပ်လာသည်။ စက်ဘီးစီးလာသူ၏မျက်နှာကို ပီပီ ပြင်ပြင်မြင်လိုက်ကတည်းက မမှိတ်မသုန် စိုက်ကြည့်နေရာမှ အကြည့်ကိုချက်ချင်းလွှဲလိုက်ရ သည်။ စူးစမ်းသလိုအကြည့်မျိုးဖြင့် ခြေစုံရပ်နေသည့် ကျွန်မကိုတစ်ချက်ကြည့်ပြီး စက်ဘီးကို ဆက်နင်းသွားလေ၏။  


မျှော်လင့်ချက်တွေခမ်းခြောက်သွားတဲ့အခါ ချက်ချင်းမျက်ရည်ဝိုင်းလာတတ်သလားဆို သည့်အတွေးနှင့် ကောင်းကင်ကိုမော့်ကြည့်ပြီး ခပ်အစ်အစ်ရယ်မိ၏။ နားထင်နှစ်ဖက်ပေါ်ပူဆင်း သွားသည့် မျက်ရည်ကြောင့် ကိုယ့်ကိုကိုယ်တောင် အပြစ်တင်လိုက်ချင်သည်။ ဟုတ်သည်လေ မျက်ရည်ကျလာမှာဆိုးလို့ခေါင်းမော့ထားကာမှ မျက်ရည်ကကျဖြစ်အောင်ကျလိုက်သေးသည်။


ကျွန်မကမျက်ရည်နဲ့ ဘယ်သူ့ကိုမှတုပ်နှောင်မထားချင်တဲ့ မိန်းမမျိုးပါလို့ပြောဖို့ အချိန်စောလွန်း နေပါသေးလား။ ဒါမှမဟုတ်နောက်ကျနေပြီလား။ သေချာတာတစ်ခုကတော့ ကျွန်မက၀မ်းနည်း လွယ်တယ်။ မျက်ရည်ကျလွယ်တယ်။ သူကငိုနေတဲ့ကျွန်မကိုပိုပြီးငိုအောင်၊၀မ်းနည်းအောင်လုပ်ပြီး ကျွန်မငိုနေတာကို ရယ်ရယ် မောမောကြည့်နေတတ်ခဲ့တာအမြဲတမ်းနည်းပါးပါဘဲ။ ကျွန်မကကော ဘာကြောင့်များ သူ့ရှေ့ကျမှပိုပြီးမျက်ရည်ကျတတ်ခဲ့ရတာလဲ။ သူ့အပြောအရဆိုလျှင်“နင်က ငါ ချော့တာခံချင်လို့နေမှာပေါ့”တဲ့။


လက်မှာပတ်ထားသည့်နာရီကိုကြည့်မိ၏။ မေမေ့ကိုခွင့်တောင်းပြီးထွက်လာခဲ့သည့် တစ်နာရီ သည်ပြည့်ရုံမကလို့ ဆယ်မိနစ်တောင်စွန်းနေပြီဖြစ်သည်။ အိမ်ကိုအမြန်ရောက်ဖို့မြေလမ်းလေးအ တိုင်း ကျွန်မခပ်သုတ်သုတ်ပြေးခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ထုကကြီးစိုးနေလေပြီ။ ကောင်းကင်တွင်ကြယ်ရောင် ဖျဖျရှိနေတာ ပြေးရင်းလွှားရင်းမော့်ကြည့်ဖြစ်သေးသည်။ ဆယ့်ငါး မိနစ်လောက်ပြေးသွားပြီးချိန်တွင်တော့ ကျွန်မတို့အိမ်ကိုလှမ်းမြင်နေရပြီ။ ခြံရှေ့တွင်ရပ်ထား သည့်ကားဘေးနားတွင် ထွက်စောင့်နေသည့်မေမေ့ အစ်မကြီးကြီးမျိုး။ ကြီးကြီးမျိုး၏ဘေးမှာ ရပ် လျှက်လက်ပိုက်ထားပြီး ဟိုဟိုဒီဒီလျှောက်ကြည့်နေရင်း ပြေးလာနေသည့် ကျွန်မကိုလှမ်းမြင်သွား သည့် ကိုကိုမိုးစက်။ ကျွန်မကိုမြင်တာနှင့်ချက်ချင်းပင်အပြုံးနှင့် ဆီးကြိုနေ၏။


