Powered By

Free XML Skins for Blogger

Powered by Blogger

ဖိတ်တစ်ဝက် စင်တစ်ဝက် အိပ်မက်
အရပ်ပျက်၊အခြေပျက် အနေမပျက်
ရက်စွဲတွေရွေ့ နှစ်တွေပြောင်း ခံစားချက်တွေမဟောင်း။ ။

ပုတ်သိုးမသွားတတ်တဲ့ မျက်ရည်ဂိုထောင်ကိုမီးမှိတ်အမှောင်ချ
လမ်းထိပ်မီးကင်းက နာရီသံအချက်ပေးသံအစား
ညလယ်နှစ်ချက်တီး (တိုက်အောက်က)ဟားတိုက်ရီသံကိုခေါင်းအုံးအိပ်။
“နေကို ကျောခင်းအိပ်နေသလား”ဆိုတဲ့ အမေ့ငေါက်ငမ်းသံကို ကိုယ်စားပြု
Alam ကိုပိတ် ငိုက်မြည်းစိတ်ကို မြိုသိပ်။

အလုပ်ပိတ်ရက် မဟုတ်သေးတော့
ပြေးရလွှားရ၊ချက်ရ ပြုတ်ရ
ခန္ဓာဝန်ပိုကို ဒီအချိန်မှပဲ ရှုမြင်မိ။
ဖုန်းခေါ်ဖို့မေ့လျော့တတ်တော့
“နေကောင်းလား သမီး”တဲ့
ရင်ဘတ်ထဲ ပြောင်းပြန်မြစ်တစ်စင်းထိုးဆင်း။ ။

နွမ်းလျတဲ့ အိမ်အပြန်လမ်း..
တစ်ယောက်တည်းကျဲရတဲ့ ညစာထမင်းဝိုင်း..
လိုချင်မှုအတ္တအတွက် စွန့်လွှတ်မှုဝေဒနာ ခံစားထိုက်ပါလျှက်..
အိမ်အပြန်လမ်း..
Heroဆန်ဆန် လေချွန်ပြန်ခဲ့
တစ်ယောက်တည်းကျိတ်တုတ် ခန္ဓာအသက်ဆက်ခဲ့။ ။

အထီးကျန်ခြင်းကိုစားသုံးလို့
ကျဉ်စက်တစ်လုံးနဲ့ ခံစားချက်ကိုလျှော့တိုက်ပြစ်လိုက်တယ်။

အကွာအဝေးမတူတဲ့ ခရီးတွေ
လူတွေသွားနေကြတယ်။
နေ့တွေညတွေ
လူတွေကျော်ဖြတ်နေကြတယ်။
ခံစားချက်ကို ချိုးနှိမ်
လူတွေအံကိုခဲ မျှော်လင့်ချက်ပန်းတိုင်အရောက်လှမ်းနေကြတယ်။

ဒီနေ့လား၊ မနက်ဖန်လား
ရောက်ကိုရောက်မယ့် လူ့ဘ၀ခရီးဆုံး
လူတွေမေ့ကိုမေ့ထားကြတယ်။ ။

လူတွေထဲက ကျွန်မ
ကျွန်မလဲ ကျိန်စာမိနေတဲ့
မေ့ဆေးတစ်မျိုးစားကိုစားထားမိတယ်။ ။
စုသဲဖြူ

1 comments:

k2tmaung said...

ကဗျာလေး လာခံစားပါတယ်... :)