Powered By

Free XML Skins for Blogger

Powered by Blogger

ပုခုံးစွန်းလေးကိုတောင်မှ
အားကိုးတကြီး မမှီနွဲ့ချင်တဲ့
မိန်းမလို့ မြင်ချင်လဲမြင်ပါ။ ။

စကားလေးကိုတောင်မှ
နွဲ့နွဲ့ပျောင်းပျောင်း အကြိုက်လိုက်မပြောတတ်တဲ့
မိန်းမလို့ ထင်ချင်လဲထင်ပါ။ ။

လက်တွေ့နဲ့ အိပ်မက်ကို
ဂဏန်းပေါင်းစက်ထဲ ထည့်တွက်ဖို့ကြိုးစားနေတဲ့
မိန်းမလို့ ပြောချင်လဲပြောပါ။ ။

ကိုယ်ကလွဲပြီး အခြားသူကိုယုံကြည်ဖို့
မရဲရင့်တဲ့အတွက်
အတ္တခပ်ကြီးကြီး မိန်းမလို့ ဝေဖန်ချင်လဲဝေဖန်ပါ။ ။

ကိုယ့်အနာဂတ်ကို
သူများလက်ထဲ ထိုးထည့်ပြီး
“ချစ်တယ်” ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်
လှောင်ပိတ်ခံဖို့ သွေးနဲတဲ့
မိန်းမတစ်ယောက် ဖြစ်နေတဲ့အခါ....................

အချစ်တွေလဲ ကိန်းဂဏန်းအောက်
ခုန်ပေါက် ပြေးဆင်းသွားတယ်။ ။
သုညဘ၀တွေလဲ အပြည့်ကိန်းတွေနောက်
ရောက်ရောက်သွားတယ်။ ။

လက်တွေ့ဘ၀အတွက် အိပ်မက်ကို
သွန်မှောက်ပြစ်လိုက်ရတဲ့အခါ.....
ကျွန်မမုန်းတဲ့ကျွန်မအတွက်
သူများ ငိုမလားရယ်လို့
ကိုယ့်ကိုကိုယ် ကြိုးပေးလိုက်တယ်။ ။

စုသဲဖြူ

1 comments:

Anonymous said...

"ကိုယ့်အနာဂတ်ကို
သူများလက်ထဲ ထိုးထည့်ပြီး
“ချစ်တယ်” ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်
လှောင်ပိတ်ခံဖို့ သွေးနဲတဲ့
မိန်းမတစ်ယောက် ဖြစ်နေတဲ့အခါ.................... "

တန်ပြန်သက်ရောက်မှု ဆိုတာ ရှိပါတယ် ....
သူကရော သူ့အနာဂတ်ကို ဘယ်နားသိမ်း
ထားခဲ့ ရပါ့.....

ကဗျာလေးကောင်းတယ် စုသဲဖြူ......