*************    *************    ************    *************


“မရိုး.. နင် မရိုးမဟုတ်မလား”
“ကျွန်မနာမည် မရိုးမဟုတ်ဘူး မရိုးဆန်းပါ”


ရယ်ချင်စိတ်ကိုကြိုးစားမြိုချလိုက်ရဟန်ဖြင့် ခပ်ပြုံးပြုံးဖြစ်သွားရာမှ နားထင်မှချွေးတွေကို လက် နှင့်အသာ သပ်ချလျှက်ခေါင်းညိတ်နေသည့်ဝဏ္ဏ။ သူ့ဘေးမှခပ်ချောချောကောင်မလေးကို စကား တိုးတိုးကပ်ပြောလျှက် ပွင့်လာသည့် ဓာတ်လှေကားကိုရှေ့ဆုံးမှလှမ်းဝင်သွား၏။ ဓာတ်လှေကား စီးဖို့စောင့်နေရာမှနောက်မှ ရောက်လာသည့်ဝဏ္ဏနှင့် ဓာတ်လှေကားရှေ့တွင်ဆုံခြင်းဖြစ်သည်။ သူနှင့်အတူဓာတ်လှေကား လိုက်မစီးချင်သော်လည်း ကျန်နေခဲ့ဖို့မသင့်တော်တာကြောင့် နောက် မှအတူလိုက်ဝင်လိုက်သည်။


“ကိုမိုးစက်ဆီလာတာမလား”


တက်မည့်အထပ်ကိုနှိပ်မည့်ခလုတ်နားတွင်ရပ်နေသည့်သူကလှမ်းမေးခြင်း။ ခေါင်းညိတ်ပြ လိုက်တော့နံပါတ်၇ကိုနှိပ်၏။ တစ်ခြားဘယ်အထပ်ကိုမှထပ်မနှိပ်တော့ဘဲ ကောင်မလေးလက်ထဲမှ ဖိုင်ကိုလှမ်းယူလိုက်ပြီး စာရွက်တွေတစ်ရွက်ချင်းဆီလှန်ဖတ်နေသည်။ တကယ်ပဲအလုပ်များတာ လား တမင်ပဲအလုပ်များဟန် ဆောင်နေတာလားအကဲခတ်ကြည့်နေမိ၏။ ဘေးတစ်စောင်းမြင်နေ ရသည့် သူ့မျက်နှာသည်လွန်ခဲ့သည့် သုံးနှစ်လောက်ကထပ်ပို၍ ကြည့်ကောင်းလာတာတော့ သေ ချာသည်။ ၀တ်စားထားသည်ကလည်းအကျအန နှင့်သန့်နေသည်။


“ကြီးကြီးနဲ့ ဘဘတို့နေကောင်းလား မရိုး”


မော့်မကြည့်ဘဲမေးလာတာကြောင့် သူ့ကိုငေးစိုက်ကြည့်နေရာမှလန့်သွားကာယောင်ပြီး ခေါင်း ညိတ်ပြမိ၏။ သူ့လက်ထဲမှဖိုင်ကိုကောင်မလေးဆီပြန်ပေးပြီး မေးဆတ်ပြသည်။ သူဘာပြောချင် တာလည်းနားမလည်တာ ကြောင့်ကြောင်ကြောင်အအပြန်ငေးကြည့်နေရာမှ


“ဖေဖေနဲ့မေမေနေကောင်းပါတယ်”
“သြော် အင်း။ ဒါဆိုလဲ ငါ ကိစ္စရှိလို့သွားနှင့်မယ်နော်။”


သာမန်ကာလျှံကာနှုတ်ဆက်ပုံမျိုးဖြင့် ဓာတ်လှေကားထဲမှနှုတ်ဆက်ထွက်သွားသည့် သူနှင့်သူ့ဘေး မှစကားတပြောပြောကပ်ပါသွားသည့် စကပ်တိုတိုနှင့်ကောင်မလေးကိုကြည့်ပြီး အံကိုဖွဖွကျိတ် ကိုက်မိသည်။ သူတို့နောက်မှကပ်လိုက်သွားဖို့မရည်ရွယ်ပေမယ့် သူတို့သွားနေသည့်နေရာသည် ကိုကို့ကုမ္ပဏီများ ဖြစ်နေမလားဟု တွေးမိလိုက်ချိန်တွင်တော့ ကိုကို့ကုမ္ပဏီရုံးခန်းထဲဝဏ္ဏလှမ်းဝင် သွားတာမြင်လိုက်ရ၏။


ကျွန်မရုံးခန်းထဲရောက်တော့ ကိုကိုဧည့်သည်နှင့်တွေ့နေလေသည်။ စောင့်ပါဟုမှာထားကြောင်း လာပြောသည့် ၀န်ထမ်းကိုဘယ်သူနှင့်တွေ့နေတာလဲဟုမေးမလို့ပြင်ပြီးကာမှ ရုံးခန်းထဲလမ်းထ လျှောက်နေလိုက်သည်။ လမ်းလျှောက်သလိုလုပ်ရင်း ရုံးခန်းထဲလှည့်ပတ်ကြည့်သော်လည်း ၀ဏ္ဏ ကိုမတွေ့။ ကြည့်ရတာ ကိုကိုတွေ့နေတာ ၀ဏ္ဏပင်ဖြစ်နေမှာမမှားနိုင်တော့။


မိနစ်နှစ်ဆယ်လောက်ခြေတောင့်အောင်ရပ်ဆောင့်ပြီးမှ ကိုကို့အခန်းထဲမှကိုကိုနှင့်အတူဝဏ္ဏပါထွက်လာ၏။ ၀ဏ္ဏနောက်တွင်တော့ ရဲရဲတောက်နှုတ်ခမ်းနီနှင့် စက်ရုပ်ပြုံးပြုံးထားရသည့် ကောင်မချောလေး။ ကောင်မလေးဆီမှအကြည့်ကိုရုတ်လျှက် ကိုကို့ကိုလှမ်းကြည့်ကာပြုံးပြလိုက် သည်။ ကျွန်မအပြုံးကလဲ ကောင်မချောလေးလိုဝတ်ကျေတန်းကျေအပြုံးမျိုးပဲဆိုတာ ကောင်မ ချောလေးမသိမှာပူစရာမလိုပါ။ ကောင်မလေးကျွန်မကိုငေးကြည့်အကဲခတ်နေနှင့်ပြီဖြစ်၏။


“ဟော..စောင့်နေပါဆိုတာ..မတ်တပ်ရပ်ကြီးပါလားမရိုးရ”
“ဘာရယ်မဟုတ်ပါဘူး ကိုကိုရယ်။ ပျင်းပျင်းရှိတာနဲ့ လမ်းထလျှောက်နေတာပါ”
“ကိုမိုးစက်ကျွန်တော့်ကိုခွင့်ပြုပါဦး။ရှေ့အပတ်ထဲကျွန်တော့ပဲတွေသင်္ဘောတင်နိုင်အောင်ကြိုးစား ပေးပါဦးဗျာ”
“စိတ်ချပါကိုဝဏ္ဏရယ်။ ခင်ဗျားကိုခုလိုလာခိုင်းရတာလဲ စိတ်မကောင်းပါဘူး။မျက်နှာလဲတစ်ကယ် ပူပါတယ်။ ကွန်တိန်နာတွေက တစ်ကယ့်ကိုအဆင်မပြေတာ။အဲ့ဒါကိုသိစေချင်လို့လုပ်ငန်းစဉ်ဇယား သိစေချင်လို့ကို ခေါ်ပြတာပါ”
“ဟုတ်ပါပြီ။ ဒါနဲ့ကျွန်တော်တို့ဘယ်တော့စားရမလဲ။ ကျွန်တော်ကြားထားရတဲ့သတင်းက ခင်ဗျား ဇနီးလောင်း နိုင်ငံခြားကျောင်းသွားတက်ရာက ပြန်လာပြီဆို”


ခင်ဗျားဇနီးလောင်းဟုဆိုကာ ကျွန်မကိုစိုက်ကြည့်လာသည့်ဝဏ္ဏမျက်ဝန်းတွေကိုရှောင်လျှက် ကိုကို့မျက်ဝန်းတွေကို စိုက်ကြည့်နေမိသည်။ ခပ်ပျက်ပျက်ဖြစ်သွားသည့် ကိုကို့မျက်နှာသည် ကျွန်မကို တစ်လှည့်ဝဏ္ဏ ကိုတစ်လှည့်ကြည့်လျှက် မရီချင့်ရီချင်ရီပြီးပြန်ဖြေဖို့စကားစရှာနေပုံရ၏။


“ခင်ဗျား သတင်းအမှားကြီး ရထားတာပါကိုဝဏ္ဏရယ်။ ကျွန်တော့်မှာ ဘယ်ကဇနီးလောင်းမှမရှိပါ ဘူး။”
“ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ သတင်းအမှားကြီးဆိုလဲ သတင်းအမှန်ကြီးဖြစ်အောင်ကြိုးစားမှပေါ့ ကိုယ့် ဆရာရဲ့”
“အာ.. ခင်ဗျားကတော့ လုပ်တော့မယ်”
“ကဲဗျာ.. ဒါဆိုလဲမပြောတော့ဘူး။ ကျွန်တော်ကတော့ စားရတော့မယ်ထင်တာ”
“ကိုကိုကလဲ.. စားချင်တဲ့သူကိုကျွေးလိုက်တာ မဟုတ်ဘူး....ရှင်ဘာစားချင်လဲပြော။ ကျွန်မရှင့်ကို ဒကာခံ မယ်”
“ကျွန်တော်က ကျွေးတိုင်းစားတာမဟုတ်ဘူးဗျ။ ကျွန်တော်ချစ်တဲ့ခင်တဲ့သူတွေမင်္ဂလာပွဲကိုသာ တက်စားချင်တာ”
 “ဆရာ.. နေ့လည်၁နာရီခွဲမှာ..ကုန်မှာစာဖက်စ်ဝင်မယ်ပြောတယ် ဆရာ”
“ဟုတ်လား။ အိုကေ ဒါဆို ကိုယ်တို့သွားကြစို့။ ကိုမိုးစက်။ ကျွန်တော်စားဖို့စောင့်နေတယ်နော်။ ဒီဘက်က အမိလဲပြောခဲ့ပါရစေ။ ခင်ဗျားလက်ထပ်မယ်ဆိုလဲ ကျွန်တော့်ကိုဖိတ်ဖြစ်အောင်ဖိတ်ပါ ဗျာ။ ကိုမိုးစက်မိတ် ဆွေဆိုတော့ ကျွန်တော့်မိတ်ဆွေပဲပေါ့”
“စိတ်ချပါရှင်။ ကျွန်မဖိတ်နိုင်ရင် ဖိတ်လိုက်ပါ့မယ်”
“ဟုတ်ပါပြီဗျာ။ ကျွန်တော့်ကိုခွင့်ပြုပါဦး”


ပြောပြောဆိုဆိုရုံးခန်းထဲမှထွက်သွားသည့် ၀ဏ္ဏနောက်ကျောကိုလိုက်ကြည့်နေသည့် ကိုကို့ကိုကျွန်မငေး ကြည့်နေမိ၏။ ကိုကို့အပေါ်အထင်ကြီးလေးစားစိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီလားမပြောတတ်။ နီးရာဆိုဖာပေါ်ကိုယ်ကိုပြစ်ထိုင်ချလိုက်သည်။ ကျွန်မဘေးတွင် အတူဝင်ထိုင်ဖို့အရင်ကလို ကိုကိုမ၀ံ့ရဲတော့။ ကိုကို့သံယောဇဉ်တွေအရင်လိုမဖြူစင်တော့။ ကျွန်မ မျက်လုံးကိုတင်းတင်းစေ့ပိတ်ထားမိ၏။ ကြီးကြီးနဲ့အတူလိုက်လာပြီးကျွန်မကိုစောင့်ခေါ်တုန်းကလို ဖြူဖြူစင်စင်လေးပဲ ပြုံးပြပါလားကိုကိုရယ်။


************      ****************    ************  *************


“မဖြစ်နိုင်ဘူးမေမေ။ မရိုး ကိုကို့ကိုလက်ထပ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ မရိုးကိုအဲ့လိုအမျိုး မျိုးဖိအားမပေးပါနဲ့။မေမေတို့မရိုးအပေါ်ရက်စက်လွန်းတယ်”
“ဒါသမီးဖေဖေနဲ့သမီးကြီးကြီး စီစဉ်တာပါသမီးရယ်။ သားမိုးစက်ဆိုတာကလဲသမီးကြီးကြီးရဲ့မွေး စားသားပဲ ဟာ။ ဘာကိုမဖြစ်နိုင်ရတာလဲ။ သူ့မှာချို့ယွင်းချက်ဆိုလို့ မိဘမဲ့ကျောင်းကကလေးဖြစ် ခဲ့တာပဲရှိတာပါ သမီးရယ်။ဒါကလဲ သူ့အပြစ်မှမဟုတ်တာ”
“မေမေ..မရိုးသာ သူ့ကိုတစ်ကယ်သဘောကျမယ်ဆိုရင်....မေမေဒါတွေထည့်မရှင်းပြလဲ ကိုကို့ကိုမရိုး လက်ထပ်မှာပဲ။ခုဟာက..ကိုကိုနဲ့မရိုးက..အစ်ကိုကြီးနဲ့ညီမလေးဆိုလဲဟုတ်တယ်။ မရိုးမသိတာတွေကိုရှင်းပြ၊ သင်ပြပေးတဲ့ဆရာဆိုလဲ ဟုတ်တယ်။ မရိုးကိုအနာဂတ်လမ်းပေါ် တွန်း တင်ပေးတဲ့သူဆိုလဲ ဟုတ်ပါတယ်မေမေရယ်။ ဒါပေမယ့်.. မရိုးနဲ့ကိုက ဒီ့ထက်ဘယ်လိုမှပိုရင်းနှီး လာစရာအကြောင်းမရှိတော့ ဘူး”
“ဘာလဲ.. သမီးကဖေဖေဒုက္ခိတဖြစ်အောင်မိုက်တာမကျေနပ်သေးလို့ ဖေဖေ့ကိုအသက်ပျောက် အောင်ပါ လုပ်နေတာလား။ ဟုတ်လားမရိုးဆန်း။”


အိပ်ခန်းထဲဝှီးချဲလေးတွန်းဝင်လာသည့် ဖေဖေ့ကိုကြည့်ပြီးမရိုးဘာပြောရမှန်းစဉ်းစားမရတော့။ ဖေဖေပြော တာ မှန်သင့်သလောက်မှန်သော်လည်း ဖေဖေ့ကိုဒီလိုဖြစ်ပါစေတော့လို့မရိုးမရည်ရွယ် ခဲ့တာအမှန်။ ဒေါသ တကြီးအန်ကျိတ်ထားသည့်ဖေဖေ့ကိုမရိုးယှဉ်ပြိုင်မကြည့်ဝံ့တာကြောင့်အ ကြည့်လွှဲလိုက်သည်။

“မရိုးဖေဖေတို့နေစေချင်သလိုနေပေးခဲ့ပြီးပြီလေ။ မရိုးကိုလဲ မရိုးမယူချင်တဲ့ကိုကိုနဲ့မပေးစားပါနဲ့။ မရိုးစာသင်ချင်တယ်ဖေဖေ။ လူသွားလူလာခပ်ခဲတဲ့နေရာတွေမှာသွားပြီး ဆရာမလုပ်ချင်တယ်။”
“နောက်တစ်မျိုးရူးပြန်ပြီ။ နင်ကအလကားအသုံးမကျတဲ့သမီးကြီး။ နင့်အတွက်ပဲငါပူနေရတယ်။ ငါ ဒုက္ခိတဖြစ်ရတယ်။ သမီးငယ်အတွက်ငါဘယ်တုန်းကမှ စိတ်မပင်ပမ်းမဆင်းရဲခဲ့ရဘူး။”
“မရိုးကိုသတ်မှတ်ချက်နဲ့မကြည့်ပါနဲ့ဖေဖေ။ မရိုးကမရိုးဘဲ ချောရူပါဖြစ်လာမှာမဟုတ်ဘူး။ အဲ့လိုပဲ မရိုးကို မယုံသင်ကာဖြစ်နေတဲ့ဘောင်ထဲထည့်ပိတ်မထားပါနဲ့။ မရိုးမခံစားနိုင်ဘူး။”
“အေး..အဲ့ဒီ့မှာမခံစားနိုင်ဦး”
“ခွပ်”
“အ”
“အမလေးဘယ်လိုလုပ်လိုက်တာလဲ ကိုကောင်းမြတ်ရယ်။ သမီးဘာဖြစ်သွားလဲ ပြစမ်း။မေမေ့ကိုပြ စမ်း။ လက်ဖယ်စမ်းပါ”


ညာဖက်မျက်ခုံးကိုလာမှန်သည့်စားပွဲတင်ပန်းအိုး။ ကြမ်းပြင်ပေါ်တွင်ဖန်အိုးကွဲစများ ကွဲထွက်လွင့် စင်နေသည်။ မျက်ခုံးမှစီးကျလာသည့်သွေးကို လက်ဖ၀ါးနှင့်ဖိအုပ်ထားရာမှ ကြမ်းပြင်ပေါ်မမှိတ်မ သုန်စိုက်ကြည့်နေမိ၏။ ပြာပြာသလဲပြေးလာပြီးမရိုးလက်ကိုဖယ်လျှက် သွေးထွက်မပျက်သည့် မျက်ခုံးမှဒဏ်ရာကို မျက်ရည်အ၀ိုင်းသားနှင့်ကြည့်နေသည့်မေမေ့ကိုမရိုးကြိုးစားပြုံးပြလိုက်သည်။


“ချောချော..ဆရာဝန်ခေါ်စမ်း။ မြန်မြန်ခေါ်စမ်း။ဒီမှာသမီးမမသွေးတွေအရမ်းထွက်နေတယ်”


ဒေါသတကြီးဖြင့်အနီးမှာရှိနေသည့် ပန်းအိုးဖြင့်ပြစ်ပေါက်လိုက်သော်လည်း ထိအောင်ပြစ်သည် မဟုတ်။ တည့်တည့်ထိကာသွေးထွက်သံယိုဖြစ်တော့ ချောချောကိုအသံကုန်အော်ပြောလျှက် အိပ်ခန်းထဲမှ အလျင်စ လိုဝှီးချဲတွန်းထွက်သွားသည့် ဖေဖေ့နောက်ကျောကိုကြည့်ပြီး မေမေ ခေါင်းရမ်းလျှက် နီးရာသဘက်စောင် ဖြင့်သွေးသုတ်ပေးပြီးကုတင်နားမရိုးကို ခေါ်လာလျှက် အိပ်ယာပေါ်လှဲခိုင်းသည်။ခေါင်းအုံးပေါ်ခေါင်းချမှပင် မျက်ရည်ကတားမရတော့။ သွေးထွက်လွန် တာကြောင့်မူးနောက်နောက်ဖြစ်နေသလို ၀မ်းနည်းစိတ်ကလဲ ငိုချင်စိတ်ကိုချော့မြူနေသလိုပင်။


“သမီးအရမ်းနာနေလို့လား။ သမီးဖေဖေဆရာဝန်ခေါ်နေပါတယ်သမီးရယ်။ လာပါလိမ့်မယ်။ သမီး ဖေဖေ လုပ်တာပြောတာတွေကိုစိတ်ထဲမထားနဲ့နော် သမီး။”
“ဟုတ်ကဲ့ပါ မေမေ။ သမီးမနာပါဘူး။ ခေါင်းနဲနဲမူးနေတာပါပဲ။ ဆရာဝန်လာရင်သက်သာသွားမှာ ပါ။ သိပ် စိတ်မပူပါနဲ့မေမေ”

*****************************************************************

“ဘယ်လိုဖြစ်ရတာလဲ မရိုးရယ်”

ပြောပြောဆိုဆိုဖြင့် မရိုးထိုင်နေသည့်မြက်ခင်းစိမ်းတွင် ဘေးချင်းကပ်ဝင်ထိုင်သည့်ကိုမိုးကို တစ် ချက်သာငဲ့ကြည့်မိသည်။ မြက်ခင်းစိမ်းပေါ် အချုပ်အနှောင်မဲ့ပြေးလွှားနေသည့် ချောချောရဲ့ခွေး လေးကိုငေးကြည့်နေလျှက်က သက်ပြင်းဖွဖွချလိုက်သည်။

“ဘာမှမဟုတ်ပါဘူး ကိုမိုး။ ဒီလိုပါပဲ။ မရိုးနဲ့ဖေဖေ့ဆက်ဆံရေးက သိပ်မှအဆင်မပြေတာ။”
“ခုရော ဒဏ်ရာက သက်သာရဲ့လား။”
“အင်း သက်သာနေပါပြီ။”
“ကိုမိုးလဲ ဖြစ်ဖြစ်ချင်းလာဦးမလို့ဘဲ။ဒါပေမယ့် မေမေက..”
“မရိုးနဲ့ဖေဖေရဲ့ကြားထဲကဒေါသကို ကိုမိုးအပေါ်မရိုးလွှဲချမှာကြီးကြီးမျိုးစိုးရိမ်နေတာမရိုးနားလည် ပါတယ်။ ”
“ဟင်း...ဒါနဲ့မရိုး..ကိုမိုးသိခွင့်ရှိလားဟင်.. မရိုးဒဏ်ရာဘာကြောင့်ရတာလဲဆိုတာကို”

ကိုမိုးအမေးကြောင့်ဟို၊ဒီငေးကြည့်နေရာမှ ကိုမိုးမျက်နှာကိုမရိုးငဲ့ကြည့်လိုက်သည်။ မျှော်လင့်တ ကြီး ငေးစိုက်ကြည့်နေသည့် ကိုမိုးမျက်လုံးများနှင့်ဆုံအောင်ကြည့် ပြီးချိန်တွင်တော့မရိုးခေါင်းကို ခါရမ်းလိုက်၏။ နောက်ကျောဘက်မှပြေးလာသည့်ခြေသံကြောင့် မရိုးလှည့်ကြည့်လိုက်သည်။ ပြေး လာသူမှာချောချော။

“မမ။ ချောချောရဲ့ရုပ်ဆိုးလေးကိုတွေ့မိလား”
“ခုနကတော့ဟိုးရှေ့နားက၀ါးရုံတောနားပြေးသွားတာ လှမ်းမြင်လိုက်တယ်”
“မမကလဲ မြင်ရဲ့သားနဲ့ဒီအတိုင်းထိုင်ကြည့်နေရတယ်လို့။ မတော်လွတ်သွားရင် သူများဖမ်းသွား မှာပေါ့”
“မမကရုပ်ဆိုးလေးကိုအညောင်းပြေလမ်းလျှောက်ဖို့လွှတ်ပေးလိုက်တယ်ထင်နေတာချောချောရဲ့”
“ကျွတ်”

ရုပ်ကိုစူပုတ်ပုတ်လုပ်လျှက် မျက်စောင်းခဲကာလှည့်ထွက်သွားသည့်ချောချောကို မရိုးပြုံးကြည့် နေမိသည်။ အသက်သာ၂၀ကျော်လာသော်လည်းချောချောတစ်ယောက်မရင့်ကျက်သေး။ ရုပ်ဆိုး လေးနှင့် ပြေးခုန်ဆော့ဖို့ကလွဲ၍ချောချော ဘာကိုမှစိတ်ဝင်စားပုံမပေါ်။ ရုပ်ဆိုးလေးကိုလည်း သူ့မျက်စေ့အောက်မှ အပျောက်မခံ။ မရိုးကိုတောင်ချောချောသိပ်မတွယ်တာ။

“မရိုး.. ဖြစ်နိုင်ရင် ကိုမိုးမရိုးကိုဒီအခြေအနေတွေကနေခေါ်ထုတ်သွားချင်ပြီ”
“ကိုမိုးစကားကဘာစကားလဲ”
“ကိုမိုး မရိုးကိုသနားတယ်”
“ကိုမိုး မရိုးကိုသနားရအောင် မရိုးကဘာဖြစ်နေလို့လဲ။ မရိုးကကျိုးကန်းနေလို့လား။”
“ကိုမိုး ပြောချင်တာ အဲ့လို မဟုတ်ဘူးမရိုး။ မရိုး ဒီအိမ်ကြီးမှာ မပျော်တာ။ ဒီအိမ်ကြီးကနေခဏ ခဏ ထွက်ပြေးချင်နေတဲ့အခြေခံအကြောင်းတွေကို ကိုမိုးအသိဆုံးလေ။ အဲ့ဒါကြောင့် မရိုးကို..”
“တော်ပါတော့ ကိုမိုးရယ်။ ဆက်မပြောပါနဲ့တော့။ မရိုးကို စာနာတယ်ဆိုရင် သနားတယ်ဆိုတဲ့ စကားကို မသုံးပါနဲ့။ မရိုးကိုဘယ်တစ်ဦးတစ်ယောက်ကမှ သနားတာမလိုချင်ဘူး။ အရှင်းဆုံးပြော ရရင် မေမေတောင် မရိုးကိုသနားတာမရိုးမကြိုက်ဘူး”
“မရိုး..ကိုမိုးကိုလက်ထပ်နိုင်မလား။ ကိုမိုးမရိုးသဘောတူရင်လက်ထပ်ချင်တယ်။”
“အဲ့ဒီ့စကားကို ကိုမိုးမရိုးကိုပဲတိုက်ရိုက်ပြောမယ်ဆိုရင် မရိုးစဉ်းစားပေးမိဦးမှာပါ။ ခုတော့.. မရိုး စိတ်မကောင်းဘူး ကိုမိုး။”

မရိုး၏ယတိပြတ်ပြောချလိုက်သည့်စကားကြောင့် ကိုမိုးမရိုးကိုအချိန် တော်တော်ကြာအောင်ငေး စိုက်ကြည့်နေလေ၏။ ဆုံးရှုံးခြင်းဆိုတဲ့စကားအကြောင်းကို ဆွေးနွှေးစရာမလိုအောင် သိထားကြ သူချင်းမို့တစ်ဦးကို တစ်ဦးငဲ့ညှာဖြေသိမ့်စရာ စကားလုံးလဲရှာမနေချင်တော့။ ကိုမိုးနှင့်မရိုးဘေး ချင်းယှဉ်ထိုင်ပြီး စကားတစ်လုံးမှထပ်မပြောတော့ဘဲ ငေးချင်ရာလျှောက်ငေးကြည့်နေမိကြ၏။ အုံ့မှိုင်းလာသည့်မိုးသားများအောက် မိုးဖွဲလေးများကျလာသော်လည်း ထိုင်နေရာမှနေရာမရွှေ့မိကြ။ မိုးဖွဲမှတဆင့်မိုးများသည်းလာချိန်တွင်တော့ နှစ်ယောက်သားမတ်တတ်ထရပ်ကာ အိမ်ဘက် ဆီဖြည်းဖြည်းလှမ်းလျှောက်ခဲ့ကြ၏။

************************************************************







 
























ဆက်ဖတ်ချင်ရင်...